သူတို့သည်အမှန်ပင် ထိုမျှတိုင် အသက်ရှင်ခဲ့သလော
သူတို့သည်အမှန်ပင် ထိုမျှတိုင် အသက်ရှင်ခဲ့သလော
သမ္မာကျမ်းစာအရ အာဒံသည် အသက် ၉၃၀ နှစ်၊ ရှေသသည် အသက် ၉၁၂ နှစ်အသက်ရှင်ခဲ့သည်။ မသုရှလသည် ၉၆၉ နှစ်အသက်ရှင်ခဲ့ပြီး အသက်တစ်ထောင်ပြည့်ရန် ၃၁ နှစ်သာလိုသည်။ (ကမ္ဘာဦး ၅:၅၊ ၈၊ ၂၇) ထိုနှစ်များသည် ယနေ့ ကျွန်ုပ်တို့ခေတ်မှနှစ်များနှင့် တူသလော သို့မဟုတ် ပိုတိုသလော၊ အခြားသူများပြောသကဲ့သို့ ထိုနှစ်များသည် ကျွန်ုပ်တို့ခေတ်မှလများနှင့် ညီမျှပါသလော။
ကျမ်းစာကိုယ်နှိုက်၏အထောက်အထားများက ထိုနှစ်များသည် ကျွန်ုပ်ခေတ်မှနှစ်များနှင့်တူသည်ဟု ထောက်ပြ၏။ စဉ်းစားကြည့်ပါလေ– ရှေးခေတ်မှနှစ်သည် ကျွန်ုပ်တို့ခေတ်မှ လနှင့်တူသည်ဆိုလျှင် ကာဣနန်သည် အသက်ခြောက်နှစ်မပြည့်မီတွင်၊ မဟာလေလနှင့် ဧနောက်သည် အသက်ငါးနှစ်သာသာတွင် ဖခင်များဖြစ်လာသည်။ ယင်းသည် မဖြစ်နိုင်ချေ။—ကမ္ဘာဦး ၅:၁၂၊ ၁၅၊ ၂၁။
ထိုခေတ်မှလူများသည် ရက်၊ လ၊ နှစ်များကို ခွဲခြားတတ်ကြသည်။ (ကမ္ဘာဦး ၁:၁၄-၁၆; ၈:၁၃) အမှန်ဆိုလျှင် နောဧ၏အသေးစိတ်ကျသော နေ့ရက်သက္ကရာဇ်စာရင်းက လအပိုင်းအခြားများကို သတ်မှတ်ရာတွင် ကျွန်ုပ်တို့ကို အထောက်အကူပြုသည်။ ကမ္ဘာဦး ၇:၁၁၊ ၂၄ နှင့် ကမ္ဘာဦး ၈:၃၊ ၄ ၏နှိုင်းယှဉ်ချက်က ဒုတိယလ ၁၇ ရက်နေ့မှ သတ္တမလ ၁၇ ရက်နေ့အထိဖြစ်သော ငါးလသည် ရက်ပေါင်း ၁၅၀ နှင့်ညီမျှသည်ဟု ဖော်ပြသည်။ ထိုစဉ်က နောဧသည် ရက် ၃၀ ရှိသော လများကိုအသုံးပြု၍ ၁၂ လလျှင် တစ်နှစ်အဖြစ်ရေတွက်ခဲ့ပုံရသည်။—ကမ္ဘာဦး ၈:၅-၁၃။ *
သို့သော် လူများသည် အဘယ်နည်းဖြင့် အနှစ် ၉၀၀ ကျော် အသက်ရှင်နိုင်ကြသနည်း။ ဘုရားသခင်သည် လူသားများကို ထာဝစဉ်အသက်ရှင်ရန် ဖန်ဆင်းတော်မူခဲ့ပြီး အာဒံ၏အပြစ်ကြောင့် လူ့မိသားစုသည် မစုံလင်မှုနှင့် သေခြင်းသို့ ရောက်ရကြသည်ဟု သမ္မာကျမ်းစာကဆို၏။ (ကမ္ဘာဦး ၂:၁၇; ၃:၁၇-၁၉; ရောမ ၅:၁၂) ရေလွှမ်းမိုးဘေးမတိုင်မီတွင် အသက်ရှင်ခဲ့သူများသည် ယနေ့ကျွန်ုပ်တို့ထက် စုံလင်မှုနှင့်ပိုနီးစပ်သဖြင့် ယင်းသည် အသက်ပိုရှည်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ ဥပမာ၊ မသုရှလသည် အာဒံနောက် လူမျိုးဆက် ခုနစ်ဆက်တွင် အသက်ရှင်ခဲ့သူဖြစ်သည်။—လုကာ ၃:၃၇၊ ၃၈။
သို့သော် မကြာမီတွင် ယေဟောဝါဘုရားသခင်သည် သားတော်ယေရှုခရစ် သွန်းလောင်းခဲ့သော အသွေးတော်အပေါ် ယုံကြည်မှုတင်ပြသူအားလုံးထံမှ အာဒံ့အပြစ်များကို အစအနမကျန် ဖယ်ရှားပစ်တော့မည်။ “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) မသုရှလ၏အသက် ၉၆၉ နှစ်ကိုပင် အလွန်တိုတောင်းသည်ဟု ယူဆရမည့်အချိန် အမှန်ပင် ရောက်လာပေတော့မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ယေဟောဝါသက်သေများ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းအမြင် အတွဲ ၂၊ စာမျက်နှာ ၁၂၁၄ ကိုရှု။
[စာမျက်နှာ ၁၃ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
၁၀၀၀
မသုရှလ
အာဒံ
ရှေသ
၉၀၀
၈၀၀
၇၀၀
၆၀၀
၅၀၀
၄၀၀
၃၀၀
၂၀၀
၁၀၀
ယနေ့သာမန်လူသားတစ်ဦး