မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်မှုမရှိတဲ့ကမ္ဘာ ဖြစ်နိုင်ပါ့မလား

အကြမ်းဖက်မှုမရှိတဲ့ကမ္ဘာ ဖြစ်နိုင်ပါ့မလား

အကြမ်းဖက်မှုမရှိတဲ့ကမ္ဘာ ဖြစ်နိုင်ပါ့မလား

“အကြမ်းဖက်သမားတွေရဲ့ ခံစားချက်နဲ့ အတွေးအခေါ်ကိုပြောင်းလဲဖို့ တော်တော့်ကို ကြိုးစားရလိမ့်မယ်။” ဒါက အကြမ်းဖက်သမားတွေရဲ့ကိုယ်ရေးရာဇဝင်အကြောင်း အနှစ် ၂၀ လုံးလုံး လေ့လာသုံးသပ်ပြီးနောက် ထွက်ပေါ်လာတဲ့ကောက်ချက်ဖြစ်တယ်။

ဒါပေမဲ့ အကြမ်းဖက်မှုနဲ့ လက်စားချေတဲ့လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့လူတွေရဲ့ ခံစားချက်နဲ့ အတွေးအခေါ်ကို ပြောင်းလဲစေနိုင်တဲ့အရာများ ရှိနိုင်မလား။

စိတ်သဘောထားကိုပြောင်းလဲစေနိုင်တဲ့ စာအုပ်တစ်အုပ်

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဟာဖာနီဟာ သူ့ကိုယ်ပိုင်ဘာသာရေးယုံကြည်ချက်တွေကို ပြန်ဆန်းစစ်ဖို့၊ ကျမ်းစာတစ်အုပ်တောင်းခံဖို့ သူဆုံးဖြတ်ခဲ့တယ်။ သူဒီလိုပြောတယ်– “ယေရှုရဲ့ ဘဝဇာတ်ကြောင်းပါတဲ့ ခရစ်ဝင်ကျမ်း [မဿဲ၊ မာကု၊ လုကာ၊ ယောဟန်ကျမ်း] တွေကို လေ့လာခြင်းနဲ့ ကျွန်တော်စတင်ခဲ့တယ်။ ဒီကျမ်းတွေကို ဖတ်လိုက်တယ်ဆိုတာနဲ့ ယေရှုရဲ့ပင်ကိုစရိုက်နဲ့ လူတွေအပေါ် ကြင်ကြင်နာနာ၊ မျှမျှတတဆက်ဆံပုံတွေကို ကျွန်တော်ချက်ချင်းစွဲမှတ်သွားတယ်။ ဒါက အေးစက်နေတဲ့ ကျွန်တော့်နှလုံးကို နွေးထွေးစေခဲ့တယ်။”

ကျမ်းစာကို သူဆက်ဖတ်ပြီးနောက် ဟာဖာနီ ဒီလိုပြောတယ်– “ကျမ်းပိုဒ်တစ်ပိုဒ်က လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ခံစားချက်ကို အပြည့်အဝသဘောပေါက်စေခဲ့တယ်။ အဲဒီကျမ်းချက်က တမန်တော် ၁၀:၃၄၊ ၃၅ ပဲ။” အဲဒီမှာ ဒီလိုရေးထားတယ်– “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။”

ဟာဖာနီ ဒီလိုပြောတယ်– “လူမျိုးစွဲ၊ နိုင်ငံစွဲနဲ့ လူမျိုးရေးဘက်လိုက်တာတွေဟာ လူတွေကြောင့်သာဖြစ်တယ်လို့ နောက်ဆုံးမှာ ကျွန်တော်သဘောပေါက်လာတယ်။ ကျမ်းစာသတင်းစကားက လူတွေရဲ့အတွေးအခေါ်ကိုပြောင်းလဲစေနိုင်ပြီး ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ ဘုရားသခင်ရှေ့ အနေအထားကောင်းကို ရရှိစေတယ်ဆိုတာ ကျွန်တော်နားလည်လာတယ်။ ဒါက လူမျိုးတစ်မျိုး၊ အနွယ်တစ်နွယ် ဒါမှမဟုတ် အသားအရောင်တစ်မျိုးအတွက် တိုက်ခိုက်ပေးတာထက် ပိုအရေးကြီးတယ်။”

ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ ဂျိုစေဗာဟာ ရဲဌာနတစ်ခုကိုဖောက်ခွဲဖို့ကြံစည်တဲ့ ကွန်မန်ဒိုအဖွဲ့ငယ်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တယ်။ “ဒါပေမဲ့ ဒီတိုက်ခိုက်မှုမလုပ်ခင် ကျွန်တော်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်နှစ်,နှစ်ချမှတ်ခံရတယ်” လို့ ဂျိုစေဗာက ရှင်းပြတယ်။ နောက်ပိုင်းမှာ သူ့ဇနီးလူစီက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ နောက်တော့ ဂျိုစေဗာလည်း ဒီဆွေးနွေးမှုမှာ ပါဝင်လာတယ်။

ဂျိုစေဗာ ဒီလိုပြန်ပြောပြတယ်– “ယေရှုအကြောင်းသိလာလေ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာလေပဲ။ ‘ဓားကိုကိုင်သောသူရှိသမျှသည် ဓားဖြင့် ဆုံးရလိမ့်မည်’ ဆိုတဲ့ ယေရှုရဲ့စကားတစ်ခွန်းက ကျွန်တော့်နှလုံးကို တကယ်ပဲထိမိခဲ့တယ်။ ဒီအချက်မှန်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိတယ်။” (မဿဲ ၂၆:၅၂) ဂျိုစေဗာ ဒီလိုဝန်ခံခဲ့တယ်– “တစ်ယောက်ယောက်ကို လုပ်ကြံတာက သူ့မိသားစုရဲ့ မုန်းတီးမှုနဲ့ လက်စားချေလိုစိတ်ကို ဆွပေးရာရောက်တယ်။ အကြမ်းဖက်မှုက ထိခိုက်နာကျင်စေတာကလွဲလို့ ဘာကောင်းကျိုးမှမရှိဘူး။” ဂျိုစေဗာဟာ သူ့ရဲ့တွေးခေါ်ပုံကို ပြုပြင်ပြောင်းလဲလာတော့တယ်။

လူတစ်ဦးရဲ့အသက်တာကို ကျမ်းစာသွန်သင်ချက်တွေက ဩဇာကြီးမားစွာသက်ရောက်နိုင်တယ်ဆိုတာ ဟာဖာနီနဲ့ ဂျိုစေဗာတို့ ကိုယ်တွေ့ဖြစ်ရပ်တွေကနေ သိခဲ့ကြတယ်။ “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ” ပြီး “စိတ်နှလုံးအကြံအစည်” တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်လို့ ကျမ်းစာကပြောတယ်။ (ဟေဗြဲ ၄:၁၂) ကျမ်းစာရဲ့အစွမ်းတန်ခိုးကြောင့် လူများစွာဟာ သူတို့ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေကို အမှန်တကယ်ကျင့်သုံးသူတွေအလယ်မှာ ကမ္ဘာချီစည်းလုံးမှုရှိတယ်ဆိုတဲ့အထောက်အထား ရှိရောရှိရဲ့လား။

မေတ္တာအပေါ်အခြေပြုတဲ့ ညီကိုအသင်းအပင်း

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို ဟာဖာနီစတက်တဲ့အခါ လူမျိုးရေးခွဲခြားမှုမရှိတဲ့မြင်ကွင်းကြောင့် အရမ်းစိတ်စွဲမှတ်သွားတယ်။ “လူဖြူတစ်ယောက်ရဲ့ဘေးမှာထိုင်ရလို့ ကျွန်တော်ပျော်မိတယ်။ လူဖြူတစ်ယောက်ကို ညီကိုဆိုပြီး ခေါ်ရမယ်လို့ ကျွန်တော့်တစ်သက်မှာ တစ်ခါမှမစဉ်းစားဖူးဘူး။ သက်သေခံတွေမှာ စစ်မှန်တဲ့ဘာသာတရားရှိတယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်သွားပြီ၊ အကြောင်းက ကျွန်တော် တမ်းတမျှော်လင့်ခဲ့တဲ့ စည်းလုံးမှုကို သူတို့ရဲ့အလယ်မှာတွေ့နေရပြီး လူမျိုးတွေမတူကြပေမဲ့လည်း တစ်ဦးနဲ့တစ်ဦး မေတ္တာပြနေကြတယ်” လို့သူပြောတယ်။

‘အချင်းချင်းချစ်တဲ့မေတ္တာ’ ကိုကြည့်ပြီး သူ့နောက်လိုက်စစ် ဟုတ်မဟုတ် ခွဲခြားနိုင်မယ်လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ယေရှုက နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသလို သူ့တပည့်တွေကိုလည်း ဒီလိုပြောခဲ့တယ်– “သင်တို့သည် ဤလောကနှင့်မသက်ဆိုင်။” (ယောဟန် ၆:၁၅; ၁၅:၁၉; မဿဲ ၂၂:၁၅-၂၂) မေတ္တာနဲ့ ကြားနေခြင်းက အဲဒီအချိန်ကနေစပြီး အခုအချိန်အထိ ခရစ်ယာန်စစ်တွေရဲ့အမှတ်အသားဖြစ်နေတုန်းပဲ။

ယေရှုရဲ့သွန်သင်ချက်တွေကို ကျင့်သုံးနိုင်

လောကကို အကြမ်းဖက်မှုက ကြီးစိုးပြီး ပြိုကွဲနေစေတဲ့အချိန်မှာ လူတွေကို မေတ္တာက ဘယ်လိုလုပ် လွှမ်းမိုးနိုင်မှာလဲ။ နိုင်ငံရေးကိစ္စတွေကြောင့် ရန်လိုမှုတွေဖြစ်လာတဲ့အခါ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အနွယ်အပေါ် သစ္စာရှိရမယ်လို့ဆိုခြင်းက တခြားလူကို ဒါမှမဟုတ် တခြားနိုင်ငံကို တိုက်ခိုက်ဖို့ တွန်းပို့ရာရောက်တယ်။

ဥပမာ၊ ၁၉၁၄ ခုနှစ်မှာ ဂါဗရီလို ပရင်းစစ်က လူမျိုးမာန်ကြောင့် ဩစတြီးယား–ဟန်ဂေရီရဲ့ ထီးနန်းဆက်ခံသူ မင်းသားကြီး ဖရန့်စစ် ဖာဒီနန်ကို လုပ်ကြံခဲ့တယ်။ ပရင်းစစ်ဟာ အဖွဲ့အစည်းတစ်ခု (Black Hand) ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းရဲ့အခြေခံဥပဒေအရ ရည်မှန်းထားရာတွေဖြစ်လာအောင်လုပ်တဲ့အခါ “အနုနည်းထက် အကြမ်းနည်း” ကိုပိုနှစ်သက်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီလုပ်ကြံမှုက ခရစ်ယာန်နိုင်ငံတွေလို့ခေါ်တဲ့ နိုင်ငံတွေကြားမှာ စစ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ပထမကမ္ဘာစစ်ကို ဖြစ်ပေါ်စေခဲ့တယ်၊ ‘ငြိမ်းချမ်းရေးမင်းသား’ ယေရှုနောက်ကို လိုက်ပါတယ်လို့ပြောကြတဲ့ တိုက်ပွဲဝင်သူသန်းပေါင်းများစွာကို သေကျေပျက်စီးစေခဲ့တယ်။—ဟေရှာယ ၉:၆

စစ်ကြီးပြီးသွားတဲ့နောက် ကျော်ကြားတဲ့ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်သူ ဟယ်ရီအဲင်မဆင် ဖော့စ်ဒစ်က အမည်ခံခရစ်ယာန်ခေါင်းဆောင်တွေကို ယေရှုရဲ့ပုံသက်သေနောက်လိုက်ဖို့ ကိုယ့်အသင်းသားတွေကို မသင်ပေးတဲ့အတွက် ပြစ်တင်ပြောဆိုခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– “ကျွန်တော်တို့က စစ်သားတွေကို မွေးထုတ်ကြတယ်။ စစ်သူရဲတွေကို ခေါင်းဆောင်မြှောက်ရုံမက ကျုပ်တို့ရဲ့ ဘုရားရှိခိုးကျောင်းထဲမှာတောင် စစ်အောင်လံတွေကို စိုက်ထူခဲ့ကြတယ်။” ဖော့စ်ဒစ် ဒီလိုကောက်ချက်ချခဲ့တယ်– “ကျုပ်တို့ရဲ့ပါးစပ်ထောင့်တစ်ခုနဲ့ ငြိမ်သက်ခြင်းမင်းသားကိုချီးမွမ်းပြီး နောက်တစ်ထောင့်နဲ့ စစ်ကိုအမွှမ်းတင်ခဲ့ကြတယ်။”

ဆန့်ကျင်ဘက်အနေနဲ့ ၁၉၇၅ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ လူမှုဗေဒဆိုင်ရာလေ့လာမှုတစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ နောက်ဆက်တွဲ ‘စစ်အေးကာလ’ မှာဖြစ်တဲ့ စစ်ရေးစစ်ရာတွေမှာ ယေဟောဝါသက်သေတွေဟာ အကြမ်းမဖက် ‘ခရစ်ယာန်ကြားနေမှု’ ကို စွဲစွဲမြဲမြဲကိုင်စွဲခဲ့ကြတယ်။” သက်သေခံတွေဟာ ဆိုးဆိုးရွားရွားဆက်ဆံခံရပြီး ထောင်ချခံခဲ့ရတာတောင် “အကြမ်းဖက်နည်းနဲ့ ဘယ်တော့မှမတုံ့ပြန်ခဲ့ကြဘူး။” လေ့လာမှုက ဒီလိုနိဂုံးချုပ်ထားတယ်– “ယေဟောဝါသက်သေတွေရဲ့သွန်သင်ချက်တွေက ကျမ်းစာဟာ ဘုရားသခင့်လမ်းညွှန်မှုနဲ့ရေးထားတယ်ဆိုတဲ့ ယုံကြည်ချက်ကနေ အရင်းခံလာတယ်။”

ကျမ်းစာသွန်သင်ချက်တွေကို ကျင့်သုံးခြင်းရဲ့အကျိုး

ဘယ်လ်ဂျီယံနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦးက အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား * အမည်ရှိ ယေရှုရဲ့အသက်တာအကြောင်းဖော်ပြထားတဲ့စာအုပ်ကို အိမ်နီးချင်းတစ်ဦးဆီကနေရရှိတဲ့အခါ သူဖတ်ရတဲ့စာသားတွေကြောင့် အရမ်းစိတ်ထိမိသွားခဲ့တယ်။ “ခရစ်ဝင်ကျမ်းပါသတင်းစကားတွေကို လူတွေသာ ပိုပြီးစိတ်ဝင်စားကြမယ်၊ ယေရှုခရစ်ရဲ့သွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးကြမယ်ဆိုရင် ကျွန်တော်တို့ကမ္ဘာကြီးက အခုအခြေအနေနဲ့ ဆီနဲ့ရေလို ကွာခြားနေလိမ့်မယ်” လို့ အဲဒီအိမ်နီးချင်းကို စာရေးခဲ့တယ်။

“လုံခြုံရေးကောင်စီ လိုမှာမဟုတ်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ရှိမှာမဟုတ်တော့ဘူး” လို့သူဆက်ပြောတယ်။ ဒါပေမဲ့ သူဒီလိုကောက်ချက်ချတယ်– “ဒါတွေအားလုံးက စိတ်ကူးယဉ်အိပ်မက်လို ဖြစ်နေတယ်။” တကယ်အိပ်မက်လောက်ပဲလား။ အကြမ်းဖက်မှုပြည့်နေတဲ့ အခုအချိန်မှာတောင် အကြမ်းဖက်တာကိုငြင်းပယ်ဖို့ နောက်ခံအမျိုးမျိုးရှိသူတွေကို သမ္မာကျမ်းစာက ကူညီပေးခဲ့တဲ့အပြင် အကြောင်းမဲ့သွေးသွန်းခဲ့တဲ့ဆယ်စုနှစ်တွေတစ်လျှောက် အသက်ရှင်ခဲ့သူတွေရဲ့စိတ်ထဲ ဖြစ်တည်လာနေတဲ့ ခါးသီးနာကြည်းမှုကို ဖြေဖျောက်ရာမှာလည်း ကူညီပေးခဲ့တယ်။

အဖွင့်ဆောင်းပါးမှာဖော်ပြခဲ့တဲ့အန်ဒရေဟာ သူ့မိတ်ဆွေများစွာရဲ့အသက်ကိုခြွေယူသွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ အသက်ဆုံးရှုံးလုနီးနီးဖြစ်ခဲ့တယ်။ ဒီဗုံးခွဲမှုက အစွန်းရောက်အဖွဲ့တစ်ဖွဲ့ရဲ့လက်ချက်ဖြစ်တယ်။ နောက်ပိုင်း၊ အန်ဒရေဟာ တစ်ဦးနဲ့တစ်ဦး “အကြွင်းမဲ့ခွင့်လွှတ်” သင့်တယ်ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို သင်ယူခဲ့ပြီး လက်တွေ့ကျင့်သုံးခဲ့တယ်။ (ကောလောသဲ ၃:၁၃) အဲဒီပေါက်ကွဲမှုဖြစ်ပြီး နှစ်အတော်ကြာမှာ ဗုံးခွဲခဲ့တဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာသူ ဟာဖာနီလည်း ကျမ်းစာမူတွေကိုလက်တွေ့ကျင့်သုံးဖို့ သင်ယူခဲ့ပြီး အကြမ်းဖက်မှုကို စွန့်လွှတ်ခဲ့တယ်။ (ဆာလံ ၁၁:၅) အခုအချိန်မှာ နှစ်ဦးစလုံးက ယေဟောဝါသက်သေတွေဖြစ်နေကြပြီ၊ ဒါ့အပြင် အာဖရိကနိုင်ငံတစ်နိုင်ငံမှာရှိတဲ့ သက်သေခံတွေရဲ့ဘာသာပြန်ဌာနတစ်ခုမှာ အတူတူ အလုပ်လုပ်နေကြတယ်။

လုံခြုံစိတ်ချရတဲ့အနာဂတ်ကို ယုံကြည်စိတ်ချပါ

ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတွေဟာ ကျမ်းစာလေ့လာတဲ့အခါ လုံခြုံစိတ်ချရတဲ့အနာဂတ် တကယ်ရှိတယ်ဆိုတာ တွေ့ရှိလာကြတယ်။ ဥပမာ၊ တစ်နေ့မှာ အန်ဒရေက ကျမ်းစာကတိဖြစ်တဲ့ ဖြောင့်မတ်သောကမ္ဘာသစ်အကြောင်း အိမ်နီးချင်းတစ်ယောက်ကို ပြောပြနေတယ်။ (ဟေရှာယ ၂:၄; ၁၁:၆-၉; ၆၅:၁၇၊ ၂၁-၂၅; ၂ ပေတရု ၃:၁၃) ရုတ်တရက်ဆိုသလို လက်နက်ကိုင်စစ်သားတွေက အိမ်ကို လာဝိုင်းကြပြီး အန်ဒရေကို စစ်ဆေးမေးမြန်းချင်လို့ အိမ်ကနေထွက်လာခိုင်းတယ်။ အန်ဒရေက ကျမ်းစာသွန်သင်ပေးသူတစ်ဦးဖြစ်ပြီး သူ့အိမ်နီးချင်းကိုယ်တိုင်က နှစ်သက်ကြောင်း စစ်သားတွေသိလိုက်ရတော့ ထွက်သွားကြတယ်။

နောဧခေတ်မှာ ‘မြေကြီးသည် အကြမ်းဖက်မှုနှင့်ပြည့်’ တဲ့အခါ ဘုရားသခင်ကြားဝင်ဆောင်ရွက်ခဲ့သလိုပဲ မကြာမီ လူ့ရေးရာတွေမှာ ကြားဝင်ဆောင်ရွက်တော့မယ်ဆိုတဲ့အကြောင်း အန်ဒရေရှင်းပြပြီးခါစပဲရှိသေးတယ်။ (ကမ္ဘာဦး ၆:၁၁) ဘုရားသခင်က ကမ္ဘာချီရေလွှမ်းမိုးစေခြင်းဖြင့် အဲဒီတုန်းကလောကကို ဖယ်ရှားခဲ့ပြီး ငြိမ်းချမ်းမှုကိုမြတ်နိုးတဲ့နောဧနဲ့ သူ့မိသားစုကို အသက်ရှင်ခွင့်ပေးခဲ့တယ်။ ယေရှုက ဒီလိုပြောတယ်– “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၃၇-၃၉

ဘုရားသခင်ရွေးချယ်ထားတဲ့ “လူသား” ဖြစ်တဲ့ယေရှုက ဘုရားသခင့်နိုင်ငံတော် (သို့) ကောင်းကင်အစိုးရရဲ့ အုပ်စိုးရှင်ဖြစ်ပြီး ဒီကမ္ဘာမြေကနေ အကြမ်းဖက်မှုကို ဖယ်ရှားဖို့ ဘုရားသခင့် ကောင်းကင်တပ်မဟာကို မကြာမီ ဦးဆောင်ပါတော့မယ်။ (လုကာ ၄:၄၃) ကောင်းကင်ဘုရင်ယေရှုရဲ့အုပ်ချုပ်မှုအောက်မှာ ‘တရားမျှတမှုစိုးမိုးပြီး သာယာဝပြောမှုရှိ’ ပါလိမ့်မယ်။ ကိုယ်တော်က သူ့လက်အောက်ခံပြည်သူတွေကို “ဖိစီးနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများမှ” ကာကွယ်ပေးပါလိမ့်မယ်။—ဆာလံ ၇၂:၇၊ ၁၄ခမ။

ဒီနောက်မှာ ဖြောင့်မတ်ခြင်းမြတ်နိုးသူတွေအားလုံးနဲ့ ဒီကောင်းကင်ဘုရင်ရဲ့လက်အောက်ခံဖြစ်လာသူတွေက ကမ္ဘာကြီး ငြိမ်းချမ်းလှပတဲ့နေရာအဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ကြလိမ့်မယ်။ (လုကာ ၂၃:၄၂၊ ၄၃) ကျမ်းစာက ဒီလိုကတိပေးထားတယ်– “တောင်ကြီးတောင်ငယ်များသည် ဖြောင့်မတ်ခြင်းတရားအားဖြင့် ကိုယ်တော်၏လူတို့အား ငြိမ်သက်ချမ်းသာပေးကြပါစေသော။”—ဆာလံ ၇၂:၁-၃သမ္မာ။

လောကကို အဲဒီလိုဘုရင်တစ်ပါးအုပ်စိုးတဲ့အချိန်မှာ သင် မနေချင်ဘူးလား။ အဲဒီလိုဘုရင်အုပ်ချုပ်တဲ့ကမ္ဘာကြီးဟာ အကြမ်းဖက်မှုလုံးဝမရှိတဲ့နေရာ ဖြစ်လာပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးခြင်းက ဟာဖာနီနဲ့ အန်ဒရေတို့ကို တစ်ဦးနဲ့တစ်ဦး မေတ္တာစစ်နဲ့ချစ်ဖို့ ကူညီပေး

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

‘ယေရှုခရစ်ရဲ့သွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးကြမယ်ဆိုရင် ကျွန်တော်တို့ကမ္ဘာကြီးက အခုအခြေအနေနဲ့ ဆီနဲ့ရေလို ကွာခြားနေလိမ့်မယ်။ လုံခြုံရေးကောင်စီ လိုမှာမဟုတ်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ရှိမှာမဟုတ်တော့ဘူး။’—ဘယ်လ်ဂျီယံနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦး

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

လူတစ်ဦးရဲ့အသက်တာကို ကျမ်းစာသွန်သင်ချက်တွေက ဩဇာကြီးမားစွာသက်ရောက်နိုင်တယ်ဆိုတာ ဟာဖာနီနဲ့ ဂျိုစေဗာတို့ ကိုယ်တွေ့ဖြစ်ရပ်တွေကနေ သိခဲ့ကြတယ်