မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘကို ငါဘယ်လို စကားပြောနိုင်မလဲ

မိဘကို ငါဘယ်လို စကားပြောနိုင်မလဲ

လူငယ်များအမေး

မိဘကို ငါဘယ်လို စကားပြောနိုင်မလဲ

“ကျွန်မရဲ့ခံစားချက်ကို မိဘတွေကိုပြောပြဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းပြောမထွက်ခဲ့ဘူး၊ ဒါနဲ့ စကားစကိုသူတို့ ဖြတ်လိုက်ကြတယ်။ သတ္တိမွေးပြီး ကိုယ့်အကြောင်းပြောပြဖို့ကြိုးစားခဲ့ပေမဲ့ လုံးဝမအောင်မြင်ခဲ့ဘူး။”—ရိုစာ။ *

သင်ငယ်ရွယ်စဉ်အခါက သင့်မိဘများထံမှ အကြံဉာဏ်များကို တောင်းခံရန် လိုလိုလားလားရှိခဲ့ပေမည်။ သူတို့ကို ကိစ္စကြီးငယ်မဟူ ပြောပြခဲ့သည်။ သင့်အယူအဆများနှင့် ခံစားချက်များကို လွတ်လွတ်လပ်လပ်ပြောပြပြီး သူတို့၏အကြံဉာဏ်ကို သင်ယုံကြည်စိတ်ချခဲ့သည်။

သို့သော် ယခုမူ မိဘများသည် သင့်ကို နားလည်မှုမပေးနိုင်တော့ဟု သင်ခံစားမိပေမည်။ အယ်ဒီအမည်ရှိ မိန်းကလေးတစ်ဦး ဤသို့ပြောသည်– “ညနေထမင်းစားတဲ့တစ်ချိန်မှာ ကျွန်မရဲ့ခံစားချက်တွေကို ငိုပြီးပြောပြလိုက်တယ်။ ကျွန်မမိဘတွေ နားထောင်ပေးပါတယ်၊ ဒါပေမဲ့ သူတို့နားလည်ပုံတော့မရဘူး။” ရလဒ်ကား အဘယ်နည်း။ “ကျွန်မ အိပ်ခန်းထဲပြေးဝင်ပြီး ထပ်ငိုပစ်လိုက်တယ်။”

တစ်ဖက်တွင်မူ သင်သည် သင့်မိဘများကို ရင်ဖွင့်ပြောလိုသည့်အခါများရှိပေမည်။ “ကျွန်တော့်မိဘတွေကို အကြောင်းအရာအတော်များများ ပြောပြခဲ့တယ်။ ဒါပေမဲ့ တစ်ခါတလေ ကျွန်တော်တွေးတဲ့အရာတိုင်းကို သူတို့မသိတာလည်း ကောင်းပါတယ်” ဟု ခရစ်တိုဖာအမည်ရှိ ယောက်ျားလေးတစ်ဦးပြောသည်။

စိတ်ကူးကြံစည်မှုတချို့ကို မပြောဘဲနေခြင်းသည် မှားသလော။ သင့်ဘက်မှရိုးသားနေသရွေ့ မမှားပါ။ (သု. ၃:၃၂) သို့သော် မိဘများ သင့်ကိုနားမလည်ပုံရသည်ဖြစ်စေ၊ မိဘများမသိအောင် လျှို့ဝှက်ထားသည်ဖြစ်စေ သေချာသည့်အရာတစ်ခုမှာ သင်သည် မိဘတို့ကို စကားပြောဆိုဖို့လိုပြီး သူတို့ဘက်မှလည်း သင့်ကို နားထောင်ပေးဖို့လိုသည်။

ဆက်ပြောပါ!

သင့်မိဘများနှင့်ဆက်သွယ်ပြောဆိုခြင်းသည် တစ်နည်းအားဖြင့် ကားမောင်းနေသည်နှင့်တူသည်။ လမ်းပိတ်ဆို့မှုတစ်ခုကြောင့် သင်သွားလိုသည့်ခရီးကို ဆက်မသွားဘဲနေမည်မဟုတ်ပါ၊ တခြားလမ်းကို ရှာဖွေမည်သာဖြစ်သည်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

လမ်းဆို့ #၁– သင်စကားပြောဖို့လိုသည်၊ သို့သော် သင့်မိဘများ နားထောင်နေပုံမရပါ။ လေအာအမည်ရှိ မိန်းကလေးတစ်ဦး ဤသို့ပြောသည်– “ကျွန်မအဖေနဲ့စကားပြောဖို့ ခက်တယ်။ တစ်ခါတလေဆိုရင် သူ့ကို ခဏလောက်စကားသွားပြောရင် သူက ‘ဪ၊ အဖေ့ကိုစကားပြောနေတာလား’ ဆိုပြီး ပြောလိမ့်မယ်။”

မေးခွန်း– လေအာသည် ပြဿနာတစ်ခုကိုဆွေးနွေးဖို့ တကယ်လိုအပ်နေသည်ဆိုလျှင်ကော။ သူ့တွင် အနည်းဆုံး ရွေးချယ်စရာသုံးခုရှိသည်။

ရွေးချယ်စရာ က

အဖေကို အော်ပြောသည်။ လေအာက “ဒါအရေးကြီးတယ်၊ နားထောင်ပါ” ဟုအော်ပြောပေမည်။

ရွေးချယ်စရာ ခ

သူ့အဖေနှင့် စကားမပြောတော့ပါ။ လေအာသည် မိမိအခက်အခဲများကို မိဘများအား ပြောပြဖို့ကြိုးစားသည်ကို လက်လျှော့လိုက်ရုံသာ ဖြစ်မည်။

ရွေးချယ်စရာ ဂ

အဆင်ပြေမည့်အချိန်ကို စောင့်ဆိုင်းပြီး အကြောင်းအရာကို ပြန်ဆွေးနွေးပါ။ လေအာသည် ဖခင်နှင့် မျက်နှာချင်းဆိုင်စကားပြောဆိုနိုင်သည် သို့မဟုတ် သူ့အခက်အခဲကို ဖခင်ထံ စာရေးခြင်းဖြင့်ပင် အသိပေးနိုင်သည်။

အဘယ်တစ်ခုကို လေအာရွေးချယ်သင့်သည်ဟု သင်ထင်သနည်း။ ․․․․․

ရွေးချယ်စရာတစ်ခုစီသည် အဘယ်အရာဖြစ်စေနိုင်ဖွယ်ရှိသည်ကို ကြည့်ကြစို့။ လေအာ၏ဖခင်သည် စိတ်ရှုပ်ထွေးနေသောကြောင့် သမီးဖြစ်သူစိတ်အနှောင့်အယှက်ဖြစ်နေသည်ကို သတိမပြုမိပါ။ ထို့ကြောင့် လေအာသည် ရွေးချယ်စရာ က၊ ကိုရွေးချယ်ပါက သူအော်ဟစ်ပြောဆိုရသည့်အကြောင်းကို ဖခင်ဖြစ်သူနားမလည်ဘဲဖြစ်ပေမည်။ ယင်းရွေးချယ်မှုက လေအာ၏ပြောစကားကို သူ့ဖခင် ပို၍လက်ခံမည်မဟုတ်သည့်အပြင် ယင်းက မိဘကို မလေးစားရာ၊ ဂုဏ်မတင်ရာရောက်ပေမည်။ (ဧဖက် ၆:၂) သို့ဆိုလျှင် ယင်းရွေးချယ်မှုသည် လိုချင်သောရလဒ် ရရှိစေမည်မဟုတ်သည်မှာသေချာသည်။

ရွေးချယ်စရာ ခ မှာ ရွေးချယ်ရလွယ်သော်လည်း အကောင်းဆုံးမဟုတ်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။” (သု. ၁၅:၂၂) လေအာအနေနှင့် သူ၏အခက်အခဲများကို အောင်မြင်စွာဖြေရှင်းရန်မှာ မိဘများနှင့်စကားပြောဆိုရန်လိုပြီး မိဘများကလည်း အကူအညီတစ်စုံတစ်ခုပေးဖို့ဆိုလျှင် လေအာအသက်တာတွင် အဘယ်အရာဖြစ်ပျက်နေသည်ကို သူတို့သိရှိဖို့လိုအပ်သည်။ စကားမပြောဘဲနေခြင်းက အဘယ်အရာမှဖြစ်မြောက်စေမည်မဟုတ်ပါ။

သို့သော် ရွေးချယ်စရာ ဂ တွင် လေအာသည် လမ်းကြောင်းပိတ်ဆို့မှုတစ်ခုကို လမ်းဆုံးဟု မယူမှတ်ခဲ့ပါ။ ယင်းအစား သူသည် အကြောင်းအရာကို နောက်တစ်ချိန်တွင် ဆွေးနွေးဖို့ကြိုးစားသည်။ လေအာသည် ဖခင်ထံ စာရေးရန်ရွေးချယ်ပါက ချက်ချင်း စိတ်သက်သာရာရကောင်းရပေမည်။ သူ့ဖခင်နားထောင်နေစဉ်တွင် သူပြောလိုရာကို တိတိကျကျဖော်ထုတ်နိုင်ရန် စာရေးခြင်းကလည်း အထောက်အကူပြုပေမည်။ လေအာ၏ဖခင်သည် သမီး၏စာကိုဖတ်သောအခါ မိမိအား သမီးအဘယ်အရာပြောပြဖို့ကြိုးစားနေသည်ကို သိရှိလာမည်ဖြစ်ပြီး ယင်းက သမီး၏အခက်အခဲကို ပို၍သိနားလည်စေရန် အထောက်အကူပေးပေမည်။ ထို့ကြောင့် ရွေးချယ်စရာ ဂ သည် လေအာရော သူ့ဖခင်ပါ နှစ်ဦးစလုံးကို အကျိုးရှိစေသည်။

လေအာတွင် အခြားအဘယ်ရွေးချယ်စရာရှိသေးသနည်း။ သင်စဉ်းစားမိသည့်တစ်ခုကို အောက်တွင်ရေးချပါ။ ထို့နောက် ယင်းရွေးချယ်စရာက အဘယ်အရာဖြစ်စေနိုင်ဖွယ်ရှိသည်ကို ချရေးပါ။

․․․․․

လမ်းဆို့ #၂– သင့်မိဘများက စကားပြောလိုသည်၊ သို့သော် သင်မူကား မပြောလိုပါ။ “ကျောင်းမှာ တစ်နေကုန်ပင်ပန်းခဲ့ပြီးနောက် အိမ်ရောက်ရောက်ချင်း မေးခွန်းတွေမေးခံရတာလောက် ဆိုးတာမရှိဘူး။ ကျောင်းကိစ္စကို ကျွန်မမေ့ထားလိုက်ချင်တယ်၊ ဒါပေမဲ့ ကျွန်မမိဘတွေက ‘ဒီနေ့ ဘယ်လိုလဲ။ ပြဿနာတစ်ခုခုရှိသလား’ ဆိုပြီး စမေးတော့တာပဲ” ဟုစာရာအမည်ရှိ မိန်းကလေးတစ်ဦးပြောသည်။ စာရာမိဘများသည် အကောင်းဆုံးရည်ရွယ်ချက်ဖြင့် ထိုသို့မေးမြန်းခြင်းဖြစ်သည်မှာ သံသယရှိစရာမလိုပါ။ သို့တိုင် သူဤသို့ညည်းညူသည်– “ကျွန်မပင်ပန်းပြီး စိတ်ဖိစီးနေတဲ့အချိန်မှာ ကျောင်းနဲ့ပတ်သက်ပြီး မပြောချင်ဘူး။”

မေးခွန်း– ဤအခြေအနေတွင် စာရာ ဘာလုပ်နိုင်သနည်း။ ယခင်ဥပမာကဲ့သို့ပင် သူ့တွင် အနည်းဆုံးရွေးချယ်စရာသုံးခုရှိသည်။

ရွေးချယ်စရာ က

စကားပြောဖို့ ငြင်းဆိုသည်။ “ကျွန်မတစ်ယောက်တည်းနေပါရစေ။ အခုကျွန်မစကားမပြောချင်ဘူး” ဟုသူပြောပေမည်။

ရွေးချယ်စရာ ခ

ဆက်ပြီးပြောဆိုဆွေးနွေးသည်။ စိတ်ဖိစီးနေသော်လည်း စာရာသည် မိဘတို့၏မေးခွန်းများကို စိတ်မပါဘဲဖြေနိုင်သည်။

ရွေးချယ်စရာ ဂ

“ကျောင်းနှင့်ပတ်သက်ပြီးပြောဆိုဖို့ရွေ့ဆိုင်းလိုက်သော်လည်း တခြားအကြောင်းအရာကို ဆက်ပြီးပြောဆိုသည်။ စာရာသည် မိမိစိတ်လန်းဆန်းမှုရှိလာမည့် တခြားအချိန်တွင် ကျောင်းနှင့်ပတ်သက်၍ ပြောဆို ဆွေးနွေးနိုင်သည်ဟု မိဘများအား သူအကြံပေးပေမည်။ ထို့နောက် တကယ်စိတ်ဝင်တစားဖြင့် ဤသို့ပြောနိုင်သည်– “အဖေတို့ရဲ့တစ်နေ့တာအကြောင်းကျွန်မကိုပြောပြပါလား။ အစစအရာရာ အဆင်ပြေရဲ့လား။”

အဘယ်တစ်ခုကို စာရာရွေးချယ်သင့်သည်ဟု သင်ထင်သနည်း။ ․․․․․

တစ်ဖန်၊ ရွေးချယ်စရာတစ်ခုစီသည် အဘယ်အရာဖြစ်စေနိုင်ဖွယ်ရှိသည်ကို ကြည့်ကြစို့။

ရွေးချယ်စရာ က ကိုမရွေးချယ်မီ စာရာသည် စိတ်ဖိစီးမှုခံစားပြီး စကားပြောလိုစိတ်မရှိခဲ့ပါ။ ဤရွေးချယ်စရာကို ရွေးပြီးနောက်တွင် သူသည် ဖိစီးမှုခံစားနေရဆဲရှိပေမည်၊ သို့သော် သူ့မိဘကို အော်ဟစ်မိသောကြောင့် အပြစ်ရှိသည်ဟုလည်း ခံစားရသည်။—သု. ၂၉:၁၁

ထိုအတောအတွင်း စာရာ၏မိဘများသည် သမီး၏ဒေါသပေါက်ကွဲမှုကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြသည် သို့မဟုတ် ယင်းနောက်ပိုင်းတွင် ဆိတ်ဆိတ်နေကြသည်။ စာရာသည် တစ်ခုခုထိမ်ချန်ထားသည်ဟု သူတို့သံသယရှိကောင်းရှိပေမည်။ သမီးစာရာ ရင်ဖွင့်ပြောလာရန် သူတို့ ပို၍ပင်ကြိုးစားပေမည်၊ ယင်းက သူ့အား ပို၍ပင်စိတ်အနှောင့်အယှက်ဖြစ်စေပေမည်။ နောက်ဆုံးတွင် ဤရွေးချယ်စရာသည် ဘာမျှအကျိုးမဖြစ်ထွန်းစေပါ။

ရွေးချယ်စရာ ခ သည် ရွေးချယ်စရာ က ထက်ပို၍ရွေးချယ်သင့်သည်မှာ ထင်ရှား၏။ အနည်းဆုံးတော့ စာရာနှင့် သူ့မိဘများသည် စကားပြောဆိုကြလိမ့်မည်။ သို့သော် အပြန်အလှန်ပြောဆိုမှုသည် အသက်မပါသောကြောင့် စာရာရော သူ့မိဘများပါ သူတို့လိုချင်သော သက်သောင့်သက်သာရှိသည့် ပွင့်လင်းသောဆွေးနွေးမှုကို ရရှိကြမည်မဟုတ်ပါ။

သို့သော် ရွေးချယ်စရာ ဂ တွင်မူ စာရာသည် ပို၍သက်သောင့်သက်သာရှိပေမည်၊ အကြောင်းမှာ “ကျောင်း” နှင့်ပတ်သက်၍ လောလောဆယ်မပြောသောကြောင့်ဖြစ်သည်။ စကားအပြန်အလှန်ပြောဆိုဖို့ စာရာ၏ကြိုးစားအားထုတ်မှုကို သူ့မိဘများလေးမြတ်တန်ဖိုးထားမည်ဖြစ်သည်၊ ထို့ကြောင့် သူတို့လည်း ပျော်ရွှင်ကြမည်။ ဤရွေးချယ်မှုသည် အောင်မြင်မှုရဖို့ အခွင့်အလမ်းအများဆုံးဖြစ်ဖွယ်ရှိသည်၊ အကြောင်းမှာ နှစ်ဖက်စလုံးက ဖိလိပ္ပိ ၂:၄ ပါမူကို လက်တွေ့ကျင့်သုံးကြသောကြောင့်ဖြစ်သည်။ ယင်းကျမ်းချက်တွင် ဤသို့ဖော်ပြသည်– “ကိုယ့်အရေးကိစ္စကိုသာအာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 နာမည်အချို့ပြောင်းထားသည်။

ချင့်တွေးစရာ

▪ ကောင်းစွာဆက်သွယ်ပြောဆိုခြင်းတွင် အချိန်သည် အဘယ်အခန်းကဏ္ဍတွင် ပါဝင်သနည်း။သု. ၂၅:၁၁

▪ သင့်မိဘများနှင့်ပြောဆိုဆွေးနွေးခြင်းသည် အဘယ်ကြောင့် ကြိုးစားရကျိုးနပ်သနည်း။ယောဘ ၁၂:၁၂

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

နားလည်မှုလွဲနေခြင်းလော

သင်သည် မိဘများနှင့်ဆက်သွယ်ပြောဆိုရာတွင် အခက်အခဲရှိနေသလော။ သင်ပြောနေသည့်အရာကို သူတို့သဘောမပေါက်ဘဲဖြစ်ပေမည်။

အဲဒီအကြောင်းကို ကျွန်တော်မပြောချင်ဘူး 

ဟုသင်ပြောသည်ကို

“ကျွန်တော့်စိတ်ကူးနဲ့ခံစားချက်တွေကို ကျွန်တော့်မိတ်ဆွေတွေကို လွတ်လွတ်လပ်လပ်ဖွင့်ပြောမယ်၊ ဒါပေမဲ့ အဖေနဲ့အမေတို့ဟာ ရင်ဖွင့်ရလောက်အောင် ကျွန်တော့်အတွက် အရေးကြီးတဲ့သူတွေမဟုတ်ဘူး’’

ဟုသင့်မိဘများသဘောပေါက်သည်။

အဖေတို့နားလည်မှာမဟုတ်ပါဘူး 

ဟုသင်ပြောသည်ကို

“အဖေတို့ဟာ အသက်ကြီးပြီး ခေတ်နောက်ကျနေကြပြီ။ ကျွန်တော်တို့ကို နားလည်နိုင်မှာမဟုတ်ပါဘူး’’

ဟု သင့်မိဘများသဘောပေါက်သည်။

[စာမျက်နှာ ၁၉ ပါလေးထောင့်ကွက်/ရုပ်ပုံ]

သင့်ရွယ်တူချင်းများပြောရာ

“ကျောင်းမှာဖြစ်ခဲ့တဲ့ပြဿနာတစ်ခုကို မိဘတွေကိုပြောပြခဲ့တယ်၊ သူတို့လိုလိုလားလား နားထောင်ပေးတာကို ကျွန်မအံ့သြမိခဲ့တယ်။ သူတို့ရဲ့အကူအညီကြောင့် ပြဿနာကိုလွယ်လွယ်ကူကူဖြေရှင်းနိုင်ခဲ့တယ်။”—နာတာလီ။

“မိဘတွေနဲ့ပြောဆိုဆက်သွယ်ဖို့ဆိုတာ အမြဲတော့မလွယ်ကူပါဘူး၊ ဒါပေမဲ့ သူတို့ကိုရင်ဖွင့်လိုက်တဲ့အခါ စိတ်ပေါ့သွားတယ်လို့ ခံစားရတယ်။” —ဒီဗင်နီ။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

မိဘများသတိချပ်စရာ

စိုးရိမ်သောမိဘတစ်ဦးအနေနှင့် သင့်ကလေးသည် သင့်ကိုစကားပြောဖို့ အခက်တွေ့နေမနေကို သင်စဉ်းစားပေမည်။ မိဘများနှင့်စကားပြောဆိုဖို့ အဘယ်ကြောင့်တွန့်ဆုတ်ကြောင်း နိုးလော့!အား လူငယ်အချို့ပြောပြခဲ့ရာကို သုံးသပ်ကြည့်ပါ။ ထို့နောက် အောက်တွင်ဖော်ပြသောမေးခွန်းများကို မိမိကိုယ်ကိုမေးပြီး ရည်ညွှန်းထားသောကျမ်းချက်များကို ဖွင့်ကြည့်ပါ။

အဖေဟာ အလုပ်မှာရော၊ အသင်းတော်မှာရော လုပ်စရာများလွန်းလို့ သူ့ကိုချဉ်းကပ်စကားပြောဆိုဖို့ ခက်တယ်။ သူ့ကိုစကားပြောဆိုဖို့ အဆင်ပြေတဲ့အချိန်ရယ်လို့ မရှိသလောက်ပါပဲ။ —အန်ဒရူး။

ငါ့ရဲ့ဆယ်ကျော်သက်ကလေးတွေကို စကားမပြောအားလောက်အောင် အလုပ်များနေတယ်လို့ ငါမရည်ရွယ်ဘဲ ပြမိသလား။ ပြမိတယ်ဆိုရင် ပိုပြီးချဉ်းကပ်ရလွယ်သူဖြစ်အောင် ငါ့ကိုယ်ငါဘာလုပ်နိုင်မလဲ။ ကလေးတွေနဲ့စကားပြောနိုင်အောင် ဘယ်အချိန်ကို မှန်မှန်ဖယ်ထားနိုင်မလဲ။တရားဟောရာ ၆:၇

ကျောင်းမှာဖြစ်ခဲ့တဲ့အငြင်းအခုံအကြောင်း အမေ့ကို ငိုပြီးကျွန်မပြောပြခဲ့တယ်။ အမေ နှစ်သိမ့်ပေးတာ ကျွန်မလိုချင်တယ်၊ ဒါပေမဲ့ နှစ်သိမ့်ပေးမဲ့အစား ကျွန်မကို ပြစ်တင်ပြောဆိုခဲ့တယ်။ အဲဒီအချိန်ကစပြီး အရေးကြီးတဲ့ ဘယ်ကိစ္စကိုမဆို အမေ့ကို မပြောပြတော့ဘူး။ —ကန်ဂျီ။

‘ကလေးတွေက သူတို့ရဲ့အခက်အခဲကို ငါ့ကိုလာပြောတဲ့အခါ ငါဘယ်လိုတုံ့ပြန်မလဲ။ တည့်မတ်ပေးဖို့လိုအပ်မယ်ဆိုရင်တောင် သူတို့ကို အကြံမပေးခင် ထောက်ထားစာနာစိတ်နဲ့ နားထောင်တတ်ဖို့ ငါသင်ယူနိုင်သလား။’—ယာကုပ် ၁:၁၉

မိဘတွေပြောတော့ ကျွန်မတို့က သူတို့ကို အချိန်တိုင်း စကားပြောလို့ရတယ်၊ စိတ်ဆိုးမှာမဟုတ်ဘူးတဲ့၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်ဘူး။ အဲဒီလိုဖြစ်တဲ့အတွက် ဆယ်ကျော်သက်တွေဟာ သစ္စာဖောက်ခံရတယ်လို့ ခံစားရတယ်။ —ရေချယ်။

‘ငါ့ကလေးက ငါ့ကို စိတ်ပျက်စရာတစ်ခုခုပြောပြတယ်ဆိုရင် ငါ့ရဲ့ ဦးဆုံးတုံ့ပြန်မှုကို ဘယ်လိုထိန်းချုပ်နိုင်မလဲ။’ —သု. ၁၀:၁၉

ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို အမေ့ကိုရင်ဖွင့်ခဲ့တာ အကြိမ်ပေါင်းမနည်းပါဘူး၊ အမေက သူ့မိတ်ဆွေတွေကို ချက်ချင်းပြန်ပြောပြတော့တာပဲ။ အချိန်အတော်ကြာတဲ့အထိ အမေ့အပေါ် ယုံကြည်စိတ်ချမှု ပျောက်သွားခဲ့တယ်။ —ချန်တယ်လ်။

‘ငါ့ကလေးက ငါ့ကိုယုံကြည်စိတ်ချလို့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေပြောတာကို လျှောက်မပြောခြင်းအားဖြင့် သူ့ရဲ့ခံစားချက် တွေကို ငါထောက်ထားစာနာကြောင်းပြရဲ့လား။’—သု. ၂၅:၉

မိဘတွေကို ပြောပြချင်တာတွေ အများကြီးပဲ။ ကျွန်တော်စကားစပြောနိုင်ဖို့ သူတို့ရဲ့အကူအညီပဲ လိုတယ်။ —ကော့တနီ။

‘ငါ့ရဲ့ မြီးကောင်ပေါက်ကလေးတွေကို ငါက အစပြုပြောနိုင်မလား။ ဘယ်အချိန်ဟာ စကားပြောဖို့အကောင်းဆုံးလဲ။’ —ဒေ. ၃:၇

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ပြောဆိုဆက်သွယ်မှုလမ်းကြောင်းပိတ်ဆို့ခြင်းကို လမ်းဆုံးဟုယူမှတ်စရာမလိုပါ၊ သင့်မိဘများနှင့် အပြန်အလှန်ပြောနိုင်သည့်နည်း သင်ရှာတွေ့နိုင်သည်