အလုပ်အကိုင်ရှာတွေ့နိုင်ရန် သော့ချက်ငါးခု
အလုပ်အကိုင်ရှာတွေ့နိုင်ရန် သော့ချက်ငါးခု
မည်သူသည် အကောင်းဆုံးအလုပ်ကို ရလေ့ရှိသနည်း။ အရည်အချင်းအရှိဆုံး လျှောက်ထားသူလော။ “မဟုတ်” ဟု အလုပ်အကိုင်ရေးရာအတိုင်ပင်ခံတစ်ဦးဖြစ်သူ ဘရိုင်ယန်ကဆိုသည်။ “အထိရောက်ဆုံးအလုပ်ရှာတတ်သူသာ အလုပ်ရသည်။” အထိရောက်ဆုံး အလုပ်အကိုင်ရှာဖွေသူတစ်ဦးဖြစ်လာရန် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။ အကြံပြုချက်ငါးခုကို သုံးသပ်ကြည့်ကြပါစို့။
အစီအစဉ်ကျနမှုရှိပါ
သင်သည် အလုပ်ကောင်းတစ်ခုဆုံးရှုံးခဲ့ပါက သို့မဟုတ် အချိန်အတော်ကြာအလုပ်လက်မဲ့ဖြစ်နေပါက အလွယ်တကူစိတ်ဓာတ်ကျနိုင်သည်။ “ကျွန်မပထမအကြိမ်အလုပ်ပြုတ်တုန်းက နောက်အလုပ်တစ်ခုရှာမယ်ဆိုတဲ့ အပြုသဘောရှိခဲ့တယ်” ဟု ဂျာမနီမှ အဝတ်ချုပ်သူ ကက်သ်ရီနာကဆိုသည်။ “တစ်လပြီးတစ်လကုန်သွားပေမဲ့ နောက်အလုပ်တစ်ခုရှာမတွေ့တဲ့အခါ စိတ်ဓာတ်ကျလာတယ်။ နောက်ဆုံး သူငယ်ချင်းတွေနဲ့ အဲဒီအကြောင်းပြောဖို့တောင် ကျွန်မအခက်တွေ့လာတယ်။”
မျှော်လင့်ချက်မဲ့သည်ဟူသောခံစားချက်ကို သင်မည်သို့တွန်းလှန်နိုင်သနည်း။ “ဘာလုပ်ရမည်ကိုသိရှိလျက် နေ့ရက်တစ်ရက်စနိုင်ဖို့ ပုံမှန် ‘အလုပ်,လုပ်ရက်’ အလား လုပ်ဆောင်ရန်အရေးကြီးသည်” ဟု ရက် ၃၀ သို့မဟုတ် ထို့ထက်နည်းသောရက်အတွင်း အလုပ်တစ်ခုရှာဖွေခြင်းဟူသော စာအုပ်ကအကြံပြုသည်။ စာရေးဆရာများက “နေ့စဉ်ပန်းတိုင်များထားပြီး သင်အဘယ်အရာများပြုပြီးပြီကို မှတ်သားရန်” အားပေးထားသည်။ ထို့ပြင် သူတို့က “နေ့တိုင်းကို အလုပ်သွားမည့်ပုံစံကဲ့သို့ ဝတ်စားဆင်ယင်ခြင်းဖြင့် အစပြုရမည်” ဟုပြောသည်။ အဘယ့်ကြောင့်နည်း။ “ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ထားခြင်းက တယ်လီဖုန်းဖြင့်စကားပြောသောအခါ၌ပင် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိစေသည်။”
မှန်ပါသည်၊ အလုပ်တစ်ခုရှာတွေ့ရန် အချိန်မည်မျှကြာပါစေ ယင်းကို သင်၏အလုပ်ဖြစ်စေပါ။ အစောပိုင်းတွင်ဖော်ပြခဲ့သော ကက်သ်ရီနာသည် ထိုကဲ့သို့အစီအစဉ်တကျ ချဉ်းကပ်နည်းကိုသုံးခဲ့သည်။ သူဤသို့ပြောသည်– “အလုပ်အကိုင်ရှာဖွေပေးတဲ့ရုံးကနေ အလုပ်ခေါ်နေတဲ့အလုပ်ရှင်တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေ ကျွန်မရခဲ့တယ်။ သတင်းစာကြော်ငြာမှာတွေ့တဲ့ အလုပ်တွေကို လျှောက်တယ်။ တယ်လီဖုန်းလမ်းညွှန်စာအုပ်ကို သေချာလေ့လာပြီးနောက် အလုပ်နေရာတွေရှိပြီး မကြော်ငြာရသေးတဲ့ ကုမ္ပဏီတွေကို စာရင်းလုပ်ပြီး သူတို့နဲ့ဆက်သွယ်ခဲ့တယ်။ ကိုယ်ရေးရာဇဝင်အကျဉ်းကိုလည်းရေးပြီး သူတို့ဆီပို့ခဲ့တယ်။” ထိုသို့အစီအစဉ်တကျ အလုပ်ရှာပြီးနောက် သင့်တော်သောအလုပ်တစ်ခုကို ကက်သ်ရီနာ ရှာတွေ့ခဲ့သည်။
မကြော်ငြာသော အလုပ်အကိုင်ဈေးကွက်အတွင်း ဝင်ရှာပါ
ပိုက်ကွန်အကြီးဆုံးနှင့် ငါးဖမ်းသမားသည် ငါးရနိုင်ခြေအများဆုံးရှိသည်။ ထို့ကြောင့် သင်လည်း သင်၏ “ပိုက်ကွန်” အရွယ်အစားကြီးလာအောင် မည်သို့ပြုရမည်ကို သိထားခြင်းက အလုပ်အကိုင်ရှာဖွေရာတွင် သင်၏အခွင့်အလမ်းများကို တိုးတက်စေပါလိမ့်မည်။ သင်သည် သတင်းစာ သို့မဟုတ် အင်တာနက်မှ အလုပ်ခေါ်သည့်ကြော်ငြာများကိုသာ လျှောက်နေပါက ရရှိနိုင်သည့် အလုပ်အကိုင်အများစုကို လက်လွတ်ဆုံးရှုံးသွားနိုင်သည်။ အလုပ်အကိုင်အများစုကို မကြော်ငြာကြပေ။ ထိုမကြော်ငြာသော အလုပ်အကိုင်ဈေးကွက်ကို သင်မည်သို့သိနိုင်သနည်း။
ကြော်ငြာထည့်သည့်အလုပ်များကို လျှောက်ခြင်းအပြင် ကက်သ်ရီနာကဲ့သို့ သင်လုပ်နိုင်သောအလုပ်ရှိသည်ဟု သင်ထင်သည့် လုပ်ငန်းများဆီရောက်နိုင်ရန် အပတ်စဉ်အချိန်ဖယ်ထားရမည်။ အလုပ်အကိုင်နေရာများကို ကြော်ငြာထည့်သည်အထိ မစောင့်ပါနှင့်။ အကယ်၍ မန်နေဂျာက အလုပ်မရှိဟုသင့်အားဆိုလျှင် အခြားအဘယ်နေရာသို့ သင်သွားနိုင်ကြောင်းနှင့် အဘယ်သူနှင့် သတ်သတ်မှတ်မှတ် စကားပြောသင့်ကြောင်းကို သူသိသလောဟု မေးကြည့်ပါ။ အကယ်၍သူအကြံပေးပါက သင့်အားပို့လိုက်သည့် သူ၏နာမည်ကိုပြောပြီး ထိုကုမ္ပဏီနှင့် အချိန်းအချက်ပြုလုပ်ပါ။
ပထမဆောင်းပါးတွင် ဖော်ပြခဲ့သော တိုနီသည် ဤနည်းဖြင့်အလုပ်တစ်ခုရခဲ့သည်။ “ကြော်ငြာမထည့်တဲ့ ကုမ္ပဏီတွေကိုလည်း ကျွန်တော်က စဆက်သွယ်ခဲ့တယ်” ဟုသူပြောသည်။ “ကုမ္ပဏီတစ်ခုက လောလောဆယ် အလုပ်လစ်လပ်နေတဲ့ နေရာမရှိပေမဲ့ နောက်သုံးလကြာမှ ပြန်ကြိုးစားကြည့်ပါလို့ ပြောခဲ့တယ်။ ကျွန်တော်အဲလိုလုပ်ခဲ့ပြီး အလုပ်တစ်ခုရခဲ့တယ်။”
တောင်အာဖရိကမှ ကြင်ဖော်မဲ့မိခင်တစ်ဦးဖြစ်သူ ပရင်းမ်ရို့စ် အလားတူပြုလုပ်ခဲ့သည်။ “ရှေးဦးသူနာပြုသင်တန်းတက်တုန်းက လမ်းဘေးမှာဆောက်နေတဲ့ အဆောက်အအုံတစ်ခုကို သတိပြုမိပြီး အဲဒါဟာ ဘိုးဘွားရိပ်သာတစ်ခုဖြစ်လာမယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ အဆောက်အဦကြီးကြပ်ရေးမှူးနဲ့ တွေ့ဆုံနိုင်ဖို့ ကျွန်မအကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ နောက်ဆုံး သူက အခုလောလောဆယ် အလုပ်မရှိသေးဘူးလို့ပြောတယ်။ ဒါပေမဲ့ စေတနာ့ဝန်ထမ်းပဲဖြစ်ဖြစ် လုပ်လို့ရမလားဆိုတာသိဖို့ ခဏခဏပြန်သွားခဲ့တယ်။ နောက်ဆုံး ယာယီလုပ်သားအဖြစ် အလုပ်ခန့်အပ်ခံရတယ်။ ဘယ်တာဝန်ကိုမဆို ကျွန်မဝီရိယရှိရှိကြိုးစားလုပ်ခဲ့တယ်။ ရလဒ်ကတော့ လိုအပ်တဲ့အရည်အချင်းတွေ ကျွန်မရလာပြီး အဲဒီအဆောက်အဦမှာ အမြဲတမ်းအလုပ်တစ်ခုရခဲ့တယ်။”
မကြော်ငြာသောအလုပ်ဈေးကွက်ကို ရှာရာတွင် သင့်အားကူညီရန် မိတ်ဆွေများ၊ မိသားစုနှင့် အခြားအပေါင်းအသင်းများကိုလည်း တောင်းဆိုနိုင်သည်။ ဤနည်းဖြင့်ပင် တောင်အာဖရိကမှ လုံခြုံရေးအရာရှိတစ်ဦးဖြစ်သူ ယာကိုဘတ်စ် အလုပ်တစ်ခုရခဲ့သည်။ သူဤသို့ပြောသည်– “ကျွန်တော်အလုပ်,လုပ်နေတဲ့ ကုမ္ပဏီပိတ်သွားတုန်းက ကျွန်တော့်မိတ်ဆွေတွေနဲ့ မိသားစုကို ကျွန်တော်အလုပ်တစ်ခုရှာနေတယ်ဆိုတာ အသိပေးထားတယ်။ တစ်နေ့တော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကုန်တိုက်ကြီးတစ်ခုရဲ့ ငွေရှင်းကောင်တာမှာ တန်းစီစောင့်နေတုန်း အမျိုးသမီးနှစ်ယောက် စကားပြောနေတာကို အမှတ်တမဲ့ကြားလိုက်တယ်။ အမျိုးသမီးတစ်ယောက်က နောက်တစ်ယောက်ကို အလုပ်လိုက်ရှာနေတဲ့သူတစ်ယောက်ယောက်ရှိသလားဆိုပြီး မေးနေတယ်။ ဒါနဲ့ ကျွန်တော့်သူငယ်ချင်းက ကြားဖြတ်ပြီး အဲဒီအမျိုးသမီးကို ကျွန်တော့်အကြောင်းပြောပြလိုက်တယ်။ အဲဒီမှာသူတို့ အချိန်းအချက်လုပ်ပြီးတဲ့နောက် ကျွန်တော်အလုပ်ရခဲ့တယ်။”
ပြောင်းသာလဲသာရှိပါ
အလုပ်အကိုင်ရှာတွေ့နိုင်သည့် သင့်အခွင့်အလမ်းများ တိုးတက်လာစေရန် သင်ပြောင်းသာလဲသာရှိရမည်။ ပထမဆောင်းပါးတွင်ဖော်ပြခဲ့သော ဟိုင်မေး ဤသို့ပြောသည်– “ကိုယ်မျှော်လင့်တဲ့အရာအားလုံးနဲ့ ပြည့်စုံတဲ့အလုပ်တစ်ခုရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မျှော်လင့်ထားတာနဲ့ တစ်ထပ်တည်းမကျတဲ့အလုပ်နဲ့ ကျေနပ်တတ်အောင် သင်ယူဖို့လိုတယ်။”
ပြောင်းသာလဲသာရှိခြင်းဟူသည် အလုပ်အကိုင်တစ်မျိုးမျိုးနှင့် ပတ်သက်၍ အစွဲအလမ်းမထားခြင်းဖြစ်နိုင်သည်။ မက္ကဆီကိုတွင်နေထိုင်သော အဲရစ်ကာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ စီမံခန့်ခွဲရေးမှူးအဖြစ် လေ့ကျင့်ခံထားရသဖြင့် အစပိုင်းတွင် သူပိုနှစ်သက်သောအလုပ်ကို ရှာမတွေ့နိုင်ဘဲဖြစ်ခဲ့သည်။ “သင့်တော်တဲ့ဘယ်အလုပ်ကိုမဆို လက်ခံတတ်အောင် ကျွန်မသင်ယူခဲ့ရတယ်။ အဲဒီအတောအတွင်း အရောင်းစာရေးအဖြစ် လုပ်ကိုင်ခဲ့တယ်။ လမ်းပေါ်မှာ တာကိုလို့ခေါ်တဲ့ အဆာသွပ်ပြောင်းဖူးမုန့်တွေ ရောင်းပြီး အိမ်တွေမှာလည်း သန့်ရှင်းရေးလိုက်လုပ်တယ်။ နောက်ဆုံး ကျွန်မကျွမ်းကျင်တဲ့အလုပ်တစ်ခုကို ရှာတွေ့နိုင်ခဲ့တယ်” ဟုသူပြောသည်။
ပထမဆောင်းပါးတွင်ဖော်ပြခဲ့သော မေရီသည်လည်း စာရေးအလုပ်ပြုတ်သွားသောအခါ ပြောင်းသာလဲသာရှိဖို့လိုအပ်ကြောင်း သိမြင်ခဲ့သည်။ သူဤသို့ပြောပြသည်– “ကျွန်မလုပ်ခဲ့တဲ့အလုပ်ပုံစံမျိုးကိုပဲ မရမနေလိုက်ရှာတာမျိုး ကျွန်မ,မလုပ်ဘူး။ ကျွန်မကြားသိတဲ့ ဘယ်အလုပ်အကိုင်အခွင့်အလမ်းကိုမဆို၊ နိမ့်ကျတဲ့အလုပ်မျိုးဖြစ်ပါစေ ကျွန်မလိုက်စုံစမ်းတယ်။ ရလဒ်အနေနဲ့ ကျွန်မရဲ့ကလေးနှစ်ယောက်ကို ထောက်ပံ့နိုင်တဲ့အလုပ်ရခဲ့တယ်။”
ထိရောက်သောကိုယ်ရေးရာဇဝင်အကျဉ်းတစ်ခု ရေးသားခြင်း
စီမံခန့်ခွဲရေးပိုင်းဆိုင်ရာနေရာများကို လျှောက်ထားသူများအတွက် ပညာရည်နှင့်အလုပ်အတွေ့အကြုံ မှတ်တမ်းအကျဉ်း ရေးသားပေးပို့ရန် မဖြစ်မနေလိုအပ်သည်။ * သို့သော် အဘယ်အလုပ်မျိုးကိုပင် သင်ရှာနေပါစေ ကောင်းစွာပြင်ဆင်ရေးသားထားသော ကိုယ်ရေးရာဇဝင်အကျဉ်းသည် အလွန်အကျိုးရှိနိုင်သည်။ “ကိုယ်ရေးရာဇဝင်အကျဉ်းသည် အလုပ်ရှင်အား သင်မည်သူဖြစ်ကြောင်းသာမက သင်အဘယ်အရာများ ပြီးမြောက်အောင်မြင်ခဲ့ကြောင်းနှင့် သင့်အား သူတို့အဘယ့်ကြောင့် လိုအပ်ရကြောင်းကို ပြောပြသည်” ဟု ဩစတြေးလျမှ အလုပ်အကိုင်ရေးရာအတိုင်ပင်ခံ နီဂျဲလ်ကဆိုသည်။
ကိုယ်ရေးရာဇဝင်အကျဉ်းကို သင်မည်သို့ရေးသားပြုစုသနည်း။ သင့်နာမည်အပြည့်အစုံ၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများ ရေးပါ။ သင့်ရည်ရွယ်ချက်ကို ဖော်ပြပါ။ သင်ရှာနေသောအလုပ်အကိုင်နှင့် ပတ်သက်၍ သင်တက်ရောက်အောင်မြင်ခဲ့သော မည်သည့်လေ့ကျင့်သင်ကြားမှုနှင့် ကျွမ်းကျင်မှုကိုမဆို ပေါ်လွင်စေသည့် ပညာအရည်အချင်းစာရင်းပြုစုပါ။ ယခင်အလုပ်အကိုင်အတွေ့အကြုံ၏ အသေးစိတ်အချက်အလက်များကို ရေးပါ။ သင်အဘယ်အရာလုပ်ခဲ့သည်သာမက သင်တက်လှမ်းအောင်မြင်နိုင်ခဲ့သော ပန်းတိုင်များနှင့် ယခင်အလုပ်ရှင်အား သင်လုပ်ဆောင်ပေးနိုင်သည့် အကျိုးကျေးဇူးများကိုပါ သာဓကများနှင့်ဖော်ပြပါ။ ယခုရှာနေသောအလုပ်အတွက် သင့်အားအရည်အချင်းပြည့်မီစေသည့် ယခင်အလုပ်၏ကဏ္ဍများကိုလည်း ပေါ်လွင်စေပါ။ သင့်စွမ်းရည်များ၊ စိတ်ဝင်စားရာများနှင့် ဝါသနာများကို ဖော်ပြသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ပါဝင်စေပါ။ ကုမ္ပဏီများ၏လိုအပ်ရာများသည် ပြောင်းလဲနေသောကြောင့် အလုပ်တစ်ခုလျှောက်တိုင်း သင့်ကိုယ်ရေးရာဇဝင်အကျဉ်းကို လိုအပ်သလိုပြောင်းလဲပေးရမည်ဖြစ်သည်။
ပထမဆုံးအကြိမ် အလုပ်လျှောက်ရာတွင် ကိုယ်ရေးရာဇဝင်အကျဉ်းရေးရန် လိုအပ်သလော။ လိုပါသည်! လုပ်ငန်းအတွေ့အကြုံရရန် သင်လုပ်ထားသောအရာအမြောက်အမြားရှိနိုင်သည်။ ဥပမာ၊ လက်သမားအတတ် သို့မဟုတ် ကားအဟောင်းများကို ပြုပြင်ခြင်းဖြစ်နိုင်သည့် သင်ဝါသနာပါရာများရှိပါသလော။ ထိုအရာများကို စာရင်းတွင်ထည့်နိုင်သည်။ လုပ်ငန်းတစ်ခုခုတွင် လုပ်အားပေးဖူးပါသလော။ သင်လုပ်အားပေးဖူးသော လုပ်ငန်းအမျိုးအစားနှင့် သင်အောင်မြင်ခဲ့သော ရည်မှန်းချက်ပန်းတိုင်များကို စာရင်းပြုစုပါ။—လုပ်ငန်းအတွေ့အကြုံမရှိသူတို့အတွက် “ကိုယ်ရေးရာဇဝင်အကျဉ်းနမူနာ” လေးထောင့်ကွက်ကိုရှု။
အလုပ်ရှင်နှင့် အင်တာဗျူးလုပ်ခွင့် မရပါက သင့်နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ သင့်အရည်အချင်းနှင့် အောင်မြင်ပြီးမြောက်မှုအကျဉ်းတို့ကို လေးလက်မနှင့်ခြောက်လက်မခန့်အရွယ်ရှိ ကတ်ငယ်တစ်ခုတွင် ရေး၍ထားခဲ့ပါ။ သင့်တော်မည်ဆိုပါက ကတ်၏နောက်ကျောတွင် သင့်ဓာတ်ပုံကို ထည့်ပေးနိုင်သည်။ အလုပ်ရှာရာတွင် သင့်အားကူညီနိုင်မည့်သူမှန်သမျှအား ထိုကတ်ကို ပေးထားပြီး သင်ရှာနေသောအလုပ်မျိုးရှိလျှင် ထိုကတ်ကို အလုပ်ရှင်အား ပေး,ပေးရန် သူတို့ကိုတောင်းဆိုပါ။ အလုပ်ရှင်သည် ယင်းကတ်ကိုမြင်သောအခါ သင့်အားအင်တာဗျူးခေါ်နိုင်သည်။ အလုပ်တစ်ပင်ခုရကောင်းရနိုင်သည်!
ကိုယ်ရေးရာဇဝင်အကျဉ်းတစ်ခု ရေးသားခြင်းက သင်အလုပ်ရှာစဉ် ကိုယ့်ကိုယ်ကိုပို၍ထိန်းချုပ်ထားနိုင်သည်ဟု သင့်အားခံစားရစေလိမ့်မည်။ အစောပိုင်းတွင်ဖော်ပြခဲ့သော နီဂျဲလ်က “ကိုယ်ရေးရာဇဝင်အကျဉ်းတစ်ခု ရေးသားခြင်းက သင့်အတွေးအခေါ်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို တစ်စုတစ်စည်းတည်းဖြစ်ရန် သင့်အားကူညီသည်။ အလုပ်အင်တာဗျူးတွင် အမေးခံရနိုင်သည့်မေးခွန်းများအတွက် အသင့်ဖြစ်နေရန်ကူညီပေးခြင်းဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုလည်း တည်ဆောက်ပေးသည်” ဟုပြောသည်။—စာမျက်နှာ ၇ မှ လေးထောင့်ကွက်ကိုရှု။
သင့်အင်တာဗျူးအတွက် ကောင်းစွာပြင်ဆင်ပါ
အင်တာဗျူးတစ်ခုအတွက် ပြင်ဆင်ရာတွင် အဘယ်အရာများပါဝင်သနည်း။ သင်အလုပ်,လုပ်လိုသော ကုမ္ပဏီအကြောင်း သင်စူးစမ်းလေ့လာလိုပေမည်။ ကုမ္ပဏီအကြောင်းသင်ပိုသိလျှင် အင်တာဗျူးတွင် သင့်ကိုပို၍အထင်ကြီးစေမည်ဖြစ်သည်။ သင်၏စူးစမ်းလေ့လာမှုက သင်လုပ်လိုသောအလုပ်အမျိုးအစား ထိုကုမ္ပဏီတွင်အမှန်တကယ် ရှိ,မရှိနှင့် သင်လုပ်လိုသောကုမ္ပဏီဟုတ်,မဟုတ်ကို ဆုံးဖြတ်နိုင်ရန် သင့်အားကူညီပေးလိမ့်မည်။
ထို့နောက် အင်တာဗျူးတွင် သင်ဘာဝတ်မည်ကို စဉ်းစားပါ။ သင်ရှာနေသောအလုပ်တွင် လက်မှုအလုပ်ကြမ်းများပါဝင်ပါက သင့်တော်သော သပ်ရပ်သန့်ရှင်းသည့်အဝတ်ကို ဝတ်ပါ။ သပ်ရပ်သောဝတ်စားဖြီးလိမ်းပုံက အလုပ်ခေါ်သည့်အလုပ်ရှင်အား သင်သည် သင့်ကိုယ်သင် ဂုဏ်ယူလေးစားကြောင်းနှင့် ထို့ကြောင့် သင့်အလုပ်ကိုလည်း ဂုဏ်ယူလေးစားနိုင်ဖွယ်ရှိကြောင်း ဖော်ပြနေသည်။ ရုံးလုပ်ငန်းလုပ်ရန်မျှော်လင့်ထားပါက သင့်အရပ်ဒေသတွင် သင့်တော်သော လုပ်ငန်းခွင်ဆင်ယင်မှုအဖြစ် ယူမှတ်သည့် ဣန္ဒြေရှိသောအဝတ်ကို ရွေးချယ်ပါ။ နီဂျဲလ်က ဤသို့ပြောသည်– “အင်တာဗျူးမတိုင်မီ အချိန်ကြာမြင့်စွာကတည်းက အဝတ်အစားရွေးချယ်ထားပါ၊ သို့မှသာ အင်တာဗျူးမဝင်မီ အလျင်စလိုမဖြစ်ဘဲ မလိုအပ်သော စိတ်ဖိစီးမှုလည်း များလာမည်မဟုတ်တော့ချေ။”
အင်တာဗျူးမတိုင်မီ ၁၅ မိနစ်ကြိုရောက်နေရန်လည်း နီဂျဲလ်က အကြံပေးသည်။ အလွန်စောစီးစွာ ရောက်ရှိခြင်းသည် ပညာရှိရာမရောက်ပါ။ သို့သော် နောက်ကျရောက်ခြင်းကလည်း ထိခိုက်နိုင်သည်။ အင်တာဗျူး၏ပထမသုံးစက္ကန့်သည် အလွန်အရေးကြီးသည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ထိုအချိန်တိုလေးအတွင်း အင်တာဗျူးလုပ်သူသည် သင့်အသွင်အပြင်၊ အပြုအမူနှင့်ပတ်သက်ပြီး ဝေဖန်အကဲဖြတ်ရန် သူ့အမြင်ကို အကြီးအကျယ်သြဇာလွှမ်းမိုးနိုင်သည်။ အကယ်၍ သင်နောက်ကျရောက်ပါက သင့်ကို လုံးဝအထင်ကြီးတော့မည်မဟုတ်။ သင့်အားဦးဆုံးအကြိမ်တွေ့စဉ် အထင်လွဲသွားလျှင် ပြင်ရန် ဒုတိယအကြိမ် အခွင့်အရေးရှိမည်မဟုတ်ကြောင်း သတိရပါ။
အင်တာဗျူးလုပ်သူသည် သင့်ရန်သူမဟုတ်ကြောင်းကိုလည်း သတိရပါ။ ထို့ထက်ကား သူအလုပ်ရရန် သင်ကဲ့သို့ပင် လျှောက်ခဲ့ရဖွယ်ရှိသောကြောင့် သင်မည်သို့ခံစားနေရသည်ကို သူသိသည်။ အမှန်မှာ သူသည် အင်တာဗျူးတစ်ခု မည်သို့ပြုလုပ်ရမည်နှင့်ပတ်သက်၍ လေ့ကျင့်မှု အနည်းငယ်သာရထားခြင်း သို့မဟုတ် လုံးဝမရထားခြင်း ဖြစ်နိုင်သောကြောင့် စိတ်လှုပ်ရှားနေနိုင်သည်။ ထို့ပြင် အင်တာဗျူးလုပ်သူသည် အလုပ်ရှင်ဖြစ်ပါက အလုပ်အတွက် မသင့်တော်သူကိုရွေးချယ်မိလျှင် သူ့အတွက် အကြီးအကျယ်နစ်နာဆုံးရှုံးမည်ဖြစ်သည်။
စစချင်းသူ့အားပြုံးပြပြီး သင့်ဒေသ၏နှုတ်ဆက်ပုံဖြစ်ပါက သူ့အားလက်ဆွဲနှုတ်ဆက်ပါ။ အင်တာဗျူးလုပ်နေစဉ်အတွင်း အလုပ်ရှင်သည်သင့်ထံမှ အဘယ်အရာလိုအပ်ကြောင်းနှင့် သင်အဘယ်အရာပေးရမည်တို့ကို စဉ်းစားပါ။ ရှောင်ရမည့်အရာများနှင့်ပတ်သက်၍ နီဂျဲလ်က ဤသို့ဆိုသည်– “ဂနာမငြိမ် သို့မဟုတ် ပျင်းတိပျင်းတွဲပုံစံ မဖြစ်ပါနှင့်၊ ကောင်းမွန်သောကိုယ်ဟန်အနေအထားက ယုံကြည်စိတ်ချမှုကိုပြသည်။ အလွန်အမင်း လွတ်လပ်ရင်းနှီးပုံပြခြင်း၊ စကားများခြင်းမပြုပါနှင့်၊ ရိုင်းပျရင့်သီးသောစကားများ လုံးဝမသုံးပါနှင့်။ သင့်ယခင်အလုပ်ရှင်နှင့် အလုပ်ဖော်များအကြောင်း မကောင်းပြောခြင်းကိုရှောင်ပါ၊ အကယ်၍ သူတို့နှင့်ပတ်သက်ပြီး သင်၌အပျက်သဘောထားရှိပါက ဤအလုပ်နှင့်ပတ်သက်၍လည်း အပျက်သဘောထားရှိလိမ့်မည်ဟု အင်တာဗျူးလုပ်သူ ထင်သွားနိုင်သည်။”
အင်တာဗျူးအတွင်း သင်လုပ်ရမည့်အရာ၊ ပြောရမည့်အရာတို့နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးက ဤသို့အကြံပြုသည်– အင်တာဗျူးလုပ်သူနှင့် မျက်လုံးချင်းဆက်သွယ်မှုရှိပါ၊ စကားပြောသည့်အခါ သင့်အမူအရာများသည် သဘာဝကျပါစေ၊ ထို့ပြင် စကားကိုပီပီသသပြောပါ။ မေးခွန်းများဖြေဆိုသည့်အခါ လိုရင်းတိုရှင်းနှင့် ရိုးရိုးသားသားဖြေဆိုပါ၊ ကုမ္ပဏီ၊ ရနိုင်ဖွယ်ရှိသောအလုပ်တို့နှင့် ပတ်သက်၍ သက်ဆိုင်သည့်မေးခွန်းများမေးပါ။ အင်တာဗျူးအဆုံး၌ ထိုအလုပ်ကိုသင်လိုချင်ဆဲဖြစ်ပါက ထိုအတွက်တောင်းပါ။ ထိုသို့ပြုခြင်းက သင်၏စိတ်ထက်သန်မှုကို ပြပါလိမ့်မည်။
အထက်တွင် ဖော်ပြထားသော အကြံပြုချက်များကို လိုက်နာခြင်းဖြင့် မကြာမီအလုပ်တစ်ခုသင်ရလာနိုင်သည်။ အကယ်၍ အလုပ်ရလာပါက ထိုအလုပ်ဆက်မြဲအောင် ထိန်းထားရာတွင် သင့်အခွင့်အလမ်းများကို သင်မည်သို့တိုးတက်စေနိုင်မည်နည်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 အချို့ဒေသများတွင် ဤကဲ့သို့သောစာရွက်စာတမ်းကို စီဗီ သို့မဟုတ် ပညာရည်မှတ်တမ်းအကျဉ်းဟု ခေါ်သည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
လုပ်ငန်းအတွေ့အကြုံမရှိသူတို့အတွက် ကိုယ်ရေးရာဇဝင် အကျဉ်းနမူနာ
သင့်နာမည်–
သင့်မွေးသက္ကရာဇ်–
သင့်လိပ်စာ–
သင့်တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ–
ရည်ရွယ်ချက်– ကုန်ထုတ်လုပ်မှုတွင် အလုပ်အတွေ့အကြုံမရှိသေးသူအတွက် အနိမ့်ဆုံးနေရာတစ်ခုရရန်။
ပညာအရည်အချင်း– ၂၀၀၄ ခုနှစ်တွင် ဟုမ်းတောင်းအထက်တန်းကျောင်းမှဘွဲ့ရသည်။
သင်တန်းများ– ဘာသာစကားကျွမ်းကျင်မှုသင်တန်းများ၊ သင်္ချာ၊ ကွန်ပျူတာနှင့် လက်သမားအတတ်သင်တန်း။
ကျွမ်းကျင်မှုနှင့်စွမ်းရည်များ– ကျွန်ုပ်၏လက်များကိုသုံးပြီး ကျွမ်းကျင်စွာအလုပ်,လုပ်နိုင်သည်။ မိသားစုကားကို အမြဲပြုပြင်ထိန်းသိမ်းနေကျဖြစ်သည်။ ကျွန်တော့်အိမ်၏အလုပ်ရုံတွင် သစ်သားခုံများနှင့် စားပွဲတစ်ခုပြုလုပ်ထားသည်။ ပရိဘောဂပြုလုပ်ရာတွင် ကျွန်တော့်သင်္ချာစွမ်းရည် အသုံးပြုရသည်ကို နှစ်သက်သည်။ စေတနာ့ဝန်ထမ်းဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အမိုးတပ်ပေးခဲ့သည်။ ကွန်ပျူတာအမျိုးအစားအများစုကို အသုံးပြုနိုင်ပြီး ပရိုဂရမ်အသစ်များသင်ယူရသည်ကို နှစ်သက်သည်။
ကိုယ်ရေးကိုယ်တာအချက်အလက်– ယုံကြည်စိတ်ချနိုင်မှု—ကျောင်းနောက်ဆုံးနှစ်တွင် နှစ်ရက်သာကျောင်းပျက်ဖူးသည်။ ရိုးသားမှု—ပိုက်ဆံပါသော ပျောက်ဆုံးသွားသည့် ပိုက်ဆံအိတ်တစ်လုံးကို ပိုင်ရှင်အား ပြန်ပေးခဲ့သည်။ ဖော်ရွေမှု—ရပ်ကွက်များတွင် ပုံမှန်လုပ်အားပေးပြီး အသက်ကြီးသူများအား ကူညီပေးရသည်ကို ပျော်ရွှင်သည်။ အားကစား—ဘတ်စကက်ဘော ကစားရသည်ကို ကြိုက်နှစ်သက်သည်။ ဝါသနာ—ကားပြင်ခြင်းနှင့် လက်သမားလုပ်ခြင်းကို နှစ်သက်သည်။
ထောက်ခံချက်များ– လိုအပ်မည်ဆိုပါက ရရှိနိုင်သည်။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 44 သင်ကို ထောက်ခံပေးမည့်သူများတွင် သင့်အားကောင်းစွာသိသည့် ကျောင်းဆရာတစ်ဦး သို့မဟုတ် လုပ်ငန်းတစ်ခုလုပ်နေသည့် မိသားစုမိတ်ဆွေတစ်ဦးကို ထည့်သွင်းနိုင်သည်။ အလုပ်ရှင်တောင်းဆိုသည့်အခါ ထိုနာမည်များပေးခြင်းဖြင့် အလုပ်ခေါ်နေသော အလုပ်ရှင်သည် သင့်အား အလုပ်ခန့်ရန် စိတ်ဝင်စားနိုင်ကြောင်း ကြိုတင်ရိပ်မိနိုင်စေသည်။ ထောက်ခံချက်ပေးမည့်သူများအဖြစ် သင်စာရင်းပေးထားသူတို့၏ ခွင့်ပြုချက်ရယူရန် သေချာစေပါ။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အင်တာဗျူးတွင် သင်အမေးခံရနိုင်သည့် မေးခွန်းများ
❑ ဒီအလုပ်ကို ဘာကြောင့်လျှောက်တာလဲ။
❑ ဒီကုမ္ပဏီမှာမှ ဘာကြောင့်အလုပ်,လုပ်ချင်ရတာလဲ။
❑ ဒီအလုပ်/ကုမ္ပဏီ/စက်ရုံအကြောင်း ဘာသိထားသလဲ။
❑ သင်ဒီအလုပ်မျိုးလုပ်ခဲ့ဖူးသလား။
❑ ဘယ်လိုစက်အမျိုးအစားကို ကိုင်တွယ်နိုင်သလဲ။
❑ ဒီအလုပ်မျိုးနဲ့ပတ်သက်တဲ့ လုပ်ငန်းအတွေ့အကြုံရှိသလား။
❑ ဒီအလုပ်နဲ့ အသုံးတည့်မယ့် ဘယ်လိုကျွမ်းကျင်မှုတွေရှိသလဲ။
❑ သင့်အကြောင်းပြောပြပါ။
❑ ဘယ်စကားလုံးငါးလုံးက သင့်အကြောင်းကို အကောင်းဆုံးဖော်ပြပေးနိုင်မလဲ။
❑ ဖိစီးမှုအောက်မှာ သင်အလုပ်,လုပ်နိုင်သလား။
❑ သင့်အရင်အလုပ်ကနေ ဘာကြောင့်ထွက်လိုက်တာလဲ။
❑ ဘာကြောင့်ဒီလောက်ကြာကြာ အလုပ်လက်မဲ့ဖြစ်နေတာလဲ။
❑ သင့်နောက်ဆုံးအလုပ်ရှင်က သင့်အပေါ်ဘယ်လိုသဘောထားရှိသလဲ။
❑ သင့်နောက်ဆုံးအလုပ်မှာ ဘယ်နှစ်ကြိမ်အလုပ်ပျက်ဖူးသလဲ။
❑ အနာဂတ်အတွက် သင့်အစီအစဉ်တွေကဘာတွေလဲ။
❑ အလုပ်ကိုဘယ်တော့ စဝင်နိုင်မလဲ။
❑ သင့်ရဲ့အကြီးကျယ်အထူးခြားဆုံး အရည်အချင်းတွေကဘာလဲ။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ကွန်ပျူတာအွန်လိုင်းမှ အလုပ်ရှာပေးသော အဖွဲ့အစည်းများကို အသုံးပြုသင့်သလော
အမေရိကန်ပြည်ထောင်စုရှိ အွန်လိုင်းမှအလုပ်ရှာပေးသည့် အကြီးဆုံးဝက်ဘ်ဆိုက်တစ်ခုတွင် အလုပ်ရှင်များ တွေ့ မြင်ဖတ်ရှုနိုင်ရန် ကိုယ်ရေးရာဇဝင်အကျဉ်း ၁၇ သန်းရှိပြီး အလုပ်လက်မဲ့များ စဉ်းစားနိုင်ရန် အလုပ်ပေါင်း ၈၀၀,၀၀၀ ခန့် စာရင်းပြုစုထားသည်။ အချို့နိုင်ငံများတွင် ၉၆ ရာခိုင်နှုန်းကျော်သောသူများသည် အင်တာနက်ဖြင့်အလုပ်ရှာနေကြောင်း လေ့လာတွေ့ ရှိချက်များက ဖော်ပြသည်။ သို့သော် နိုင်ငံပေါင်း ၄၀ မှ အတတ်ပညာရှင်များနှင့် ပြုလုပ်သော သုတေသနတစ်ရပ်က ၎င်းတို့ထဲမှ အလုပ်ရှာသူ ၅ ရာခိုင်နှုန်းသာ အင်တာနက်မှတစ်ဆင့် အလုပ်ရခဲ့ကြောင်း ဖော်ပြသည်။
သင့်ကိုယ်ရေးရာဇဝင်အကျဉ်းကို အင်တာနက်ပေါ်တင်ခြင်းက သင်အလုပ်ရှာနေကြောင်း အလုပ်ရှင်များကို သိစေသော်လည်း သတိပြုရန်လိုအပ်သည်။ ယင်းက သင့်ကိုကလိမ်ကျသူများ၏သားကောင် ဖြစ်လာခွင့်လည်းပိုများစေသည်။ ဤကြမ္မာမှ သင့်ကိုယ်သင်ကာကွယ်ရန် လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများက အောက်ပါအကြံပြုချက်များပေးထားသည်–
၁။ အွန်လိုင်းအလုပ်ရှာပေးသည့် အဖွဲ့အစည်းတစ်ခုအား သင့်ကိုယ်ရေးရာဇဝင်အကျဉ်းကို မပေးမီ ထိုအဖွဲ့၏လျှို့ဝှက်ထားပေးနိုင်မှုပေါ်လစီကိုဖတ်ပါ။ အချို့အလုပ်ရှာပေးသည့်ဆိုက်များသည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူထုဈေးကွက်ရှာနေသော ကုမ္ပဏီများ သို့မဟုတ် အခြားစိတ်ဝင်စားသူများထံရောင်းချကြသည်။
၂။ သင့်ကိုယ်ရေးရာဇဝင်အကျဉ်းကို နာမည်ကောင်းရထားသော အွန်လိုင်းအလုပ်ရှာပေးသည့်ဆိုက် အနည်းငယ်သို့သာပေးပါ။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို အလွဲသုံးခြင်းမှတားဆီးနိုင်ရန် ယင်းတို့ကိုကာကွယ်ဖို့အရေးကြီးသည်။ သင့်ကိုယ်ရေးရာဇဝင်အကျဉ်းတွင် မသမာသူတစ်ဦးက သင်နှင့်ပတ်သက်ရာကို ခိုးယူပြီး သင့်အား အတောမသတ်နိုင်အောင် ငွေကြေးအခက်အခဲများ ဖြစ်စေနိုင်သည့် အချက်အလက်များ မည်သည့်အခါမျှ မပါသင့်ပေ။ နည်းမှန်လမ်းကျလုပ်ကိုင်သော အလုပ်ရှင်များသည် သင့်ဘဏ်စာရင်းနံပါတ်၊ အကြွေးဝယ်ကတ်နံပါတ် သို့မဟုတ် မွေးနေ့အတိအကျတို့ကို သိရန်မလိုပေ။
၃။ မသေချာမရေရာသော အလုပ်ကြော်ငြာများကို သတိပြုပါ။ ကမ္ဘာ့ပရိုင်ဗစီဖိုရမ်နှင့် လေ့လာမှုပြုလုပ်ခဲ့သော သုတေသနပညာရှင် ပါးမ်ဒစ်စန်က အလုပ်ကြော်ငြာများသည် ပို၍ယေဘုယျဆန်လာလေ ဖြစ်နိုင်ခြေပိုနည်းလေဖြစ်လေ့ရှိသည်ဟု ဆိုသည်။ “‘ငါတို့မှာအလုပ်တွေထောင်နဲ့ချီရှိတယ်’ သို့မဟုတ် ‘ငါတို့က ကုမ္ပဏီကြီးတွေနဲ့ပဲအလုပ်လုပ်တာ’ ကဲ့သို့ မသေချာမရေရာသောရောင်ဝါးဝါး စကားများသည် သတိပြုစရာအချက်တစ်ခုဖြစ်သည်” ဟု သူထပ်ပြောသည်။ “ကိုယ်ရေးရာဇဝင်အကျဉ်းမိတ္တူအသစ် တစ်စောင်ထပ်ပို့ပေးရန် တောင်းဆိုမှုများသည်လည်း အန္တရာယ်ကျရောက်စေနိုင်သည်။”
သင့်ကိုယ်ရေးရာဇဝင်အကျဉ်းကို အလုပ်ရှင်တစ်ဦး သို့မဟုတ် အခြားစိတ်ဝင်စားသူတစ်ဦးဦး ဖွင့်ယူပြီးသည်နှင့် ယင်းသည် အဘယ်အရာဆက်ဖြစ်သွားကြောင်း နာမည်အကြီးဆုံးအလုပ်ရှာပေးသည့် အွန်လိုင်းဆိုက်များပင် မသိနိုင်ကြောင်း သတိရပါ။
[စာမျက်နှာ ၅ ပါ ပုံကြမ်း/ရုပ်ပုံ]
အလုပ်အကိုင်
အင်တာဗျူးများအတွက် ကောင်းစွာပြင်ဆင်ပါ
ထိရောက်သော ကိုယ်ရေးရာဇဝင် အကျဉ်းတစ်ခု ရေးသားပါ
ပြောင်းသာလဲသာရှိပါ
မကြော်ငြာသော အလုပ်အကိုင် ဈေးကွက်အတွင်း ဝင်ရှာပါ
အစီအစဉ်ကျနမှုရှိပါ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အလုပ်အကိုင်တစ်ခု ရှာဖွေရာတွင် ဇွဲနှင့်စေ့စေ့ငငစူးစမ်းမှုတို့ လိုအပ်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အစီအစဉ်တကျ ချဉ်းကပ်ခြင်းက သင့်အင်တာဗျူးများအတွက် အထောက် အကူဖြစ်စေပါလိမ့်မည်