မျက်နှာဖုံးအကြောင်းအရာ
သားသမီးတွေကို ဆုံးမသွန်သင်မှု လျော့နည်းသွားပြီလား
မကြာသေးခင်က ဆယ်စုနှစ်တွေမှာ အနောက်နိုင်ငံတွေမှာရှိတဲ့ မိသားစုဘဝပုံစံတွေ အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်။ အရင်တုန်းကတော့ မိဘတွေက အုပ်ထိန်းပြီး သားသမီးတွေက အုပ်ထိန်းမှုအောက်မှာ နေရတယ်။ အခုတော့ မိသားစုတချို့မှာ ပြောင်းပြန်ဖြစ်နေပြီ။ ဥပမာ– ကြုံရတတ်တဲ့ အောက်ဖော်ပြပါအခြေအနေတွေကို သုံးသပ်ကြည့်ပါ။
-
အမေနဲ့ဈေးဝယ်လိုက်သွားချိန်မှာ လေးနှစ်အရွယ်သားလေးက အရုပ်တစ်ရုပ်ကို လှမ်းယူလိုက်တယ်။ အမေက ဖျောင်းဖျဖို့ကြိုးစားတဲ့အနေနဲ့ “အရုပ်တွေအများကြီး ရှိပြီးသားမဟုတ်လား” ဆိုပြီး မေးလိုက်တော့ သားငယ်က ဂျီကျတဲ့လေသံနဲ့ “သားလိုချင်လို့” ဆိုပြီး ပြောတယ်။ ကလေးဝုန်းဒိုင်းကြဲမှာစိုးလို့ အမေက အလျှော့ပေးလိုက်တယ်။
-
အဖေက တခြားတစ်ယောက်နဲ့စကားပြောနေတုန်းမှာ ၅ နှစ်အရွယ် သမီးငယ်က “သမီးပျင်းလာပြီ၊ အိမ်ပြန်ချင်တယ်” ဆိုပြီး ကြားဖြတ်ပြောလိုက်တယ်။ အဖေက ပြောလက်စ စကားကိုဖြတ်၊ သမီးကို ငုံ့ကြည့်ပြီး “ခဏစောင့်ပေးပါဦး၊ သမီးရယ်” လို့ ချော့တဲ့လေသံလေးနဲ့ ပြောလိုက်တယ်။
-
၁၂ နှစ်အရွယ် ဂျိမ်းက ဆရာမကို ပြန်အော်ပြောတယ်ဆိုပြီး တိုင်စာရောက်လာတယ်။ ဂျိမ်းရဲ့အဖေက သားကိုမဟုတ်ဘဲ ဆရာမကို စိတ်ဆိုးတယ်။ “ဒီဆရာမက မင်းကိုပဲ မဲနေတယ်။ သူ့ကို ကျောင်းအုပ်နဲ့တိုင်ရမယ်” လို့ ဂျိမ်းကို ပြောလိုက်တယ်။
အထက်ပါ အခြေအနေတွေက တကယ့်အဖြစ်အပျက်တွေမဟုတ်ပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေဖြစ်တယ်။ မိသားစုတွေမှာ အဲဒီလိုဖြစ်ပျက်တတ်တယ်။ မိဘတွေက ကလေးတွေရိုင်းပျတာကို မဆုံးမဘဲထားတာ၊ သူတို့ရဲ့ဆန္ဒတွေကို လိုက်လျောပေးတာ၊ ကလေးတွေအမှားလုပ်တဲ့အခါ အပြစ်မခံရအောင် “ကယ်တင်ပေး” တာတွေလုပ်ဖို့ ကြိုးစားကြတယ်။ “အရင်တုန်းကဆိုရင်တော့ ကလေးတွေက မိဘစကားနားထောင်ရမယ်ဆိုတာကို သိကြတယ်။ အခုတော့ ကလေးတွေအပေါ် မိဘတွေအခွင့်အာဏာမရှိကြတော့ဘူး” လို့ စာအုပ်တစ်အုပ် (The Narcissism Epidemic) ကဆိုတယ်။
မိဘအတော်များများက သားသမီးတွေအတွက် စံနမူနာပြပြီး သွန်သင်ပေးရုံသာမက လိုအပ်မယ်ဆိုရင် ပြတ်သားပြီး မေတ္တာပါပါ ပဲ့ပြင်ခြင်းအားဖြင့် တော်မှန်တဲ့စံနှုန်းတွေကို သင်ပေးဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ကြိုးစားနေတဲ့မိဘတွေက “ရေစီးကြောင်းကို ဆန်ပြီးကူးနေရတဲ့သူတွေ ဖြစ်တယ်” လို့ အစပိုင်းမှာကိုးကားခဲ့တဲ့ စာအုပ်မှာ ဖော်ပြထားတယ်။
ဘာကြောင့် ဒီအခြေအနေထိ ရောက်သွားရတာလဲ။ ဆုံးမသွန်သင်ခြင်းနဲ့ ပတ်သက်လာရင် ဘာတွေဖြစ်ကုန်ပြီလဲ။
မိဘတွေရဲ့ အခွင့်အာဏာလျော့ကျလာ
၁၉၆၀ ပြည့်လွန်နှစ်တွေကစပြီး မိဘတွေရဲ့ အခွင့်အာဏာလျော့ကျလာတယ်ဆိုပြီး တချို့တွေက ပြောကြတယ်။ ပညာရှင်လို့ ဆိုကြတဲ့သူတွေက မိဘတွေ သားသမီးတွေအပေါ် မတင်းကျပ်ဖို့ အကြံပြုကြတယ်။ ‘မိတ်ဆွေကောင်းတစ်ယောက်လိုနေပါ၊ အခွင့်အာဏာရှိသူတစ်ယောက်လို မပြုမူပါနဲ့၊’ ‘ဆုံးမပဲ့ပြင်တာထက် ချီးမွမ်းပေးတာက ကောင်းတယ်၊’ ‘အမှားပြင်ပေးမယ့်အစား အမှန်လုပ်တာကိုပဲ အာရုံစိုက်ပေးပါ’ လို့ သူတို့ပြောတယ်။ ချီးမွမ်းပေးတဲ့အခါ၊ ပဲ့ပြင်တည့်မတ်ပေးတဲ့အခါမှာ မျှတမှုရှိအောင် အားပေးမယ့်အစား သူတို့အပြောအရ အပြစ်ဖော်ဆုံးမတာက နုနယ်တဲ့ ကလေးတွေရဲ့စိတ်ကို ထိခိုက်စေနိုင်ပြီး မိဘကို တစ်သက်လုံး စိတ်နာသွားစေနိုင်တယ်ဆိုတဲ့ ပုံစံမျိုးပေါက်နေတယ်။
သိပ်မကြာပါဘူး၊ ကလေးတွေ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလာအောင် မြေတောင်မြှောက်ပေးတာကောင်းတယ်ဆိုပြီး ပညာရှင်တွေ ပြောလာပြန်တယ်။ ကလေးတွေရဲ့စိတ်ကို ကျေနပ်အောင် လုပ်ပေးခြင်းကပဲ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နည်းလမ်းကောင်းတစ်ခုလိုလို ဖြစ်သွားတယ်။ ကလေးတွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုရှိဖို့ အရေးကြီးတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ‘မကောင်းဘူး၊ မလုပ်နဲ့ ဆိုတဲ့ အပျက်သဘောဆောင်တဲ့ အသုံးအနှုန်းတွေကို ရှောင်ပါ၊’ ‘ကလေးတွေကို သူတို့သာ အရေးအပါဆုံး၊ သူတို့ဖြစ်လိုတာဖြစ်ခွင့်ရှိတယ်လို့ ပြောပေးပါ’ ဆိုပြီး ပညာရှင်တွေ အကြံပေးတဲ့အထိ အစွန်းရောက်သွားပါတယ်။ အဲဒါက လူကောင်းတစ်ယောက်ဖြစ်တာထက် ကလေးရဲ့စိတ် ကျေနပ်မှုရှိဖို့ကသာ အဓိကလို့ သင်ပေးရာရောက်တယ်။
အဲဒီလို ကလေးရဲ့စိတ်ကျေနပ်အောင်ပဲ အဓိကထားနေမယ်ဆိုရင် ကလေးတွေဟာ ငါတို့မှာ အခွင့်အာဏာရှိတယ်၊ ငါတို့က တစ်လောကလုံးကို ပိုင်တယ်လို့ ယူမှတ်သွားကြတယ်။ အဲဒါက လူငယ်လေးတွေကို “လက်တွေ့ဘဝမှာ မလွဲမသွေကြုံရမယ့် ပြစ်တင်ဝေဖန်မှုတွေ၊ တစ်ခါတစ်ခါ ကြုံရနိုင်တဲ့ ရှုံးနိမ့်မှုတွေအတွက် ကောင်းကောင်း မပြင်ဆင်ပေးမိလိုက်တာနဲ့တူတယ်” လို့ စာအုပ်တစ်အုပ် (Generation Me) က ဆိုတယ်။ ပြီးတော့ အဲဒီစာအုပ်ထဲမှာ ဖခင်တစ်ယောက်က ဒီလိုပြောထားတယ်– “လုပ်ငန်းခွင်မှာကျတော့ အိမ်ကမိဘ
တွေလို ဆက်ဆံခံရတော့မှာ မဟုတ်ဘူး။ . . . မှတ်တမ်း တင်ပြရတဲ့အခါ ကိုယ့်မှတ်တမ်းက မှားနေတယ်ဆိုရင် အလုပ်ရှင်ကတော့ ဆူမှာပဲ၊ ရှာကြံပြီးချီးမွမ်းနေမှာ မဟုတ်ဘူး။ အဲဒီနည်းနဲ့ကလေးတွေကို လေ့ကျင့်ပေးထားမယ်ဆိုရင်တော့ ဒုက္ခလှလှတွေ့မှာပဲ။”ပြောင်းလဲနေတဲ့ သဘောထားအမြင်များ
ဆယ်စုနှစ်တွေ တစ်လျှောက်မှာ မိဘတွေရဲ့ အုပ်ထိန်းနည်းတွေက လူတွေရဲ့ စိတ်သဘောထား အမြဲပြောင်းလဲနေတယ်ဆိုတာကို ထင်ဟပ်ပြနေတယ်။ “ဆုံးမသွန်သင်နည်းတွေက တစ်ချိန်လုံး ပြောင်းလဲနေတယ်၊ အဲဒါက ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကိုပါ ပြောင်းလဲစေတယ်” * လို့ ရော်နယ်လ် ဂျီ. မောရစ်ရှ် ဆိုတဲ့ ပညာရှင်တစ်ယောက်က ရေးသားခဲ့တယ်။ အဲဒီလို မိဘတွေ လိုက်ပြောင်းလဲနေကြရတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ သူတို့ဟာ “လှိုင်းပုတ်ခံရ၍ ခပ်သိမ်းသော သွန်သင်ခြင်းလေ တိုက်ရာဘက်သို့ တိမ်းယိမ်းကြ” တဲ့သူတွေနဲ့တူတယ်ဆိုပြီး ဖော်ပြထားတယ်။—ဧဖက် ၄:၁၄။
တင်းကျပ်မှုမရှိတဲ့ ဆုံးမပဲ့ပြင်မှုတွေက ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတယ်ဆိုတာ ရှင်းနေပါတယ်။ အဲဒါက မိဘတွေရဲ့အခွင့်အာဏာကို လျော့ကျစေတဲ့အပြင် ကလေးတွေကိုလည်း ဘဝကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ရပ်တည်သွားနိုင်ဖို့၊ ရွေးချယ်မှုကောင်းတွေလုပ်နိုင်ဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေမပေးဘဲ ပစ်ထားလိုက်တာနဲ့တူတယ်။
တခြားနည်းလမ်းကောင်းတွေရှိပါသလား။
^ အပိုဒ်၊ 15 Secrets of Discipline: 12 Keys for Raising Responsible Children စာအုပ်မှ ကောက်နုတ်ထားပါတယ်။