မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အစဉ်အမြဲခံရသောပွဲ” ကို သင်ပိုင်ဆိုင်ထားသလား

“အစဉ်အမြဲခံရသောပွဲ” ကို သင်ပိုင်ဆိုင်ထားသလား

“ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏။” —သုတ္တံ ၁၅:၁၅

ဒီစကားတွေက ဘာကိုဆိုလိုတာလဲ။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက် အခြေအနေကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ “ဆင်းရဲငြိုငြင်သောသူ” ဟာ မကောင်းတဲ့အတွေးတွေကိုပဲ တွေးနေတတ်တဲ့အတွက် သူ့ရဲ့နေ့ရက်တွေဟာ “ဆိုးယုတ်” ဒါမှမဟုတ် စိတ်ပျက်စရာဖြစ်စေတယ်။ “ရွှင်လန်းတဲ့စိတ်နှလုံး” ရှိတဲ့သူကတော့ ကောင်းတာတွေကိုပဲ အာရုံစိုက်ဖို့ကြိုးစားတဲ့အတွက် “အစဉ်အမြဲခံရသောပွဲ” မှာပါဝင်နေသလိုမျိုး စိတ်ရွှင်လန်းစေတယ်။

ကျွန်ုပ်တို့အားလုံးမှာ ပြဿနာကိုယ်စီရှိကြတဲ့အတွက် အနည်းနဲ့အများဆိုသလို စိတ်မပျော် ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြုံနေရချိန်မှာတောင် ဆက်ပြီးရွှင်လန်းနေအောင် လုပ်နိုင်တဲ့အရာ တချို့ရှိပါတယ်။ သမ္မာကျမ်းစာစကားတွေကို သုံးသပ်ကြည့်ပါ။

  • နက်ဖြန်အတွက် စိုးရိမ်ပူပန်လွန်းပြီး ဒီနေ့မှာ မပျော်နိုင်၊ စိတ်ဖိစီးနေရတာမျိုး အဖြစ်မခံပါနဲ့။ ယေရှုခရစ် ဒီလိုပြောခဲ့တယ်– “နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့နှင့်သက်ဆိုင်သည့် စိုးရိမ်စရာများကို ထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည် ယနေ့အတွက် တော်လောက်ပေ၏။”—မဿဲ ၆:၃၄ခမ။

  • သင်ပိုင်ဆိုင်ထားတဲ့ ကောင်းတဲ့အရာတွေကို အာရုံစိုက်ဖို့ ကြိုးစားပါ။ သင်စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ သင်ပိုင်ဆိုင်ထားတဲ့ ကောင်းတဲ့အရာတွေကို စာရင်းလုပ်ပြီး ပြန်တွေးတောဆင်ခြင်ကြည့်ပါ။ အရင်တုန်းကလုပ်ခဲ့တဲ့အမှားတွေ၊ ဆိုးကျိုးတွေကိုပဲ မတွေးပါနဲ့။ အဲဒါတွေကနေ သင်ခန်းစာယူပြီး တိုးတက်အောင်လုပ်ပါ။ ကားမောင်းတဲ့သူဟာ ကားနောက်ကြည့်မှန်ကို တစ်ချက်တစ်ချက်ပဲ ကြည့်ပါတယ်၊ တစ်ချိန်လုံးကြည့်မနေပါဘူး။ အလားတူလုပ်ဆောင်ပါ။ ဘုရားသခင်ဟာ “အပြစ်လွှတ်ခြင်းအခွင့်ကိုပိုင်” တယ်ဆိုတာကိုလည်း အမြဲစိတ်စွဲထားပါ။—ဆာလံ ၁၃၀:၄

  • စိတ်ဖိစီးမှုတွေနဲ့ ကြုံနေရချိန်မှာ သင့်ကို ကူညီပေးနိုင်သူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ “စိုးရိမ်ကြောင့်ကြခြင်းသည် ညှိုးငယ်စေတတ်၏။ မေတ္တာစကားမူကား ဝမ်းမြောက်စေတတ်၏” ဆိုပြီး သုတ္တံ ၁၂:၂၅ [သမ္မာ] မှာဖော်ပြထားပါတယ်။ မိသားစုဝင်တစ်ယောက်ယောက်ဆီက၊ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက်ယောက်ဆီက ဒါမှမဟုတ် တစ်ဖက်သားကို သံသယဝင် အဆိုးမြင်တာတွေမရှိဘဲ “အခါခပ်သိမ်း ချစ်တတ်” တဲ့သူ တစ်ယောက်ယောက်ဆီက “မေတ္တာစကား” ကို ကြားရနိုင်ပါတယ်။—သုတ္တံ ၁၇:၁၇

သမ္မာကျမ်းစာမှာတွေ့ရတဲ့ ပညာရှိစကားတွေဟာ ဒီခက်ခဲတဲ့အချိန်ကာလမှာ ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်လိုသူများစွာကို ကူညီပေးခဲ့ပါပြီ။ အဖိုးထိုက်လှတဲ့ ကျမ်းစကားတွေကနေ သင်လည်း အကူအညီရနိုင်ပါစေ။