အကြမ်းဖက်သူများကို ဘုရားသခင် ရှုမြင်သကဲ့သို့ သင်ရှုမြင်သလော
အကြမ်းဖက်သူများကို ဘုရားသခင် ရှုမြင်သကဲ့သို့ သင်ရှုမြင်သလော
လူတို့သည် ကာယဗလနှင့် ရဲစွမ်းသတ္တိရှိသော ခွန်အားကြီးမားသူများကို အထင်ကြီးလေးစားတတ်ကြသည်မှာ ကြာမြင့်ပေပြီ။ ထိုသို့သောသူတို့တွင် ရှေးဂရိဒဏ္ဍာရီဆိုင်ရာလူစွမ်းကောင်း ဟယ်ရယ်ကလီစ္စ သို့မဟုတ် ရောမတို့သိကြသော ဟာကြူလီသည် တစ်ဦးအပါအဝင်ဖြစ်၏။
ဟယ်ရယ်ကလီစ္စသည် အလွန်ကျော်ကြားသော စူပါလူစွမ်းကောင်း၊ တိုက်ရည်ခိုက်ရည်အရှိဆုံးသူဖြစ်ခဲ့သည်။ ဒဏ္ဍာရီအရ သူသည် ဂရိနတ်ဘုရားဇုသနှင့် လူသမီးအဲ့လ်ခ်မီနီတို့၏ကလေးဖြစ်ရာ ဘုရားတစ်ပိုင်းလူတစ်ပိုင်းဖြစ်ခဲ့သည်။ ပုခက်တွင်းအရွယ်ကတည်းက သူ၏စွန့်စားခန်းများစတင်ခဲ့သည်။ မနာလိုသောနတ်ဘုရားမတစ်ဦးက သူ့ကိုသတ်ရန် မြွေကြီးနှစ်ကောင်ကို စေလွှတ်သောအခါ ဟယ်ရယ်ကလီစ္စသည် ယင်းတို့ကို လည်မျိုညှစ်ကာသတ်ပစ်ခဲ့၏။ နောက်ပိုင်းတွင် သူသည် တိုက်ပွဲများဆင်နွှဲခဲ့ကာ ကြောက်မက်ဖွယ်သတ္တဝါကြီးများကိုနှိမ်နင်းခဲ့ပြီး မိတ်ဆွေတစ်ဦးကိုကယ်ဆယ်ရန် သေမင်းနှင့်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် သူသည် မြို့များကိုဖျက်ဆီး၊ အမျိုးသမီးများကို ဗလက္ကာရပြု၊ မျှော်စင်ပေါ်မှကလေးတစ်ဦးကိုတွန်းချခဲ့ကာ သူ့ဇနီးနှင့်သားသမီးများကိုလည်း သတ်ပစ်ခဲ့၏။
ဟယ်ရယ်ကလီစ္စသည် လူစင်စစ်မဟုတ်သော်လည်း ရှေးအချိန်ကတည်းက ဂရိတို့သိရှိခဲ့ကြသည့် ရှေးတိုင်းပြည်များ၏ဒဏ္ဍာရီများတွင် သူ့ကိုရုပ်လုံးဖော်ထားသည်။ ရောမတို့က သူ့ကို ဘုရားတစ်ဆူအဖြစ် ကိုးကွယ်ခဲ့ကြသည်; ကုန်သည်များနှင့်ခရီးသည်များက ချမ်းသာရန်နှင့် ဘေးကင်းရန် သူ့ထံဆုတောင်းခဲ့ကြ၏။ သူ၏စွန့်စားခန်းများသည် လူတို့ကို နှစ်ပေါင်းထောင်ချီ၍စွဲမက်စေခဲ့ပြီ။
ဒဏ္ဍာရီ၏မူလအစ
ဟယ်ရယ်ကလီစ္စနှင့် အခြားဒဏ္ဍာရီဆိုင်ရာလူစွမ်းကောင်းများ၏အကြောင်းသည် အဖြစ်မှန်ပေါ် အခြေခံသလော။ တစ်နည်းအားဖြင့် မှန်ပေမည်။ ကမ္ဘာပေါ်တွင် “နတ်ဘုရားများ” နှင့် “လူတစ်ပိုင်းဘုရားတစ်ပိုင်းများ” ရှိခဲ့သည့် လူ့သမိုင်းကနဦးအချိန်အကြောင်း သမ္မာကျမ်းစာကဖော်ပြထားသည်။
မောရှေသည် ထိုခေတ်ကို ဤသို့ရေးသားဖော်ပြ၏– “မြေကြီးမျက်နှာပေါ်မှာ လူတို့သည်များပြား၍၊ သမီးများကိုလည်းရကြသောအခါ၊ ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။”—ကမ္ဘာဦး ၆:၁၊ ၂။
ထို “ဘုရားသခင်၏သားတို့သည်” လူသားများမဟုတ်ကြချေ; ဘုရားသခင်၏ကောင်းကင်သားများဖြစ်ခဲ့ကြသည်။ (ယောဘ ၁:၆; ၂:၁; ၃၈:၄၊ ၇ နှိုင်းယှဉ်။) ကောင်းကင်တမန်အချို့သည် “မိမိအခွင့်အရာကိုမစောင့်၊ မိမိနေရာအရပ်ကိုစွန့်ပစ်” ခဲ့ကြကြောင်း ကျမ်းရေးသူယုဒကဖော်ပြသည်။ (ယုဒ ၆) တစ်နည်းအားဖြင့် သူတို့သည် မြေကြီးပေါ်မှ လှပသောလူ့သမီးများနှင့်နေထိုင်လိုကြသဖြင့် ဘုရားသခင်၏ကောင်းကင်အဖွဲ့အစည်းတွင် သူတို့တာဝန်ကျရာနေရာကို စွန့်ခွာခဲ့ကြသည်။ အဆိုပါပုန်ကန်သောကောင်းကင်တမန်များသည် “မတရားသောမေထုန် [ကာမဆက်ဆံခြင်း] ကို အလွန်ပြု၍၊ ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သော” သောဒုံမြို့နှင့်ဂေါမောရမြို့သားများနှင့်တူခဲ့ကြသည်ဟု ယုဒကထပ်ဆင့်ခဲ့၏။—ယုဒ ၇။
နာခံမှုမရှိသော ဤကောင်းကင်တမန်များ၏ အပြုအမူများကို ကျမ်းစာကအသေးစိတ် မဖော်ပြပါ။ သို့သော် ရှေးဂရိဒဏ္ဍာရီများနှင့် အခြားနေရာများတွင် မျက်မြင်ရ၊ မျက်မြင်မရနည်းဖြင့် လူသားတို့အလယ် လှုပ်ရှားသွားလာခဲ့သော နတ်ဘုရား၊ နတ်ဘုရားမများစွာတို့၏ရုပ်ပုံများကို ရေးဆွဲဖော်ပြကြ၏။ သူတို့သည် လူ့အသွင်ကို ယူတင်ခဲ့ကြသောအခါ အလွန်လှပကြသည်။ သူတို့သည် စားကြ၊ သောက်ကြ၊ အိပ်ကြသည့်အပြင် အချင်းချင်းနှင့်လည်းကောင်း၊ လူတို့နှင့်လည်းကောင်း သံဝါသပြုခဲ့ကြသည်။ သူတို့သည် သန့်ရှင်းပြီး မသေနိုင်သောအဖြစ်၌တည်ရှိ၏ဟု ထင်မှတ်ရဖွယ်ရှိသော်လည်း လိမ်လည်လှည့်ဖြား ရန်လိုတိုက်ခိုက်၍ သွေးဆောင်ဖြားယောင်းကာ ဗလက္ကာရပြုခဲ့ကြသည်။ ဤသို့သောဒဏ္ဍာရီပုံပြင်များသည် အလှဆင်ထားပြီး တလွဲတချော်ပုံစံဖြစ်သော်လည်း ကမ္ဘာဦးကျမ်းတွင်ဖော်ပြထားသော ရေလွှမ်းမိုးဘေးမတိုင်မီက တကယ့်အဖြစ်အပျက်များကို ထင်ဟပ်ပေမည်။
ရှေးကာလမှအားကြီးသူများ၊ ကျော်စောသူများ
နာခံမှုမရှိသော လူ့အသွင်ယူတင်သည့် ကောင်းကင်တမန်များသည် လူ့သမီးများနှင့်သံဝါသပြုခဲ့ကြရာ ထိုလူ့သမီးများသည် ကလေးများမွေးဖွားခဲ့သည်။ ဤကလေးများသည် သာမန်မဟုတ်ခဲ့ကြချေ။ သူတို့သည် လူတစ်ပိုင်းကောင်းကင်တမန်တစ်ပိုင်းဖြစ်သော နက်ဖလင်များဖြစ်ခဲ့ကြ၏။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “ထိုကာလ၌ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ ထိုနောက်၌လည်း ဘုရားသခင်၏သားတို့သည် လူသမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည် အားကြီးသောသူ၊ ရှေးကာလမှစ၍ ကျော်စောသောသူဖြစ်ကြ၏။”—ကမ္ဘာဦး ၆:၄။
“နက်ဖလင်” ဟူသော ဟေဗြဲစကားလုံးသည် စာသားအရ ကြမ်းတမ်းသောလုပ်ရပ်များဖြင့် အခြားသူများကို လဲစေသူများဖြစ်သည့် “လဲကျစေသူများ” ဟူ၍အဓိပ္ပာယ်ရှိသည်။ သို့ဖြစ်၍ ကျမ်းစာမှတ်တမ်းက “မြေကြီးသည် အဓမ္မအမှု [အကြမ်းဖက်မှု] နှင့်ပြည့်စုံလေ၏” ဟုဖြည့်စွက်ထားခြင်းသည် အံ့ဩစရာမဟုတ်ချေ။ (ကမ္ဘာဦး ၆:၁၁) ဟယ်ရယ်ကလီစ္စနှင့် ဗာဗုလုန်လူစွမ်းကောင်း ဂိလဂါမက်ရှ်စသော ဒဏ္ဍာရီဆိုင်ရာလူတစ်ပိုင်းဘုရားတစ်ပိုင်းများသည် နက်ဖလင်များနှင့်အလွန်တူကြသည်။
နက်ဖလင်များကို “အားကြီးသောသူများ” နှင့် “ကျော်စောသောသူများ” ဟုခေါ်ခဲ့သည်ကို သတိပြုပါ။ ထိုခေတ်အခါက အ
သက်ရှင်ခဲ့သည့် ဖြောင့်မတ်သောနောဧနှင့်မတူဘဲ နက်ဖလင်များသည် ယေဟောဝါ၏ကျော်စောမှုကိုမြှင့်တင်ရန် စိတ်မဝင်စားခဲ့ကြချေ။ သူတို့သည် ကိုယ်ကိုယ်တိုင်၏ကျော်ကြားမှု၊ ဘုန်းတန်ခိုးကြီးမှုနှင့် ဂုဏ်သတင်း၌သာ စိတ်ဝင်စားခဲ့ကြသည်။ အကြမ်းဖက်မှုနှင့်သွေးထွက်သံယိုမှု မလွဲဧကန်ပါမည့် အားကြီးသောလုပ်ရပ်များဖြင့် သူတို့ဝန်းကျင်ရှိဘုရားမဲ့လောကမှ သူတို့တောင့်တခဲ့သည့် ကျော်ကြားမှုကိုရရှိခဲ့ကြပေမည်။ သူတို့သည် သူတို့ခေတ်အခါ၏ စူပါလူစွမ်းကောင်းများဖြစ်ခဲ့ကြကာ—လူအများ ကြောက်ရွံ့၊ လေးစားပြီး မနှိမ်နင်းနိုင်ပုံဖြစ်ခဲ့သည်။နက်ဖလင်များနှင့် သူတို့၏ယုတ်ညံ့သော ကောင်းကင်တမန်ဖခင်များသည် သူတို့နှင့်တစ်ခေတ်တည်းသားများ၏အမြင်တွင် ထင်ပေါ်ကျော်ကြားမည်ဖြစ်သော်လည်း ဘုရားသခင့်အမြင်တွင် မထင်ပေါ်သည်မှာ သေချာပါသည်။ သူတို့၏ဘဝလမ်းစဉ်သည် စက်ဆုပ်ဖွယ်ကောင်းခဲ့၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို အရေးယူခဲ့သည်။ “ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှာချုပ်ထား၍ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။ ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကို ဟောသောနောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍ ဘုရား [သခင်] ကိုမကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏” ဟုတမန်တော်ပေတရုရေးခဲ့သည်။—၂ ပေတရု ၂:၄၊ ၅။
ကမ္ဘာချီရေလွှမ်းမိုးဘေးတွင် ပုန်ကန်သောကောင်းကင်တမန်များသည် လူ့ခန္ဓာကိုယ်ကိုစွန့်၍ နာမ်ဝိညာဉ်နယ်ပယ်သို့ ဂုဏ်ပျက်လျက်ပြန်သွားခဲ့ကြသည်။ ဘုရားသခင်သည် သူတို့ကို အပြစ်ပေးခဲ့ပြီး လူ့ခန္ဓာကိုယ်ကိုပြန်ယူဆောင်ခွင့်မပေးတော့ချေ။ နာခံမှုမရှိသော ကောင်းကင်တမန်များ၏မျိုးဆက်ဖြစ်သည့် လူထက်စွမ်းသောနက်ဖလင်ရှိသမျှသည် သေဆုံးခဲ့သည်။ နောဧနှင့်သူ့မိသားစုသာ ရေလွှမ်းမိုးဘေးကပ်ကိုကျော်ခဲ့၏။
ယနေ့ ထင်ပေါ်ကျော်ကြားသူများ
ယနေ့ နတ်ဘုရားများနှင့် ဘုရားတစ်ပိုင်းလူတစ်ပိုင်းများ ကမ္ဘာပေါ်တွင်မလျှောက်လှမ်းကြတော့ချေ။ သို့သော် အကြမ်းဖက်မှုများ တိုးပွားလျက်ရှိ၏။ မျက်မှောက်ခေတ် ထင်ပေါ်ကျော်ကြားသူများကို စာအုပ်များ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြားနှင့် တေးဂီတတို့တွင် အမွှမ်းတင်လျက်ရှိသည်။ ထိုသူတို့သည် အခြားပါးတစ်ဖက်ကိုလှည့်ပေးရန်၊ ရန်သူများကိုချစ်ရန်၊ ငြိမ်သက်ခြင်းကိုရှာရန်၊ ခွင့်လွှတ်ရန် သို့မဟုတ် အကြမ်းဖက်မှုများကိုရှောင်ရန် ဝေးလေစွ။ (မဿဲ ၅:၃၉၊ ၄၄; ရောမ ၁၂:၁၇; ဧဖက် ၄:၃၂; ၁ ပေတရု ၃:၁၁) ယင်းအစား၊ ယခုခေတ်ကာယဗလကြီးသူများသည် သူတို့၏ခွန်အားနှင့် တိုက်ရည်ခိုက်ရည်၊ လက်စားချေနိုင်စွမ်းနှင့် အကြမ်းဖက်မှုကို ထူးကဲသောအကြမ်းဖက်မှုဖြင့် တုံ့ပြန်နိုင်သည့်အတွက် အထင်ကြီးခံနေကြရသည်။ *
ဤသို့သောသူများအပေါ် ဘုရားသခင်၏ရှုမြင်ပုံသည် နောဧခေတ်ကတည်းက မပြောင်းလဲခဲ့ချေ။ ယေဟောဝါသည် အကြမ်းဖက်မှုနှစ်သက်သူများကို အထင်မကြီးသည့်အပြင် သူတို့၏စွန့်စားခန်းများဖြင့် ဖျော်ဖြေမှုယူမည်မဟုတ်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏” ဟုဆာလံဆရာသီဆိုခဲ့သည်။—ဆာလံ ၁၁:၅။
ကွာခြားသောခွန်အားတစ်မျိုး
အားကြီးသောအကြမ်းဖက်သူများနှင့် လုံးလုံးလျားလျားမတူဘဲ ငြိမ်းချမ်းသူယေရှုခရစ်သည် အသက်ရှင်ခဲ့သမျှတွင် အကျော်ကြားဆုံးဖြစ်သည်။ ကိုယ်တော်သည် မြေကြီးပေါ်ရှိစဉ် ‘အကြမ်းဖက်မှုမပြု’ ခဲ့ချေ။ (ဟေရှာယ ၅၃:၉၊ သမ္မာ) ရန်သူများသည် ဂေသရှေမန်ဥယျာဉ်တွင် ကိုယ်တော်အားလာဖမ်းကြသောအခါ တပည့်နောက်လိုက်များတွင် ဓားရှိခဲ့သည်။ (လုကာ ၂၂:၃၈၊ ၄၇-၅၁) သူတို့သည် ကိုယ်တော့်အား ဂျူးတို့လက်မှကာကွယ်ရန် ခုခံတိုက်ခိုက်မည့်လူအုပ်ဖွဲ့နိုင်ခဲ့ပေမည်။—ယောဟန် ၁၈:၃၆။
အမှန်မှာ၊ တမန်တော်ပေတရုသည် ယေရှုကိုကာကွယ်ရန် ဓားဆွဲထုတ်လိုက်သော်လည်း ယေရှုက “သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်” ဟုသူ့ကိုပြောခဲ့သည်။ (မဿဲ ၂၆:၅၁၊ ၅၂) မှန်ပါသည်၊ လူ့သမိုင်းက ထပ်ခါတလဲဖော်ပြသည့်အတိုင်း အကြမ်းဖက်မှုသည် အကြမ်းဖက်မှုကိုဖြစ်စေတတ်သည်။ ယေရှုသည် လက်နက်ဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ခွင့်ရှိသည့်အ ပြင် အခြားကာကွယ်နည်းတစ်ခုလည်း ရှိခဲ့သည်။ “ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့စေလွှတ်တော်မူသည်ကိုလည်းကောင်း သင်သည် မထင်သလော” ဟုပေတရုကို ကိုယ်တော်ဆက်ပြောခဲ့သည်။—မဿဲ ၂၆:၅၃။
အကြမ်းဖက်မှုပြုမည်၊ သို့မဟုတ် ကောင်းကင်တမန်များ၏အကာအကွယ်ကိုယူမည့်အစား ယေရှုသည် မိမိအားသတ်လိုသူများ၏ဖမ်းဆီးခြင်းကိုခံခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းတစ်ကြောင်းမှာ မြေကြီးပေါ်မှဆိုးသွမ်းမှုဖယ်ရှားရန် ကောင်းကင်ခမည်းတော်အတွက် အချိန်မတန်သေးကြောင်းကို ကိုယ်တော်သိသောကြောင့်ဖြစ်သည်။ ယေရှုသည် မိမိသဘောနှင့်မိမိ ဖြေရှင်းမည့်အစား ယေဟောဝါအား ယုံကြည်ကိုးစားခဲ့၏။
ယင်းသည် ပျော့ညံ့မှုမဟုတ်ဘဲ ကြီးမားသောအတွင်းခွန်အားဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော်၏အချိန်တွင် ကိုယ်တော့်နည်းလမ်းဖြင့် အရေးယူဆောင်ရွက်မည်ကို အခိုင်အမာယုံကြည်ကြောင်း ယေရှုတင်ပြခဲ့၏။ ယေရှုသည် မိမိ၏နာခံမှုကြောင့် ယေဟောဝါပြီးလျှင် ဒုတိယအဆင့်သို့ ချီးမြှောက်ခံခဲ့ရသည်။ တမန်တော်ပေါလုသည် ယေရှုနှင့်စပ်လျဉ်း၍ ဤသို့ရေးခဲ့သည်– “လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။”—ဖိလိပ္ပိ ၂:၈-၁၁။
အကြမ်းဖက်မှုအဆုံးတိုင်ရန် ဘုရားသခင့်ကတိတော်
စစ်မှန်သောခရစ်ယာန်များသည် ယေရှု၏ပုံသက်သေနှင့် သွန်သင်ချက်များအတိုင်း အသက်ရှင်နေထိုင်ကြသည်။ ဤလောက၏အကျော်အမော်များနှင့် အကြမ်းဖက်သူများကို အထင်မကြီး၊ အတုလည်းမယူကြချေ။ ဘုရားသခင့်အချိန်တန်လျှင် နောဧခေတ်က ဆိုးသွမ်းသူများအားပြုသကဲ့သို့ ထိုသူများကို အမှန်ပင် ထာဝစဉ်ဖျက်ဆီးပစ်မည်ကို သူတို့သိကြသည်။
ဘုရားသခင်သည် လူနှင့်မြေကြီး၏ ဖန်ဆင်းရှင်ဖြစ်သည်။ ကိုယ်တော်သည် အကြွင်းမဲ့ပိုင်သအုပ်စိုးထိုက်သောအရှင်လည်းဖြစ်သည်။ (ဗျာဒိတ် ၄:၁၁) လူသားတရားသူကြီးတစ်ဦး၌ တရားစီရင်ရန် တရားဝင်အခွင့်အာဏာရှိလျှင် ဘုရားသခင်တွင် ထိုသို့ပြုရန် ပို၍ပင်အခွင့်အာဏာရှိရပေမည်။ ကိုယ်တော်သည် မိမိ၏ဖြောင့်မတ်တော်မှန်သောမူများကို ဂရုမူအလေးထားသည့်အပြင် မိမိအားချစ်မြတ်နိုးသူများကို ချစ်မြတ်နိုးခြင်းက ဆိုးသွမ်းမှုရှိသမျှနှင့် ဆိုးသွမ်းသူများကို အဆုံးစီရင်ဖို့တိုက်တွန်းခံရလိမ့်မည်။—မဿဲ ၁၃:၄၁၊ ၄၂; လုကာ ၁၇:၂၆-၃၀။
ယင်းသည် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းတို့အပေါ် ခိုင်မာစွာအခြေပြုထားသည့် ငြိမ်းချမ်းရေးဖြစ်သော တည်မြဲသည့်ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းရေးကိုဖြစ်ပေါ်စေမည်ဖြစ်သည်။ ၎င်းကို ယေရှုခရစ်နှင့်ပတ်သက်သော လူအများသိပရောဖက်ပြုချက်တွင် ဤသို့ကြိုဟောခဲ့သည်– “ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား၊ အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်းဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။”—ဟေရှာယ ၉:၆၊ ၇။
ခိုင်လုံသောအကြောင်းရှိသဖြင့် ခရစ်ယာန်များသည် ရှေးအချိန်က မှုတ်သွင်းခံဤဆုံးမစကားကို အလေးထားကြသည်– “ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သောလမ်းတစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဘောကောက်သောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။”—သု. ၃:၃၁၊ ၃၂။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 17 ဗီဒီယိုကစားနည်းများနှင့် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများမှ အကြမ်းဖက်ဇာတ်ကောင်များသည် ဤဆိုးသွမ်းကြမ်းတမ်းမှုများကို ပို၍ပြင်းထန်စွာတင်ပြလေ့ရှိသည်။
[စာမျက်နှာ ၂၉ အကျဉ်းဖော်ပြချက်]
ယခုခေတ် ကာယဗလကြီးသူများသည် သူတို့၏ခွန်အားနှင့် အကြမ်းဖက်မှုကို ထူးကဲသောအကြမ်းဖက်မှုဖြင့် တုံ့ပြန်နိုင်သည့်အတွက် အထင်ကြီးခံနေကြရ
[Picture Credit Line on page 26]
Alinari/Art Resource, NY