မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဥရောပတစ်ခွင် စုန်းမ ဖမ်းဆီးမှုများ

ဥရောပတစ်ခွင် စုန်းမ ဖမ်းဆီးမှုများ

လွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းက ဥရောပမှာ စုန်းမတွေကို ကြောက်ကြတဲ့အတွက် စုန်းမတွေကို ဖမ်းဆီး၊ သတ်ဖြတ်ကြတယ်။ အဲဒီလို အများဆုံးလုပ်ခဲ့တဲ့နေရာတွေက ပြင်သစ်၊ ဂျာမနီ၊ အီတလီမြောက်ပိုင်း၊ ဆွစ်ဇလန်နဲ့ မြေနိမ့်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ လပ်စ်ဇမ်းဘတ်ခ်နဲ့ နယ်သာလန်နိုင်ငံတွေဖြစ်တယ်။ “ဥရောပနဲ့ ဥရောပကိုလိုနီ နယ်မြေမှာရှိတဲ့လူတွေ သောင်းနဲ့ချီသေဆုံးခဲ့” ပြီး “တခြားသန်းနဲ့ချီတဲ့သူတွေက ဖမ်းဆီးနှိပ်စက် စစ်ဆေးမေးမြန်းခံရပြီး အပြစ်ဒဏ်ချမှတ်ခံရတယ်၊ သူတို့ အမုန်းခံရပြီး ကြောက်စိတ်တွေ ပျံ့နှံ့နေတယ်” လို့ Witch Hunts in the Western World စာအုပ်မှာ ဖော်ပြထားတယ်။ * အဲဒီလိုမယုံသင်္ကာဖြစ်အောင် ဘာကအစပျိုးခဲ့တာလဲ။

စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စုန်းမတွေကို အပြင်းအထန်ထိုးနှက်ချက်

ဒီအဖြစ်အပျက်မှာ နာမည်ကြီးတာကတော့ စုံစမ်းစစ်ဆေးရေးခုံရုံးဖြစ်တယ်။ အဲဒီခုံရုံးကို ရိုမန်ကက်သလစ်ချာ့ခ်ျက ၁၃ ရာစုမှာ တည်ထောင်ခဲ့တာဖြစ်ပြီး “အယူမှားသူတွေကို ဘာသာပြောင်းစေဖို့နဲ့ ဘာသာခွဲထွက်သွားတာကို တားဆီးဖို့” ဖြစ်တယ်ဆိုပြီး The Witch Mania စာအုပ်မှာ ရှင်းပြထားတယ်။ စုံစမ်းစစ်ဆေးရေးခုံရုံးဟာ အဲဒီချာ့ခ်ျရဲ့ ရဲတပ်ဖွဲ့တစ်ခုပဲ။

၁၄၈၄၊ ဒီဇင်ဘာ ၅ ရက်မှာ ပုပ်ရဟန်းမင်း အင်နိုစင့် ၈ က စုန်းအတတ်ကို ပြစ်တင်ရှုတ်ချတဲ့ အမိန့်စာထုတ်ခဲ့တယ်။ ယာကော့ စပရန်ဂါ နဲ့ ဟိုင်းရစ်ခ် ခရာမာ ကို စုန်းအတတ် လိုက်စားသူတွေကို စုံစမ်းစစ်ဆေးပြီး နှိပ်ကွပ်ဖို့ အခွင့်အာဏာအပြည့် ပေးထားတယ်။ သူတို့နှစ်ယောက်ဟာ စုန်းမတွေကို အပြင်းအထန်ထိုးနှက်ချက် The Hammer of Witches စာအုပ်ကို ထုတ်ဝေခဲ့ကြတယ်။ ကက်သလစ်တွေရော ပရိုတက်စတင့်တွေပါ သူတို့ရဲ့အခွင့်အာဏာကို အသိအမှတ်ပြုခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ စုန်းမတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်မဟုတ်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ပါတယ်။ စုန်းအတတ်နဲ့ပတ်သက်ပြီး ဘာသာရေးရှုမြင်ချက်၊ တရားဥပဒေရှုမြင်ချက်တွေပါရှိပြီး ဘယ်သူဟာ စုန်းမဖြစ်တယ်၊ သူတို့ကို ဘယ်လိုစီရင်ရမယ် စတဲ့ လမ်းညွှန်ချက်တွေလည်း ပါတယ်။ စုန်းမတွေကို အပြင်းအထန်ဝေဖန်ထိုးနှက်ချက်စာအုပ်ကို “ကမ္ဘာ့စာပေတွေထဲမှာ အရက်စက်အကြမ်းကြုတ်ဆုံး၊ . . . ထိခိုက်နစ်နာမှုအဖြစ်ဆုံးစာအုပ်” လို့ ဖော်ပြခဲ့တယ်။

စုန်းမတွေကို အပြင်းအထန်ထိုးနှက်ချက်စာအုပ်ကို “ကမ္ဘာ့စာပေတွေထဲမှာ အရက်စက်အကြမ်းကြုတ်ဆုံး၊ . . . ထိခိုက်နစ်နာမှုအဖြစ်ဆုံးစာအုပ်” လို့ဖော်ပြခဲ့

တစ်ယောက်ယောက်ကို စုန်းမဆိုပြီး စွပ်စွဲတဲ့အခါ ဘာအထောက်အထားမှ ပြစရာ မလိုဘူး။ “စွပ်စွဲခံရသူကို နှိပ်စက်ညှဉ်းပန်း၊ ဖိအားပေးပြီး ဝန်ခံလာအောင် အတင်းအကျပ်လုပ်ဖို့ပဲ” စစ်ဆေးမှုတွေလုပ်တာ ဆိုပြီး Witches and Witch Trials စာအုပ်မှာ ဖော်ပြထားတယ်။ စစ်ဆေးတဲ့အခါ နှိပ်စက်ညှဉ်းပန်းတာကတော့ အမြဲပဲ။

ပုပ်ရဟန်းမင်း အင်နိုစင့် ၈ ရဲ့ထုတ်ပြန်ချက်နဲ့ စုန်းမတွေ ကို အပြင်းအထန်ထိုးနှက်ချက် စာအုပ်ကြောင့် ဥရောပမှာ စုန်းမတွေကို အကြီးအကျယ် လိုက်ရှာဖမ်းဆီးပါတော့တယ်။ နည်းပညာအသစ်ဖြစ်တဲ့ ပုံနှိပ်စက်ပေါ်လာတဲ့အတွက် အတ္တလန္တိတ်သမုဒ္ဒရာကိုကျော်ပြီး အမေရိကမှာတောင် စုန်းမတွေကို ကြောက်တဲ့စိတ် ပျံ့နှံ့သွားတယ်။

ဘယ်သူတွေ စွပ်စွဲခံခဲ့ရသလဲ

စွပ်စွဲခံရသူ ၇၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး အထူးသဖြင့် ကာကွယ်ပေးမယ့်သူမရှိတဲ့ မုဆိုးမတွေဖြစ်တယ်။ စွပ်စွဲခံရသူတွေထဲမှာ ဆင်းရဲသားတွေ၊ အသက်ကြီးတဲ့သူတွေ၊ ဆေးဖော်ကုသတဲ့ အမျိုးသမီးတွေပါတယ်။ အထူးသဖြင့် သူတို့ရဲ့ဆေးက ရောဂါမပျောက်စေတဲ့အခါမျိုးမှာ ဖြစ်တယ်။ ဆင်းရဲချမ်းသာမရွေး၊ ယောက်ျား မိန်းမ,မရွေး၊ နိမ့်ကျသူ၊ ထင်ပေါ်ကျော်ကြားသူ ဘယ်သူပဲဖြစ်ဖြစ် စွပ်စွဲ ခံရနိုင်တယ်။

မကောင်းတာဘာပဲဖြစ်ဖြစ် “စုန်းမတွေ” ကြောင့်ဆိုပြီး စွပ်စွဲကြတယ်။ စုန်းမတွေဟာ “ဆီးနှင်းခဲကျအောင်၊ အသီးအနှံဖျက်တဲ့ ပက်ကျိတွေ၊ ခူကောင်တွေ ပြန့်ပွားအောင်လုပ်တယ်” ဆိုပြီး စွပ်စွဲကြတယ်လို့ ဂျာမန်မဂ္ဂဇင်း Damals မှာဖော်ပြပါတယ်။ မိုးသီးကျပြီး သီးနှံတွေပျက်စီးသွားရင်၊ နွားမတစ်ကောင် နို့မထွက်တော့ရင်၊ အမျိုးသားတစ်ဦး ပန်းသေရင်၊ အမျိုးသမီးတစ်ဦး မြုံနေရင် စုန်းမတွေ လက်ချက်ပဲလို့ ယူမှတ်ကြတယ်။

စုန်းမဆိုရင် အလေးချိန်မစီးဘဲ ပေါ့တယ်လို့ ထင်ကြတဲ့အတွက် မသင်္ကာသူတချို့ကို အလေးချိန် ချိန်ကြည့်ကြ

စုန်းမဆိုပြီး ဘယ်လိုခွဲခြားသတ်မှတ်ခဲ့ကြသလဲ။ သံသယ ရှိတဲ့သူကို ကြိုးတုတ်ပြီး “မန်းမှုတ်” ထားတဲ့ ရေအေးထဲနှစ်တယ်။ နစ်သွားတယ်ဆိုရင် အပြစ်မရှိဘူးလို့သတ်မှတ်ပြီး ပြန်ဆယ်ထုတ်လိုက်တယ်။ ပေါလောပေါ်နေတယ်ဆိုရင်တော့ စုန်းမလို့ သတ်မှတ်ပြီး ချက်ချင်းကွပ်မျက်တယ်။ ဒါမှမဟုတ် စစ်ဆေးခံရဖို့ အပ်လိုက်တယ်။ မသင်္ကာတဲ့သူတချို့ကို အလေးချိန် ချိန်ကြည့်ကြတယ်။ အဲဒီလိုလုပ်တာက စုန်းမဆိုရင် အလေးချိန်မစီးဘဲ ပေါ့တယ်လို့ ထင်ကြလို့ပါ။

တခြားစစ်ဆေးမှု တစ်ခုကတော့ စုန်းမမှန်ရင် “မာရ်နတ်ပေးထားတဲ့ ထင်သာမြင်သာတဲ့အမှတ်အသား” ရှိတယ်လို့ယူဆပြီး “မာရ်နတ်ရဲ့အမှတ်အသား” ကိုရှာကြည့်ကြတယ်လို့ Witch Hunts in the Western World စာအုပ်ထဲမှာ ဖော်ပြတယ်။ အာဏာရှိသူတွေဟာ “စွပ်စွဲခံရသူရဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရှိတဲ့ အမွေးအမျှင်တွေကို ရိတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ” အဲဒီအမှတ်အသားရှိမရှိ လူပုံအလယ်မှာ ရှာကြတယ်။ မွေးရာပါအမှတ်၊ ကြွက်နို့နဲ့ အမာရွတ်စတဲ့ အမှတ်တွေကိုတွေ့ရင် အပ်နဲ့ထိုးကြည့်တယ်။ မနာဘူး၊ သွေးမထွက်ဘူးဆိုရင် အဲဒီအမှတ်ကို မာရ်နတ်ရဲ့အမှတ်အသားလို့ သတ်မှတ်ကြတယ်။

ကက်သလစ်နဲ့ ပရိုတက်စတင့်အစိုးရတွေက စုန်းမတွေကိုလိုက်ဖမ်းဆီးဖို့ အားပေးကြတယ်။ တချို့ဒေသတွေမှာ ပရိုတက်စတင့်အုပ်ချုပ်သူတွေက ကက်သလစ်တွေထက်တောင် ပိုရက်စက်သေးတယ်။ နောက်ပိုင်းမှာတော့ အသိတရား ဝင်လာကြတယ်။ ဥပမာ၊ ၁၆၃၁ ခုနှစ်မှာ စုန်းမလို့စွပ်စွဲခံရပြီး အရှင်လတ်လတ် မီးရှို့အသတ်ခံရသူ အတော်များများကို အပြစ်ပေးသူတွေထဲမှာပါတဲ့ ဂျက်စူအစ်ဘုန်းကြီး ဖရီးဒရစ် စပေ က စွပ်စွဲခံရသူတွေဟာ တကယ်တော့ အပြစ်မရှိကြပါဘူးလို့ နောက်ပိုင်းမှာ ရေးသားခဲ့တယ်။ စုန်းမတွေကို ဆက်ဖမ်းဆီးသတ်ဖြတ်နေမယ်ဆိုရင် လူသူမရှိတဲ့နိုင်ငံဖြစ်တော့မယ်လို့ သူသတိပေးခဲ့တယ်။ အဲဒီအချိန်လောက်မှာ ဝက်ရူးပြန်တာဟာ နတ်ဆိုးပူးလို့မဟုတ်ဘဲ ရောဂါတစ်ခုဖြစ်တယ်လို့ ဆေးဆရာတွေ သိရှိလာကြတယ်။ ၁၇ ရာစုအတွင်းမှာ စုန်းမတွေကို ရုံးတင်စစ်ဆေးတာတွေ တော်တော်လေးနည်းလာပြီး ၁၇ ရာစုကုန်တဲ့အခါ လုံးဝမရှိတော့ဘူး။

ရုပ်ဆိုးအကျည်းတန်စေခဲ့တဲ့ အဲဒီအချိန်ကာလကနေ ဘာသင်ခန်းစာရပါသလဲ။ အမည်ခံခရစ်ယာန်တွေဟာ ခရစ်တော်ယေရှုရဲ့ စစ်မှန်တဲ့သွန်သင်ချက်တွေကို လိုက်လျှောက်မယ့်အစား မှားယွင်းတဲ့အယူအဆတွေ၊ အယူသည်းမှုတွေကို ကျင့်သုံးတဲ့အခါ ကမ်းကုန်အောင်ဆိုးတဲ့အလုပ်တွေကို လုပ်ကြတယ်ဆိုတာ တွေ့ခဲ့ရတယ်။ စစ်မှန်တဲ့ခရစ်ယာန်ဘာသာကို အပြစ်တင်စရာဖြစ်စေခဲ့တဲ့ သစ္စာမရှိတဲ့ အဲဒီလူတွေရဲ့ လုပ်ရပ်ကြောင့် “အမှန်တရားလမ်းသည် ကဲ့ရဲ့ရှုတ်ချခံရလိမ့်မည်” လို့ သမ္မာကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်။—၂ ပေတရု ၂:၁၊ ၂

^ စာပိုဒ်၊ 2 ဥရောပကိုလိုနီနယ်မြေတွေထဲမှာ အမေရိကတိုက်လည်း ပါတယ်။