ချာ့ခ်ျများ မည်သို့ဖြစ်သွားပြီနည်း
ချာ့ခ်ျများ မည်သို့ဖြစ်သွားပြီနည်း
မြောက်ဘက် မက္ကဆီကိုနိုင်ငံမှ တောင်ဘက် ချီလီနိုင်ငံအထိဖြစ်သော လက်တင်အမေရိကတွင် ယဉ်ကျေးမှုအများစုသည် ဆင်တူကြ၏။ သက်ကြီး လက်တင်အမေရိကတိုက်သားများသည် ရိုမန်ကက်သလစ်ဘာသာတစ်ခုတည်းသာ ရှိခဲ့သည့်အချိန်ကို အမှတ်ရကြသည်။ ၁၆ ရာစုတွင် စပိန်စစ်အောင်နိုင်သူများသည် လက်နက်အားကိုးဖြင့် ယင်းဘာသာသို့ အတင်းအဓမ္မသွတ်သွင်းခဲ့ကြသည်။ ဘရာဇီးတွင် နယ်ချဲ့စိုးမိုးနေသူများမှာ ရိုမန်ကက်သလစ် ပေါ်တူဂီများဖြစ်သည်။ အနှစ် ၄၀၀ တိုင် ကက်သလစ်ချာ့ခ်ျသည် အုပ်စိုးရှင်များကို ထောက်ခံအားပေးပြီး အပြန်အလှန်အနေနှင့် ၎င်းတို့ထံမှ ငွေရေးကြေးရေးထောက်ပံ့မှုနှင့် နိုင်ငံတော်ဘာသာအဖြစ် အသိအမှတ်ပြုမှုကိုရယူသည်။
သို့သော် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ကက်သလစ်ဘုန်းကြီးအချို့သည် အာဏာရအထက်တန်းလွှာအုပ်စုကိုသာ ထောက်ခံအားပေးခြင်းက ပြည်သူလူထု၏ထောက်ခံမှုကို လက်လွှတ်ဆုံးရှုံးစေနိုင်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ဆင်းရဲသားပြည်သူလူထု၏ ထောက်ခံမှုကိုရရှိရန် လွတ်မြောက်ရေးဘာသာဝါဒဟုတွင်သော လှုပ်ရှားမှုကို အားပေးအားမြှောက်ပြုခြင်းဖြင့် အစပြုလုပ်ဆောင်ခဲ့ကြသည်။ ကက်သလစ်ဘာသာဝင်အမြောက်အမြား ဆင်းရဲမွဲတေနေကြသည့် လက်တင်အမေရိကတွင် အဆိုပါလှုပ်ရှားမှုကို ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအနေနှင့် စတင်ခဲ့သည်။
ခရစ်ယာန်ဘုန်းကြီးများသည် ခေတ်စားလာသော နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ဖို့ ကြိုးစားနေကြသော်လည်း လူသန်းပေါင်းများစွာကမူ ကက်သလစ်ယုံကြည်ချက်မှ အခြားသောချာ့ခ်ျများဘက်သို့ ဦးလှည့်သွားခဲ့ကြပြီ။ လက်ခုပ်သြဘာပေးခြင်း၊ စိတ်လှုပ်ရှားတက်ကြွဖွယ် ဓမ္မတေးသီချင်းများသီဆိုခြင်း ပါဝင်သည့်ဝတ်ပြုဆုတောင်းပွဲများ သို့မဟုတ် ရော့ခ်ဂီတပွဲဆန်ဆန် ဝတ်ပြုဆုတောင်းပွဲများကျင်းပကြသည့် ဘာသာတရားများ လျင်မြန်စွာ တိုးများလာခဲ့သည်။ “လက်တင်အမေရိကတွင် ဧဝံဂေလိလှုပ်ရှားမှုသည် မရေမတွက်နိုင်သော ချာ့ခ်ျများအဖြစ်သို့ ခွဲထွက်ကုန်သည်။ များသောအားဖြင့် ခွဲထွက်သွားသောချာ့ခ်ျများကို ဓမ္မဆရာတစ်ဦးတည်းက လွှမ်းမိုးချုပ်ကိုင်သည်။ အသင်းသားအရေအတွက် တိုးများလာသည့်အခါ နောက်ချာ့ခ်ျအသစ်တစ်ခု ပြန်ခွဲထွက်သွားလိမ့်မည်” ဟုဒန်ကန်ဂရင်းက Faces of Latin America ဟူသောစာအုပ်တွင်ဆိုသည်။
ဥရောပတိုက်သားများ ချာ့ခ်ျကို ကျောခိုင်းကြ
ဥရောပနိုင်ငံအများစုကို ခရစ်ယာန်အမည်ခံ အစိုးရများ အုပ်ချုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၁,၆၀၀ ကျော်တိုင်ခဲ့ပြီဖြစ်သည်။ ၂၁ ရာစုသို့ ဝင်ရောက်လာသည်နှင့်အမျှ ဥရောပရှိ ဘာသာတရားမှာ တိုးတက်ထွန်းကားနေပါသလော။ ၂၀၀၂ ခုနှစ်ထုတ် God is Dead—Secularization in the West ဟူသောစာအုပ်၌ လူမှုဗေဒပညာရှင် စတိဗ်ဘရုစ်က ဗြိတိန်နိုင်ငံအကြောင်း ဤသို့ရေးခဲ့သည်– “၁၈၀၀ ပြည့်လွန်နှစ်များတွင် လက်ထပ်မင်္ဂလာပွဲအားလုံးနီးပါးကို ဘာသာရေးဆန်ဆန် ကျင်းပခဲ့ကြသည်။” သို့သော် ၁၉၇၁ ခုနှစ်ရောက်သော် လက်ထပ်မင်္ဂလာပွဲများ၏ ၆၀ ရာခိုင်နှုန်းသာ ဘာသာရေးဆန်တော့သည်။ ၂၀၀၀ ပြည့်နှစ်တွင်မူ ၃၁ ရာခိုင်နှုန်းသာရှိတော့၏။
ချာ့ခ်ျများကျင့်သုံးခဲ့သော နည်းလမ်းများနှင့်ပတ်သက်၍ လန်ဒန် Daily Telegraph သတင်းစာ၏ ဘာသာရေးသတင်းထောက်က ဤသို့ရေးသားခဲ့သည်– “ချာ့ခ်ျအော့ဖ်အင်္ဂလန်မှသည် ရိုမန်ကက်သလစ်အထိ၊ မက်သဒစ်မှအစ ယူနိုက်တက်ရီဖောင်းချာ့ခ်ျအဆုံး အဓိကဂိုဏ်းခွဲများအားလုံး ဆုတ်ယုတ်ကျဆင်းနေပြီ။” သတင်းတစ်ပုဒ်နှင့်စပ်လျဉ်း၍ သူကဤသို့ဆိုသည်– “ဗြိတိန်နိုင်ငံရှိချာ့ခ်ျများသည် ၂၀၄၀ ပြည့်နှစ်ရောက်သော် တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲတက်ရောက်သူ အရေအတွက်၏ နှစ်ရာခိုင်နှုန်းသာရှိမည့်အခြေသို့ ဆိုက်ရောက်ပေတော့မည်။” နယ်သာလန်နိုင်ငံတွင်လည်း အလားတူဖြစ်မည်ဟုဆိုကြ၏။
“မကြာသေးမီဆယ်စုနှစ်များက ကျွန်ုပ်တို့၏နိုင်ငံတွင် ဘာသာရေးကိုလက်မခံမှုမှာ ပို၍ထင်ရှားလာသည်။ ၂၀၂၀ ပြည့်နှစ်ရောက်သော် လူဦးရေ ၇၂ ရာခိုင်နှုန်းသည် မည်သည့်ဘာသာရေးတွင်မျှ ပါဝင်တော့မည်မဟုတ်ချေ” ဟုဒတ်ခ်ျ လူမှုရေးနှင့်ယဉ်ကျေးမှုစီမံကိန်းရုံး၏ သတင်းတစ်ပုဒ်ကဆိုသည်။ ဂျာမန်အွန်လိုင်းသတင်းစာတစ်စောင်ကလည်း ဤသို့ဆို၏– “ယခင်က ချာ့ခ်ျများ၊ အလုပ်အကိုင်များနှင့် မိသားစုတွင်သာရရှိခဲ့သည့် နှစ်သိမ့်မှုကို စုန်းကဝေအတတ်နှင့် ဂမ္ဘီရမှော်အတတ်ပညာဘက်သို့လှည့်ကာ ရှာဖွေနေကြသော ဂျာမန်လူမျိုးများ၏အရေအတွက်မှာ တိုးများလာနေပြီ။ . . . နိုင်ငံတစ်ဝန်းမှ ချာ့ခ်ျများသည် အသင်းသားများမရှိတော့သည့်အတွက် မဖြစ်မနေ ပိတ်ပစ်ရတော့မည်။”
ဥရောပတွင် ချာ့ခ်ျတက်ရောက်နေဆဲဖြစ်သော သူတို့သည် အများအားဖြင့် ဘုရားသခင့် တောင်းဆိုချက်များကိုသိရှိရန် ချာ့ခ်ျသို့သွားခြင်းမဟုတ်ချေ။ အီတလီနိုင်ငံမှ သတင်းတစ်ပုဒ်က “အီတလီလူမျိုးများသည် မိမိတို့၏ဘာသာကို မိမိတို့၏ဘဝပုံစံနှင့်ကိုက်ညီအောင် ပြုပြင်လိုက်ကြသည်” ဟုဆို၏။ ယင်းနိုင်ငံမှ လူမှုဗေဒပညာရှင်တစ်ဦးကလည်း ဤသို့ဆိုသည်– “ပုပ်ရဟန်းမင်းကြီးပြောသည့်အထဲမှ ကျွန်ုပ်တို့ကြိုက်သည့်အချက်ကိုသာ လက်ခံကြသည်။” စပိန်နိုင်ငံမှ ကက်သလစ်ဘာသာဝင်များလည်း ထပ်တူပြောဆိုကြဖွယ်ရှိသည်။ ဘာသာတရားကိုင်းရှိုင်းမှုနေရာတွင် များများထုတ် များများသုံးဝါဒနှင့် လိုတရဝါဒတို့က အစားထိုး ဝင်ရောက်လာသည်။
ဤနည်းလမ်းများသည် ခရစ်တော်နှင့် ကိုယ်တော့်နောက်လိုက်များ သွန်သင်ခဲ့၊ ကျင့်သုံးခဲ့ကြသည့် ခရစ်ယာန်ဘာသာနှင့် လားလားကြီးဆန့်ကျင်နေ၏။ နှစ်သက်ရာကို ရွေးချယ်၊ မနှစ်သက်ရာကို ဘေးဖယ်သည့် ဘာသာတရားကို ယေရှု မတည်ထောင်ခဲ့ချေ။ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်” ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။ ခရစ်ယာန်ဘဝလမ်းစဉ်ဟူသည် အနစ်နာခံ၍ ကြိုးစားအားထုတ်ရသည့်လမ်းစဉ်ဖြစ်ကြောင်း ယေရှုသွန်သင်ခဲ့သည်။—လုကာ ၉:၂၃။
မြောက်အမေရိကတွင် ဘာသာတရားကို ဈေးကွက်တင်ခြင်း
အမေရိကန်နိုင်ငံသည် ဘာသာတရားနှင့်ပတ်သက်လျှင် အဆိုးမြင်သော ကနေဒါနိုင်ငံနှင့်မတူဘဲ ဘာသာတရားကို အလေးအနက်ထားကြောင်း လေ့လာအကဲခတ်သူများက ဆိုကြသည်။ သဘောထားမေးမြန်းကောက်ယူသည့် သုတေသနဌာနအချို့၏အဆိုအရ ချာ့ခ်ျတက်ရောက်သူဦးရေမှာ အမှန်တကယ်တွင် ၂၀ ရာခိုင်နှုန်းခန့်သာရှိသော်လည်း ၄၀ ရာခိုင်နှုန်းက မိမိတို့ ပတ်စဉ် ချာ့ခ်ျတက်ကြသည်ဟုဆို၏။ ၆၀ ရာခိုင်နှုန်းကျော်က သမ္မာကျမ်းစာကို ဘုရားသခင့်စကားတော်အဖြစ် ယုံကြည်သည်ဟုဆိုကြ၏။ သို့သော် တစ်စုံတစ်ရာသောချာ့ခ်ျအပေါ် ၎င်းတို့၏စိတ်အားထက်သန်မှုမှာ ကြာရှည်မခံချေ။ အမေရိကန်နိုင်ငံတွင် ချာ့ခ်ျတက်ရောက်သူများစွာသည် အလွယ်တကူ ဘာသာပြောင်းကြသည်။ တရားဟောဆရာတစ်ဦးသည် ရေပန်းမစားသည့်အခါ သို့မဟုတ် ကြည်ညိုလေးစားမခံရတော့သည့်အခါ သူ၏အသင်းသားများကို အလျင်အမြန်ဆုံးရှုံးနိုင်ပြီး ဝင်ငွေလည်း နည်းသွားတတ်၏။
ချာ့ခ်ျအချို့သည် မိမိတို့၏ဘာသာရေးအခမ်းအနားများကို မည်သို့ “ဈေးကွက်တင်” ရမည်ကိုသိရှိရန် စီးပွားရေးနည်းစနစ်များကို လေ့လာကြသည်။ အသင်းသားများသည် ချာ့ခ်ျအတိုင်ပင်ခံကုမ္ပဏီများကိုငှားရမ်းရန် ဒေါ်လာထောင်နှင့်ချီ အကုန်ခံကြသည်။ ယင်းသို့သောကုမ္ပဏီများနှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်အရ ကျေနပ်အားရနေသော ဓမ္မဆရာတစ်ဦးက “အလွန်အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပဲ” ဟု ဆိုခဲ့သည်ဟူ၏။ အသင်းသားထောင်ချီရှိသည့် ချာ့ခ်ျများသည် ငွေရေးကြေးရေးအရ အောင်မြင်နေကြရာ The Wall Street Journal နှင့် The Economist ကဲ့သို့သော စီးပွားရေးစာစောင်များ၏ အာရုံစိုက်စရာဖြစ်နေလေသည်။ အသင်းသားဦးရေများသည့် ချာ့ခ်ျများသည် “ကာယရေးနှင့်ဝိညာဉ်ရေးလိုအပ်ရာများ တစ်နေရာတည်းတွင် အကုန်ရနိုင်သောနေရာဖြစ်” လေ့ရှိကြောင်း ထိုစာစောင်များတွင် ဖော်ပြထားသည်။ ချာ့ခ်ျအဆောက်အအုံများတွင် စားသောက်ဆိုင်များ၊ ကဖေးဆိုင်များ၊ အလှပြင်ဆိုင်များ၊ ရေနွေးငွေ့ပေါင်းခံခန်းများနှင့် အားကစားရုံများပါဝင်သည်။ စွဲမက်ဖွယ်ရာများတွင် ကဇာတ်ရုံ၊ နာမည်ကျော်ပုဂ္ဂိုလ်များနှင့်တွေ့ဆုံခြင်း၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲများလည်း ပါဝင်သေး၏။ သို့သော် တရားဟောဆရာများသည် အဘယ်အရာသွန်သင်ပေးကြသနည်း။
ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောမည့်အစား ကြီးပွားချမ်းသာနည်းကို ဟောပြောကြသည်။ ချာ့ခ်ျတွင် များများလှူဒါန်းပါက ကျန်းမာချမ်းသာမည်ဟု ယုံကြည်သူများကို ပြောဆိုကြသည်။ ကိုယ်ကျင့်တရားနှင့်ပတ်သက်လာလျှင်မူ ဘုရားသခင်သည် အလွန်သည်းခံတတ်သည်ဟု ဆိုကြသည်။ “အမေရိကန်ချာ့ခ်ျများသည် စီရင်ဖို့မဟုတ်ဘဲ ကုစားပေးဖို့ဖြစ်သည်” ဟု လူမှုဗေဒပညာရှင်တစ်ဦးကဆို၏။ အများအားဖြင့် လူကြိုက်များသည့်ဘာသာတရားများသည် ဘဝအောင်မြင်ရေးအတွက် အကြံပေးချက်များအပေါ် အာရုံစိုက်ကြသည်။ လူတို့သည် ဂိုဏ်းဂဏစွဲမရှိသည့်ချာ့ခ်ျများတွင် ပို၍သက်သောင့်သက်သာရှိကြသည်။ ထိုတွင် သဘောထားကွဲလွဲစေသည်ဟု ယူဆရသည့် အယူဝါဒများကို ထုတ်ဖော်ပြောဆိုလေ့မရှိကြချေ။ သို့သော် နိုင်ငံရေးကိစ္စများကိုမူ အပီအပြင်၊ အတိအကျ ထုတ်ဖော်ပြောဆိုကြ၏။ မကြာသေးမီက ဓမ္မဆရာအချို့အတွက် မျက်နှာပူစရာဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။
မြောက်အမေရိကတွင် ဘာသာတရားဘက်၌ ပြန်လည်နိုးကြားတက်ကြွလာသလော။ “ဝတ်ပြုဆုတောင်းပွဲများတွင် ဆူညံစွာအော်ဟစ်ခြင်း၊ မူးမေ့လဲကျခြင်း၊ ခြေဆောင့်ခြင်း” အပြင် အခြားဘာသာရေးထုံးတမ်းများ ရေပန်းစားလာမှုအကြောင်း ၂၀၀၅ ခုနှစ်ထုတ် နယူးစ်ဝိခ်မဂ္ဂဇင်းက ဖော်ပြသော်လည်း ဤသို့ထောက်ပြခဲ့၏– “မည်သည့်အရာပင် ဖြစ်ပျက်နေစေကာမူ ချာ့ခ်ျတက်ရောက်သူအရေအတွက်မှာ တိုးများလာခြင်းမရှိချေ။” လေ့လာဆန်းစစ်မှုများအရ မည်သည့်ဘာသာတရားနှင့်မျှ ဆက်နွှယ်ပတ်သက်မှုမရှိဟုဆိုသောသူတို့၏ ရာခိုင်နှုန်းမှာ လျင်မြန်စွာ တိုးများလာနေသည်။ အချို့သောချာ့ခ်ျတွင် အသင်းသားတိုးများလာခြင်းမှာ အခြားသောချာ့ခ်ျမှ အသင်းသား ဆုတ်ယုတ်သွားခြင်းကြောင့်သာဖြစ်၏။ ဘာသာရေးအခမ်းအနားများ၊ အော်ဂင်တေးဂီတ၊ ဝတ်ရုံရှည်ဝတ်ဓမ္မဆရာနှင့်အတူ မိရိုးဖလာဘာသာတရားများကို ကျောခိုင်းသူအရေအတွက် “တိုးများ” လာသည်ဟုဆို၏။
လက်တင်အမေရိက၌ ချာ့ခ်ျများ အစိတ်စိတ်အမြွှာမြွှာကွဲပြားခြင်း၊ ဥရောပတွင် အသင်းသားများကို လက်လွှတ်ဆုံးရှုံးရခြင်း၊ အမေရိကန်နိုင်ငံတွင် ငွေကြေးထောက်ပံ့မှုကို ဖျော်ဖြေရေးနှင့် စိတ်လှုပ်ရှားစရာ ပျော်ပွဲရွှင်ပွဲများဖြင့် ထိန်းထားခြင်းစသည်တို့ကို ကျွန်ုပ်တို့ အကျဉ်းချုပ် ဆွေးနွေးသုံးသပ်ခဲ့ကြပြီ။ ဤတွင်မပါသောအရာများစွာ ရှိနေသေးသော်လည်း ခြုံကြည့်လိုက်လျှင် ချာ့ခ်ျများသည် လူအများ၏နှစ်သက်လက်ခံမှုကိုရရှိရန် ကြိုးစားရုန်းကန်နေကြသည်။ ခရစ်ယာန်ဘာသာတရား ဆုတ်ယုတ်နေသည်ဟု ယင်းကဆိုလိုပါသလော။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“ကုန်တိုက်ကြီးနှင့်တူသော ဘာသာတရား”
ပြင်သစ်နိုင်ငံရှိ ကက်သလစ်ချာ့ခ်ျ၏ ဒါရိုက်တာတစ်ဦးက ဤသို့ကိုးကားပြောဆိုခဲ့သည်– “ကျွန်ုပ်တို့သည် ကုန်တိုက်ကြီးနှင့်တူသော ဘာသာတရားကို တွေ့ မြင်နေရသည်။ လူတို့သည် ချာ့ခ်ျဝတ်ပြုဆုတောင်းပွဲများကို ကိုယ်ကျိုးအတွက် အသုံးချပြီး သဘောမတွေ့တော့သည့်အခါ အခြားဘက်သို့ ဦးလှည့်သွားကြသည်။” ဥရောပဘာသာတရားနှင့်ပတ်သက်၍ လေ့လာမှုတစ်ခုတွင် Britain’s Exeter တက္ကသိုလ်ပါမောက္ခဖြစ်သူ ဂရေ့စ်ဒေဗီက ဤသို့ဆိုသည်– “လူတို့သည် ဘာသာကွဲအမျိုးမျိုးမှ အကျင့်ဓလေ့များကို ‘ရွေးချယ်၍ ပေါင်းစပ်’ ကြသည်။ ဘာသာတရားဟူသည် လူတို့၏ထင်မြင်ချက်၊ ဘဝပုံစံ၊ ကြိုက်နှစ်သက်ရာများနှင့်အညီ လွတ်လပ်စွာရွေးချယ်နိုင်သည့်အရာတစ်ခု ဖြစ်လာပြီ။”
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အီတလီနိုင်ငံ နေပယ်လ်မြို့၊ ချာ့ခ်ျအဝင်ဝပေါ်တွင် ရေးခြစ်ထားရာများ
[Credit Line]
©Doug Scott/age fotostock
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မက္ကဆီကိုတွင် လူအမြောက်အမြား ချာ့ခ်ျယုံကြည်ချက်မှ ဦးလှည့်သွားခဲ့ကြ