မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိပေးချက်ကိုဂရုပြု!

သတိပေးချက်ကိုဂရုပြု!

သတိပေး​ချက်​ကို​ဂရုပြု!

ဝုန်း! ၁၉၉၁၊ ဇွန် ၃ ရက်​နေ့တွင် ဂျပန်​နိုင်ငံ​မှ ဖူဂျန်တောင်​သည် တုန်​ဟ​ည်း​သော​မြည်သံ​နှင့်​တကွ မီးတောင်​ဓာတ်ငွေ့​များနှင့်​ပြာ​များ​ကို အဆက်မပြတ်​မှုတ်ထုတ်​ခဲ့​သည်။ အလွန်​ပူပြင်း​သည့်​အရည်များ တောင်စောင်း​တစ်လျှောက်​စီးဆင်းလာ​ခဲ့​သည်။ ဤ​မီးတောင်​ပေါက်ကွဲ​မှု​ကြောင့် ၄၃ ဦး​သေဆုံး​ခဲ့​၏။ သီ​သီ​ကလေး​လွတ်မြောက်​ခဲ့​သူများ​မှာ​မူ ဆိုးဆိုးရွားရွား​မီးလောင်​ခံ​ခဲ့​ကြ​ရသည်။ အချို့​က “ရေ၊ ရေ​ပေး​ပါ” ဟု​အော်ငို​တောင်းဆို​ခဲ့​ကြသည်။ မီး​သတ်​သမားများ​နှင့် ရဲသား​များသည် သူတို့​ထံ​အပြေးအလွှား​သွား​ကာ ကူညီပေး​ခဲ့​ကြသည်။

အစောပိုင်း​နှစ်ပတ်​ခန့်​က ဖူဂျန်တောင်​ထိပ်​ပေါ်​တွင် ချော်ခုံး​တစ်​ခုံး​ကို တွေ့ရှိ​ခဲ့​ကြသော​ကြောင့် အာဏာပိုင်​များနှင့် မြို့သား​များသည် သတိရှိ​ခဲ့​ကြ​၏။ ဘေးဒဏ်​မကျရောက်​မီ တစ်ပတ်​ကျော်​အလို​တွင် ဤ​ဒေသ​မှ​ထွက်ခွာ​သွား​ကြ​ရန် သတိပေး​ချက်​ကို ထုတ်ပြန်ခဲ့​သည်။ မီးတောင်​မ​ပေါက်ကွဲ​မီ တစ်ရက်​အလို​တွင်​ပင် ရဲ​တို့သည် ထို​ကန့်သတ်​နယ်မြေ​သို့​မသွားကြ​ရန် သတင်းထောက်​များ​ကို တောင်းပန်​ခဲ့​ကြ​ရ၏။ သို့​တိုင် ဆိုးရွား​သော​ထို​မွန်းလွဲပိုင်း​၌ သေဆုံး​ခဲ့​သူ ၄၃ ဦး​သည် ဤ​အန္တရာယ်​နယ်မြေ​တွင် ရောက်ရှိ​နေသည်။

ဤမျှ​များပြား​သော​သူတို့သည် ထို​နယ်မြေ​သို့ အရဲစွန့်​၍ အဘယ်ကြောင့်​သွားခဲ့​ကြ​ပြီး ထို​တွင်​ရှိနေ​ခဲ့​ကြ​ရသနည်း။ မိမိတို့​အိမ်များ​မှ​ထွက်​လာ​ခဲ့​ကြ​ရသော လယ်သမား​အချို့​သည် သူတို့၏​ပစ္စည်း​များနှင့် လယ်မြေများ​ကို​စစ်ဆေး​ရန် ပြန်သွား​ခဲ့​ကြ​၏။ မီးတောင်​ပညာရှင်​သုံးဦးသည် သူတို့​စိတ်ဝင်စား​ရာ​ပညာရပ်​အကြောင်း တိုး​သိ​နားလည်​ရန် မီးတောင်​နှင့်​နီး​နိုင်​သမျှ​နီး​ရန် ကြိုးစား​သွားခဲ့​ကြသည်။ သတင်းထောက်​နှင့် ဓာတ်​ပုံ​ဆရာများ​စွာ​တို့သည် မီးတောင်​ပေါက်ကွဲ​မှု​နှင့်​ပတ်သက်​၍ သတင်း​ဦး​ရ​လို​ကြ​၍ ကန့်သတ်​မျဉ်း​ကို အရဲစွန့်​ဖြတ်ကျော်​ခဲ့​ကြသည်။ သတင်းထောက်​များ​ငှား​ထားသော အ​ငှား​ယာဉ်မောင်း​သုံးဦးသည် ထို​နေရာတွင်​ရှိခဲ့​သည်။ ရဲသား​များနှင့် စေတနာ့​ဝန်ထမ်း​မီး​သတ်​သမားများ​သည် တာဝန်​ဆောင်ရွက်လျက်​ရှိကြ​၏။ တစ်ဦးစီ​တွင် အန္တရာယ်​နယ်မြေ​ထဲ ရောက်နေ​ရခြင်း​အကြောင်းရင်း တစ်မျိုးစီ​ရှိခဲ့​ရာ အကျိုးဆက်​မှာ အသက်ဆုံးရှုံး​ခဲ့​ရခြင်း​ဖြစ်သည်။

အန္တရာယ်​နယ်မြေ​တွင် သင်​ရှိနေ​သလော

ကျွန်ုပ်​တို့အားလုံး​သည် မီးတောင်​ရှင်​အနီး​တွင် နေထိုင်ကြ​မည်​မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်​တို့အားလုံး​သည် ကမ္ဘာ​တစ်ဝန်းလုံး​ဆိုင်ရာ အန္တရာယ်​နယ်မြေ​တွင်​ရှိနေပြီး ကမ္ဘာချီ​ကပ်ဘေး​တစ်ခု​နှင့် ကြုံတွေ့​ရတော့မည်​ဆိုလျှင် အသို့နည်း။ ပရောဖက်ပြုချက်​ဆိုင်ရာ သိသင့်သိအပ်​သော​အကြောင်း​၏ ယုံကြည်​စိတ်ချ​ရသည့်​ရင်းမြစ်​ဖြစ်​ကြောင်း ထင်ရှား​ခဲ့​သော စာအုပ်​တစ်အုပ်​သည် ဖြစ်လုဆဲ​ကမ္ဘာချီ​ကပ်​ကြီး​တစ်ခု​အကြောင်း ကြိုတင်​သတိပေး​ပြီး ဤသို့​ဖော်ပြ​သည်– “နေသည် မိုက်လိမ့်မည်။ လ​သည် အရောင်​ကို​မပေး။ ကြယ်​တို့သည် ကောင်းကင်​မှ​ကျ​ကြလိမ့်မည်။ ကောင်းကင်​တန်ခိုး​တို့သည် တုန်လှုပ်​ကြလိမ့်မည်။ . . . မြေကြီး​ပေါ်မှာ လူအပေါင်း​တို့သည် ငိုကြွေး​မြည်တမ်း​ကြ” လိမ့်​မည်။ (မဿဲ ၂၄:၂၉၊ ၃၀) ဤ​တွင် စကြဝဠာ​တစ်ခွင် ကောင်းကင်​ဆိုင်ရာ အံ့ဖွယ်​အမှတ်လက္ခဏာ​များ​ကို “မြေကြီး​ပေါ်မှာ လူအပေါင်း​တို့” ကြုံတွေ့​ရမည်ဟု ဖော်ပြ​ထား​၏။ တစ်နည်း​အားဖြင့် ယင်း​ပရောဖက်ပြုချက်​သည် ကျွန်ုပ်​တို့အားလုံး​အပေါ်​ကျရောက်​မည့် ကပ်ဘေး​ကြီး​အကြောင်း​ဖြစ်သည်။

အဆိုပါ​ယုံကြည်​စိတ်ချ​ရသော ပရောဖက်ပြုချက်​ဆိုင်ရာ​စာအုပ်​မှာ သမ္မာကျမ်းစာ​ဖြစ်ပါ​သည်။ စိတ်ဝင်စားစရာ​မှာ၊ အထက်ပါ ကျမ်းစာ​ပိုဒ်​၏​ရှေ့နောက်စကား​သည် ကမ္ဘာချီ​ကပ်ဘေး​မဖြစ်မီ​အဖြစ်အပျက်​များ​၏ အသေးစိတ်​ဖော်ပြချက်​ဖြစ်သည်။ ချော်ခုံး​နှင့် မီးတောင်​ဆိုင်ရာ​အခြား​ညွှန်ပြ​ချက်​များ​ကြောင့် ရှီ​မား​ဘာ​ရာ​မြို့​အရာရှိများ​က အန္တရာယ်​နယ်မြေ​ကို​သတ်မှတ်​ပေး​ခဲ့​ရသကဲ့သို့ သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့​ကပ်ကျော်​ရန်​အတွက် သတိ​ရှိဖို့​နှင့် အသင့်ပြင်​ဆင်​ထား​ဖို့ အကြောင်း​များ​ကို ဖော်ပြ​၏။ ဖူဂျန်တောင်​၏​အဖြစ်ဆိုး​မှ ကျွန်ုပ်​တို့​သင်ခန်းစာ​ယူပြီး ဖြစ်လတ္တံ့​သော​ဘေး​၏ အလွန်​အရေးကြီးမှုကို ခွဲခြား​သိမြင်​နိုင်​ကြ​ပါ​သည်။

[Picture Credit Line on page 2]

COVER: Yomiuri/​Orion Press/​Sipa Press

[Picture Credit Line on page 3]

Yomiuri/​Orion Press/​Sipa Press