သမ္မာကျမ်းစာရှုထောင့်
ဘုရားသခင့်နိုင်ငံတော်
ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်နှလုံးမှာရှိတဲ့အရာလား
“သင်သည် ဘုရားသခင့် နိုင်ငံတော်နှင့်မဝေး။”—မာကု ၁၂:၃၄။
လူတွေပြောဆိုရာ–
ဘုရားသခင့်နိုင်ငံတော်ဆိုတာ “လူတစ်ယောက်ရဲ့ စိတ်နှလုံး၊ လူတစ်ယောက်ရဲ့ဘဝအသက်တာကို ဘုရားသခင်အုပ်စိုးခြင်းဖြစ်တယ်” လို့ အမည်ခံခရစ်ယာန်ဂိုဏ်းခွဲကြီးတစ်ခုက ရုပ်လုံးဖော်တယ်၊ လူများစွာလည်း အဲဒီလို ယုံကြည်ကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
ဘုရားသခင့်နိုင်ငံတော်က တကယ့်အစိုးရတစ်ခုဖြစ်တယ်၊ လူတစ်ဦးရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ကို လက်အောက်ခံတာကို ဥပစာအနေနဲ့ ပြောတာမဟုတ်ဘူး။ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာတစ်ခုလုံးကို အုပ်စိုးပါလိမ့်မယ်။—ဆာလံ ၇၂:၈; ဒံယေလ ၇:၁၄။
ဒါပေမဲ့ ယေရှုပြောခဲ့တဲ့ “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အထဲ၌ရှိသည်” ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကော။ (လုကာ ၁၇:၂၁၊ သမ္မာကျမ်း) ယေရှုက သူနဲ့စကားပြောနေသူတွေရဲ့နှလုံးထဲမှာ ဘုရားသခင့်နိုင်ငံတော်ရှိတယ်လို့ ပြောနေတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ယေရှုနဲ့စကားပြောနေသူတွေက ဖာရိရှဲတွေဖြစ်နေလို့ပဲ။ ဖာရိရှဲတွေဟာ ဘုရားသခင်လက်မခံနိုင်တဲ့ အရေခြုံဟန်ဆောင်ဝတ်ပြုမှုတွေကြောင့် နိုင်ငံတော်ထဲ ဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၂၃:၁၃) ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်က “သင်တို့အထဲ၌ရှိသည်၊” ကမ္ဘာသစ်ဘာသာပြန်ကျမ်းအရ “သင်တို့အလယ်၌ရှိ၏” လို့ ယေရှု မှန်မှန်ကန်ကန်ပြောနိုင်ခဲ့တယ်။ ဘာကြောင့်လဲ။ အကြောင်းက အနာဂတ်နိုင်ငံတော်ရဲ့မင်းလောင်းဖြစ်တဲ့ ယေရှုဟာ သူတို့ရဲ့ရှေ့မှာရပ်နေတဲ့အတွက်ဖြစ်တယ်။—လုကာ ၁၇:၂၁။
ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
“နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။”—မဿဲ ၆:၁၀။
သမ္မာကျမ်းစာပြောဆိုရာ–
နိုင်ငံတော်ဟာ ဘုရားသခင်တည်ထောင်တဲ့ တကယ့်အစိုးရဖြစ်ပြီး ယေရှုခရစ်ကို ဘုရင်အဖြစ်အုပ်ချုပ်စေမယ်။ (မဿဲ ၂၈:၁၈; ၁ တိမောသေ ၆:၁၄၊ ၁၅) အဲဒီနိုင်ငံတော်က ကောင်းကင်၊ မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်ပြည့်စုံဖို့ တာဝန်ယူမှာဖြစ်တယ်။ (မဿဲ ၆:၁၀) နိုင်ငံတော်အားဖြင့် ဘုရားသခင်က လူ့ပြဿနာတွေကို ဖြေရှင်းပေးပါလိမ့်မယ်။ လူ့အစိုးရက မစွမ်းဆောင်နိုင်တဲ့အရာတွေကို နိုင်ငံတော်က လုပ်ဆောင်ပေးပါလိမ့်မယ်။
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်၊ မြေကြီးပရဒိသုမှာ လူ့မိသားစုတွေက ငြိမ်သက်မှု၊ လုံခြုံမှုနဲ့ သာတူညီမျှ ကောင်းချီးတွေခံစားရမယ်။ (ဆာလံ ၄၆:၉; ဟေရှာယ ၃၅:၁; မိက္ခာ ၄:၄) ဘယ်သူမှ ဖျားနာပြီး သေဆုံးတော့မှာမဟုတ်ဘူး၊ ရောဂါဘယတွေ ကွယ်ပျောက်သွားမယ်။ (ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၄) အိုမင်းနေသူတောင် ပြန်နုပျိုလာမယ်။ သမ္မာကျမ်းစာမှာ ဒီလိုကြိုပြောတယ်– “ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန်ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၅။
သင်လုပ်ဆောင်နိုင်ရာ–
သင်ဟာ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်မှာပဲမွေးမွေး ဘုရားသခင့်တောင်းဆိုရာကို လုပ်ဆောင်မယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်မှာ ပြည်သားတစ်ယောက်ဖြစ်နိုင်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားတယ်– “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။”—တမန်တော် ၁၀:၃၄၊ ၃၅။
လူ့ကြိုးပမ်းမှုနဲ့ ဘုရားသခင့်နိုင်ငံတော် ဖြစ်လာမလား
‘ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံ တစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။’—ဒံယေလ ၂:၄၅။
လူတွေပြောဆိုရာ–
လူတွေက တခြားသူတွေရဲ့ယုံကြည်ခြင်း ပြောင်းလဲအောင်လုပ်ဆောင်ခြင်းအားဖြင့် ဒါမှမဟုတ် ကမ္ဘာချီ ငြိမ်သက်စည်းလုံးအောင် လုပ်ဆောင်ခြင်းအားဖြင့် မြေကြီးပေါ်မှာ ဘုရားသခင့်နိုင်ငံတော် တည်ထောင်စေလိမ့်မယ်လို့ တချို့ယုံကြည်ကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
နိုင်ငံတော်ကိုတည်ထောင်မှာက လူသားမဟုတ်ဘဲ ဘုရားသခင်ဖြစ်တယ်။ (ဒံယေလ ၂:၄၅) နိုင်ငံတော်စတင်တည်ထောင်ချိန်မှာ ဘုရားသခင် ဒီလိုပြောခဲ့တယ်– ‘ငါရွေးချယ်ထားသော ရှင်ဘုရင်ကို ငါကိုယ်တိုင် တင်မြှောက်ပြီ။’ (ဆာလံ ၂:၆၊ ခမ) လူသားတွေဟာ ဘုရားသခင့်နိုင်ငံတော်ကို မတည်ထောင်နိုင်သလို နိုင်ငံတော်အရေးကိစ္စတွေမှာလည်း ဝင်မနှောင့်ယှက်နိုင်ဘူး။ အကြောင်းက ဘုရားသခင့်နိုင်ငံတော်က မြေကြီးကို ကောင်းကင်ကနေ အုပ်ချုပ်မှာဖြစ်လို့ပဲ။—မဿဲ ၄:၁၇။
သင့်အတွက် ဘာကြောင့်အရေးကြီးတာလဲ။
ငြိမ်သက်မှုနဲ့ စည်းလုံးမှုရချင်တာ လူ့သဘာဝပါပဲ။ ဒါတွေကိုရရှိဖို့ သင်တတ်နိုင်သလောက်တောင် ကြိုးစားနေနိုင်ပြီး ပန်းတိုင်တွေ မပြည့်မီတဲ့အခါ စိတ်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ သင်ဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံသားတစ်ဦးဖြစ်မယ်ဆိုရင် နိုင်ငံတော်ရဲ့နောက်ကွယ်မှာ ဘုရားသခင့်တန်ခိုးရှိတယ်ဆိုတာ သိထားပြီး အကျိုးရှိတဲ့အရာတွေကို သင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။