မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

သင်ဘယ်လောက် အသက်ရှည်ရှည် နေနိုင်မလဲ

သင်ဘယ်လောက် အသက်ရှည်ရှည် နေနိုင်မလဲ

ဟယ်ရီယက်ဟာ ၂၀၀၆ ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးတဲ့အချိန်မှာ သူ့အသက်က ၁၇၅ နှစ်ရှိပြီ။ ဟယ်ရီယက်က လူသားတစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ ဩစတြေးလျက တိရစ္ဆာန်ရုံတစ်ခုမှာ နေထိုင်တဲ့ ဂါလာပါဂို့စ် ကုန်းလိပ်တစ်ကောင်ဖြစ်ပါတယ်။ ကျွန်ုပ်တို့နဲ့ နှိုင်းယှဉ်ရင်တော့ ဟယ်ရီယက်က ပိုပြီးအသက်ရှည်ပါတယ်။ ဒါပေမဲ့ တခြားသက်ရှိတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဟယ်ရီယက်ရဲ့ သက်တမ်းက ထူးထူးခြားခြား မဟုတ်ပြန်ဘူး။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

  • ရေချို ကမာကောင်ဟာ အသက် ၂၀၀ အထိအသက်ရှင်နိုင်တယ်လို့ ဖင်လန်နိုင်ငံက သုတေသီတွေ ဆိုပါတယ်။

  • ပင်လယ်ခုံးကောင်တွေက အနှစ် ၁၀၀ ကျော်အသက်ရှင်နိုင်ကြပြီး အနှစ် ၄၀၀ ကျော်တောင် အသက်ရှင်ကြတယ်ဆိုတဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။

  • ဗရစ်စယ်လ်ခုန်းထင်းရှူးပင်၊ စီကွာယာပင်၊ ဆိုက်ပရပ်စ်ထင်းရှူးပင်စတဲ့ အပင်တွေဟာ နှစ်ပေါင်းထောင်နဲ့ချီ အသက်ရှင်ကြပါတယ်။

ဒါပေမဲ့ သက်ရှိတွေထဲမှာ အဆင့်အမြင့်ဆုံးသတ္တဝါဖြစ်တဲ့ လူကျတော့ အသက်ပိုရှည်အောင် ကြိုးစားအားထုတ်ပေမဲ့လည်း အနှစ် ၈၀၊ ၉၀ လောက်ပဲ အသက်ရှင်နိုင်ကြတယ်။

သင်ဘယ်လိုထင်ပါသလဲ၊ ကျွန်ုပ်တို့ အသက်ရှင်နိုင်တာက အနှစ်ရှစ်ဆယ်လောက်ပဲလား။ ကျွန်ုပ်တို့ ပိုပြီး အသက်ရှည်နိုင်မယ့် နည်းလမ်းများရှိသလား။ သိပ္ပံနဲ့ ဆေးဘက်ဆိုင်ရာနည်းပညာတွေက ပိုအသက်ရှည်နိုင်အောင်လုပ်ပေးနိုင်တယ်လို့ လူတော်တော်များများ မျှော်လင့်ကြတယ်။

သိပ္ပံပညာက ကူညီပေးနိုင်သလား

သိပ္ပံပညာက ကျန်းမာရေးနဲ့ ဆေးပညာနယ်ပယ်တွေမှာ များစွာအကူအညီပေးခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာ “ကူးစက်ရောဂါနဲ့ မွေးဖွားရင်းသေဆုံးမှုတွေ နည်းပါးလာတယ်။ . . . နို့စို့ကလေးသေဆုံးနှုန်းကလည်း ၁၉၆၀ ပြည့်နှစ်ကတည်းက ၇၅ ရာခိုင်နှုန်း ကျဆင်းလာပါတယ်” လို့ မဂ္ဂဇင်းတစ်စောင် (Scientific American) က ဖော်ပြထားပါတယ်။ ဒါပေမဲ့ အသက်ပိုရှည်ဖို့ ကြိုးစားတဲ့နေရာမှာ သိပ္ပံပညာက အနည်းငယ်ပဲ အောင်မြင်သေးတယ်။ “ဆယ်စုနှစ်များစွာ လေ့လာမှုပြုလုပ်ပြီးနောက်မှာတောင် အိုမင်းခြင်းအကြောင်းက နားလည်ရခက်တဲ့အရာ ဖြစ်နေတုန်းပဲ။ ဆဲလ်ဖွံ့ဖြိုးမှုတွေကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇလုပ်ဆောင်မှုတွေ ပုံမှန် အလုပ်မလုပ်တော့တဲ့အခါ အိုမင်းခြင်း ဖြစ်ပေါ်လာတယ်လို့ ယူဆကြတယ်။ အိုမင်းခြင်းက အဓိကအားဖြင့် မျိုးရိုးဗီဇဖြစ်စဉ်တစ်ခု ဖြစ်မယ်ဆိုရင် တစ်နေ့ကျရင် ဖြေရှင်းနိုင်လောက်ပါတယ်” လို့ အဲဒီဆောင်းပါးမှာပဲ ဖော်ပြထားပါတယ်။

“ဆယ်စုနှစ်များစွာ လေ့လာမှုပြုလုပ်ပြီးနောက်မှာတောင် အိုမင်းခြင်းအကြောင်းက နားလည်ရခက်တဲ့အရာ ဖြစ်နေတုန်းပဲ”

တချို့သိပ္ပံပညာရှင်တွေဟာ အိုမင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါအပါအဝင် အိုမင်းခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်းကို လေ့လာစူးစမ်းကြတဲ့အခါ အယ်ပီဂျနက်တစ် လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်သစ်တွေ တွေ့ ရှိခဲ့ကြတယ်။ အယ်ပီဂျနက်တစ် ဆိုတာဘာလဲ။

သက်ရှိဆဲလ်တွေမှာ ဆဲလ်အသစ်တွေထုတ်လုပ်တဲ့အခါ လိုအပ်တဲ့ မျိုးရိုးဗီဇ အချက်အလက်တွေ ပါရှိပါတယ်။ အဲဒီအချက်အလက်အများစုကို ဒီအန်အေအတွင်းမှာရှိတဲ့ မျိုးရိုးဗီဇအားလုံးကို ကိုယ်စားပြုတဲ့ ဂျီနိုမ် မှာတွေ့ နိုင်ပါတယ်။ မကြာသေးခင်က သိပ္ပံပညာရှင်တွေဟာ အယ်ပီဂျီနိုမ် လို့ခေါ်တဲ့ နောက်ထပ် ဆဲလ်အတွင်းဖြစ်စဉ်တွေ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့ကြတယ်။ အယ်ပီဂျနက်တစ်ဆိုတာ အံ့ဩစရာကောင်းတဲ့ အဲဒီဖြစ်စဉ်နဲ့ ကိုယ်ခန္ဓာအတွင်း အဲဒီဖြစ်စဉ်အလုပ်လုပ်ပုံကို လေ့လာခြင်းဖြစ်တယ်။

အက်ပီဂျီနိုမ်ရဲ့ မော်လီကျူးတည်ဆောက်ပုံနဲ့ ဒီအန်အေ မော်လီကျူးတည်ဆောက်ပုံက မတူပါဘူး။ တကယ်တော့ ဒီအန်အေက နှစ်ထပ် ကြောင်လိမ်လှေကားပုံစံနဲ့ တူပါတယ်၊ အက်ပီဂျီနိုမ်ကတော့ ဒီအန်အေမှာတွယ်ကပ်နေတဲ့ အရာဖြစ်တယ်။ အက်ပီဂျီနိုမ်ရဲ့ လုပ်ဆောင်ချက်က ဘာလဲ။ သံစုံတီးဝိုင်းတစ်ခုကို ဦးဆောင်နေတဲ့သူတစ်ယောက်လိုပါပဲ အက်ပီဂျီနိုမ်ဟာ ဒီအန်အေမှာရှိတဲ့ မျိုးရိုးဗီဇအချက်အလက်တွေ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ညွှန်ကြားပေးပါတယ်။ ဆဲလ်ရဲ့ပုံမှန်လိုအပ်ချက်အပြင် ဓာတ်စာ၊ ဖိစီးမှုနဲ့ အဆိပ်အတောက်စတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့်အရာ၊ မလုပ်ဆောင်ရမယ့်အရာတွေကို အယ်ပီဂျီနိုမ်က ညွှန်ကြားပေးပါတယ်။ အက်ပီဂျီနိုမ်နဲ့ပတ်သက်ပြီး မကြာသေးမီက ရှာဖွေတွေ့ ရှိချက်တွေက ဇီဝသိပ္ပံလောကမှာ ရှုမြင်ထားရာတွေကို အကြီးအကျယ်ပြောင်းလဲစေပါတယ်။ တစ်ခုကတော့ ရောဂါ၊ အိုမင်းခြင်းတို့နဲ့သက်ဆိုင်နေတဲ့ အက်ပီဂျနက်တစ်အကြောင်းဖြစ်ပါတယ်။

“[အက်ပီဂျနက်တစ်ဟာ] စိတ်ကစဉ့်ကလျားရောဂါကအစ ကြွက်သား၊ အဆစ်ရောင်ရောဂါအပါအဝင် ကင်ဆာနဲ့ နာတာရှည်ရောဂါအထိ ပါဝင်ပတ်သက်နေတယ်” လို့ အက်ပီဂျနက်တစ်သုတေသီ နက်ဆာ ကယ်ရီက ဆိုပါတယ်။ အဲဒါက “အိုမင်းခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်” လို့ သူဆက်ပြောပါတယ်။ ဒါကြောင့် အက်ပီဂျနက်တစ်နဲ့ပတ်သက်ပြီး သုတေသနပြုလုပ်ခြင်းက ကင်ဆာအပါအဝင် ရောဂါများကို တိုက်ဖျက်ခြင်းနဲ့ ကျန်းမာရေးကို မြှင့်တင်ပေးတဲ့ ကုထုံးတွေ ထွက်ပေါ်စေပါလိမ့်မယ်။ ဒါကြောင့် အသက်ပိုရှည်အောင်လုပ်နိုင်ကြမယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကြီးကျယ်တဲ့အောင်မြင်မှု မရရှိသေးပါဘူး။ “[အသက်ပိုရှည်အောင်] အရင်လုပ်နေကျအတိုင်း အသီးအရွက်များများစား၊ လေ့ကျင့်ခန်းများများလုပ်နေရတုန်းပဲ” လို့ ကယ်ရီက ဆက်ပြောပါတယ်။

လူသားတွေ အသက်ရှည်ရှည်နေရဖို့ ဘာကြောင့် ကြိုးစားနေကြရတာလဲ။ ဘာကြောင့် ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်ချင်တာလဲ။ ဗြိတိသျှ သတင်းစာတစ်စောင် (The Times) ပြောသလိုပဲ “လူသားထုတစ်ရပ်လုံးဟာ မသေနိုင်တဲ့အခြေအနေဖြစ်ဖြစ်၊ အသက်ပြန်ရှင်လာတာဖြစ်ဖြစ်၊ နောက်ဘဝဖြစ်ဖြစ်၊ ပြန်ဝင်စားတာဖြစ်ဖြစ် တစ်နည်းမဟုတ်တစ်နည်းနဲ့ မသေနိုင်တဲ့နည်းလမ်းကို ဘာကြောင့် ရှာဖွေနေကြတာလဲ။” အိုမင်းခြင်းကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းကို ဆက်လက်ဖော်ပြသွားပါမယ်။

ကျွန်ုပ်တို့ ဘာကြောင့် ထာဝစဉ် အသက်ရှင်ချင်ကြတာလဲ

ဒီမေးခွန်းရဲ့အဖြေကိုရဖို့ လူသားတွေကြိုးစားခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီ ရှိသွားပါပြီ။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ရော ထာဝစဉ် အသက်ရှင်လိုတဲ့ ကျွန်ုပ်တို့ရဲ့ ဆန္ဒနဲ့ပါကိုက်ညီတဲ့ ယုတ္တိရှိပြီး ကျေနပ်စရာကောင်းတဲ့ အဖြေရှိပါသလား။ သန်းနဲ့ချီတဲ့သူတွေက ရှိပါတယ်လို့ ပြတ်ပြတ်သားသား ဖြေဆိုကြပါလိမ့်မယ်။ ဘာကြောင့်လဲ။ လူ့သဘော သဘာဝနဲ့ ပတ်သက်တဲ့ ကျေနပ်စရာအကောင်းဆုံးအဖြေကို သမ္မာကျမ်းစာထဲမှာ သူတို့ရှာဖွေတွေ့ ရှိခဲ့လို့ပါပဲ။

လူသားတွေဟာ တခြားသက်ရှိတွေနဲ့ တူညီချက်တချို့ရှိပေမဲ့ အခြေခံအားဖြင့် ခြားနားတယ်လို့ သမ္မာကျမ်းစာမှာ အစကတည်းက ရှင်းလင်းဖော်ပြထားပါတယ်။ ဥပမာအနေနဲ့ ကမ္ဘာဦး ၁:၂၇ မှာ ဘုရားသခင်က လူသားတွေကို မိမိပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လိုအားဖြင့်လဲ။ မေတ္တာ၊ တရားမျှတမှုနဲ့ ဉာဏ်ပညာ ပြသနိုင်တဲ့အရည်အသွေး ကျွန်ုပ်တို့ကို ကိုယ်တော်ပေးထားခြင်းအားဖြင့် ဖြစ်တယ်။ ဘုရားသခင်ဟာ ထာဝစဉ်အသက်ရှင်တဲ့အတွက် ကျွန်ုပ်တို့ကို ထာဝစဉ်အသက်ရှင်လိုတဲ့ဆန္ဒ ထည့်သွင်းဖန်ဆင်းပေးထားပါတယ်။ “လူ့စိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ” လို့ ဒေသနာ ၃:၁၁ မှာ ဖော်ပြထားပါတယ်။

လူသားတွေက အခုထက်ပိုပြီး အသက်ရှည်ရှည်နေဖို့ ပုံစံပြုထားတယ်ဆိုတာကို လူသားတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ကြည့်ပြီးသိနိုင်ပါတယ်။ အထူးသဖြင့် လူ့ ဦးနှောက်ရဲ့ သင်ယူနိုင်စွမ်းကို ကြည့်နိုင်ပါတယ်။ စွယ်စုံကျမ်းတစ်ကျမ်း (The Encyclopedia of the Brain and Brain Disorders) မှာ လူ့ ဦးနှောက်ရဲ့ ရေရှည်မှတ်ဉာဏ်က “အကန့်အသတ်မဲ့” လို့ပြောနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ အသုံးပြုဖို့မဟုတ်ဘူးဆိုရင် ဘာကြောင့် ဒီစွမ်းရည်က ကျွန်ုပ်တို့မှာ ရှိနေရတာလဲ။ အခြေခံအကြောင်းရင်းကတော့ လူသားတွေ ထာဝစဉ်အသက်ရှင်ဖို့ ဘုရားသခင်ရည်ရွယ်ထားလို့ပါပဲ။ ဒါဆိုရင် ကျွန်ုပ်တို့ဟာ ဘာကြောင့် အိုရ၊ နာရ၊ သေရတာလဲ။

ကျွန်ုပ်တို့ ဘာကြောင့် အိုမင်းလာပြီး သေဆုံးရတာလဲ

ပထမဆုံးလူယောက်ျားနဲ့ လူမိန်းမဟာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး စုံလင်တဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်။ ဝမ်းနည်းစရာက သူတို့ရဲ့ဖန်ဆင်းရှင်ကို ပုန်ကန်ခြင်းအားဖြင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲသုံးခဲ့ကြတယ်။ * (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၆-၁၁) သူတို့ရဲ့မနာခံမှု ဒါမှမဟုတ် အပြစ်က သူတို့ကို အပြစ်ရှိတယ်လို့ခံစားရစေပြီး ရှက်ကြောက်စေပါတယ်။ အဲဒါက သူတို့ရဲ့ခန္ဓာကိုယ်ကိုလည်း ထိခိုက်ပြီး တဖြည်းဖြည်းနဲ့ နောက်ဆုံးသေဆုံးရပါတော့တယ်။ “သေခြင်းတရားကို ဖြစ်စေသော အဆိပ်ဆူးကား အပြစ်တရားဖြစ်၏” လို့ ၁ ကောရိန္သု ၁၅:၅၆ မှာ ဖော်ပြထားပါတယ်။

အမွေဆက်ခံခြင်း သဘောတရားအရ အာဒံနဲ့ဧဝရဲ့ သားစဉ်မြေးဆက်အားလုံးဟာ မစုံလင်မှုကို ရရှိခဲ့တယ်။ အဲဒါက အပြစ်ပြုလိုစိတ်ဖြစ်ပေါ်စေတယ်၊ မှားတဲ့အရာကို ပြုလုပ်စေတယ်။ ရောမ ၅:၁၂ မှာ ဒီလိုပြောထားတယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။”

ဖော်ပြခဲ့တဲ့အရာတွေကနေ ကျွန်ုပ်တို့ ဘာကောက်ချက်ချနိုင်သလဲ။ ထာဝစဉ်အသက်ရှင်နိုင်မယ့်လျှို့ဝှက်ချက်ကို ဓာတ်ခွဲခန်းမှာ ရှာမတွေ့နိုင်ပါဘူး။ အပြစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို ဘုရားသခင်ကပဲ ဖြေရှင်းပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ်တော် ဖြေရှင်းပေးပါ့မလား။ ဖြေရှင်းပေးမယ်လို့ သမ္မာကျမ်းစာမှာ အသေအချာ ဖော်ပြပေးထားပါတယ်။

“သေခြင်းကိုလည်း နစ်မွန်းဆုံးၡုံး စေတော်မူလိမ့်မည်”

ဘုရားသခင်က အပြစ်နဲ့သေခြင်းကို ဖယ်ရှားပေးဖို့ အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ခုကို လုပ်ဆောင်ပြီးပါပြီ။ ကိုယ်တော်က သားတော်ယေရှုခရစ်ကို ကျွန်ုပ်တို့အတွက် အသက်စွန့်ဖို့ စေလွှတ်ခဲ့ပါတယ်။ ယေရှုရဲ့သေခြင်းက ကျွန်ုပ်တို့ကို ဘယ်လို အကျိုးပြုသလဲ။ ယေရှုဟာ စုံလင်တဲ့သူအဖြစ် မွေးဖွားလာခဲ့ပြီး ‘အပြစ်မပြု’ တဲ့သူဖြစ်တယ်။ (၁ ပေတရု ၂:၂၂) ကိုယ်တော်ဟာ စုံလင်တဲ့လူသားတစ်ဦးအနေနဲ့ ထာဝစဉ်အသက်ရှင်နိုင်ပါတယ်။ သူ့ရဲ့စုံလင်တဲ့အသက်ကို ယေရှု ဘယ်လိုအသုံးပြုခဲ့သလဲ။ ကျွန်ုပ်တို့ရဲ့အပြစ်တွေအတွက် ပေးချေဖို့ သူ့အသက်ကို လိုလိုလားလားပေးခဲ့တယ်။ ယေရှုက သူ့ရဲ့အသက်ကို “လူများအတွက် ရွေးနုတ်ဖိုးအဖြစ်” စွန့်ခဲ့တယ်။ (မဿဲ ၂၀:၂၈) မကြာခင်မှာ အဲဒီရွေးနုတ်ဖိုးဟာ ကျွန်ုပ်တို့အပေါ် အပြည့်အဝ အကျိုးသက်ရောက်မှာဖြစ်တယ်။ အဲဒါက သင့်အတွက် ဘာအကျိုးရှိသလဲ။ ဖော်ပြထားတဲ့ ကျမ်းချက်တွေကို သုံးသပ်ကြည့်ပါ–

  • “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” —ယောဟန် ၃:၁၆

  • “သေခြင်းကိုလည်း နစ်မွန်းဆုံးၡုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈

  • “နောက်ဆုံးရန်သူတည်းဟူသော သေခြင်းသည် ဆုံးၡုံးခြင်းသို့ ရောက်ရလိမ့်မည်။”—၁ ကောရိန္သု ၁၅:၂၆

  • “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ . . . ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည် ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။”—ဗျာဒိတ် ၂၁:၃၊ ၄

သင်ဘယ်လောက် အသက်ရှည်ရှည်နေနိုင်မလဲ။ သမ္မာကျမ်းစာအဖြေကတော့ ရှင်းပါတယ်– လူသားတွေမှာ ထာဝစဉ်အသက်ရှင်နိုင်တဲ့ မျှော်လင့်ချက်ရှိပါတယ်။ ဘုရားသခင်က ကမ္ဘာပေါ်မှာရှိတဲ့ ဆိုးသွမ်းမှုအားလုံးကို ရှင်းပစ်လိုက်ပြီးတဲ့နောက်မှာ အဲဒီမျှော်လင့်ချက် ပြည့်စုံလာပါလိမ့်မယ်။ (ဆာလံ ၃၇:၂၈၊ ၂၉) ယေရှုက သူ့ဘေးမှာသစ်တိုင်တင်ခံရတဲ့သူကို “သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” လို့မိန့်ဆိုခဲ့တုန်းက အဲဒီကောင်းမွန်လှတဲ့ မျှော်လင့်ချက်အကြောင်း ရည်ညွှန်းပြောဆိုနေတာဖြစ်တယ်။—လုကာ ၂၃:၄၃

ထာဝစဉ်အသက်ရှင်လိုတဲ့ လူသားတွေရဲ့ဆန္ဒက သဘာဝ ကျပြီး ပြည့်စုံလာပါလိမ့်မယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝစဉ်အသက်ရှင်လိုတဲ့ဆန္ဒ ထည့်သွင်းဖန်ဆင်းပေးထားပြီး အဲဒီဆန္ဒကို ကိုယ်တော်ဖြည့်ဆည်းပေးပါလိမ့်မယ်။ (ဆာလံ ၁၄၅:၁၆) ဒါပေမဲ့ ကျွန်ုပ်တို့ဘက်က လုပ်စရာရှိတာကို လုပ်ရမှာဖြစ်တယ်။ ဥပမာအနေနဲ့ ဘုရားသခင်ကို ယုံကြည်ဖို့လိုတယ်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်” လို့ ဟေဗြဲ ၁၁:၆ မှာဖော်ပြထားတယ်။ အဲဒီယုံကြည်ခြင်းက ယုံလွယ်ခြင်းမျိုးမဟုတ်ဘဲ တိကျတဲ့ သမ္မာကျမ်းစာအသိပညာအပေါ် အခြေပြုထားတဲ့ ပညာရှိတဲ့ ယုံကြည်ချက်ဖြစ်တယ်။ (ဟေဗြဲ ၁၁:၁) အဲဒီလိုယုံကြည်ခြင်းမျိုး သင်ရရှိလိုတယ်ဆိုရင် သင့်ဒေသက ယေဟောဝါသက်သေ တစ်ယောက်ယောက်ကို မေးမြန်းကြည့်ပါ။ ဒါမှမဟုတ် www.jw.org/myaဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပါ။

^ အပိုဒ်၊ 21 အာဒံနဲ့ဧဝရဲ့ပုန်ကန်မှုက ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှားအမှန်အရေးကိစ္စကို ဖြစ်ပေါ်စေပါတယ်။ ဆိုးသွမ်းမှုတွေကို ဘုရားသခင် ယာယီခွင့်ပြုရတဲ့ အဲဒီအရေးကိစ္စအကြောင်းကို သမ္မာကျမ်းစာလေ့လာရာမှာ အထောက်အကူပြုတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာ ရှင်းပြပေးထားပါတယ်။ www.jw.org/mya ဝက်ဘ်ဆိုက်မှာ ဖတ်ကြည့်ပါ။