လူငယ်များအမေး
ဖိစီးမှုတွေကို ဘယ်လို ကိုင်တွယ်နိုင်မလဲ
သင့်မှာဖိစီးမှု ဘယ်လောက်များသလဲ။
-
မခံနိုင်တော့ဘူး
-
ဂိတ်ဆုံးနေပြီ
-
ဖြေရှင်းနိုင်တယ်
-
ဖိစီးမှုဆိုတာ ဘာမှန်းတောင်မသိဘူး
ဖိစီးမှုကို ကိုင်တွယ်ရတာက အရမ်းလေးတဲ့ သင်္ဘောကုန်သေတ္တာကြီးကို ဆွဲနေရတာနဲ့တူတယ်။ ဒီလိုသေတ္တာကို ကုန်တင်ကားကြီးကတော့ လွယ်လွယ်ကူကူ ဆွဲနိုင်မှာဖြစ်ပေမဲ့ ရိုးရိုးကားကတော့ မဆွဲနိုင်ဘူး။ အတင်းဆွဲမယ်ဆိုရင် ခဏလေးနဲ့တောင် ကားရဲ့အင်ဂျင် ပျက်စီးသွားနိုင်တယ်။ အဲဒီလိုပါပဲ အရမ်းလေးလံလွန်းတဲ့ ဖိစီးမှုကလည်း သင့် “အင်ဂျင်” ကို ပျက်စီးသွားစေနိုင်တယ်။
ဖြေရှင်းနည်း မရှိတော့ဘူးလား။ ရှိပါတယ်။ သင့်အင်ဂျင် ကျမသွားအောင် ဝန်တွေကို လျှော့ချနိုင်တယ် ဒါမှမဟုတ် ပိုကောင်းတဲ့ အင်ဂျင်နဲ့ အစားထိုးနိုင်တယ်။ တကယ်တော့ နှစ်ခုစလုံးကို သင်လုပ်နိုင်ပါတယ်။ ဘယ်လိုလုပ်နိုင်သလဲဆိုတာ ကြည့်ရအောင်။
ဝန်တွေကို လျှော့ချပါ
ပြဿနာ– ရှိတဲ့အချိန်ထက် လုပ်ချင်တာပိုများ
“ကိုယ့်မှာလုပ်စရာရှိနေတဲ့အချိန်မှာ တစ်ယောက်ယောက်က အကူအညီတောင်းလာ ဒါမှမဟုတ် သူတို့နဲ့ပေါင်းသင်းဖို့ ပြောလာတဲ့အခါ ငြင်းလိုက်ဖို့ ဝန်လေးမိတယ်။ ဘယ်သူ့ကိုမှ စိတ်မငြိုငြင်စေချင်ဘူး။”—ကရီးနာ *
ဖြေရှင်းနည်း– ငြင်းတတ်ဖို့ သင်ယူပါ။
“ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူရှိတယ်” လို့သမ္မာကျမ်းစာမှာ ပြောထားပါတယ်။ (သု. ၁၁:၂၊ ကဘ) ကျိုးနွံသူ၊ ကိုယ့်ရဲ့ လုပ်နိုင်တဲ့အတိုင်းအတာကို အသိအမှတ်ပြုသူ ဖြစ်မယ်ဆိုရင်တော့ လုပ်နိုင်တာထက် ပိုလာတဲ့ဝန်တွေကို ငြင်းပယ်ပါလိမ့်မယ်။
ကိစ္စတိုင်းကိုတော့ ငြင်းလို့မရပါဘူး။ ဥပမာ၊ သင့်အိမ်အလုပ်တွေဖြစ်တယ်။ ဒါပေမဲ့ သင့်မှာ တာဝန်တွေရှိနေတဲ့ကြား တင်လာတဲ့ဝန်တိုင်းကို လက်ခံနေမယ်ဆိုရင်တော့ သင့်အင်ဂျင်လည်း ပျက်သွားပါလိမ့်မယ်။ အကြီးဆုံးကုန်တင်ကားတွေမှာတောင် အများဆုံးတင်နိုင်တဲ့ ကုန်ချိန်သတ်မှတ်ချက် ရှိတယ်ဆိုတာကို သတိရပါ။
အကြံပြုချက်– တစ်ယောက်ယောက်ကို ချက်ချင်းငြင်းလိုက်ဖို့ ခက်နေမယ်ဆိုရင် “နောက်မှ အကြောင်းပြန်မယ်” လို့ကြိုးစားပြောကြည့်ပါ။ အကြောင်းမပြန်ခင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘ဒီကိစ္စအတွက် လိုအပ်တဲ့ အချိန်နဲ့ခွန်အား ငါ့မှာ ရှိသလား။’
ပြဿနာ– အချိန်ဆွဲခြင်း။
“အလုပ်က ခက်ခဲနေပုံပေါက်ရင် နောက်မှလုပ်မယ်ဆိုပြီး ထားလိုက်တယ်။ ဒါပေမဲ့ အလုပ်မပြီးသေးပါလားဆိုပြီး စိတ်ပူနေရပြန်ရော။ နောက်ဆုံး အဲဒါကို စလုပ်တော့လည်း အချိန်သိပ်မရှိတော့တဲ့အတွက် ဖိစီးမှုပိုများလာတယ်။”—စရီးနာ။
ဖြေရှင်းနည်း– အခုချက်ချင်း မပြီးဘူးဆိုရင်တောင် စလုပ်ပါ။
‘အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိနဲ့’ လို့ ကျမ်းစာမှာ အကြံပြုထားတယ်။ (ရောမ ၁၂:၁၁၊ သမ္မာကျမ်း) ခက်နေတဲ့အလုပ်ကို အချိန်ဆွဲပြီး ပိုလေးလာအောင် ဘာကြောင့်လုပ်မှာလဲ။ ရွှေ့ဆိုင်းထားရုံနဲ့ အဲဒီအလုပ်က ပြီးသွားမှာ မဟုတ်ဘူး။
ဘာလုပ်မယ်ဆိုတဲ့ စာရင်းတစ်ခုကို လုပ်ပါ။ ကြီးလေးတဲ့တာဝန်တွေကို ခွဲပြီးလုပ်ပါ။ ကာရိုလ်အမည်ရှိတဲ့ အမျိုးသမီးငယ်တစ်ဦးက ခုလိုပြောတယ်– “စာရင်းနဲ့လုပ်ရတာ ကြိုက်တယ်။ ကျွန်မ မလုပ်ချင်ဆုံးအလုပ်ကို စာရင်းရဲ့ထိပ်ဆုံးမှာ ထားပြီး အစဉ်အလိုက် လုပ်သွားတဲ့အခါ လုပ်ရင်းလုပ်ရင်းနဲ့ ပိုလွယ်လာတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် လုပ်ရတာ ပျော်လာလိမ့်မယ်။”
အကြံပြုချက်– တကယ်လို့များ အလုပ်တစ်ခုကို စလုပ်ဖို့ခက်နေတယ်ဆိုရင် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ အချိန်သတ်မှတ်ပြီး စလုပ်ကြည့်ပါ။ အချိန်ပြည့်သွားတဲ့အခါ ၁၀ မိနစ်၊ ၁၅ မိနစ်စာအလုပ် ပြီးသွားပြီ။ အခု သင် အလုပ်စထားပြီဆိုတော့ လုပ်ရတာ ထင်သလောက် မခက်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။
သင့်အခန်းကို သပ်သပ်ရပ်ရပ်ထားပါ။ ရှုပ်ပွနေတဲ့ နေရာကနေ အိမ်စာ,စာအုပ်တွေ၊ ဝတ်မယ့်အဝတ်တွေကို ဟိုရှာဒီရှာ,ရှာရရင် သင် ဖိစီးမှုတိုးလာဖို့ ရှိတယ်။ မနက်မှာ ဗျာများရတဲ့အဖြစ် မရောက်အောင် အိပ်ရာမဝင်ခင် ၅ မိနစ်လောက် အချိန်ယူပြီး ရှင်းပါ။
ပိုကောင်းတဲ့ “အင်ဂျင်” ဖြစ်အောင်လုပ်ပါ
သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာစားတာ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်တာနဲ့ လုံလောက်တဲ့ အိပ်စက်အနားယူတာက သင့်ကို များစွာထောက်ကူနိုင်တယ်လို့ ပညာရှင်တွေ ပြောကြတယ်။ * ကျန်းမာရေး စောင့်ရှောက်နည်းတွေက မရှုပ်ထွေးပါဘူး။ ရိုးရှင်းတဲ့နည်းတချို့နဲ့ စတင်နိုင်ပါတယ်။ ဥပမာ၊ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။
-
၁။ လုံလုံလောက်လောက် အိပ်စက်အနားယူပါ။ အထူးသဖြင့် ကျောင်းဖွင့်ရက်၊ အလုပ်သွားတဲ့ရက်တွေမှာ အိပ်ချိန်နဲ့ နိုးချိန်ကို ပုံမှန်ဖြစ်အောင် လုပ်ပါ။
-
၂။ အိပ်ရာမဝင်ခင် သင့်လုပ်ဆောင်မှုတွေကို လျှော့ချပါ။ အိပ်ရာမဝင်ခင် သုံးနာရီအတွင်း လေ့ကျင့်ခန်း မလုပ်ပါနဲ့၊ အိပ်ရာဝင်ခါနီးမှာ ဗိုက်ပြည့်တဲ့အထိ စားတာ၊ ကဖိန်းဓာတ်ပါတဲ့အစာ စားတာကို ရှောင်ပါ။
-
၃။ အိပ်ရာဝင်တဲ့အခါ သင့်ရဲ့အိပ်ခန်းကို မှောင်နေအောင်၊ တိတ်ဆိတ်နေအောင်၊ သက်သောင့်သက်သာရှိအောင် လုပ်ပါ။
တခြားသူတွေနဲ့ တိုင်ပင်ပါ။
သင့်မိဘနဲ့ သူငယ်ချင်းတွေရဲ့ အကူအညီယူဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က တကယ်ပဲ ကူညီပေးနိုင်သလား။ လေ့လာမှုတွေရဲ့ ဖော်ပြချက်အရ စိတ်ပိုင်းဆိုင်ရာ ထောက်မမှုဟာ စိတ်ဖိစီးမှု တိုးလာတဲ့အခါ ဖြစ်တတ်တဲ့ နှလုံး၊ သွေးကြောနဲ့ ကိုယ်ခံအားစနစ် ပျက်စီးမှုတွေကို လျှော့ချပေးတယ်။
အဲဒီရှာဖွေတွေ့ရှိချက်က ဒီကျမ်းချက်နဲ့ ကိုက်ညီပါတယ်– “လူတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုက ဝမ်းနည်းညှိုးငယ်စေတယ်။ ကောင်းတဲ့စကားကတော့ ဝမ်းမြောက်စေတယ်။” (သု. ၁၂:၂၅၊ ကဘ) “စိုးရိမ်ပူပန်မှု” ကြောင့် စိတ်ဖိစီးနေတဲ့အခါ သူငယ်ချင်းကောင်းတွေရဲ့ “ကောင်းတဲ့စကား” က သင့်ကို အားရှိစေတယ်။ ဒီလိုအားပေးစကားတွေ သင် လိုအပ်နေတာ ဖြစ်နိုင်တယ်။
သင့်မှာ ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အကူအညီ လိုနေသေးတယ်ဆိုရင်ကော။ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ လူငယ်များအမေး—တာသွားသည့်အဖြေ [အင်္ဂလိပ်] အတွဲ ၁ နဲ့ ၂ မှာ ဖော်ပြထားတဲ့ အောက်ပါအခန်းတွေမှာ ကြည့်နိုင်ပါတယ်။
အတွဲ ၁
-
အခန်း ၁၈– ကျောင်းမှာကြုံရတဲ့ ဖိစီးမှုကို ဘယ်လိုဖြေရှင်းနိုင်မလဲ။
-
အခန်း ၂၁– ငါ့ရဲ့အချိန်ကို ဘယ်လိုစီမံနိုင်သလဲ။
အတွဲ ၂
-
အခန်း ၂၆– စိတ်လှုပ်ရှားမှုကို ဘယ်လိုထိန်းချုပ်နိုင်မလဲ။
-
အခန်း ၂၇– ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်ဖို့ ဘာကြောင့် ငါ မျှော်လင့်နေတာလဲ။
^ အပိုဒ်၊ 12 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။
^ အပိုဒ်၊ 24 အစားအသောက်နဲ့ လေ့ကျင့်ခန်းအတွက် အကြံပြုချက်တွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁ [အင်္ဂလိပ်]၊ အခန်း ၁၀ မှာကြည့်ပါ။
သင့်မိဘတွေကို မေးကြည့်ပါ
ဘဝမှာ ဘယ်လိုဖိစီးမှုတွေကို ရင်ဆိုင်နေရသလဲ။ ဖိစီးမှုကိုကိုင်တွယ်ရာမှာ အထိရောက်ဆုံး နည်းက ဘာလဲ။