မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

▪ ဘရာဇီးနိုင်ငံရှိ ကလေးခြောက်ဆယ်ရာခိုင်နှုန်းသည် အသက်သုံးနှစ်အရွယ်တွင် သွားပိုးစားကုန်၏။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းတစ်ခုမှာ များသောအားဖြင့် ညအချိန်တွင် အချိုရည်ရော၍ နို့ဘူးတိုက်ပြီးနောက် သွားမတိုက်ပေးသောကြောင့်ဖြစ်သည်။—⁠ဖိုလ်ယာ အွန်လိုင်း၊ ဘရာဇီး။

▪ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ဗိုက်ခွဲမွေးသူ လေးပုံတစ်ပုံရှိသည်။ နယူးယောက်မြို့တွင် ဗိုက်ခွဲမွေးသူအရေအတွက်မှာ ၁၉၈၀ ပြည့်နှစ်ထက် ငါးဆများသည်။ ထိုသို့ဗိုက်ခွဲမွေးရခြင်း အကြောင်းတစ်ခုမှာ စီစဉ်ရလွယ်ကူ၍ဖြစ်သော်လည်း မလိုအပ်ဘဲ ထိုသို့ဗိုက်ခွဲမွေးခြင်း၏ အန္တရာယ်များမှာ “ကြီးမား” လှသည်။—⁠နယူးယောက်တိုင်းမ်၊ အမေရိကန်ပြည်ထောင်စု။

▪ လွန်ခဲ့သောအနှစ် ၁၀၀ ကျော်အတွင်း မက္ကဆီကိုမြို့၏ပျမ်းမျှအပူချိန်သည် ကမ္ဘာတစ်ဝန်း၏ပျမ်းမျှအပူချိန် ၁ ဒီဂရီဖာရင်ဟိုက်နှင့် နှိုင်းစာလျှင် ၆ ဒီဂရီဖာရင်ဟိုက်ခန့် မြင့်တက်လာသည်။ ထိုသို့ဖြစ်ရခြင်းမှာ သစ်တောပြုန်းတီးခြင်းနှင့် မြို့ပြများ တိုးများလာခြင်းတို့ကြောင့်ဖြစ်သည်ဟု ပညာရှင်များကဆို၏။—⁠အဲလ်ယူနီဗာဆယ်လ်၊ မက္ကဆီကို။

▪ အမေရိကန်ပြည်ထောင်စုတွင် လက်ထပ်ကြသော ဇနီးမောင်နှံထက်ဝက်ကျော်သည် လက်မထပ်ခင်ကတည်းက အတူနေထိုင်ခဲ့ပြီဖြစ်သည်။ ဤသို့သောဇနီးမောင်နှံများသည် အတူမနေထိုင်မီ လက်ထပ်ကြသော ဇနီးမောင်နှံများထက် ကွာရှင်းဖို့အကြောင်း နှစ်ဆပိုများ၏။—⁠ဆိုက်ကောလ်ဂျီတူးဒေး၊ အမေရိကန်ပြည်ထောင်စု။

စိတ်အနှောင့်အယှက်ဖြစ်ရဆုံးလုပ်ငန်းခွင်စရိုက်များ

“ကျွန်ုပ်တို့လုပ်ဖော်ဆောင်ဖက်များ၏ စိတ်အနှောင့်အယှက်ဖြစ်ရဆုံး လုပ်ငန်းခွင်စရိုက်များ၏စာရင်းထိပ်ဆုံးတွင် အသံကျယ်ကျယ်ဖြင့် ဖုန်းပြောခြင်း၊ စပီကာဖုန်းအသုံးပြုခြင်းနှင့် အလုပ်ဝန်ပိကြောင်း အဆက်မပြတ်ညည်းညူခြင်းတို့ပါဝင်သည်” ဟု ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြသည်။ အလုပ်ဖော်များ ဒေါသဖြစ်ရသည့် တခြားစရိုက်များတွင် “အလုပ်သမားအချင်းချင်း အုပ်စုဖွဲ့ခြင်း၊ အလုပ်နောက်ကျခြင်း၊ မိမိဘာသာ တစ်ဦးတည်း စကားပြောခြင်း၊ ကန့်ထားသောအခန်းငယ်များမှ စကားလှမ်းပြောခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်းနှင့် အသံမြည်ပြီး အစာစားခြင်းတို့ပါဝင်သည်။” ဤသို့သောစရိုက်ဆိုးများကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားလည်း ကျဆင်းရ၏။ သို့သော် သုတေသီများ၏မေးခွန်းများကို ဖြေကြားသူအများစုက မိမိတို့အား စိတ်တိုစေသူများထံသွား၍ တစ်ခါမျှ ထိပ်တိုက်မဖြေရှင်းခဲ့ဖူးချေဟု ဝန်ခံသည်။ “ထိုသို့မပြုခြင်းသည် ကောင်း၏။ မိမိတို့ကိုယ်တိုင်လည်း သူတစ်ပါးကို စိတ်တိုအောင်ပြုမိနိုင်သည်” ဟုသတင်းစာက ဆို၏။

မြို့နေလူဦးရေ တိုးများလာ

“နှစ်နှစ်အတွင်း ကမ္ဘာ့လူဦးရေထက်ဝက်သည် မြို့များတွင် နေထိုင်လာကြလိမ့်မည်” ဟု စီဘီစီနယူးစ်ကဖော်ပြသည်။ ကုလသမဂ္ဂ၏အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုတွင် လူ ၁၀ ဦးအနက် ၉ ဦးခန့်သည် မြို့ပြများတွင်နေထိုင်သဖြင့် မြို့နေလူဦးရေ ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်။ လွန်ခဲ့သော ၅၅ နှစ်ခန့်ကပင် လူဦးရေဆယ်သန်းကျော်ရှိသောမြို့များမှာ နယူးယောက်နှင့်တိုကျို နှစ်မြို့တည်းသာဖြစ်၏။ ယနေ့ လူဦးရေ ၁၀ သန်းကျော်ရှိသော မြို့ပေါင်း ၂၀ ရှိနေပြီး ထိုမြို့များတွင် ဂျကာတာ၊ မက္ကဆီကို၊ မွန်ဘိုင်းနှင့် ဆောပိုလိုမြို့များပါဝင်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအန်နန်က “ထိုသို့လျှပ်တစ်ပြက်တိုးများလာမှုကြောင့် နိုင်ငံအများစုတွင် စီးပွားရေးနှင့် လူမှုရေးဘက် အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ လိုအပ်လာလိမ့်မည်” ဟုဆိုသည်။

စစ်မှုထမ်းရန် ငြင်းဆိုခြင်း

စစ်မှုထမ်းရန် ငြင်းဆိုခြင်းသည် နုတ်ယူ၍မရသော လူ့အခွင့်အရေးဖြစ်သည်ဟု ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလူ့အခွင့်အရေးကော်မတီကဆို၏။ အရပ်ဘက်လုပ်ငန်းနှင့် အစားထိုးပေးခြင်းဖြင့် ထိုအခွင့်အရေးကို လိုက်လျောသင့်ကြောင်း အဆိုပါကော်မတီက ထောက်ခံပြောဆိုခဲ့သည်။ ထိုထောက်ခံချက်သည် စစ်မှုထမ်းရန် ငြင်းဆိုခြင်းကို ခွင့်မပြုသည့် လက်ရှိစစ်ဥပဒေကို အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပေဒပြုတရားရုံး၏ မကြာသေးမီကချခဲ့သည့် ဆုံးဖြတ်ချက်နှင့် “ဆန့်ကျင်” နေကြောင်း ကိုရီးယားတိုင်းမ်ကဆိုသည်။ တရားရုံးများကမဟုတ်ဘဲ ဥပဒေပြုလွှတ်တော်ကသာ အဆိုပါအခွင့်အရေးကို ဥပဒေတွင် ပြဋ္ဌာန်းပေးသင့်ကြောင်း တရားရုံးချုပ်က ဖော်ပြသည်။ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံတွင် ယေဟောဝါသက်သေများဖြစ်ကြသော လူငယ်အယောက် ၅၀၀ နှင့် ၇၀၀ ကြားသည် စစ်မှုမထမ်းသောကြောင့် နှစ်စဉ် ထောင်ချခံရသည်။ နှစ်များတစ်လျှောက် သက်သေခံ ၁၀,၀၀၀ သည်ဤအကြောင်းပြချက်ကြောင့် ထောင်ချခံနေရ၏။