အခက်ကြုံနေသော လူငယ်များကို ကူညီပေးခြင်း
အခက်ကြုံနေသော လူငယ်များကို ကူညီပေးခြင်း
လောက၏ ဘဝပုံစံများနှင့် ရေပန်းစားရာများသည် အမြဲပင် ပြောင်းလဲနေ၏။ ခေတ်သစ်နည်းပညာကြောင့် အပြောင်းအလဲများမှာ ပို၍ပင် သိသာထင်ရှားလှ၏။ မနေ့ကရှိခဲ့သောအရာသည် ယနေ့တွင် ခေတ်ကုန်သွားပြီး ယနေ့ ရေပန်းစားနေသောအရာသည် မနက်ဖြန်ဆိုလျှင် ခေတ်မစားတော့ချေ။ အပြောင်းအလဲမြန်ဆန်မှုများက လူငယ်အများအပေါ် အကြီးအကျယ် ဩဇာလွှမ်းမိုးလျက်ရှိသည်။
လူမှုစရိုက်လက္ခဏာ အကြီးအကျယ်ပြောင်းလဲခြင်း
မကြာသေးမီနှစ်များက နည်းပညာသည် လူငယ်များအပေါ် အကြီးအကျယ် ဩဇာလွှမ်းမိုးခဲ့သည့် အပြောင်းအလဲတစ်ရပ်ကို အစပျိုးခဲ့သည်။ ဥပမာ၊ နိုင်ငံများစွာတွင် ဆဲလ်ဖုန်းနှင့် ကွန်ပျူတာသည် လူငယ်များ၏ အသက်သွေးကြောဖြစ်နေပြီ။ လူမှုဆက်သွယ်ရေးကွန်ရက်များက အလားအလာသစ်များစွာရှိသော ကမ္ဘာတစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီ။ “လက်တွေ့ဘဝမှာ သင်ဟာ သူငယ်ချင်းတစ်ယောက်မှမရှိတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အွန်လိုင်းမှာတော့ ရာနဲ့ချီတဲ့သူငယ်ချင်းတွေ ချက်ချင်းရနိုင်တယ်” ဟုသြစတြေးလျနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကဆို၏။
ဆဲလ်ဖုန်းနှင့် အင်တာနက်တို့သည် အကျိုးများစွာရှိကြောင်း လူတိုင်းသဘောတူကြပေမည်။ သို့သော် လူများစွာအတွက်မူ အဆိုပါ ကိရိယာများသည် မသုံးရမနေနိုင်သည့်အရာများ ဖြစ်နေဟန်တူ၏။ ကျောင်းသားအချို့သည် “၁၀ နာရီနှင့် ၁၁ နာရီကြား အတန်းလွှတ်ချိန်တွင် ဆဲလ်ဖုန်းမပြောရ မနေနိုင်ကြကြောင်း၊ ‘တိတ်ဆိတ်မှုကို သည်းမခံနိုင်ဘူး’ ဟူ၍ ပြောဆိုနေသည့်အလား တစ်ဦးတစ်ယောက်နှင့်စကားပြောဆိုရန် လှုံ့ဆော်ပေးသောအရာမရှိလျှင် သက်သောင့်သက်သာမရှိပုံရကြောင်း” တက္ကသိုလ်ပါမောက္ခ ဒေါ်နယ်လ်ရောဘတ်က မှတ်ချက်ချသည်။
လူငယ်အချို့က မိမိတို့ ဆေးစွဲသလိုစွဲနေသည်ဟုပင် ဝန်ခံကြသည်။ “ရုတ်ခြည်းသတင်းတိုပို့လွှတ်တဲ့စနစ်နဲ့ ဆဲလ်ဖုန်းကို ကျွန်မအစွဲကြီးစွဲနေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေနဲ့ သူငယ်ချင်းတွေကို မပြတ်ဆက်သွယ်နေရလို့ပဲ။ ကျွန်မအိမ်ပြန်ရောက်တာနဲ့ အင်တာနက်ကို ချက်ချင်းဖွင့်ပြီး . . . တစ်ခါတလေ မနက် ၃ နာရီအထိ ထိုင်ကြည့်နေတယ်” ဟုအသက် ၁၆ နှစ်အရွယ် စတက်ဖနီကဆို၏။ စတက်ဖနီ၏ လစဉ်ဖုန်းကြေးမှာ ဒေါ်လာ ၁၀၀ မှ ၅၀၀ အထိရှိသည်။ “အခု ကျွန်မမိဘတွေဆီမှာ ဖုန်းကြေးအတွက် ဒေါ်လာ ၂,၀၀၀ ကျော်အကြွေးတင်နေတယ်။ ဒါပေမဲ့ ဆဲလ်ဖုန်းကို အမြဲသုံးနေကျဆိုတော့ အဲဒါမရှိရင် မနေတတ်တော့ဘူး။”
ပြဿနာများမှာ ငွေရေးကြေးရေးထက်မက ဖြစ်နိုင်ပါသည်။ မိသားစုဘဝနှင့်ပတ်သက်၍ လေ့လာမှုပြုရာတွင် ဖခင်အလုပ်မှပြန်လာသောအခါ ဇနီးသည်နှင့် ကလေးများသည် မိမိတို့လုပ်ဆောင်နေသောအရာ၌သာ အာရုံနစ်မျောနေကြသဖြင့် နှုတ်ဆက်စကားဆိုဖို့ပင် သတိမရတော့ကြောင်း မနုဿဗေဒပညာရှင် အယ်လီနာအော့ခ်က တွေ့ရှိခဲ့သည်။ သူတို့သည် အီလက်ထရောနစ်ကိရိယာလေးများတွင်သာ အာရုံနစ်မျောနေကြတော့၏။ “ကလေးတွေရဲ့လုပ်ဆောင်မှုနယ်ပယ်မှာ ပါဝင်ပတ်သက်ဖို့ မိဘတွေအတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေ့ခဲ့ရတယ်” ဟုအော့ခ်ကဆို၏။ ထို့ပြင် မိမိတို့လုပ်ဆောင်နေသောအရာပေါ် အာရုံနစ်မြုပ်ထားကြသည့် ကလေးများအား မိဘများ လက်လျှော့လိုက်ကြသည်ကို လေ့လာမှုပြုနေစဉ်အတွင်း တွေ့ရှိခဲ့ရသည်ဟု ၎င်းကထပ်ဆိုသည်။
လူမှုဆက်သွယ်ရေးကွန်ရက်ထဲ ဝင်ရောက်ခြင်းက ဘေးကင်းပါသလော
မိဘများနှင့် ပညာရှင်များသည် လူမှုဆက်သွယ်ရေးကွန်ရက်ထဲ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် အချိန်ဖြုန်းနေကြသော လူငယ်များနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်လျက်ရှိ၏။ ကိုယ်ပိုင်ဝက်ဘ်စာမျက်နှာဖွင့်၍ ရုပ်ပုံများ၊ ဗီဒီယိုများ၊ နေ့စဉ်မှတ်တမ်းများဖန်တီးနိုင်ခွင့်ရှိသော အင်တာနက်ဆိုက်အများအပြားရှိသည်။ ယင်းကို Weblog ဟုခေါ်သည်။
ထိုသို့သောဝက်ဘ်ဆိုက်များ၏ ဆွဲဆောင်မှုတစ်ခုမှာ ယင်းဆိုက်များ၏အဖွဲ့ဝင်များသည် မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ်ပြုလုပ်နိုင်ခြင်းဖြစ်သည်။ နောက်ဆွဲဆောင်မှုတစ်ခုမှာ ဝက်ဘ်စာမျက်နှာဖွင့်ထားခြင်းက လူငယ်တစ်ဦးအား မိမိသည် မည်သို့သောလူစားမျိုးဖြစ်ကြောင်းနှင့် မိမိ၏ထင်မြင်ယူဆချက်များကို ဖော်ပြခွင့်ရစေခြင်းဖြစ်သည်။ ငယ်ရွယ်ချိန်သည် မိမိအကြောင်းသိရှိရန် သင်ယူနေသည့်အချိန်၊ အခြားသူများ၏စိတ်ဝင်စားမှုကို နှိုးဆွရန် မိမိ၏ခံစားချက်များကို ထုတ်ဖော်နေသည့်အချိန်ဖြစ်ရာ ထိုဆွဲဆောင်မှုကို နားလည်နိုင်ပါသည်။
သို့သော် ပေါ်ပေါက်လာသည့် ပြဿနာတစ်ရပ်မှာ လူအချို့က မိမိတို့သည် မည်သို့သောလူစားမျိုး ဖြစ်ကြောင်းထက် မိမိတို့ ဖြစ်ချင်ရာကိုသာ ဖော်ပြသည့် ကိုယ်ရေးဝက်ဘ်ဆိုက်ကို ဖန်တီးကြခြင်းဖြစ်သည်။ “ကျွန်တော်တက်တဲ့ကျောင်းမှာ သူ့အသက်က ၂၁ နှစ်ပါ၊ လက်စ်ဗီးဂတ်စ်မှာ နေပါတယ်လို့ ပြောတဲ့ချာတိတ်တစ်ယောက်ရှိတယ်” ဟု အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကပြောပြသည်။ ထိုလူငယ်နှစ်ဦးစလုံးသည် အဆိုပါမြို့နှင့် မိုင်တစ်ထောင်ခန့်ဝေးသောမြို့တွင် နေထိုင်ကြသည်။
ယင်းသို့သောလှည့်စားမှုမှာ မထူးဆန်းတော့ပေ။ “အင်တာနက်မှာ ဘာမဆိုလုပ်နိုင်တယ်” ဟု ဩစတြေးလျနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးက ပြောပြသည်။ “ကိုယ့်ကို လူတွေမသိတဲ့အတွက် ကိုယ်နဲ့လုံးဝမတူတဲ့ တခြားတစ်ယောက်ပုံစံမျိုး လုပ်ယူလို့ရတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတယ်။ ကိုယ့်ကိုယ်ကို စိတ်ဝင်စားစရာပိုကောင်းတဲ့သူအဖြစ် ဖန်တီးပြနိုင်တယ်။ လက်တွေ့ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့အရာကိုလုပ်နေတဲ့ ဓာတ်ပုံတွေ၊ တစ်ခါမှ မဝတ်ဖူးတဲ့ အဝတ်အစားတွေဝတ်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြလို့ရတယ်။ လူချင်းတွေ့ရင် ဘယ်တော့မှပြောမှာမဟုတ်တဲ့ စကားတွေကို ရေးသားဖော်ပြလို့ရတယ်။ ဇာတိရုပ်အမှန်ကို ဖုံးကွယ်ထားတဲ့အတွက် ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ရှောင်ကွင်းနိုင်တယ်လို့ ခံစားရတယ်။ အမှန်တကယ် ကိုယ်ဟာ ဘယ်သူလဲဆိုတာ ဘယ်သူမှမသိကြဘူး။”
အခြားဆက်သွယ်ရေးနည်းလမ်း တစ်မျိုးမျိုးကဲ့သို့ပင် လူမှုဆက်သွယ်ရေးကွန်ရက်များကို တရားဝင်အသုံးပြု၍ရသလို အလွဲသုံးစားလည်း ပြုနိုင်ပေသည်။ မိဘတစ်ဦးအနေနှင့် သင့်သားသမီးသည် အင်တာနက်တွင် အဘယ်အရာလုပ်ဆောင်နေကြောင်း သိပါသလော။ သင့်သားသမီးသည် ၎င်းတို့၏အချိန်ကို ပညာရှိရှိအသုံးပြုနေသည်ဟု သင်ယုံကြည်စိတ်ချပါသလော။ * (ဧဖက် ၅:၁၅၊ ၁၆) ထို့ပြင် အင်တာနက်ကို တလွဲအသုံးပြုခြင်းက လူငယ်တစ်ဦးအား အန္တရာယ်များစွာနှင့် ရင်ဆိုင်ကြုံတွေ့ရစေသည်။ ယင်းအန္တရာယ်အချို့ကား အဘယ်နည်း။
ဆိုက်ဘာစပေ့၏ မနှစ်မြို့ဖွယ်လက္ခဏာများ
အင်တာနက်၏ လျှို့ဝှက်စနစ်သည် ကလေးများအား လိင်ဆိုင်ရာအမြတ်ထုတ်သူများအတွက် အမဲလိုက်ကွင်းဖြစ်နေသည်။ လူငယ်များသည် မိမိတို့၏ကိုယ်ရေးအချက်အလက်များကို အင်တာနက်တွင် ဖော်ပြထားမည်ဆိုလျှင် သို့မဟုတ် အဆက်အသွယ်ပြုလုပ်သူနှင့် လူချင်းတွေ့ဆုံရန် သဘောတူလိုက်မည်ဆိုလျှင် အမှုမဲ့အမှတ်မဲ့ ကျော့မိသွားနိုင်သည်။ သို့သော် အချို့က “ကလေးများသည် ၎င်းတို့၏နေအိမ် သို့မဟုတ် ကစားကွင်းတွင် ပို၍ အကြမ်းဖက်ခြိမ်းခြောက်ခံနေရသည် သို့မဟုတ် မတော်မတရားပြုခံနေရသည်” ဟုဆင်ခြေပေးကြသည်။ “သို့သော် မိဘအများကမူ အင်တာနက်သည် လိင်ဆိုင်ရာအမြတ်ထုတ်သူများ ကွန်ပျူတာမှတစ်ဆင့် အိမ်ထဲသို့ဝင်ရောက်ပြီး ကလေးများ၏အပြစ်ကင်းစင်မှုကို ဖျက်ဆီးပစ်နိုင်သည့် စဉ်းလဲဉာဏ်များသောအရာဖြစ်သည်ဟု ယူဆကြ” ကြောင်း Parenting 911 စာအုပ်ကဆိုသည်။
အခြားသောနည်းပညာဆိုင်ရာ ဆက်သွယ်ရေးနည်းလမ်းများလည်း အမြတ်ထုတ်ခံနေရ၏။ လူငယ်အချို့သည် အင်တာနက်မှတစ်ဆင့် အကြင်နာတရားမဲ့စွာ နောက်ပြောင်ခြင်း၊ ဝိုင်းပယ်ခြင်း၊ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ ဝက်ဘ်ဆိုက်များတင်ထားခြင်းမှာ တစ်စုံတစ်ယောက်အား အရှက်ခွဲရန်သက်သက်အတွက်သာဖြစ်ပြီး တစ်ချိန်တည်းတွင် အီးမေးလ်၊ အင်တာနက်စကားဝိုင်းအစရှိသည်တို့မှာ အသရေဖျက်သူများအသုံးပြုကြသည့် နည်းလမ်းများဖြစ်လာပြီ။ အွန်လိုင်းလုံခြုံရေးအဖွဲ့တစ်ဖွဲ့၏ ဒါရိုက်တာတစ်ဦးက အသက် ၁၀ နှစ်နှင့် ၁၄ နှစ်အကြားရှိ ကလေး ၈၀ ရာခိုင်နှုန်းသည် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အနိုင်ကျင့်ခံနေရသည်ဟု ယူဆသည်။
ဗိုလ်ကျအနိုင်ကျင့်ခြင်းသည် အသစ်အဆန်းမဟုတ်သည်မှာမှန်၏။ သို့သော် ယခုအခါတွင် ကောလာဟလ၊ အတင်းအဖျင်းနှင့် အသရေဖျက်မှုတို့သည် ကျယ်ကျယ်ပြန့်ပြန့်နှင့် လျင်လျင်မြန်မြန် ပျံ့နှံ့သွားနိုင်သည်။ ထို့ပြင် ယင်းသည် မနှစ်မြို့ဖွယ်ဖြစ်၏။ အချို့သောကိစ္စများတွင် ကင်မရာပါသည့် ဆဲလ်ဖုန်းများကိုအသုံးပြု၍ ကျောင်းတွင်း အဝတ်လဲခန်း သို့မဟုတ် ရေချိုးခန်းတို့တွင် ရိုင်းစိုင်းပြီး အရှက်ကင်းမဲ့သော ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရိုက်ကူးထားကြသည်။ ထို့နောက် အဆိုပါရုပ်ပုံများကို အာသာငမ်းငမ်းဖြစ်နေသူတို့ထံ အင်တာနက်မှတစ်ဆင့် ပေးပို့လိုက်ကြသည်။
ကြီးထွားလာနေသော စိုးရိမ်ပူပန်မှု
ထိုသို့သောကိစ္စရပ်များကြောင့် အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်ရှိ ဥပဒေနှင့် ပြည်သူ့လုံခြုံရေးဌာနသည် မိဘများနှင့် အုပ်ထိန်းသူများထံ စာတစ်စောင်ရေးသားပေးပို့ပြီး “စာသင်ကျောင်း အတွင်းနှင့်အပြင်တို့တွင် ကလေးများ အင်တာနက်ကို လွဲမှားစွာအသုံးပြုနေမှုနှင့်စပ်လျဉ်း၍ ပေါ်ထွက်လာသော စိုးရိမ်စရာများကို အကြောင်းကြားရန်” တိုက်တွန်းလိုက်သည်။ ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံများကို အွန်လိုင်းပေါ်တင်ထားခြင်းသည် အထူးစိုးရိမ်ရကြောင်း ယင်းစာတွင်ဖော်ပြထားသည်။ လူအများသိစေရန် အသေးစိတ်ဖော်ပြထားသည့် ဝက်ဘ်ဆိုက်များသည် အကျင့်ပျက်လူငယ်များနှင့် လူကြီးများအတွက် ဆွဲဆောင်မှုဖြစ်လေ့ရှိ၏။ “မိဘတစ်ဦးအနေနှင့် သင်သည် ယင်းကိစ္စများနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများမှာ အမှန်တကယ်ဖြစ်ကြောင်း၊ သင့်ကလေး၏ အင်တာနက်အသုံးပြုမှုတွင် သင်ကိုယ်တိုင် အသိအမြင် ဗဟုသုတရှိထားခြင်းဖြင့် ကလေးအန္တရာယ်ကင်းရေးတွင် အရေးကြီးကဏ္ဍမှ ပါဝင်နိုင်ကြောင်း သိထားဖို့လိုသည်” ဟု စာ၌ ဖော်ပြထား၏။
သို့သော် မိဘအချို့သည် မိမိတို့သားသမီးများ အင်တာနက်တွင် အဘယ်အရာလုပ်ဆောင်နေကြောင်း စိုးစဉ်းမျှမသိရှိကြသည်မှာ အံ့ဩစရာပင်။ အသက် ၁၆ နှစ်အရွယ်သမီးဖြစ်သူ၏ အင်တာနက်လုပ်ဆောင်မှုများကို အနီးကပ်စောင့်ကြည့်နေသည့် မိခင်တစ်ဦးက ဤသို့ဆိုသည်– “သားသမီးတွေ တင်ထားတဲ့အရာ၊ ဆွေးနွေးနေတဲ့အရာကို မိဘတွေ သိလိုက်မယ်ဆိုရင် အရမ်းထိတ်လန့်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်။” အင်တာနက်လုံခြုံရေး ပါရဂူတစ်ဦး၏အဆိုအရ လူငယ်အချို့သည် လွန်ညစ်ညမ်းသည့် လိင်ဆိုင်ရာ . . . ဓာတ်ပုံများကို အင်တာနက်ပေါ်တွင် တင်ထားကြ၏။
ဆိုးကျိုးများ
ဤစိုးရိမ်ထိတ်လန့်မှုက ဆယ်ကျော်သက်အရွယ်ဟူသည် အဘယ်အရာနှင့်တူကြောင်း မေ့လျော့နေကြသည့် အစိုးရိမ်လွန်သောလူကြီးများ၏ မူမမှန်မှုသာလော။ စာရင်းဇယားများက ထိုသို့မဟုတ်ကြောင်း ဖော်ပြသည်။ နိုင်ငံအချို့တွင် အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အကြားရှိ ယောက်ျားလေးနှင့်မိန်းကလေး သုံးပုံတစ်ပုံခန့်သည် လိင်ဆက်ဆံခဲ့ကြပြီးဖြစ်သည်။ အသက် ၁၃ နှစ်နှင့် ၁၉ နှစ်အကြားရှိ ဆယ်ကျော်သက်ထက်ဝက်ကျော်က သူတို့သည် ပါးစပ်ဖြင့် လိင်ဆက်ဆံခဲ့ကြသည်ဟုဆို၏။
တိကျမှန်ကန်သော အဆိုပါစာရင်းဇယားများနှင့်ပတ်သက်၍ နည်းပညာပိုင်းတွင် တာဝန်ရှိပါသလော။ လုံးဝတာဝန်ရှိသည်။ “ဆဲလ်ဖုန်းများနှင့် အင်တာနက်သည် ဆယ်ကျော်သက်များအား တစ်သီးပုဂ္ဂလနေရန် အကန့်အသတ်မရှိ ကမ်းလှမ်းနေပြီး အပျော်တွဲရန်ပို၍လွယ်ကူစေသည်” ဟု New York Times Magazine မှ သတင်းတစ်ပုဒ်ကဆို၏။ * အမှန်ဆိုရလျှင် ကွန်ပျူတာခလုတ် အနည်းငယ်နှိပ်လိုက်ရုံနှင့် လိင်ခြားသူတစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံရန် စီစဉ်နိုင်သည်။ လေ့လာမှုတစ်ခုတွင် မိန်းကလေး ၅ ဦးလျှင် ၄ ဦးခန့်က မိမိတို့သည် အွန်လိုင်းဆက်သွယ်ရာတွင် ဂရုစိုက်သင့်သလောက် မစိုက်ကြဟု ဝန်ခံခဲ့သည်။
ချိန်းတွေ့ရန် သို့မဟုတ် အပျော်တွဲရန် အွန်လိုင်းတွင် ရှာဖွေနေကြသူအချို့သည် ၎င်းတို့မျှော်လင့်ထားသည့် အခြေအနေထက်မက ရောက်ရှိသွားသည်။ ‘လိင်ဆိုင်ရာ ထိပါးစော်ကားမှုတွေ တိုးများလာတာကို တွေ့မြင်နေရတယ်’ ဟု ကယ်လီဖိုးနီးယားပြည်နယ်၊ နိုဗာတိုရဲဌာနမှ ဂျနီဖာဝဲလ်ခ်ျကဆို၏။ လိင်ဆိုင်ရာစော်ကားခံရသူအများသည် ၎င်းတို့အား စော်ကားမည့်သူနှင့် အွန်လိုင်းဖြင့် ဦးဆုံးဆက်သွယ်ပြီးနောက် လူချင်းတွေ့ဆုံကြဖို့ သဘောတူခဲ့ကြသည်ဟု ဂျနီဖာကဆိုသည်။
‘လောကပညာ’ ကိုသတိပြု
သတင်းစာများနှင့် မဂ္ဂဇင်းများတွင်ပါရှိသော ဆယ်ကျော်သက်အကြံပေးဆောင်းပါးများသည် လူငယ်နှင့်လိင်ကိစ္စအကြောင်းကို လျှော့လျှော့ပေါ့ပေါ့ ရေးသားကြသည်။ လိင်ကိစ္စရှောင်ကြဉ်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားစင်ကြယ်စွာနေထိုင်ခြင်းကို ဆောင်းပါးများတွင် ထောက်ခံထားသော်လည်း ဆောင်းပါးများ၏အဓိကရည်ရွယ်ချက်မှာ လိင်မှုကိစ္စမပြုခြင်းထက် “ဘေးကင်းစိတ်ချရသော” လိင်ကိစ္စကိုအားပေးရန်ဖြစ်၏။ အကြောင်းပြချက်မှာ ‘လူငယ်များအား လိင်ကိစ္စရှောင်ကြဉ်ရန် ကျွန်ုပ်တို့ မတားမြစ်နိုင်သောကြောင့် အနည်းဆုံးတော့ တာဝန်ယူတတ်ရန် သူတို့ကို သွန်သင်ပေးနိုင်ပါသည်’ ဟူ၍ဖြစ်ပုံရသည်။
ဆယ်ကျော်သက်ဝက်ဘ်ဆိုက်တစ်ခု၏ ဆောင်းပါးတစ်ပုဒ်တွင် လိင်ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ ထည့်မတွက်ကြသည့် အချက်သုံးချက်မှာ (၁) ကိုယ်ဝန်ရနိုင်သည့်အန္တရာယ်၊ (၂) လိင်ဆိုင်ရာ ကူးစက်ရောဂါရနိုင်သည့်အန္တရာယ်နှင့် (၃) နှစ်ဦးစလုံး ကြုံတွေ့ရမည့်အကျိုးဆက်ကို ရင်ဆိုင်ရန် စိတ်ပိုင်းအရ အသင့်ဖြစ်မဖြစ် ဆုံးဖြတ်ခြင်း၏အရေးကြီးမှုတို့ဖြစ်သည်။ “အဆုံးတွင်မူ သင်သာလျှင် ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်” ဟုအဆိုပါဝက်ဘ်ဆိုက်ကဆို၏။ အဆိုပါကိစ္စကို မိဘဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးရန်ကိုမူ သဘောလောက်သာ ရည်ညွှန်းပြောဆိုထားသည်။ ထိုသို့သောလိင်ကိစ္စ မှန်ကြောင်း၊ မှားကြောင်းကိုလည်း ဖော်ပြထားခြင်းမရှိချေ။
သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် ယုံကြည်အားထား၍မရသည့် မိုက်မဲသော ‘လောကပညာ’ ထက်ပိုကောင်းသောအရာဖြင့် သင့်သားသမီးများကို လမ်းညွှန်ပေးလိုမည်မှာ သေချာပါသည်။ (၁ ကောရိန္သု ၁:၂၀) ကလးများ၏ငယ်ရွယ်စဉ်ဘဝကို သင်မည်သို့ ထိန်းကျောင်းပေးပြီး ဤဆောင်းပါးတွင် ဆွေးနွေးထားသော အန္တရာယ်များကို မည်သို့ရှောင်ကြဉ်စေနိုင်သနည်း။ ကွန်ပျူတာပိတ်လိုက်ရုံ၊ ဖုန်းကိုဖယ်ရှားလိုက်ရုံမျှနှင့် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည်ကားမဟုတ်ချေ။ အပေါ်ယံဖြေရှင်းနည်းများက ထိရောက်မှုရှိမည်မဟုတ်ချေ။ (သု. ၄:၂၃) သင့်သားသမီးများသည် မိဘတစ်ဦးအနေနှင့် သင်ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်သည့် လိုအပ်ချက်အချို့ကို ဖြည့်ဆည်းရန် ဆဲလ်ဖုန်းနှင့် အင်တာနက်ကဲ့သို့သော ကိရိယာများကို အသုံးပြုနေခြင်းဖြစ်နိုင်ကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ ယင်းလိုအပ်ချက်အချို့ကား အဘယ်နည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 13 အင်တာနက်ကို အပြစ်တင်မည့်အစား မိဘများသည် မိမိတို့၏သားသမီးများ မကြာခဏကြည့်ရှုနေကြသည့် အင်တာနက်ဆိုက်များနှင့် အကျွမ်းတဝင်ရှိသင့်သည်။ ဤနည်းဖြင့် သားသမီးများအား ‘အမှားအမှန်ခွဲခြားတတ်စေရန်’ ၎င်းတို့၏ ‘ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်’ ပေးနိုင်သည်။ (ဟေဗြဲ ၅:၁၄) ယင်းသို့လေ့ကျင့်ပေးခြင်းက သားသမီးများ အရွယ်ရောက်လာသောအခါ အထောက်အကူပြုပေမည်။
^ အပိုဒ်၊ 23 “အပျော်တွဲခြင်း” ဟူသောအသုံးအနှုန်းသည် အတူတူအချိန်ဖြုန်းခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်းကို ရည်ညွှန်းနိုင်သည်။ ဤစကားစပ်အရ ယင်းသည် ချစ်ခင်တွယ်တာမှုမရှိဘဲ ကာယအလိုဆန္ဒပြည့်ဝရေးအတွက် လိင်ဆက်ဆံခြင်းကို ရည်ညွှန်းသည်။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
“အိမ်ပြန်ရောက်တာနဲ့ အင်တာနက်ကို ချက်ချင်းဖွင့်ပြီး . . . တစ်ခါတလေ မနက် ၃ နာရီအထိ ထိုင်ကြည့်နေတယ်”
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
“ကိုယ့်ကို လူတွေမသိတဲ့အတွက် ကိုယ်နဲ့လုံးဝမတူတဲ့ တခြားတစ်ယောက်ပုံစံမျိုး လုပ်ယူလို့ရတယ်”
[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]
“သားသမီးတွေ တင်ထား တဲ့အရာ၊ ဆွေးနွေးနေတဲ့အရာကို မိဘတွေ သိလိုက်မယ်ဆိုရင် အရမ်းထိတ်လန့်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်”
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
လူမှုဆက်သွယ်ရေး ကွန်ယက်အကြောင်း မိန်းကလေးတစ်ဦး၏ ပြောပြချက်
“ကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ ကျောင်းရဲ့ဝက်ဘ်စာမျက်နှာကို ကျွန်မ စအသုံးပြုခဲ့တယ်။ တစ်ပတ်မှာ တစ်နာရီလောက်နဲ့ ကျွန်မအစပြုခဲ့တယ်။ မကြာပါဘူး နေ့စဉ်ရက်ဆက်ဖြစ်လာတယ်။ အင်တာနက်မဖွင့်ရင်လည်း အဲဒီအကြောင်းပဲ တွေးနေမိတဲ့အထိ ကျွန်မအစွဲကြီးစွဲခဲ့တယ်။ ဘာဆိုဘာမှ အာရုံမစိုက်နိုင်တော့ဘူး။ ကျောင်းစာတွေ မလိုက်နိုင်တော့ဘူး။ အစည်းအဝေးတွေမှာ အာရုံမစိုက်နိုင်တဲ့အပြင် သူငယ်ချင်းတွေကိုတောင် လျစ်လျူရှုလာတယ်။ နောက်ဆုံးတော့ ကျွန်မရဲ့အဖြစ်အပျက်ကို မိဘတွေ သိရှိသွားတဲ့အခါ အင်တာနက်အသုံးပြုတာကို ကန့်သတ်လိုက်ကြတယ်။ ကျွန်မ အရမ်းခံရခက်တယ်။ စိတ်လည်းဆိုးမိတယ်။ ဒါပေမဲ့ အဲလိုကန့်သတ်လိုက်တဲ့အတွက် အခု ကျွန်မပျော်ရွှင်နေတယ်၊ အတော်လေးလည်း နေသားကျသွားတယ်။ အင်တာနက်ချိုး ထပ်မဖြစ်ချင်တော့ဘူး။”—ဘရန်ကာ။