မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ရာဇဝတ်မှုတွေကနေ သင့်ကိုယ်သင်ကာကွယ်ပါ

ရာဇဝတ်မှုတွေကနေ သင့်ကိုယ်သင်ကာကွယ်ပါ

“အိမ်ပြန်မိုးချုပ်တဲ့အခါ သူငယ်ချင်းတွေက ကျွန်မကို လမ်းလျှောက်ပြီး လိုက်ပို့လေ့ရှိတယ်။ တစ်ရက်ကျတော့ ကျွန်မအရမ်းမောနေလို့ တက္ကစီငှားပြန်ခဲ့တယ်။

“တက္ကစီသမားက ကျွန်မကို အိမ်ပို့ပေးမယ့်အစား ကွင်းပြင်ကို ခေါ်သွားပြီး မုဒိမ်းကျင့်ဖို့ကြိုးစားတယ်။ ကျွန်မအသံကုန်အော်လိုက်တော့ သူ နောက်ဆုတ်သွားတယ်။ နောက်တစ်ခါ ပြန်ချဉ်းကပ်လာတော့ အသံကုန်အော်ပြီး ထွက်ပြေးလာခဲ့တယ်။

“‘အော်လိုက်တာနဲ့ ဘာအကြောင်းထူးမှာလဲ’ လို့ အရင်ကစဉ်းစားမိဖူးတယ်။ အော်တာက အကာအကွယ်ပေးတယ်ဆိုတာ အခုတော့ ကျွန်မသိခဲ့ပြီ။” —ကာရင်။ *

ဒေသတော်တော်များများမှာ ရာဇဝတ်မှုတွေကို အမြဲလိုလိုကြောက်နေရတယ်။ ဥပမာ၊ နိုင်ငံတစ်ခုရဲ့ တရားသူကြီးတစ်ယောက်က ခုလိုပြောတယ်– “ဝမ်းနည်းစရာကောင်းတာက သင်လည်းတစ်နေ့နေ့ ရာဇဝတ်မှုရဲ့ သားကောင်ဖြစ်လာမှာပဲ။” တချို့နေရာမှာတော့ ရာဇဝတ်မှုတွေ သိပ်ဖြစ်လေ့မရှိဘူး။ ဒါပေမဲ့ အဲဒီလိုနေရာတွေမှာတောင် ပေါ့ပေါ့ဆဆနေတာက ပညာမဲ့ရာကျတယ်။ အကြောင်းက ရာဇဝတ်မှုရဲ့သားကောင် အလွယ်တကူဖြစ်သွားနိုင်လို့ပဲ။

သင်နေတဲ့နေရာမှာ ရာဇဝတ်မှုများတာပဲဖြစ်ဖြစ်၊ နည်းတာပဲဖြစ်ဖြစ် သင်ကိုယ်တိုင်နဲ့ သင်ချစ်ရတဲ့ သူတွေအတွက် ဘယ်လိုကြိုတင်အကာအကွယ် ယူထားနိုင်မလဲ။ တစ်ချက်ကတော့ သမ္မာကျမ်းစာမှာတွေ့ရတဲ့ ဒီမူကို လက်တွေ့ကျင့်သုံးခြင်းဖြစ်တယ်– “သမ္မာသတိရှိသောသူသည် အမှုကို မြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သုတ္တံ ၂၂:၃) တကယ်တော့ ရာဇဝတ်မှုနဲ့မကြုံရအောင် ကြိုတင်ကာကွယ်ဖို့ ရဲအရာရှိတွေ သတိပေးတတ်ကြတယ်။

ရာဇဝတ်မှုတစ်ခုနဲ့ ကြုံရပြီဆိုရင် အကျိုးဆက်က ထိခိုက်ဒဏ်ရာရတာ၊ ပစ္စည်းဥစ္စာဆုံးၡုံးတာလောက်ပဲမဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုကိုပါ ကြာရှည်ခံစားရတတ်တယ်။ ဒါကြောင့် သင့်တော်တဲ့အတိုင်းအတာတစ်ခုအထိ ကြိုတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ်။ လုယက်မှု၊ လိင်ဆိုင်ရာစော်ကားမှု၊ အင်တာနက်ရာဇဝတ်မှုနဲ့ ကိုယ်ရေးအချက်အလက်ခိုးယူမှုကနေ သင့်ကိုယ်သင် ဘယ်လိုကာကွယ်နိုင်သလဲဆိုတာ သုံးသပ်ကြည့်ပါ။

လုယက်မှု

လုယက်မှုဆိုတာဘာလဲ။ အင်အားသုံးပြီး ဒါမှမဟုတ် အင်အားသုံးမယ်လို့ ခြိမ်းခြောက်ပြီး ပစ္စည်းဥစ္စာတွေကို ယူခြင်းဖြစ်တယ်။

လူတွေကို ဘယ်လိုထိခိုက်သလဲ။ ဗြိတိန်မှာ လက်နက်ကိုင်လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီးတဲ့နောက် လုယက်ခံရသူတွေဟာ အနာတရမဖြစ်ပေမဲ့ စိတ်ပိုင်းထိခိုက်နာကျင်မှုတွေ ခံစားရတယ်ဆိုတာ ရှေ့နေတစ်ယောက်တွေ့ ခဲ့တယ်။ သူဒီလိုပြောတယ်– “အများစုက စိုးရိမ်မှုတွေ၊ အိပ်စက်တဲ့အခါ အခက်ကြုံရတာတွေကို ဆက်ခံစားနေကြရတယ်။ အဲဒီအဖြစ်အပျက်က နေ့စဉ်အသက်တာအပေါ် ဆိုးကျိုးသက်ရောက်တယ်လို့ အားလုံးလိုလိုပြောကြတယ်။”

သင်ဘာလုပ်နိုင်သလဲ

  • လုယက်သူတွေက အခွင့်အရေးသမားတွေဖြစ်တယ်။ သင့်ဝန်းကျင်ကို ဂရုပြုပါ

    သတိရှိပါ။ လုယက်သူတွေက အခွင့်အရေးသမားတွေဖြစ်တယ်။ ဘယ်သူ့ကိုမှ သံသယမရှိတဲ့သူတွေကို ပစ်မှတ်ထားတတ်တယ်။ ဒါကြောင့် သင့်ကို ဘယ်သူတွေကြည့်နေသလဲဆိုတာ သတိထားကြည့်ပါ။ သင့်ဝန်းကျင်ကို ဂရုပြုပါ။ အရက်အလွန်အကျွံသောက်ထားလို့ ဒါမှမဟုတ် ဆေးဝါးတွေကို တလွဲသုံးထားလို့ သတိလက်လွတ်ဖြစ်တာ၊ စဉ်းစားချင့်ချိန်နိုင်စွမ်း ပျောက်ဆုံးတာမျိုးမဖြစ်ပါစေနဲ့။ “လူတစ်ယောက်က အရက်သောက်ထားတဲ့အခါ ဒါမှမဟုတ် ဆေးဝါးတွေသုံးထားတဲ့အခါ ကောင်းကောင်းစဉ်းစားနိုင်ဖို့၊ အန္တရာယ်ရှိတဲ့ အခြေအနေကို ခွဲခြားနိုင်ဖို့” တော်တော်လေးခက်သွားပြီလို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စွယ်စုံကျမ်းတစ်ခုက ဖော်ပြတယ်။

  • သင့်ရဲ့ပိုင်ဆိုင်ရာတွေကို ကာကွယ်ပါ။ သင့်ရဲ့ကား၊ အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေကို သေသေချာချာသော့ခတ်ပါ။ ကိုယ်မသိတဲ့သူကို အိမ်ထဲပေးမဝင်ပါနဲ့။ တန်ဖိုးရှိတဲ့အရာတွေကို လူမြင်ကွင်းမှာမထားပါနဲ့၊ မကြွားဝါပါနဲ့။ “နှိမ့်ချသောသူတို့၌ကား ပညာရှိ၏” လို့ သုတ္တံ ၁၁:၂ မှာ ဖော်ပြထားတယ်။ တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေကို ထုတ်ကြွားတဲ့သူတွေကို ကလေကချေ,ကလေးတွေအပါအဝင် လုယက်သူတွေက ပစ်မှတ်ထားလေ့ရှိတယ်။

  • အကြံဉာဏ်ရယူပါ။ “မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည်ဟုထင်တတ်၏။ အကြံပေးသောစကားကို နားထောင်သောသူမူကား ပညာရှိ၏။” (သုတ္တံ ၁၂:၁၅) ဒေသတစ်ခုခုကို သင်ခရီးသွားတယ်ဆိုရင် အာဏာပိုင်တွေအပါအဝင် ယုံကြည်စိတ်ချရတဲ့ ဒေသခံတွေရဲ့အကြံပေးချက်ကို လိုက်နာပါ။ သင်မသွားသင့်တဲ့ နေရာတွေကို သူတို့ပြောပြပေးနိုင်တယ်၊ သင့်ကိုယ်သင်နဲ့ သင်ပိုင်တဲ့ ပစ္စည်းတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သူတို့ပြောပြနိုင်တယ်။

လိင်ဆိုင်ရာစော်ကားမှု

လိင်ဆိုင်ရာစော်ကားမှုဆိုတာဘာလဲ။ လိင်ဆိုင်ရာစော်ကားမှုမှာ မုဒိမ်းကျင့်တာတင်မက ခွန်အားသုံး ဒါမှမဟုတ် ခြိမ်းခြောက်ပြီး သားမယားပြုကျင့်တာတွေလည်း ပါတယ်။

လူတွေကို ဘယ်လိုထိခိုက်သလဲ။ “ဝမ်းနည်းစရာအကောင်းဆုံးကတော့ စော်ကားခံရတဲ့အချိန်လောက်သာမဟုတ်ဘဲ အချိန်အကြာကြီး ထိခိုက်နာကျင်စေတဲ့အချက်ပဲ။ ဘဝအပေါ် သင့်ရဲ့ရှုမြင်ပုံ ပြောင်းလဲသွားနိုင်တယ်။ သင်ချစ်ရသူတွေရဲ့ဘဝကိုလည်း ပြောင်းလဲသွားစေတယ်” လို့ သားမယားပြုကျင့်ခံခဲ့ရသူတစ်ယောက်က ပြောပြတယ်။ တကယ်တော့ လိင်ဆိုင်ရာစော်ကားခံရတဲ့သူမှာ အပြစ်မရှိပါဘူး။ စော်ကားတဲ့သူမှာသာ အပြစ်ရှိတယ်။

သင်ဘာလုပ်နိုင်သလဲ

  • သင့်ခံစားချက်ကို လျစ်လျူမရှုပါနဲ့။ “နေရာတစ်ခု ဒါမှမဟုတ် လူတစ်ယောက်က သင့်ကို စိတ်ကသိကအောင့်ဖြစ်စေတယ်၊ စိတ်မသက်မသာဖြစ်စေတယ်ဆိုရင် အဲ့ဒီနေရာကနေ ထွက်သွားပါ။ သင့်မသိစိတ်က အချက်ပေးနေပြီဆိုရင် ဘယ်သူ့ကြောင့်မှ ဆက်မနေပါနဲ့” လို့ အမေရိကန်နိုင်ငံ မြောက်ပိုင်းကယ်ရိုလိုင်းနားမှာရှိတဲ့ ရဲဌာနတစ်ခုက အကြံပေးတယ်။

  • ယုံကြည်စိတ်ချမှုရှိရှိ ပြုမူပါ၊ သတိလက်လွတ်မနေပါနဲ့။ စော်ကားသူတွေက ဘယ်သူ့ကိုမှ သံသယမရှိသူတွေ၊ အားနွဲ့သူတွေကို ပစ်မှတ်ထားကြတယ်။ ဒါကြောင့် လမ်းလျှောက်တဲ့အခါ ကိုယ့်ကိုယ်ယုံကြည်စိတ်ချတဲ့ ပုံမျိုးရှိပါ။ သတိရှိရှိနေပါ။

  • အလျင်အမြန်တုံ့ပြန်ပါ။ အသံကုန်အော်ပါ။ (တရားဟောရာ ၂၂:၂၅-၂၇) ထွက်ပြေးပါ ဒါမှမဟုတ် တစ်ဖက်လူကို လန့်သွားစေတဲ့ ဘယ်နည်းကိုမဆိုသုံးပြီး ပြန်တိုက်ခိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် အန္တရာယ်မရှိမယ့်နေရာကို ထွက်ပြေးပါ၊ ရဲကိုတိုင်ပါ။ *

အင်တာနက်ရာဇဝတ်မှု

အင်တာနက်ရာဇဝတ်မှုဆိုတာ ဘာလဲ။ အင်တာနက်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ အခွန်ရှောင်တာ၊ ထောက်ပံ့ကြေးလိမ်ညာတောင်းတာ၊ တခြားသူတွေရဲ့ အကြွေးဝယ်ကတ်ကို သုံးတာ၊ ပိုက်ဆံယူပြီး ပစ္စည်းမပို့တာတွေပါဝင်တယ်။ လိမ်ညာထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အင်တာနက် လေလံပွဲတွေလည်းပါဝင်တယ်။

လူတွေကို ဘယ်လိုထိခိုက်သလဲ။ လှည့်စားခံရသူတစ်ဦးစီနဲ့ အဖွဲ့အစည်းလိုက်ဟာ ငွေမြောက်များစွာ ဆုံးၡုံးရတယ်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဘဏ်ကပို့လိုက်တယ်လို့ထင်ရတဲ့ အီးမေးလ်တစ်ခုကို စန်ဒရာရရှိတယ်။ အဲဒီမှာ ဘဏ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည့်ခိုင်းထားတယ်။ တောင်းထားတဲ့အတိုင်း ဖြည့်ပို့ပြီးလို့ မိနစ်အနည်းငယ်အကြာမှာ သူ့ရဲ့ငွေ ဒေါ်လာ ၄,၀၀၀ နိုင်ငံခြားဘဏ်တစ်ခုကို ရောက်သွားတာကို တွေ့လိုက်ရတော့ သူတော်တော်လေးကို လန့်သွားတယ်။ အလိမ်ခံရပြီဆိုတာ စန်ဒရာသိလိုက်တယ်။

သင်ဘာလုပ်နိုင်သလဲ

  • သတိရှိပါ။ တရားဝင်တယ်လို့ထင်ရတဲ့ ဝက်ဘ်ဆိုက် တွေရဲ့ လှည့်စားမှုကို မခံပါနဲ့။ တရားဝင်ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေက အထူးလျှို့ဝှက်ထားရမယ့် အချက်အလက်တွေကို အီးမေးလ်နဲ့ပို့ဖို့ မတောင်းဆိုဘူးဆိုတာ မှတ်ထားပါ။ အင်တာနက်မှာဈေးမဝယ်ခင် ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ကုမ္ပဏီရဲ့ဂုဏ်သတင်းကို စစ်ဆေးပါ။ သုတ္တံ ၁၄:၁၅ က “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” လို့ပြောတယ်။ နိုင်ငံခြားအခြေစိုက်ကုမ္ပဏီတွေနဲ့ အဆက်အဆံလုပ်တဲ့အခါ သတိထားပါ။ ပြဿနာဖြစ်လာတဲ့အခါ ရှင်းရခက်နိုင်တယ်။

  • ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့စည်းမျဉ်းတွေကို စစ်ဆေးပါ။ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေကိုမေးကြည့်နိုင်တယ်– ကုမ္ပဏီက ဘယ်မှာရှိသလဲ။ ဖုန်းနံပါတ်က မှန်ရဲ့လား။ ဝယ်မယ့်ပစ္စည်းမှာ ဖော်ပြမထားတဲ့အကုန်အကျတွေ ရှိနေမလား။ မှာထားတဲ့ပစ္စည်းကို ဘယ်အချိန်ရမှာလဲ။ ပစ္စည်းကို ပြန်သွင်းလို့ရမလား၊ ငွေပြန်အမ်းမလား။

  • ကမ်းလှမ်းချက်က ကောင်းလွန်းနေရင် သတိထားပါ။ အင်တာနက်ရာဇဝတ်မှုကျူးလွန်သူတွေက လောဘကြီးသူတွေ၊ အလကားလိုချင်သူတွေကို ပစ်မှတ်ထားတတ်ကြတယ်။ အလုပ်နည်းနည်းလုပ်ပြီး ငွေအများကြီးရမယ်၊ ချေးငွေ ဒါမှမဟုတ် အကြွေးဝယ်ကတ်ရနိုင်တဲ့ အနေအထား မှာ မရှိပေမဲ့ ရအောင်လုပ်ပေးမယ်၊ ဒီရင်းနှီးမြှုပ်နှံမှုက ၡုံးနိုင်ခြေနည်းပြီး အမြတ်များမယ်ဆိုတဲ့ မက်လုံးတွေသုံးပြီး လှည့်ဖြားတတ်တယ်။ “ရင်းနှီးမြှုပ်နှံမှုတစ်ခု မလုပ်ခင် ဒါဟာ တရားဝင်ဟုတ်မဟုတ်ဆိုတာ အချိန်ယူပြီး လေ့လာဆန်းစစ်ပါ။ ကမ်းလှမ်းလာတဲ့အမြတ်များလေ အန္တရာယ်ရှိနိုင်ခြေ ပိုများလေပဲ။ တရားဝင်ဟုတ်မဟုတ်ဆိုတာ မသိဘဲနဲ့ ဆွဲဆောင်အားကောင်းတာနဲ့ပဲ ရင်းနှီးမြှုပ်နှံလိုက်တာမျိုး မဖြစ်ပါစေနဲ့” လို့ အမေရိကန်အစိုးရဌာနတစ်ခု (Federal Trade Commission) က ပြောတယ်။

ကိုယ်ရေးအချက်အလက်ခိုးယူမှု

ကိုယ်ရေးအချက်အလက်ခိုးယူတယ်ဆိုတာ ဘာလဲ။ တခြားသူရဲ့ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး ရာဇဝတ်မှုတွေလုပ်တဲ့နေရာ၊ လိမ်လည်လှည့်ဖြားတဲ့နေရာတွေမှာ အသုံးပြုတယ်။

လူတွေကို ဘယ်လိုထိခိုက်သလဲ။ အချက်အလက်သူခိုးတွေက သင့်နာမည်နဲ့ အကြွေးဝယ်ကတ်တွေရယူနိုင်တယ်၊ ဘဏ်စာရင်းဖွင့်ထားနိုင်တယ်၊ ချေးငွေအများကြီးယူထားနိုင်တယ်။ အဲဒီအကြွေးတွေကို နောက်ဆုံး သင်ပြန်မဆပ်ရဘူးဆိုရင်တောင် ငွေကြေးနဲ့ပတ်သက်ပြီး အချိန်အတော်ကြာကြာ သင်နာမည်ပျက်သွားနိုင်တယ်။ “ငွေကြေးနဲ့ပတ်သက်ပြီး နာမည်ပျက်သွားတာက ငွေဆုံးၡုံးတာထက် ပိုဆိုးတယ်” လို့ သားကောင်ဖြစ်ခဲ့ရသူတစ်ယောက်က ပြောတယ်။

သင်ဘာလုပ်နိုင်သလဲ

  • အရေးကြီးတဲ့ အချက်အလက်တွေကို ကာကွယ်ပါ။ အင်တာနက်ကနေ ဘဏ်စာရင်းဖွင့်တယ်၊ ဈေးဝယ်တယ်ဆိုရင် သင့်ရဲ့လျှို့ဝှက်နံပါတ် (passwords) ကို ပုံမှန်ပြောင်းပါ။ အများသုံးကွန်ပျူတာတွေကို သုံးမယ်ဆိုရင် အဲဒီလိုလုပ်ဖို့ ပိုအရေးကြီးတယ်။ အထက်မှာ ဖော်ပြထားသလို အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းဆိုလာတဲ့ အီးမေးလ်တွေကို အထူးသတိထားပါ။

    အချက်အလက်သူခိုးတွေက ကွန်ပျူတာကိုပဲ အသုံးပြုတာမဟုတ်ဘူး။ ဘဏ်စာရင်းရှင်းတမ်း၊ ချက်လက်မှတ်စာအုပ်၊ အကြွေးဝယ်ကတ်၊ မှတ်ပုံတင်စတဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း ခိုးယူဖို့ကြိုးစားတတ်ကြတယ်။ ဒါကြောင့် အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို အသေအချာ သိမ်းဆည်းပါ၊ လွှင့်ပစ်ဖို့လိုအပ်တဲ့အခါ အပိုင်းပိုင်းဆုတ်ဖြဲပြီးမှ လွှင့်ပစ်ပါ။ စာရွက်စာတမ်းတစ်ခုခု ပျောက်ဆုံးနေတယ် ဒါမှမဟုတ် အခိုးခံရတယ်လို့ထင်ရင် သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားပါ။

  • သင့်ဘဏ်စာရင်းတွေကို အမြဲစစ်ဆေးနေပါ။ “သတိရှိခြင်းက ကိုယ်ရေးအချက်အလက်သူခိုးတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းဖြစ်တယ်။ အချက်အလက်သူခိုးဖြစ်နိုင်ခြေရှိတာကို စောစောသတိပြုမိမယ်ဆိုရင် အများကြီးအကာကွယ်ဖြစ်နိုင်တယ်” လို့ အထက်မှာဖော်ပြခဲ့တဲ့ အမေရိကန်အစိုးရဌာနကပြောတယ်။ ဒါကြောင့် သင့်ဘဏ်စာရင်းတွေကို အမြဲစစ်ဆေးပါ၊ ပုံမှန်မဟုတ်တဲ့ ငွေအဝင်အထွက်တွေကို သတိပြုကြည့်ပါ။ ဖြစ်နိုင်မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီနဲ့ဆက်သွယ်ပြီး သင့်ငွေအဝင်အထွက်စာရင်းကို ရယူပါ၊ သင့်နာမည်နဲ့သက်ဆိုင်တဲ့ ဘဏ်စာရင်းတွေနဲ့ အကြွေးဝယ်ကတ်တွေကို သတိပြုစစ်ဆေးပါ။

ဒီနေ့ခေတ်မှာ အပြည့်အဝအာမခံချက်ဆိုတာတော့ မရှိပါဘူး။ သတိအရှိဆုံးလူတွေတောင် ရာဇဝတ်မှုရဲ့သားကောင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာပါတဲ့ ဉာဏ်ပညာ၊ သိနားလည်မှုကို ဆည်းပူးကျင့်သုံးတာက ကျွန်ုပ်တို့အတွက် အမြဲအကျိုးရှိပါတယ်။ သမ္မာကျမ်းစာမှာပါတဲ့ “ဉာဏ်ပညာကို မပစ်ပယ်နဲ့။ သူက သင့်ကို ကာကွယ်လိမ့်မယ်။ သူ့ကို ချစ်ပါ။ သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မယ်။” (သုတ္တံ ၄:၆ကဘ) အဲဒီအပြင် ဝမ်းသာစရာအချက်တစ်ခုရှိပါတယ်၊ ရာဇဝတ်မှုတွေပပျောက်သွားတော့မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

မကြာခင် ရာဇဝတ်မှုတွေ ပပျောက်သွားတော့မယ်

မကြာခင်မှာ ဘုရားသခင်က ရာဇဝတ်မှုတွေကို ပပျောက်စေတော့မယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ အောက်ပါ အချက်တွေကြောင့်ဖြစ်ပါတယ်-

  • ဘုရားသခင်မှာ ရာဇဝတ်မှုတွေကို အဆုံးတိုင်စေလိုတဲ့ဆန္ဒရှိတယ်။ “ငါထာဝရဘုရားသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏။”—ဟေရှာယ ၆၁:၈

  • ကိုယ်တော့်မှာ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်တဲ့ တန်ခိုးရှိတယ်။ “ကိုယ်တော်က တန်ခိုးကြီးမားလွန်းတယ်။ ဒါပေမဲ့ သူ့ရဲ့တရားမျှတမှုနဲ့ ကြီးမားလှတဲ့ဖြောင့်မတ်မှုကို ဘယ်တော့မှ မချိုးဖောက်ဘူး။”—ယောဘ ၃၇:၂၃ကဘ။

  • ဆိုးယုတ်တဲ့သူတွေကို ဖျက်ဆီးမယ်၊ ဖြောင့်မတ်တဲ့သူတွေကို ကာကွယ်စောင့်ရှောက်မယ်လို့ ကိုယ်တော်ကတိပေးထားတယ်။ “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။” “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၉၊ ၂၉

  • သစ္စာတည်ကြည်တဲ့သူတွေအတွက် အေးချမ်းတဲ့ ကမ္ဘာသစ်ဆောင်ကြဉ်းပေးမယ်လို့ ကိုယ်တော်ကတိပြုထားတယ်။ “စိတ်နှိမ့်ချသောသူတို့ မူကား ပြည်တော် [မြေကြီး] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁

အဲဒီကတိတော်တွေကို သိရတဲ့အတွက် သင်စိတ်မချမ်းသာဘူးလား။ အဲဒီလိုဆိုရင် လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို သမ္မာကျမ်းစာမှာ ကျေးဇူးပြုပြီး ဆန်းစစ်ကြည့်ပါ။ လက်တွေ့ကျဉာဏ်ပညာကို သမ္မာကျမ်းစာလောက် ဖော်ပြပေးနိုင်တဲ့ တခြားစာအုပ်မရှိဘူး။ အဲဒီအပြင် ရာဇဝတ်မှု ပပျောက်သွားမယ့် စစ်မှန်တဲ့မျှော်လင့်ချက်ကို တခြား ဘယ်စာအုပ်ကမှ မဖော်ပြပေးနိုင်ဘူး။ *

ရာဇဝတ်မှုတွေမရှိတဲ့ ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာသစ်ဆောင်ကြဉ်းပေးမယ်လို့ ဘုရားသခင်ကတိပြုထား

^ အပိုဒ်၊ 5 နာမည်တွေကို ပြောင်းထားပါတယ်။

^ အပိုဒ်၊ 22 စော်ကားခံရတဲ့သူအများစုက သူတို့ကိုစော်ကားခဲ့သူကို သိကြတယ်။ ထပ်ဆင့်အချက်အလက်အတွက် လူငယ်များအမေးတာသွားသည့်အဖြေ အတွဲ ၁ [အင်္ဂလိပ်] စာမျက်နှာ ၂၂၈ “လိင်ဆိုင်ရာအမြတ်ထုတ်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ပုံ” ကိုကြည့်ပါ။ ဒီစာအုပ်ကို www.jw.org မှာတွေ့နိုင်တယ်။

^ အပိုဒ်၊ 44 အရေးကြီးတဲ့ နောက်ထပ်ကျမ်းစာသွန်သင်ချက်တွေကို သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်မှာကြည့်ပါ။ အဲဒီစာအုပ်ကို ယေဟောဝါသက်သေတွေဆီကနေ ဒါမှမဟုတ် www.jw.org/mya ကနေ အခမဲ့ရယူနိုင်တယ်။