ထာဝရ ပျော်ရွှင်မှု—ကောင်းကင်ဘုံတွင်လော၊ မြေကြီးပေါ်တွင်လော
ထာဝရ ပျော်ရွှင်မှု—ကောင်းကင်ဘုံတွင်လော၊ မြေကြီးပေါ်တွင်လော
သင့်ပျော်ရွှင်မှုသည် သင်နေထိုင်ရာဒေသအပေါ် အဓိကမူတည်ပါသလော။ လူအများစုက ပျော်ရွှင်မှုသည် ကောင်းသောကျန်းမာရေး၊ ဘဝရည်ရွယ်ချက်၊ အခြားသူများနှင့် ကောင်းသောဆက်ဆံရေးကဲ့သို့သောအရာများအပေါ် ပို၍မူတည်သည်ဟု လိုလိုလားလား အသိအမှတ်ပြုကြသည်။ နယပုံပြင်ကျမ်းတစ်ချက်က ယင်းကို ဤသို့ဖော်ပြထားသည်– “ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက် ချစ်ခြင်း . . . ပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏။”—သု. ၁၅:၁၇။
သို့ရာတွင် ကျွန်ုပ်တို့၏မြေကြီးစံအိမ်သည် မုန်းတီးမှု၊ အကြမ်းဖက်မှုနှင့် အခြားဆိုးသွမ်းမှုပုံစံမျိုးစုံ၏ ရှည်လျားသောသမိုင်းရှိနေသည်မှာ ဝမ်းနည်းစရာပင်။ သို့သော် သေဆုံးပြီးနောက်တွင်သွားရန် များစွာသောသူတို့မျှော်လင့်ကြသည့် ကောင်းကင်ဘုံ သို့မဟုတ် နာမ်ဝိညာဉ်ဘုံနှင့်ပတ်သက်၍ကော အသို့နည်း။ ယင်းသည် အများက ထင်မြင်ယူဆထားသကဲ့သို့ မည်သည့်အနှောင့်အယှက်မျှမရှိသည့် ငြိမ်သက်အေးချမ်းမှုပြည့်စုံသော နေရာတစ်ခု အမြဲဖြစ်ခဲ့ပါသလော။
ဘုရားသခင်သည် ကောင်းကင်တမန်များဟုခေါ်သည့် သန်းပေါင်းများစွာသော နာမ်ဝိညာဉ်သတ္တဝါများနှင့်အတူ ကောင်းကင်တွင်ကျိန်းဝပ်သည်ဟု ကျမ်းစာက ဖော်ပြသည်။ (မဿဲ ၁၈:၁၀; ဗျာဒိတ် ၅:၁၁) ထိုသူတို့ကို နာမ်ဝိညာဉ် “ဘုရားသခင်၏သားများ” ဟုဖော်ပြသည်။ (ယောဘ ၃၈:၄၊ ၇) လူသားများကဲ့သို့ပင် ကောင်းကင်တမန်များတွင်လည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိကြသည်၊ သူတို့သည် စက်ရုပ်များမဟုတ်ကြပါ။ ထို့ကြောင့် သူတို့သည်လည်း မှန်ရာပြုရန် သို့မဟုတ် အမှားကိုပြုရန် ရွေးချယ်နိုင်ခွင့်ရကြသည်။ ကောင်းကင်တမန်များသည် အမှားပြုရန် ရွေးချယ်ပါမည်လော။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကောင်းကင်တမန်အတော်များများ ဘုရားသခင်ကိုပြစ်မှားသည့်အပြစ်—ကိုယ်တော်ကို ဆန့်ကျင်ပုန်ကန်မှု—ပြုခဲ့ကြသည်ကို သိရှိလျှင် လူအချို့အတွက် အံ့ဩစရာဖြစ်သွားပေမည်!—ယုဒ ၆။
ကောင်းကင်သူပုန်များ
စာတန် (ဆန့်ကျင်သူ) နှင့် . . . (သွားပုပ်လေလွင့်ပြောသူ) ဟုအမည်ရလာသည့် ကောင်းကင်တမန်တစ်ပါး၏ပုန်ကန်မှုကြောင့် နာမ်ဝိညာဉ်ဘုံတွင် အပြစ်တရားပေါ်ပေါက်ခဲ့ရသည်။ တစ်ချိန်ကနာခံမှုရှိခဲ့သော ထိုကောင်းကင်တမန်သည် မိမိစိတ်လိုကိုယ်လျောက် အမှားပြုရန်ရွေးချယ်ခဲ့သည်။ ထို့နောက် အခြားနာမ်ဝိညာဉ်သတ္တဝါများအပေါ် သူ၏ဖောက်ပြန်ယိုယွင်းသောသြဇာ လွှမ်းမိုးလာခဲ့ရာ ရေလွှမ်းမိုးခြင်းမတိုင်မီ နောဧခေတ်တွင် သူတို့ထဲမှအမြောက်အမြားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုတွင် စာတန်နှင့် ပူးပေါင်းခဲ့ကြသည်။—ကမ္ဘာဦး ၆:၂၊ အောက်ခြေမှတ်ချက်; ၂ ပေတရု ၂:၄။
ဖောက်ပြန်သွားသည့် ထိုကောင်းကင်တမန်များကို ကောင်းကင်မှချက်ချင်းမနှင်ထုတ်ခဲ့ပေ။ ယင်းအစား ကန့်သတ်ချက်အချို့ထားရှိကာ သူတို့၏ဝင်ရောက်ခွင့်ကို နှစ်ပေါင်းထောင်နှင့်ချီ၍ သည်းခံခွင့်ပြုထားခဲ့ကြောင်းထင်ရှားသည်။ * သို့သော်လည်း ဘုရားသခင်၏သည်းခံခွင့်လွှတ်ချိန်ကုန်သောအခါ ထိုဆိုးသွမ်းမှုပြုသူများကို အစတုံး ဖျက်ဆီးပစ်ရန် ကောင်းကင်မှ “ပစ်ချ” ခဲ့သည်။ ထိုနောက် ကောင်းကင်ဘုံ၌အသံတော်ကား– “ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့!” (ဗျာဒိတ် ၁၂:၇-၁၂) နောက်ဆုံးတွင် ကောင်းကင်သည် ယုတ်မာသောအနှောင့်အယှက်ပေးသူများ ကင်းရှင်းသွားသောကြောင့် သစ္စာစောင့်သောကောင်းကင်တမန်များ ဝမ်းမြောက်ရွှင်လန်းခဲ့ရသည်တကား!
အများအားဖြင့် မသိရှိကြသည့် ဤအသေးစိတ်အချက်အလက်များကို သုံးသပ်ကြည့်လျှင် အသိဉာဏ်ရှိသောသတ္တဝါများသည် ဘုရားသခင့်ပညတ်တော်များနှင့် မူများကိုလျစ်လျူရှုပါက မည်သည့်အခါမှ စစ်မှန်သောငြိမ်းချမ်းရေး မရနိုင်ကြောင်း အထင်အရှားတွေ့ရသည်။ (ဟေရှာယ ၅၇:၂၀၊ ၂၁; ယေရမိ ၁၄:၁၉၊ ၂၀) တစ်ဖက်တွင်မူ ဘုရားသခင့်ပညတ်တော်ကို လူတိုင်းနာခံသောအခါ ငြိမ်သက်အေးချမ်းမှု လွှမ်းမိုးနေမည်သာ။ (ဆာလံ ၁၁၉:၁၆၅; ဟေရှာယ ၄၈:၁၇၊ ၁၈) ထို့ကြောင့် လူသားအားလုံး ဘုရားသခင်ကိုချစ်ပြီးနာခံကာ အချင်းချင်းချစ်မြတ်နိုးကြလျှင် ကမ္ဘာမြေသည် အမှန်အားရနှစ်လိုဖွယ်ကောင်းသော ပျော်ရွှင်ဖွယ် စံအိမ်တစ်ခုဖြစ်မည်မဟုတ်ပေလော။ သမ္မာကျမ်းစာက ဟုတ်သည်ဟုဖြေဆိုသည်!
သို့သော် ကိုယ်ကျိုးကိုသာရှာ၍ သူတို့၏ဆိုးသွမ်းသည့်လမ်းစဉ်များကို ပြောင်းလဲရန် ငြင်းဆန်သူများနှင့်ပတ်သက်၍ကော အသို့နည်း။ သူတို့သည် ဘုရားသခင့်အလိုတော်ကို အမှန်ဆောင်ရွက်လိုသူများ၏ ငြိမ်သက်မှုကို ထာဝစဉ်အနှောင့်အယှက်ပေးသွားမည်လော။ မဟုတ်ပါ၊ ကောင်းကင်ရှိ ဆိုးသွမ်းသောကောင်းကင်တမန်များကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းခဲ့သကဲ့သို့ ကမ္ဘာပေါ်ရှိ လူဆိုးများကိုလည်း ကိုယ်တော်ကိုင်တွယ်ဖြေရှင်းတော်မူလိမ့်မည်။
ရှင်းလင်းသန့်စင်ပြီး ကမ္ဘာမြေ
“ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏” ဟုထာဝရဘုရားမိန့်တော်မူ၏။ (ဟေရှာယ ၆၆:၁) ဘုရားသခင်သည် အသန့်ရှင်းအမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏ “ခြေတင်ရာခုံ” ကိုဆိုးသွမ်းမှုများနှင့် ကာလအကန့်အသတ်မရှိညစ်ပေနေစေရန် ခွင့်ပြုမည်မဟုတ်ပေ။ (ဟေရှာယ ၆:၁-၃; ဗျာဒိတ် ၄:၈) နာမ်ဝိညာဉ်ဆိုးများကို ကောင်းကင်မှကိုယ်တော်ရှင်းလင်းခဲ့သည်နည်းတူ အောက်ပါကျမ်းပိုဒ်များဖော်ပြသကဲ့သို့ လူဆိုးအားလုံးကိုလည်း ကမ္ဘာပေါ်မှကိုယ်တော်ပယ်ရှင်းတော်မူလိမ့်မည်–
“အဆိုးပြုကျင့်သောသူတို့သည် ပယ်ရှင်းခြင်းခံရကြလိမ့်မည်။ ယေဟောဝါရှင်အား စောင့်မျှော်သောသူတို့မူကား မြေကြီးကိုအပိုင်ရကြလိမ့်မည်။”—ဆာလံ ၃၇:၉၊ ကဘ။
“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ [မတရားသော] လူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”—သု. ၂:၂၁၊ ၂၂။
“သခင်ယေရှုခရစ်သည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ သင်တို့ကိုဆင်းရဲစေဖူးသောသူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသောသင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့်စီရင်တော်မူလိမ့်မည်။ . . . ထိုသူတို့သည် သခင်ဘုရား၏မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်လည်းကောင်းကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့။”—၂ သက်သာလောနိတ် ၁:၆-၁၀။
“လောက [ဆိုးသွမ်းသောလူများ] နှင့်လော[က]တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား . . . ထာဝရတည်၏။”—၁ ယောဟန် ၂:၁၇။
ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းတည်မြဲမည်လော
ဆိုးသွမ်းမှုများကို ဘုရားသခင်သည်းခံထားခြင်းသည် အကန့်အသတ်နှင့်ဖြစ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသော်လည်း ဆိုးသွမ်းမှုကို ပယ်ရှားလိုက်သည်နှင့် တစ်ဖန်ပြန်ပေါ်လာတော့မည်မဟုတ်ကြောင်း ကျွန်ုပ်တို့ မည်သို့ယုံကြည်နိုင်မည်နည်း။ အမှန်မှာ နောဧခေတ် ရေလွှမ်းမိုးခြင်းပြီးနောက် မကြာမီ ဘုရားသခင်သည် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေခြင်းဖြင့် လူသားတို့၏ဆိုးယုတ်သောအစီအစဉ်များ ပျက်ပြားသွားရန်ဟန့်တားခဲ့ရသည့်အထိ ယင်းသည် ပြန်ပေါ်လာခဲ့သည်။—ကမ္ဘာဦး ၁၁:၁-၈။
ကျွန်ုပ်တို့ယုံကြည်စိတ်ချရန် အဓိကအကြောင်းရင်းမှာ ရေလွှမ်းမိုးခြင်းပြီးနောက် မကြာမီအချိန်ကကဲ့သို့ ကမ္ဘာကြီးကို လူသားများအုပ်ချုပ်တော့မည်မဟုတ်သောကြောင့် ဆိုးသွမ်းမှု တစ်ဖန်ပြန်ဖြစ်လာတော့မည်မဟုတ်ချေ။ ယင်းအစား ၎င်းကို ဘုရားသခင့်နိုင်ငံတော်က အုပ်ချုပ်သွားမည်ဖြစ်သည်။ ကောင်းကင်မှအုပ်ချုပ်မည့် ထိုနိုင်ငံတော်သည်သာ ကမ္ဘာမြေ၏ တစ်ခုတည်းသောအစိုးရဖြစ်လိမ့်မည်။ (ဒံယေလ ၂:၄၄; ၇:၁၃၊ ၁၄) ၎င်းက မကောင်းမှုကို ပြန်ဖြစ်ပွားစေရန်ကြိုးစားသည့် ဆန့်ကျင်သူတိုင်းကို ချက်ချင်းအရေးယူသွားမည်ဖြစ်သည်။ (ဟေရှာယ ၆၅:၂၀) သူ့နောက်လိုက် ဆိုးညစ်သောကောင်းကင်တမန်များဖြစ်သော နတ်ဆိုးများနှင့်အတူ ဆိုးသွမ်းမှုများကိုအစပြုသူ—စာတန်—သည် နောက်ဆုံး၌ အမှန်ပင်ဖျက်ဆီးခံရမည်ဖြစ်သည်။—ရောမ ၁၆:၂၀။
ထို့အပြင် လူသားများသည် စားဝတ်နေရေး၊ အလုပ်အကိုင်နှင့်ပတ်သတ်၍ စိုးရိမ်ပူပန်စရာအကြောင်း ရှိတော့မည်မဟုတ်။ ယင်းတို့ချို့တဲ့၍ ယနေ့ အချို့သောသူတို့သည် ရာဇဝတ်သားဘဝသို့ရောက်သွားရသည်။ မှန်ပါသည်၊ ကမ္ဘာမြေတစ်ခုလုံးသည် အားလုံးအတွက် ပေါများကြွယ်ဝခြင်းနှင့်အတူ သီးနှံဖြစ်ထွန်းသောပရဒိသုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။—ဟေရှာယ ၆၅:၂၁-၂၃; လုကာ ၂၃:၄၃။
သာ၍အရေးကြီးသောအရာမှာ ဘုရားသခင့်နိုင်ငံတော်သည် မိမိ၏လက်အောက်ခံများအား ငြိမ်သက်အေးချမ်းသည့်အသက်တာလမ်းစဉ်ကို ပြသသွန်သင်ပေးမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် လူ့စုံလင်မှု၏အထွတ်အထိပ်သို့ရောက်ရန် မြှင့်တင်ပေးမည်ဖြစ်သည်။ (ယောဟန် ၁၇:၃; ရောမ ၈:၂၁) ထို့နောက် လူသားများသည် အားနည်းချက်များ၊ အပြစ်၏အကျိုးဆက်များနှင့် ရုန်းကန်တွန်းလှန်ရခြင်းမရှိတော့ဘဲ စုံလင်သောလူသားယေရှုကိစ္စမှာကဲ့သို့ပင် ဘုရားသခင်အားအပြည့်အဝနာခံခြင်းသည် ဖြစ်လည်းဖြစ်နိုင်ပြီး နှစ်ထောင်းအားရစရာလည်းဖြစ်မည်။ (ဟေရှာယ ၁၁:၃) အမှန်သော် ယေရှုသည် ပရဒိသုအသက်တာနှင့် လုံးဝမအပ်စပ်မည့် အကြီးအကျယ်သွေးဆောင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကိုရင်ဆိုင်ရလျက်ပင် ဘုရားသခင်အပေါ် သစ္စာစောင့်သိတည်ကြည်ခဲ့သည်။—ဟေဗြဲ ၇:၂၆။
အချို့သူများ ကောင်းကင်သို့သွားရသည့်အကြောင်းရင်း
သို့သော် များစွာသောကျမ်းစာဖတ်ရှုသူတို့သည် ယေရှု၏ ဤစကားကိုသိကြသည်– “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ . . . သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာ ငါသွားရ၏။” (ယောဟန် ၁၄:၂၊ ၃) ဤအချက်က မြေကြီးပရဒိသုတွင် ထာဝရအသက်ရှင်ခြင်း ယုံကြည်ယူဆချက်နှင့် ဆန့်ကျင်သည်မဟုတ်လော။
ဤသွန်သင်ချက်များသည် ဖီလာဆန့်ကျင်မှုမရှိပေ။ အမှန်မှာ တစ်ချက်ကို ကျန်အချက်က ထောက်ပံ့ပေးသည်။ ဦးဆုံးအနေနှင့် အရေအတွက်ကန့်သတ်ထားသော သစ္စာရှိခရစ်ယာန်များသာ—တစ်နည်းဆိုသော် ၁၄၄,၀၀၀ သောသူများ—ကောင်းကင်တွင်နေထိုင်ရန် နာမ်ဝိညာဉ်သတ္တဝါများအဖြစ် ချီးမြှင့်ခံရမည်ဖြစ်ကြောင်း ကျမ်းစာကဖော်ပြသည်။ ဤအံ့ဖွယ်ဆုကျေးဇူးကို သူတို့အဘယ်ကြောင့် ပေးအပ်ခံရသနည်း။ အဆင်းအာရုံတစ်ခုတွင် ယောဟန်မြင်ခဲ့ရသည့် “အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရ” မည့်အုပ်စုတွင် ပါဝင်သောကြောင့်ဖြစ်သည်။ (ဗျာဒိတ် ၁၄:၁၊ ၃; ၂၀:၄-၆) ကမ္ဘာပေါ်ရှိ သန်းထောင်ပေါင်းများစွာသောသူတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ၁၄၄,၀၀၀ သည် “သိုးစုငယ်” အမှန်ဖြစ်သည်။ (လုကာ ၁၂:၃၂) ထို့ပြင် လူသားများတွေ့ကြုံလေ့ရှိသည့်ပြဿနာများကို တွေ့ကြုံခဲ့ရခြင်းကြောင့် လူသားများနှင့် ကမ္ဘာကြီးတို့၏ ပြန်လည်ထူထောင်ရေးကို ကြီးကြပ်သည်နှင့်အမျှ သူတို့သည် ယေရှုနည်းတူ ‘ငါတို့၏အားနည်းမှုများအတွက် ကြင်နာ’ နိုင်မည်ဖြစ်သည်။—ဟေဗြဲ ၄:၁၅၊ သတင်းကောင်း။
ကမ္ဘာမြေ—လူသားများ၏ထာဝရနေအိမ်
ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာကို စီမံပေးခြင်းအားဖြင့် ဘုရားသခင်သည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်က ၁၄၄,၀၀၀ ကိုစတင်စုသိမ်းလာခဲ့ရာ ထိုအုပ်စုသည် ယခုပြည့်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။ (တမန်တော် ၂:၁-၄; ဂလာတိ ၄:၄-၇) သို့သော်လည်း ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာသည် ၁၄၄,၀၀၀ တို့၏အပြစ်များအတွက်သာမကဘဲ “လော[က]သားအပေါင်းတို့အတွက်လည်း” ပါသည်။ (၁ ယောဟန် ၂:၂) ထို့ကြောင့် ယေရှုကိုယုံကြည်ကြောင်းတင်ပြသူအားလုံး ထာဝရအသက်မျှော်လင့်ချက်ရှိသည်။ (ယောဟန် ၃:၁၆) ဘုရားသခင့်မှတ်ဉာဏ်တွင်ရှိသည့် သင်္ချိုင်းတွင်အိပ်ပျော်နေသူများလည်း ကောင်းကင်သို့မဟုတ်ဘဲ သန့်စင်ထားသည့်ကမ္ဘာပေါ်တွင် နေထိုင်ရန် ရှင်ပြန်ထမြောက်ကြလိမ့်မည်။ (ဒေ. ၉:၅; ယောဟန် ၁၁:၁၁-၁၃၊ ၂၅; တမန်တော် ၂၄:၁၅) ထိုနေရာတွင် သူတို့ကို အဘယ်အရာစောင့်ကြိုနေမည်နည်း။
ဗျာဒိတ် ၂၁:၁-၄ တွင်ဤသို့ဖြေဆိုထားသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” မြင်ယောင်ကြည့်ပါ—လူသားများ သေခြင်းမှကင်းလွတ်ပြီး နာကျင်ခြင်းနှင့် အော်ဟစ်ခြင်းကိုဖြစ်စေသည့်အရာများ ထာဝရကွယ်ပျောက်သွားမည်! နောက်ဆုံးတွင် ကမ္ဘာမြေနှင့် လူသားများအတွက် ယေဟောဝါ၏မူလရည်ရွယ်ချက်သည် ယင်း၏ဘုန်းကျက်သရေရှိသော ပြည့်စုံမှုအထိ ပြည့်မီသွားမည်ဖြစ်သည်။—ကမ္ဘာဦး ၁:၂၇၊ ၂၈။
ကျွန်ုပ်တို့၏ရွေးချယ်မှု —အသက်ရှင်ခြင်းလော၊ သေခြင်းလော
အာဒံနှင့်ဧဝတို့အား ကောင်းကင်သို့သွားရန်အခွင့် တစ်ခါမှမပေးခဲ့ပါ။ သူတို့ရွေးချယ်ရန်မှာ ဘုရားသခင်ကိုနာခံကာ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်မည်လော၊ မနာခံဘဲ သေမည်လောဟူ၍သာဖြစ်သည်။ ဝမ်းနည်းစရာမှာ သူတို့သည် မနာခံမှုကိုရွေးချယ်ခဲ့ကြပြီး ယင်းကြောင့်“မြေမှုန့်” သို့ပြန်ခဲ့ကြရသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၂-၅၊ ၁၉) ယေဘုယျအားဖြင့် လူ့မိသားစုသည် သေဆုံးပြီး သင်္ချိုင်းမှတစ်ဆင့် ကောင်းကင်သို့သွားရောက်နေထိုင်ရန် ဘုရားသခင်လုံးဝမရည်ရွယ်ခဲ့ပါ။ ဘုရားသခင်သည် ကောင်းကင်တွင်နေထိုင်ရန် ကောင်းကင်တမန်အသင်္ချေတို့ကို ဖန်ဆင်းခဲ့ပြီး ထိုနာမ်ဝိညာဉ်သတ္တဝါများသည် သေဆုံးပြီးနောက် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်သွားကြသည့် လူသားများမဟုတ်ကြပါ။—ဆာလံ ၁၀၄:၁၊ ၄; ဒံယေလ ၇:၁၀။
မြေကြီးပရဒိသုတွင် ထာဝရအသက်ကောင်းချီးခံစားရရန် ကျွန်ုပ်တို့အဘယ်အရာလုပ်ဆောင်ရမည်နည်း။ ပထမခြေလှမ်းမှာ သန့်ရှင်းသောကျမ်းစာ ဘုရားသခင့်နှုတ်မြွက်တော်ကို လေ့လာရမည်ဖြစ်သည်။ ဆုတောင်းခန်းတွင် ယေရှုဤသို့ဆိုသည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
ပရဒိသုတွင် ထာဝစဉ်ပျော်ရွှင်မှုရရှိရန် နောက်ခြေလှမ်းတစ်ဆင့်မှာ ထိုအသိပညာကို လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။ (ယာကုပ် ၁:၂၂-၂၄) ဘုရားသခင့်နှုတ်မြွက်တော်နှင့်အညီ အသက်ရှင်နေထိုင်သူများသည် ဟေရှာယ ၁၁:၉ တွင်မှတ်တမ်းတင်ထားသည့်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ [လူသား] အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်” ဟုဆိုသည့် ပီတိဖြစ်ဖွယ်ပရောဖက်ပြုချက်များပြည့်စုံခြင်းကို သူတို့မျက်စိဖြင့် မြင်တွေ့ ခွင့် ရရှိကြမည်ဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 7 ကောင်းကင်နှင့်မြေကြီးပေါ်တွင် ဆိုးသွမ်းမှုကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားရကြောင်း ဆွေးနွေးချက်ကို မြန်မာ၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသည့် ထာဝရအသက်ရစေသော အသိပညာစာအုပ် စာမျက်နှာ ၇၀-၉ တွင်ရှု။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“ဖြောင့်မတ်သောသူတို့သည် မြေကြီးကို အပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်။” —ဆာလံ ၃၇:၂၉၊ ကဘ