“ကျမ်းစာအကြောင်း တော်တော်များများသိကြလို့ပဲ”
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“ကျမ်းစာအကြောင်း တော်တော်များများသိကြလို့ပဲ”
အသက် ၁၂ နှစ်အရွယ် ယေရှုသည် ယေရုရှလင်မှ ဘာသာရေးခေါင်းဆောင်များနှင့် ရဲရင့်စွာစကားပြောခဲ့သောအခါ “သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့သြကြ၏။” (လုကာ ၂:၄၇) ထိုနည်းတူ ယနေ့ ယေဟောဝါ၏ကျေးကျွန် လူငယ်များစွာတို့သည် သူတို့၏ကျောင်းဆရာများနှင့် ကျောင်းနေဖက်များကို ဘုရားသခင်အကြောင်း၊ သမ္မာကျမ်းစာအကြောင်း သတ္တိမွေး၍ပြောပြကြသည့်အတွက် ကျေနပ်ဖွယ်ရလဒ်များကို ခံစားကြရလေ့ရှိသည်။
အသက် ၁၄ နှစ်အရွယ် တီဖ်နီသည် ဒံယေလ ၉:၂၄-၂၇ တွင်ပါသည့် သီတင်းနှစ် ၇၀ နှင့်ပတ်သက်သည့် ကျမ်းစာပရောဖက်ပြုချက်ကို ဆွေးနွေးချိန်၌ အတန်းထဲတွင်ရှိခဲ့သည်။ ဆရာသည် ဤအခန်းငယ်များနှင့်ပတ်သက်၍ အချက်အချို့ဖော်ပြပြီး ထိုအကြောင်းအရာကို အလျင်အမြန် အပေါ်ယံရှင်းပြခဲ့သည်။
အစတွင် တီဖ်နီသည် လက်ထောင်ဖို့ ချီတုံချတုံဖြစ်ခဲ့၏။ “ဒါပေမဲ့ ဒီအခန်းငယ်တွေကို အပြည့်အစုံမရှင်းပြတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာ တကယ်ပဲ။ ဒါနဲ့ ကျွန်မလက်ထောင်လိုက်မိသားဖြစ်သွားတယ်” ဟုသူပြောပြသည်။ ကျောင်းသားအများစုက ထိုအကြောင်းအရာကို နားလည်သဘောပေါက်ရန် ခက်ခဲနေသောကြောင့် တစ်ဦးတစ်ယောက်က ယင်းကို ပြောပြစရာရှိသည့်အတွက် ဆရာအံ့သြခဲ့သည်။
ထိုပရောဖက်ပြုချက်ကို ရှင်းပြခွင့်ရသည်နှင့် တီဖ်နီသည် ချက်ချင်းမတ်တတ်ရပ်၍ပြောပြလေသည်။ သူရှင်းပြပြီးသောအခါ စာသင်ခန်းထဲတွင် လုံးဝတိတ်ဆိတ်သွားခဲ့သည်။ တီဖ်နီသည် အနည်းငယ်စိုးရိမ်သွားသည်။ ထို့နောက် အတန်းတစ်တန်းလုံးက အတန်ကြာလက်ခုပ်သြဘာပေးခဲ့သည်။
“တကယ်ကောင်းတယ်၊ တကယ့်ကိုကောင်းတယ်တီဖ်နီ” ဟုဆရာက ထပ်တလဲလဲပြောခဲ့သည်။ ထိုအခန်းငယ်များမှာ ထိုထက်မကအဓိပ္ပာယ်ရှိရမည်ဟု သူသိထားသော်လည်း တီဖ်နီသည် သူ့အား ဤမျှသဲသဲကွဲကွဲရှင်းပြပေးခဲ့သည့် ပထမဦးဆုံးသူဖြစ်သည်ဟု သူဝန်ခံခဲ့သည်။ ကျောင်းဆင်းသောအခါ ဆရာသည် ကျမ်းစာအကြောင်း ဤမျှလောက်ကောင်းစွာ မည်သို့သိရှိခဲ့ကြောင်း တီဖ်နီကို မေးခဲ့သည်။
“ကျွန်မ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လို့ပဲ” ဟုပြန်ဖြေခဲ့သည်။ “အဲဒီပရောဖက်ပြုချက်ကို ကျွန်မသဘောပေါက်တဲ့အထိ ကျွန်မမိဘတွေက ခဏခဏရှင်းပြခဲ့တယ်။”
သူ၏ကျမ်းစာအသိပညာကို အတန်းဖော်များကလည်း အံ့သြခဲ့ကြသည်။ ကျောင်းသူတစ်ဦးက “ယေဟောဝါသက်သေတွေ တစ်အိမ်မှတစ်အိမ်သွားရတဲ့အကြောင်း အခုသိပြီ; ကျမ်းစာအကြောင်း တော်တော်များများသိကြလို့ပဲ” ဟုတီဖ်နီကိုပြောခဲ့သည်။ အခြားသူများက သူ၏ယုံကြည်ချက်များကို နောက်ဘယ်သောအခါမျှ မလှောင်မပြောင်တော့ဟု ကတိပေးခဲ့ကြ၏။
တီဖ်နီသည် မိဘများကို သူ၏အတွေ့အကြုံကိုပြောပြသောအခါ သူတို့က ဆရာကို ထာဝရအသက်ရစေသောအသိပညာ စာအုပ်ပေးဖို့ အကြံပြုခဲ့သည်။ သူသည် အကြံပေးသည့်အတိုင်း စာအုပ်ကိုပေးလိုက်ပြီး ဒံယေလပရောဖက်ပြုချက်အကြောင်း ရှင်းပြထားသည့်အခန်းကိုပြလိုက်သောအခါ ဆရာသည် စာအုပ်ကို တလိုတလားလက်ခံ၍ ကျေးဇူးတင်ကြောင်းပြောခဲ့သည်။
မှန်ပါသည်၊ ခရစ်ယာန်လူငယ်များက သူတို့၏မိဘများ သင်ပေးထားသည့် ဘုရားသခင်အကြောင်းနှင့် သမ္မာကျမ်းစာအကြောင်းကို ရဲရင့်စွာပြောပြကြသောအခါ သူတို့သည် ယေဟောဝါအား ချီးမွမ်းဂုဏ်တင်သည့်အပြင် သူတို့ကိုယ်တိုင်လည်း ကောင်းချီးခံစားကြရသည်။—မဿဲ ၂၁:၁၅၊ ၁၆။