ဗြိတိန်နိုင်ငံ၏ “မေ့လျော့ခံရသောဉာဏ်ကြီးရှင်” တစ်ဦး
ဗြိတိန်နိုင်ငံ၏ “မေ့လျော့ခံရသောဉာဏ်ကြီးရှင်” တစ်ဦး
ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
ရောဘတ်ဟွတ်ခ်ကို သူ၏တစ်ခေတ်တည်းသားများက “အသက်ရှင်ခဲ့သမျှတွင် တီထွင်ဉာဏ်အရှိဆုံးလူသား” အဖြစ် သတ်မှတ်ကြသည်။ ယခု သူ့ကို အင်္ဂလန်နိုင်ငံ၏ လီယိုနာဒိုဒါဗင်ချီ *ဟု ဂုဏ်ပြုခေါ်တွင်ကြ၏။ ၁၆၃၅ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဟွတ်ခ်သည် ၁၆၆၂ ခုနှစ်တွင် လန်ဒန်တော်ဝင်အသင်း၌ သိပ္ပံစမ်းသပ်ခန်း ကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၆၇၇ ခုနှစ်တွင် ၎င်းအသင်း၏အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၁၇၀၃ ခုနှစ်တွင် သူကွယ်လွန်ခဲ့၏။ သူသည် သိပ္ပံပညာဘက်တွင် ဂုဏ်သတင်းမွှေးလင့်ကစား သူ၏ရုပ်အလောင်းကိုမူ လန်ဒန်မြောက်ဘက်ရှိ မထင်မရှားအုတ်ဂူတစ်ခုတွင် မြှုပ်နှံထားကြသည်။
မကြာသေးမီနှစ်များက သိပ္ပံပညာရှင်များနှင့် သမိုင်းပညာရှင်များသည် “မေ့လျော့ခံရသော ဉာဏ်ကြီးရှင်” ဟုအတ္ထုပ္ပတ္တိရေးသူ စတီဗန်အင်ဝုဒ် ခေါ်ဆိုသော ဟွတ်ခ်၏ဂုဏ်သတင်းကို ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် ဟွတ်ခ်ကွယ်လွန်ခြင်း၏ အနှစ် ၃၀၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လန်ဒန်တော်ဝင် ဂရင်းနစ်နက္ခတ်တာရာကြည့် အဆောက်အအုံတွင် သူ၏ထူးခြားသော တီထွင်မှုများနှင့် ရှာဖွေတွေ့ရှိမှုများအနက် အချို့ကို ပြသထားသည်။ ရောဘတ်ဟွတ်ခ်ကား မည်သူဖြစ်၍ သူ့ကို အဘယ်ကြောင့် ဤမျှကြာကြာ မေ့လျော့လုနီးဖြစ်သွားရသနည်း။
ဟွတ်ခ်ထားခဲ့သော အမွေအနှစ်
ဟွတ်ခ်သည် ပညာတတ်တစ်ယောက်ဖြစ်ပြီး အလွန်ထက်မြက်သော တီထွင်ပညာရှင်တစ်ဦးလည်းဖြစ်၏။ သူတီထွင်ထားသည့်အရာများစွာအနက် အချို့မှာ မျက်မှောက်ခေတ် မော်တော်ကားများတွင် အသုံးပြုကြသည့် ခွဆုံဆက် (universal joint)၊ ကင်မရာများရှိ အပါချာခေါ် အလင်းဝင်ပေါက်ကို ထိန်းညှိပေးသည့် အိုင်းရစ်ဒိုင်ယာဖရမ်နှင့် နာရီများ၏ချိန်ဘီးကို ထိန်းပေးသည့် ဆံခြည်တို့ဖြစ်ကြသည်။ သူသည် ဟွတ်ခ်နိယာမကို ဖော်ထုတ်ခဲ့၏။ စပရင်များ၏ ရုန်းပြန်အားကိုတွက်ချက်ရန် ထိုနိယာမကို ယနေ့ထက်တိုင် အသုံးပြုနေကြဆဲဖြစ်သည်။ ထို့ပြင် သူသည် ထင်ပေါ်ကျော်ကြားသည့် ဗြိတိသျှရူပဗေဒပညာရှင်နှင့် ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်သူ ရောဘတ်ဘွိုင်းလ်အတွက် လေမှုတ်စက်တစ်ခုကို ထွင်ပေးခဲ့သည်။
သို့ရာတွင် ဟွတ်ခ်၏ အကြီးမားဆုံးအောင်မြင်မှုတစ်ခုမှာ ပေါင်းစပ်အဏုကြည့်ကိရိယာတစ်ခုကို ပုံစံပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို နောက်ပိုင်းတွင် လန်ဒန်မြို့ရှိ နာမည်ကျော် သိပ္ပံပစ္စည်းကိရိယာပြုလုပ်သူ ခရစ္စတိုဖာကော့ခ်က ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ဟွတ်ခ်သည် ဖော့အတွင်းရှိ ပျားလပို့အခန်းများနှင့်တူသော အခေါင်းပေါက်များကို ဖော်ပြရန် “ဆဲလ်” ဟူသောစကားလုံးကို တီထွင်ခဲ့၏။ ယင်းတို့ကို သူ၏ကိရိယာဖြင့် စစ်ဆေးတွေ့ရှိနိုင်ပေသည်။ နောက်ပိုင်းတွင် သက်ရှိများ၏ အခြေခံတည်ဆောက်ပစ္စည်းကိုဖော်ပြရန် “ဆဲလ်” ဟူသောစကားလုံးကို အသုံးပြုခဲ့ကြသည်။
၁၆၆၅ ခုနှစ်တွင် ထုတ်ဝေသည့် ဟွတ်ခ်၏ မိုက်ခရိုဂရာဖီယာ (အဏုပုံများ) ဟူသောစာအုပ်က သူ့ကို စောစီးစွာ နာမည်ကျော်ကြားစေခဲ့သည်။ ယင်းစာအုပ်တွင် ဟွတ်ခ်သည် မိမိ၏အဏုကြည့်ကိရိယာ (မိုက်ခရိုစကုပ်) ဖြင့်မြင်ရသော အင်းဆက်ပိုးမွှားများ၏ပုံကို ကိုယ်တိုင် တိကျလှပစွာ ရေးဆွဲဖော်ပြထားသည်။ သူ၏အကျော်ကြားဆုံးပုံမှာ လှေးတစ်ကောင်၏ပုံဖြစ်သည်။ ၁၂ လက်မ၊ ၁၈ လက်မအရွယ်ခန့်ရှိ အဆိုပါပုံတွင် လှေး၏ခြေသည်းလက်သည်းများ၊ ဆူးများနှင့် အခွံမာတို့ကို ရုပ်လုံးပေါ်အောင် ဆွဲပြထားသည်။ အဆိုပါပိုးမွှားလေးများသည် လူ့ကိုယ်ပေါ်တွင် နေထိုင်လေ့ရှိသည်ဟူသောအဖြစ်မှန်က ထိုခေတ်ရှိ လူကုံထံစာဖတ်ပရိသတ်များကို ထိတ်လန့်စေခဲ့သည်။ အမျိုးသမီးများဆိုလျှင် ရုပ်ပုံကိုမြင်လိုက်သည်နှင့်ပင် သတိလစ်သွားကြသည်ဟုဆိုသည်။
အပ်ဖျား၏ ပုံကြီးချဲ့ထားသည့်ပုံနှင့် သဘာဝအရာများကို နှိုင်းယှဉ်ကြည့်ပြီးနောက် ဟွတ်ခ်ဤသို့ ရေးသားခဲ့သည်– “အပ်ဖျားထက် အဆပေါင်းထောင်နှင့်ချီ၍ ပိုချွန်သော ထိပ်ဖျားရာနှင့်ချီကို အဏုကြည့်ကိရိယာဖြင့် တွေ့ မြင်နိုင်သည်။” အင်းဆက်များ၏ အမွေးအမျှင်များ၊ ခြေသည်းလက်သည်းများအပြင် သစ်ရွက်များ၏ ဆူးများ၊ ချိတ်များနှင့် အမွေးများကို သူဖော်ပြခဲ့၏။ အဆိုပါ “သဘာဝ၏လက်ရာများ” သည် ဖန်ဆင်းရှင်၏ အကြွင်းမဲ့တန်ခိုးကိုဖော်ပြနေသည်ဟု သူထင်မှတ်ခဲ့၏။ ဗြိတဲန်နီကာစွယ်စုံကျမ်းက အဏုကြည့်ကိရိယာသည် “မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးနက်နဲသည့် သက်ရှိလောကကို ဦးဆုံးအကြိမ်” ဖော်ထုတ်ပြသခဲ့ပြီဟုဆို၏။
ဟွတ်ခ်သည် ကျောက်ဖြစ်ရုပ်ကြွင်းများကို အဏုကြည့်ကိရိယာဖြင့် ဦးဆုံးစစ်ဆေးကြည့်ရှုခဲ့သူဖြစ်ပြီး ယင်းတို့သည် နှစ်ပေါင်းများစွာက သေကျေပျက်စီးခဲ့သည့် သက်ရှိများ၏ အကြွင်းအကျန်များဖြစ်ကြောင်း သူကောက်ချက်ချနိုင်ခဲ့သည်။ မိုက်ခရိုဂရာဖီယာ စာအုပ်တွင် ပို၍စိတ်ဝင်စားစရာကောင်းသော သိပ္ပံပညာဆိုင်ရာ ရှင်းပြချက်များစွာ ပါရှိသည်။ အမှန်ဆိုရလျှင် ဟွတ်ခ်နှင့်တစ်ခေတ်တည်းသားဖြစ်သူ ထင်ရှားသော နေ့စဉ်မှတ်တမ်းရေးဆရာ ဆမ်မြူယယ်လ်ပိစ်က မိုက်ခရိုဂရာဖီယာကို “ကျွန်ုပ်ဖတ်ဖူးသမျှတွင် အထူးခြားအပြောင်မြောက်ဆုံးစာအုပ်” ဟူ၍ခေါ်ဆိုခဲ့သည်။ အဆိုပါစာအုပ်ကို အောက်စဖို့ဒ်တက္ကသိုလ် သိပ္ပံပညာဆိုင်ရာ သမိုင်းပညာရှင်တစ်ဦးဖြစ်သူ အယ်လန်ချက်ပ်မန်းက “ခေတ်သစ်လောကကို ပုံသွင်းပေးသည့်စာအုပ်တစ်အုပ်” အဖြစ် ဖော်ပြခဲ့၏။
လန်ဒန်မြို့ကို ပြန်လည်တည်ဆောက်ခြင်း
၁၆၆၆ ခုနှစ်တွင် လန်ဒန်မြို့ကြီး မီးလောင်ပြီးနောက် ဟွတ်ခ်သည် စစ်ဆေးရေးအရာရှိအဖြစ် ခန့်အပ်ခံရသည်။ လန်ဒန်မြို့ကို ပြန်လည်တည်ဆောက်ရာတွင် သိပ္ပံပညာရှင်ရောင်းရင်းလည်းဖြစ်၊ ဘုရင့်စစ်ဆေးရေးအရာရှိလည်းဖြစ်သူ မိတ်ဆွေ ခရစ္စတိုဖာရန်းနှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။ ဟွတ်ခ်ရေးဆွဲခဲ့သည့် ဒီဇိုင်းများစွာအနက်တစ်ခုမှာ မီးလောင်ကျွမ်းခြင်းကို အမှတ်တရဖြစ်စေရန် လန်ဒန်မြို့တွင် စိုက်ထူထားသည့် ၂၀၂ ပေ အမြင့်ရှိ အထိမ်းအမှတ်ကျောက်တိုင်ဖြစ်သည်။ ဟွတ်ခ်သည် ကမ္ဘာ့ဆွဲငင်အားနှင့်ပတ်သက်သည့် ၎င်း၏သီအိုရီများကို စမ်းသပ်ရန် ထိုကမ္ဘာ့အမြင့်ဆုံး အမှီအတွယ်မဲ့ကျောက်တိုင်ကို အသုံးပြုဖို့ ရည်ရွယ်ခဲ့သည်။
တော်ဝင် ဂရင်းနစ်နက္ခတ်တာရာကြည့်အဆောက်အအုံက ရန်းကိုသာ အသိအမှတ်ပြုသော်လည်း ဟွတ်ခ်သည် အဆိုပါကျောက်တိုင်ဒီဇိုင်းရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဗြိတိသျှပြတိုက်၏ ပထမဆုံးအဆောက်အအုံဖြစ်သော မွန်တဂူဟောက်စ်သည် ဟွတ်ခ်ပုံစံထုတ်ခဲ့သည့် ဒီဇိုင်းများစွာအနက် တစ်ခုဖြစ်၏။
ဟွတ်ခ်သည် နက္ခတ္တဗေဒပညာရှင်တစ်ဦးအဖြစ် ထူးချွန်ခဲ့ပြီး အလင်းပြန်မှန်ပြောင်းကို ဦးဆုံးတည်ဆောက်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ၏မှန်ပြောင်းကို စကော့တလန်လူမျိုး သင်္ချာပညာရှင်နှင့် နက္ခတ္တဗေဒပညာရှင် ဂျိမ်းစ်ဂရက်ဂရီ အမည်ဖြင့် မှည့်ခေါ်ခဲ့သည်။ ဂျူပီတာ (ကြာသပတေး) ဂြိုဟ်သည် ယင်း၏ဝင်ရိုးတွင် လည်နေကြောင်း ဟွတ်ခ်တွေ့ရှိခဲ့၏။ မားစ်ဂြိုဟ်၏ လည်ပတ်နှုန်းကို သတ်မှတ်ရန် ယင်းဂြိုဟ်နှင့်ပတ်သက်သည့် သူ၏အကြမ်းဖျင်းဖော်ပြချက်များကို ရာစုနှစ် နှစ်ခုကြာပြီးနောက်မှ အသုံးပြုခဲ့ကြလေသည်။
အဘယ်ကြောင့် မေ့လျော့ခံရသနည်း
၁၆၈၇ ခုနှစ်တွင် အိုင်းဇက်နယူတန်သည် သဘာဝတရားဆိုင်ရာ သင်္ချာနိယာမများ (Mathematical Principles of Natural Philosophy) ဟူသောစာအုပ်ကို ထုတ်ဝေလိုက်သည်။ ဟွတ်ခ်၏ မိုက်ခရိုဂရာဖီယာစာအုပ် ထုတ်ဝေအပြီး ၂၂ နှစ်ကြာမှ ထုတ်ဝေခဲ့သည့် နယူတန်၏ထိုစာအုပ်တွင် ဒြပ်ဆွဲအားနိယာမအပါအဝင် ရွေ့လျားမှုဆိုင်ရာနိယာမများကို ဖော်ပြထားသည်။ သို့သော် အယ်လန်ချက်ပ်မန်းဆိုသည့်အတိုင်းပင် ဟွတ်ခ်သည် “ဒြပ်ဆွဲအားနိယာမတွင်ပါဝင်သည့် အချက်အလက်များစွာကို နယူတန်ထက်အလျင် ဖော်ထုတ်ခဲ့” သည်။ ဟွတ်ခ်၏စာအုပ်က နယူတန်အား အလင်း၏သဘောသဘာဝကို ရှာဖွေလေ့လာရန် လှုံ့ဆော်ပေးခဲ့သည်။
ဝမ်းနည်းစရာမှာ အလင်းနှင့် ကမ္ဘာ့ဆွဲအားအကြောင်း အငြင်းပွားမှုကြောင့် အဆိုပါအမျိုးသားနှစ်ဦးမှာ ခပ်တန်းတန်းဖြစ်သွားကြ၏။ နယူတန်သည် ဟွတ်ခ်နှင့်ပတ်သက်သည့် ရည်ညွှန်းချက်များကိုပင် သင်္ချာနိယာမများဟူသောစာအုပ်မှ ပယ်လိုက်၏။ အာဏာပိုင်အဖွဲ့တစ်ဖွဲ့၏အဆိုအရ နယူတန်သည် သိပ္ပံလောကတွင်ပါဝင်သည့် ဟွတ်ခ်၏အခန်းကဏ္ဍကိုပါ မှတ်တမ်းများမှ ပယ်ဖျက်ဖို့လည်း ကြိုးစားခဲ့၏။ ထို့ပြင် နယူတန်သည် တော်ဝင်အသင်း၏ ဥက္ကဋ္ဌဖြစ်လာပြီးနောက် မကြာမီ ဟွတ်ခ်တီထွင်ခဲ့သည့် ကိရိယာများ၊ သူပြုစုခဲ့သည့်စာတမ်းများနှင့် တစ်ခုတည်းသော သူ၏မူရင်းပုံတူပန်းချီကားတို့မှာ ပျောက်ခြင်းမလှပျောက်သွားလေသည်။ ယင်းဖြစ်ရပ်များကြောင့် ဟွတ်ခ်၏ကျော်ကြားမှုသည် ရာစုနှစ် နှစ်ခုကျော်ကြာအောင် မှေးမှိန်သွားခဲ့ရသည်။
၁၆၇၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲတပ်၍ ဟွတ်ခ်ထံပေးပို့သည့် စာတစ်စောင်တွင် နယူတန်၏ကျော်ကြားသောစကားမှာ ဤသို့ဖြစ်သည်– “ကျွန်တော်မှာ ဉာဏ်အမြော်အမြင်ရှိတယ်ဆိုရင် ဉာဏ်ကြီးရှင်တွေကိုမှီပြီးမှ ရှိလာတာပါ။” ဗိသုကာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ စမ်းသပ်လေ့လာသူ သိပ္ပံပညာရှင်၊ တီထွင်ပညာရှင်နှင့် စစ်ဆေးရေးအရာရှိဖြစ်သူ ရောဘတ်ဟွတ်ခ်သည် သူ့ခေတ်အခါက ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ခဲ့သည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဒါဗင်ချီသည် အီတလီလူမျိုး ပန်းချီဆရာ၊ ပန်းပုဆရာ၊ အင်ဂျင်နီယာနှင့် တီထွင်ပညာရှင်တစ်ဦးဖြစ်ကာ ၁၅ ရာစုနှောင်းပိုင်းနှင့် ၁၆ ရာစုအစောပိုင်းတွင် အသက်ရှင်ခဲ့သူဖြစ်သည်။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဟွတ်ခ်ရေးဆွဲခဲ့သည့် ဆီးနှင်းပွင့်ပုံများ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဟွတ်ခ်၏ အဏုကြည့်ကိရိယာဒီဇိုင်း
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဟွတ်ခ်သည် ဖော့အတွင်းရှိ အခေါင်းပေါက်များကို ဖော်ပြရန် “ဆဲလ်” ဟူသောစကားလုံးကိုထွင်ခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဟွတ်ခ်၏ “မိုက်ခရိုဂရာဖီယာ” စာအုပ်တွင် အဏုကြည့်ကိရိယာဖြင့် သူတွေ့မြင်ခဲ့ရာများကို ဖော်ပြထား
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
လှေးတစ်ကောင်၏ အနီးစပ်ဆုံးအရွယ်အစား
အမျိုးသမီးများသည် ဟွတ်ခ်ရေးဆွဲထားသည့် လှေးတစ်ကောင်၏ပုံကို တွေ့လိုက်ရသည်နှင့် သတိလစ်သွားကြသည်ဟုဆိုသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မွန်တဂူဟောက်စ်သည် ဟွတ်ခ်ရေးဆွဲခဲ့သည့် ဗိသုကာဒီဇိုင်းများစွာအနက်တစ်ခုဖြစ်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဟွတ်ခ်၏ ရုန်းပြန် နိယာမကို သရုပ်ဖော်သည့် ရုပ်ပုံတစ်ပုံ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
လန်ဒန်အထိမ်းအမှတ်ကျောက်တိုင်သည် ကမ္ဘာ့အမြင့်ဆုံး အမှီအတွယ်မဲ့ကျောက်တိုင်ဖြစ်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တော်ဝင်နက္ခတ်တာရာကြည့်အဆောက်အအုံ
[Picture Credit Line on page 16]
Spring, microscope, and snowflakes: Images courtesy of the Posner Memorial Collection, Carnegie Mellon University Libraries
[Picture Credit Line on page 17]
Images courtesy of the Posner Memorial Collection, Carnegie Mellon University Libraries
[Picture Credit Lines on page 18]
Spring diagram: Image courtesy of the Posner Memorial Collection, Carnegie Mellon University Libraries; London’s Memorial Tower: Matt Bridger/DHD Multimedia Gallery; Royal Observatory: © National Maritime Museum, London