ချစ်ခင်ကြင်နာမှုပြသခြင်း၏ အရေးကြီးမှု
ချစ်ခင်ကြင်နာမှုပြသခြင်း၏ အရေးကြီးမှု
“ကလေးတွေကို မကြာမကြာဖက်ထားပါ” ဟုကလေးစိတ်ရောဂါကု ပါမောက္ခတစ်ဦးက ယခုလေးတွင် အမြွှာလေးမွေးလိုက်သော သားဦးမိခင်ကိုပြောခဲ့သည်။ မိခင်သည် မိမိကလေးများကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်သည့်နည်းကို အကြံပေးရန် ပါမောက္ခအား တောင်းဆိုခဲ့သည်။ “ဖက်ထားတာ၊ နမ်းတာ၊ နွေးထွေးမှုဖော်ပြတာ၊ နားလည်ပေးတာ၊ ပျော်ရွှင်စေတာ၊ ရက်ရောမှုပြတာ၊ ခွင့်လွှတ်ပေးတာနဲ့ လိုအပ်လာရင် အကျိုးသင့်အကြောင်းသင့်ပဲ့ပြင်ဆုံးမပေးတာစသည်ဖြင့် မေတ္တာနဲ့ချစ်ခင်ကြင်နာမှုကို နည်းမျိုးစုံနဲ့ပြသရမယ်။ ကလေးတွေကို ကျွန်တော်တို့ချစ်တာ သူတို့သိပါတယ်လို့ အမြဲမယူဆသင့်ဘူး” ဟုပါမောက္ခကထပ်ပြောခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီတက္ကသိုလ်ရှိ ထိတွေ့မှုသုတေသနဌာန၏ ဒါရိုက်တာတစ်ဖ်ဖနီ ဖီးလ်သည် အထက်ပါအကြံပြုချက်ကို သဘောတူပုံရသည်။ “အစားအသောက်နဲ့ လေ့ကျင့်ခန်းဟာ ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုနဲ့ ကျန်းမာရေးကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်သလို ထိတွေ့မှုဟာလည်း အထူးလိုအပ်တယ်” ဟုသူအခိုင်အမာပြောသည်။
လူကြီးများလည်း ချစ်ခင်ကြင်နာမှုကို ထိတွေ့မှုဖြင့်ပြသခံရဖို့ လိုအပ်ပါသလော။ လိုအပ်ပါသည်။ ဆေးဘက်ဆိုင်ရာစိတ်ပညာရှင် ကလော့ဒ် စတိန်နာသည် သုတေသနပြုရာတွင် စကားဖြင့်၊ အထိအတွေ့အားဖြင့်အားပေးခြင်းသည် မည်သည့်အသက်အရွယ်ပင်ဖြစ်ပါစေ ကျွန်ုပ်တို့၏ စိတ်ပိုင်းဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်ကြောင်း ကောက်ချက်ချခဲ့သည်။ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သော သူနာပြုလော်ရာက ဤသို့ပြောသည်– “သက်ကြီးရွယ်အိုတွေကို ချစ်ခင်ကြင်နာမှုပြတာ တကယ့်ကိုအရေးကြီးတယ်ဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။ သူတို့ကို ကြင်ကြင်နာနာဆက်ဆံပြီး ထိတွေ့တဲ့အခါ သူတို့ရဲ့ယုံကြည်မှုကို သင်ရရှိပြီး သင့်ညွှန်ကြားချက်တွေကို လိုလိုလားလားနဲ့ လိုက်နာကြလိမ့်မယ်။ ဒါ့အပြင် အဲဒီလိုချစ်ခင်ကြင်နာမှုပြတာဟာ သူတို့ရဲ့ဂုဏ်သိက္ခာကိုလေးစားကြောင်း ပြသရာလည်းရောက်တယ်။”
ထို့ပြင် ချစ်ခင်ကြင်နာမှုပြသခြင်းသည် ပြသခံရသူအကျိုးရရှိသလောက် ပြသသူအတွက်လည်း အကျိုးရှိသည်။ တစ်ကြိမ်တွင် ယေရှုခရစ်ဤသို့ပြောခဲ့သည်– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။” (တမန်တော် ၂၀:၃၅) စိုးရိမ်ပူပန်သူများ၊ စိတ်ဓာတ်ကျသူများ သို့မဟုတ် ယုံကြည်စိတ်ချမှုကင်းမဲ့သူများကို ချစ်ခင်ကြင်နာမှုပြသောအခါ အထူးသဖြင့် အကျိုးရှိသည်။ ထိုသို့သောသူတို့ ယင်းအကူအညီမျိုးရရှိပုံကို ကျမ်းစာပါအဖြစ်အပျက်များစွာတွင် ဖော်ပြထားသည်။
လူများ၏စွန့်ပယ်ခြင်းကိုခံထားရသည့် “တစ်ကိုယ်လုံးနူနာစွဲသူတစ်ဦး” သည် ယေရှုခရစ်ကိုယ်တိုင်၏ စာနာထောက်ထားစွာတို့ထိမှုကို ခံစားရသောအခါ မည်မျှစိတ်နှလုံးသက်သာသွားမည်ကို မြင်ယောင်ကြည့်ပါ။—လုကာ ၅:၁၂၊ ၁၃; မဿဲ ၈:၁-၃။
ဘုရားသခင့်ကောင်းကင်တမန်တစ်ပါးသည် သက်ကြီးပရောဖက်ဒံယေလကို လှိုက်လှဲသောအားပေးမှုဖြင့် ခိုင်ခံ့မြဲမြံစေခဲ့ပြီး သုံးကြိမ်တိုင် တို့ထိခဲ့သောအခါ ဒံယေလမည်မျှအားတက်ခဲ့မည်ကို မြင်ယောင်ကြည့်ပါ။ ဒံယေလ၏ ကာယပိုင်းနှင့်စိတ်ပိုင်း မောပန်းနွမ်းလျမှုများမှ ပြန်လည်ကောင်းမွန်လာစေဖို့ ဒံယေလလိုအပ်ခဲ့ရာမှာ ယင်းသို့သောမေတ္တာပါသည့်တို့ထိမှုနှင့် တည်ဆောက်မှုဖြစ်စေသည့် စကားများသာဖြစ်သည်။—ဒံယေလ ၁၀:၉-၁၁၊ ၁၅၊ ၁၆၊ ၁၈၊ ၁၉။
တစ်ကြိမ်တွင် တမန်တော်ပေါလု၏ရင်းနှီးသောမိတ်ဆွေများသည် သူ့ကိုတွေ့ဆုံရန် ဧဖက်မြို့မှ မိလက်မြို့အထိမိုင် ၃၀ ခန့်ခရီးနှင်ခဲ့ကြသည်။ ထိုတွင် ပေါလုက မိမိကို နောက်တစ်ကြိမ်ပြန်တွေ့တော့မည်မဟုတ်ကြောင်း သူတို့အား ပြောခဲ့သည်။ သူ၏သစ္စာရှိမိတ်ဆွေများက သူ့အား ‘ဖက်ယမ်းလျက် နမ်းရှုပ်၍နှုတ်ဆက်ကြ’ သောအခါ သူအလွန်အားတက်ခဲ့မည်မှာသေချာသည်။—တမန်တော် ၂၀:၃၆၊ ၃၇၊ ခမ။
သမ္မာကျမ်းစာနှင့် မျက်မှောက်ခေတ်သုတေသနပြုမှုများက တစ်ဦးနှင့်တစ်ဦးချစ်ခင်ကြင်နာမှုပြသရန် ကျွန်ုပ်တို့ကို တိုက်တွန်းအားပေးသည်။ ယင်းလိုအပ်ရာကို ဖြည့်ဆည်းခံရခြင်းက ရုပ်ပိုင်းနှင့်စိတ်ပိုင်းတွင် အကျိုးကျေးဇူးများရရှိစေသည်။ စိတ်ရိုးမှန်ဖြင့်တင်ပြသော လျောက်ပတ်သည့်ချစ်ခင်ကြင်နာမှုဖော်ပြချက်များသည် ကလေးများအတွက်သာမဟုတ်သည်မှာ ရှင်းနေသည်။