မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရင်သွေးငယ်များလိုအပ်ရာကို ထောက်ပံ့ပေးခြင်း

ရင်သွေးငယ်များလိုအပ်ရာကို ထောက်ပံ့ပေးခြင်း

ရင်သွေးငယ်များလိုအပ်ရာကို ထောက်ပံ့ပေးခြင်း

ရှင်းနေသည်မှာ ကလေးငယ်များကို ဂရုစိုက်ဖို့လိုသော်လည်း ထိုဂရုစိုက်မှုကို ကလေးအများက မရရှိကြချေ။ ယခုခေတ် လူငယ်များ၏ အခြေအနေသည် ထိုနည်းလည်းကောင်းပင်။ ကနေဒါ၊ တိုရွန်တို သည်ဂလုပ်ဘ်အဲန်မေးလ် သတင်းစာတွင် သုတေသီတစ်ဦးက “လူငယ်များစွာသည် ယခု တစ်ချိန်တစ်ခါနှင့်မျှမတူအောင် သူတို့၏မိသားစုနှင့် တသီးတခြားဖြစ်နေကြ၏၊ လက်တွေ့ကျအတွေ့အကြုံနှင့် လက်တွေ့ကျဉာဏ်ပညာ ကင်းမဲ့နေကြ၏” ဟုဝမ်းနည်းစွာပြောဆိုသည်။

အဘယ်အရာမှားသွားသနည်း။ ပြဿနာမှာ ကလေးငယ်များကို ဂရုစိုက်ဖို့အရေးကြီးကြောင်း အသိအမှတ်မပြု၍လော။ မွေးကင်းစကလေးများကို မည်သို့ဂရုစိုက်ရကြောင်း ဝင်ငွေနည်းသော အမျိုးသမီးများအား သင်ကြားပေးနေသူ စိတ်ပညာရှင်တစ်ဦးက “ကျွန်မတို့အားလုံး မိဘဖြစ်တတ်လာဖို့လိုသည်။ ယခု ကလေးများကို အချိန်ပေးသည့်အတွက် အကျိုးကျေးဇူးများစွာ ပြန်လည်ရရှိလိမ့်မည်” ဟုဆို၏။

နို့စို့ကလေးများကိုပင် ပုံမှန်သွန်သင်ပေးဖို့လိုသည်။ အခါအားလျော်စွာ မိနစ်အနည်းငယ်မျှ သင်ပေးခြင်းမဟုတ်ဘဲ တစ်နေ့လုံး မှန်မှန်သွန်သင်ပေးရမည်။ နို့စို့အရွယ်မှစ၍ လူငယ်များကို အချိန်ပေးခြင်းသည် သူတို့၏ကျန်းမာကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။

ကြိုတင်ပြင်ဆင်မှုလိုအပ်

မိဘဝတ်ကျေပွန်နိုင်ရန် ကလေးမမွေးမီ ကြိုတင်ပြင်ဆင်ဖို့လိုသည်။ ကြိုတင်စီစဉ်ထားခြင်း၏ အရေးပါမှုနှင့်ပတ်သက်၍ ယေရှုခရစ်ညွှန်ပြခဲ့သော မူတစ်ခုကို သူတို့သင်ယူကြရမည်။ ကိုယ်တော်က “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကိုသိခြင်းငှာ ရှေးဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲနေမည်လော” ဟုမိန့်ဆိုခဲ့၏။ (လုကာ ၁၄:၂၈) အနှစ် ၂၀ စီမံကိန်းဟုခေါ်ဆိုလေ့ရှိသည့် ကလေးပြုစုပျိုးထောင်ရေးသည် မျှော်စင်တစ်ခုဆောက်လုပ်ခြင်းထက် ပို၍ရှုပ်ထွေးခက်ခဲ၏။ ထို့ကြောင့် ၎င်းလုပ်ငန်းအတွက် ပုံစံပြာလိုအပ်သကဲ့သို့ ကလေးတစ်ဦးကို အောင်မြင်စွာပြုစုပျိုးထောင်နိုင်ရန်လည်း ပုံစံပြာလိုအပ်သည်။

ပထမဦးစွာ၊ မိဘတာဝန်ထမ်းဆောင်ရန် စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီး၏။ ဂျာမနီနိုင်ငံရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂,၀၀၀ ကိုလေ့လာသုံးသပ်ခဲ့ရာ ကလေးရလိုသောမိခင်များ၏ ရင်သွေးငယ်တို့သည် ကလေးမလိုချင်သောမိခင်များ၏ ရင်သွေးငယ်တို့ထက် စိတ်ဓာတ်ရေးနှင့်ကာယရေးပိုင်းတွင် ပိုကျန်းမာကြောင်း တွေ့ရှိရ၏။ အခြားတစ်ဖက်တွင်မူ၊ အိမ်ထောင်ရေးမသာယာသော အမျိုးသမီးတစ်ဦး၏ရင်သွေးငယ်သည် ချစ်ခင်မြတ်နိုးခံရသည့် အမျိုးသမီးတစ်ဦး၏ရင်သွေးငယ်ထက် စိတ်ဓာတ်ရေးနှင့် ကာယရေး ချို့တဲ့ဖို့အကြောင်း ၂၃၇ ရာခိုင်နှုန်း ပိုများသည်ဟု သုတေသီတစ်ဦးက ခန့်မှန်းခဲ့၏။

ထို့ကြောင့် ရှင်းနေသည်မှာ ကလေးတစ်ဦးကို အောင်မြင်စွာပြုစုပျိုးထောင်နိုင်ရန် ဖခင်လည်း အရေးပါသည်။ ဒေါက်တာသောမတ်စ်ဗာနီ ပြောသကဲ့သို့ “ကိုယ်ဝန်ဆောင်ဇနီးကို အကြမ်းဖက်၊ လျစ်လျူရှုသည့် ဖခင်ထက် ကလေး၏ စိတ်ဓာတ်ရေးနှင့် ကာယရေးကို ဘေးဖြစ်စေသည့်အရာ မရှိသလောက်ပင်။” မှန်ပါသည်၊ ရင်သွေးငယ်အတွက် အကောင်းဆုံးလက်ဆောင်မှာ သူ၏မိခင်ကို ချစ်မြတ်နိုးသည့် ဖခင်တစ်ဦးဖြစ်ကြောင်း သတိပြုမိခဲ့ကြပြီ။

မိခင်၏သွေးကြောထဲ စိမ့်ဝင်တတ်သည့် စိုးရိမ်မှု၊ ဖိစီးမှုဟော်မုန်းများသည် သန္ဓေသားကို ထိခိုက်နိုင်သည်။ သို့သော် အခါအားလျော်စွာ ဖြစ်ပေါ်တတ်သည့် အပျက်သဘောပါသော စိတ်လှုပ်ရှားမှုများ၊ ဖိစီးမှုများထက် မိခင်၏ကြာရှည်စိုးရိမ်လွန်ကဲမှုကသာ အန္တရာယ်ရှိ၏ဟု ရှုမြင်ခဲ့ကြသည်။ အရေးကြီးဆုံးကား ကိုယ်ဝန်ဆောင်မိခင်သည် မိမိ၏သန္ဓေသားအပေါ်ထားရှိသည့် စိတ်ထားဖြစ်ပုံရ၏။ *

အကယ်၍ သင်သည် ကိုယ်ဝန်ဆောင်နေချိန်တွင် သင်၏ခင်ပွန်းက မထောက်မလျှင်ကော၊ သို့မဟုတ် မိခင်ဖြစ်လာရမည့်အရေးကို စိတ်အနှောင့်အယှက်ဖြစ်နေလျှင်ကော အသို့နည်း။ အမျိုးသမီးတစ်ဦးသည် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်ဝန်ရရှိ၍ စိတ်ဓာတ်ကျခြင်းမှာ အထူးအဆန်းမဟုတ်ပေ။ မည်သို့ဆိုစေ သင်၏ရင်သွေးငယ်တွင် အပြစ်မရှိကြောင်း အမြဲသတိရပါ။ သို့ဖြစ်လျှင် သင်သည် ဆိုးရွားသောအခြေအနေကြားမှ စိတ်တည်ငြိမ်မှု မည်သို့ရှိနိုင်မည်နည်း။

ဘုရားသခင်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာပါ ပညာရှိလမ်းညွှန်မှုက လူသန်းပေါင်းများစွာကို ကူညီပေးခဲ့ပြီ။ ကျမ်းစာက ဤသို့ဆို၏– “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” အဆိုပါစကားများက “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိ” နှင့်ဟူသော အကြံပြုချက်ကို လိုက်လျှောက်ရန် မည်သို့ထောက်ကူပေးနိုင်ကြောင်း သင်အံ့သြသွားလိမ့်မည်။ (ဖိလိပ္ပိ ၄:၆၊ ၇) သင့်ကို စောင့်ရှောက်ပေးနိုင်သော ဖန်ဆင်းရှင်၏ဂရုစိုက်မှုကို သင်ခံစားရပါလိမ့်မည်။—⁠၁ ပေတရု ၅:⁠၇

အဆန်းတကြယ်မဟုတ်သော အတွေ့အကြုံ

ငယ်ရွယ်သောမိခင်အချို့သည် ကလေးမွေးပြီး ပထမအပတ် အနည်းငယ်တွင် အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းထုံထိုင်းနေတတ်ကြ၏။ ကလေးလိုချင်၍ ပျော်ရွှင်နေသော အမျိုးသမီးများပင် စိတ်အားငယ်သွားနိုင်သည်။ ဤသို့သောစိတ်အပြောင်းအလဲဖြစ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ အမျိုးသမီးများသည် ကလေးမွေးပြီးနောက် ဟော်မုန်းပမာဏ သိသိသာသာပြောင်းလဲသွားခြင်းကြောင့်ဖြစ်သည်။ အချိန်မသိတတ်သေးသည့် ကလေးငယ်ကို အစာကျွေးရ၊ အနှီးလဲပေးရ၊ ကြည့်ရှုစောင့်ရှောက်ပေးရသော မိခင်ဘဝ၏ဖိစီးမှုများဖြင့် မနိုင်မနင်းဖြစ်နေရခြင်းသည်လည်း မိခင်ဖြစ်ခါစသူအတွက် မထူးဆန်းချေ။

ရင်သွေးငယ်သည် မိမိကို စိတ်ဆင်းရဲစေရန် တကျည်ကျည်ငိုနေသည်ဟု မိခင်တစ်ဦး ယူမှတ်ခဲ့၏။ ဂျပန်နိုင်ငံမှ ကလေးပြုစုစောင့်ရှောက်သူ ပါရဂူတစ်ဦး ဤသို့ဆိုခဲ့ခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ– “ကလေးပြုစုစောင့်ရှောက်ခြင်းမှ ဖြစ်ပေါ်လာသော ဖိစီးမှုများနှင့် မည်သူမျှမလွတ်ကင်းကြချေ။” ဤပါရဂူ၏အဆိုအရ “မိခင်တစ်ဦးအတွက် အရေးကြီးဆုံးမှာ ဘယ်တော့မှ တစ်သီးပုဂ္ဂလမနေရန်ဖြစ်သည်။”

မိခင်သည် တစ်ခါတစ်ရံ စိတ်အားငယ်လျှင်ပင် မိမိ၏စိတ်အပြောင်းအလဲကြောင့် ရင်သွေးငယ်ကို မထိခိုက်မိစေရန် သတိပြုသင့်သည်။ တိုင်းမ်မဂ္ဂဇင်းက ဤသို့ဖော်ပြခဲ့သည်– “စိတ်ဓာတ်ကျသောမိခင်များသည် မိမိတို့၏စိတ်အားငယ်မှုကို ဖြေဖျောက်ပြီး ရင်သွေးလေးများနှင့် အချိန်ပိုပေး၍ ပျော်ရွှင်စရာဂိမ်းစ်များ ကစားခြင်းဖြင့် ကလေးငယ်များကို ရွှင်လန်းထက်မြက်စေ ကြသည်။” *

ဖခင် ကူညီပေးနိုင်ပုံ

နို့စို့ကလေး၏ဖခင်သည် လိုအပ်သော အကူအညီနှင့် အားပေးထောက်ပံ့မှုကိုပေးနိုင်သူတို့တွင် အကောင်းဆုံးအနေအထားတွင်ရှိ၏။ ညသန်းခေါင်အချိန်တွင် ကလေးငိုသည့်အခါ ဇနီးသည်အား အိပ်စက်အနားယူစေရန် ဖခင်သည် ကလေး၏ဝေယျာဝစ္စများကို ကြည့်ရှုပေးနိုင်၏။ ‘ယောက်ျားတို့၊ ကိုယ့်ခင်ပွန်းနှင့်အတူနေ၍ ထောက်ထားညှာတာကြလော့’ ဟုသမ္မာကျမ်းစာကဆိုသည်။—⁠၁ ပေတရု ၃:၇သမ္မာ။

ယေရှုခရစ်သည် လင်ယောက်ျားများ လိုက်လျှောက်အပ်သော အကောင်းဆုံးပုံနမူနာကို ချမှတ်ပေးခဲ့သည်။ မိမိ၏နောက်လိုက်များအတွက် အသက်ကိုပင် စွန့်တော်မူခဲ့၏။ (ဧဖက် ၅:၂၈-၃၀; ၁ ပေတရု ၂:၂၁-၂၄) သက်သောင့်သက်သာနေမည့်အစား ရင်သွေးငယ်များကို ဝိုင်းဝန်းပြုစုပေးကြသော ခင်ပွန်းများသည် ခရစ်တော်ကို တုပနေကြခြင်းဖြစ်သည်။ မှန်ပါသည်၊ ရင်သွေးငယ်တို့ကို ပြုစုစောင့်ရှောက်ပေးခြင်းသည် မိဘနှစ်ပါး ပူးပေါင်းဆောင်ရွက်ရသည့် အလုပ်ဖြစ်၏။

ကြိုးစားပူးပေါင်းဆောင်ရွက်မှု

နှစ်နှစ်သမီး၏ဖခင် ယိုအီချီရိုက “ကျွန်တော်တို့ရဲ့သမီးလေးကို ဘယ်လိုကျွေးမွေးပြုစုမယ်ဆိုတာ ကျွန်တော်တို့နှစ်ယောက်စလုံး အသေးစိတ်ဆွေးနွေးခဲ့ကြတယ်။ ကိစ္စတစ်ခုပေါ်လာတိုင်း ဘာဆက်လုပ်သင့်သလဲဆိုတာ တိုင်ပင်ကြတယ်” ဟုပြောပြသည်။ မိမိ၏ဇနီးသည် အနားယူဖို့လိုကြောင်း ယိုအီချီရိုသိသဖြင့် တောက်တိုမယ်ရ သွားဝယ်စရာရှိသည့်အခါ သမီးကိုပါ ခေါ်သွားတတ်၏။

အစောပိုင်းအချိန်များတွင် အများအားဖြင့် မိသားစုကြီးမားပြီး တရင်းတနှီးရှိကြရာ သားသမီးအကြီးများနှင့် ဆွေမျိုးများက ကလေးကို ဝိုင်းထိန်းပေးကြသည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၊ ကာဝါဆာကီမြို့ရှိ ကလေးစောင့်ရှောက်ရေး ထောက်ပံ့မှုဌာနမှ အလုပ်သမတစ်ဦးက ဤသို့ပြောဆိုသည်မှာ အံ့အားသင့်စရာမဟုတ်ပေ– “အများအားဖြင့်တော့ မိခင်တွေက တခြားသူတွေကို ဒီအကြောင်းပြောပြရင် ရင်ပေါ့သွားတယ်။ မိခင်တွေဟာ သူများတွေပေးတဲ့ အကြံပေးချက်တွေနဲ့ပဲ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ကြတယ်။”

မိဘများသည် “မိမိတို့၏စိုးရိမ်ပူပန်များကို ရင်ဖွင့်နိုင်ရန် လူ့ကွန်ရက်တစ်ခုလိုအပ်သည်” ဟု မိဘ မဂ္ဂဇင်းက ဆိုသည်။ ဤသို့သောကွန်ရက်ကို အဘယ်နေရာတွင် တွေ့ရှိနိုင်မည်နည်း။ နှစ်ဦးနှစ်ဖက်မိဘများ၏စကားကို သဘောထားကြီးကြီးဖြင့် နားထောင်ပေးခြင်းဖြင့် မိခင်၊ ဖခင်ဖြစ်ခါစသူများသည် အကျိုးများစွာ ရရှိနိုင်သည်။ နောက်ဆုံး ဆုံးဖြတ်ရမည်ကား လူငယ်ဇနီးမောင်နှံဖြစ်ကြောင်း အဘိုးအဘွားများ သိထားသင့်သည်။ *

ငယ်ရွယ်သောမိဘများ နောက်ထပ်အားကိုးနိုင်သူများမှာ ဘာသာတူချင်းများလည်း ဖြစ်နိုင်၏။ ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်တွင် သားသမီးပြုစုပျိုးထောင်ရေး၌ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး သင်၏အခက်အခဲများကို တလိုတလားနားထောင်ပေးမည့်သူများအား တွေ့ရပေမည်။ ဤသူတို့သည် အကူအညီဖြစ်မည့်အကြံပြုချက်များကို ပေးနိုင်ပေမည်။ ခရစ်ယာန်အသက်တာတွင် အတွေ့အကြုံများသူတို့အား သမ္မာကျမ်းစာကခေါ်ဆိုသည့် “အသက်ကြီးရင့်သောအမျိုးသမီးများ” ၏အကူအညီကို သင်,တောင်းဆိုနိုင်ပေသည်၊ ဤသူတို့သည် ငယ်ရွယ်သောအမျိုးသမီးများကို ကူညီပေးရန် တလိုတလားရှိကြ၏။—⁠တိတု ၂:၃-၅

မိဘတို့သည် သူတစ်ပါးပေးသော အကြံပြုချက်များကို စိစစ်နားထောင်တတ်ဖို့လိုသည်။ “လူတိုင်းက ချက်ချင်းပဲ ကလေးပညာပေးကျွမ်းကျင်သူတွေ ဖြစ်လာကြတယ်” ဟုယိုအီချီရို ပြောပြသည်။ သူ၏ဇနီး တာကာကိုက “အစပိုင်းမှာ သူတို့ပေးတဲ့အကြံပြုချက်တွေကြောင့် ကျွန်မစိတ်အနှောင့်အယှက်ဖြစ်မိတယ်၊ ကျွန်မမှာ မိခင်အတွေ့အကြုံနည်းတာကို အပြစ်ရှာနေကြတာလို့ ခံစားမိတယ်” ဟုဝန်ခံ၏။ သို့သော် အခြားသူများ၏အကြံပြုချက်များကို လက်ခံခြင်းအားဖြင့် မိမိတို့ရင်သွေးငယ်များ၏လိုအပ်ရာကို မျှတသောအမြင်မျိုးဖြင့် ဖြည့်ဆည်းပေးရန် ဇနီးမောင်နှံများကို ကူညီပေးခဲ့ပြီ။

ရရှိနိုင်သော အကောင်းဆုံးအကူအညီ

သင့်ကို ကူညီပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မျှရှိပုံမပေါက်လျှင်ပင် ယုံကြည်အားထားနိုင်သည့်အရှင် တစ်ပါးရှိပါသည်။ ထိုအရှင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူပြီး မြေကြီးပေါ် မွေးဖွားလာမည့် “သန္ဓေသား” ကိုပင် မြင်တွေ့နိုင်သည့် ယေဟောဝါဘုရားသခင်ဖြစ်၏။ (ဆာလံ ၁၃၉:၁၆ကဘ) သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါသည် ရှေးအချိန်က မိမိ၏လူမျိုးတော်အား ဤသို့မိန့်တော်မူခဲ့၏– “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့။”—⁠ဟေရှာယ ၄၉:၁၅; ဆာလံ ၂၇:⁠၁၀

အမှန်ဆိုသော် ယေဟောဝါသည် မိဘများကို မမေ့ပါ။ သမ္မာကျမ်းစာတွင် သားသမီးပြုစုစောင့်ရှောက်ရေးအတွက် အကောင်းဆုံးလမ်းညွှန်ချက်များကို ဖော်ပြပေးထားသည်။ ဥပမာ၊ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က ဘုရားသခင်၏ပရောဖက်မောရှေ ဤသို့ရေးသားခဲ့သည်– “သင်၏ဘုရားသခင် ထာဝရဘုရား[သခင်]ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” ထို့နောက် မောရှေဤသို့ဆို၏– “ယနေ့ [ယေဟောဝါဘုရားသခင်အား ချစ်ပြီး ဝတ်ပြုကိုးကွယ်ရမည်ဟူသော တိုက်တွန်းချက်အပါအဝင်] ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။”—⁠တရားဟောရာ ၆:၅-၇

သမ္မာကျမ်းစာတွင်ပါရှိသည့် ဤလမ်းညွှန်ချက်ကို သင်မည်သို့ ယူမှတ်သနည်း။ သင်၏ရင်သွေးများကို နေ့စဉ်မှန်မှန် သွန်သင်ပေးသင့်သည်မဟုတ်လော။ အမှန်ဆိုရသော် တစ်ခါတစ်ရံမှ သင်၏သားသမီးများအတွက် အကျိုးရှိအချိန်ဟုခေါ်သော အချိန်ဇယားဆွဲပေးရုံမျှနှင့် မလုံလောက်ချေ။ အရေးကြီးကိစ္စများနှင့်ပတ်သက်သော ဆက်သွယ်မှုများသည် ကောက်ကာငင်ကာပေါ်လာတတ်သောကြောင့် သင်၏ကလေးများနှင့် မှန်မှန်ဆက်သွယ်မှုရှိရန်လိုသည်။ ထိုသို့ပြုခြင်းဖြင့် သင်သည် “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့” ဟူသောပညတ်ချက်ကို လိုက်နာရာရောက်ပေလိမ့်မည်။—⁠သု. ၂၂:⁠၆

ရင်သွေးလေးများကို ကောင်းစွာလေ့ကျင့်ပေးခြင်းတွင် အသံကျယ်ကျယ်ဖြင့် စာဖတ်ပြပေးခြင်းပါဝင်၏။ ပထမရာစုတပည့်ဖြစ်သူ တိမောသေသည် ‘နို့စို့အရွယ်မှစ၍ သမ္မာကျမ်းစာကိုသိခဲ့’ သည်ဟု သမ္မာကျမ်းစာဆို၏။ ထို့ကြောင့် မိခင်ဥနိတ်နှင့် အဘွားလောဣတို့သည် တိမောသေကို နို့စို့အရွယ်ကတည်းက အသံကျယ်ကျယ်ဖြင့် စာဖတ်ပြပေးခဲ့သည်မှာ ထင်ရှား၏။ (၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) သင်၏နို့စို့ကလေး စကားစပြောသည်နှင့် ထိုသို့ပြုလုပ်ပေးလျှင်ကောင်းသည်။ သို့သော် အဘယ်စာအုပ်ကို ဖတ်ပြပေးမည်နည်း၊ နို့စို့ကလေးကိုပင် အကောင်းဆုံးနည်းဖြင့် မည်သို့သင်ပေးနိုင်သနည်း။

သင်ကျမ်းစာဖတ်သံကို သင်၏ကလေး ကြားပါလေစေ။ တိမောသေအား ထိုသို့ဖတ်ပြပေးခဲ့ပုံရ၏။ သမ္မာကျမ်းစာကို ကလေးငယ်များ အကျွမ်းတဝင်ရှိစေနိုင်မည့် ရောင်စုံရုပ်ပုံများပါသော စာအုပ်များလည်းရှိသည်။ ယင်းတို့သည် ကလေးငယ်တစ်ဦးအား ကျမ်းစာသွန်သင်ချက်များကို မြင်ယောင်လာစေ၏။ ဥပမာ၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်နှင့် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်တို့ရှိသည်။ ဤသို့သောစာအုပ်များအားဖြင့် သန်းနှင့်ချီကလေးငယ်တို့သည် ကျမ်းစာသွန်သင်ချက်များကို စိတ်နှလုံးထဲ စွဲမှတ်ခဲ့ကြပြီ။

သမ္မာကျမ်းစာဆိုသည့်အတိုင်း “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရား[သခင်]ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။” (ဆာလံ ၁၂၇:⁠၃) သင်၏ဖန်ဆင်းရှင်သည် ဂုဏ်ယူစရာ၊ ဝမ်းမြောက်စရာဖြစ်လာနိုင်မည့် ချစ်စရာကောင်းသော ရင်သွေးငယ်ကို “အမွေဥစ္စာ” အဖြစ် သင့်အား ပေးသနားထားသည်။ မိမိ၏ရင်သွေးငယ်များကို ဖန်ဆင်းရှင်အား ချီးမွမ်းသူများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်းသည် အမှန်တကယ်ပင် အကျိုးနပ်သောလုပ်ငန်းတစ်ခုဖြစ်၏။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 9 ဖိစီးမှုဟော်မုန်းများသာမက နီကိုတင်း၊ အရက်နှင့် အခြားမူးယစ်ဆေးဝါးများသည်လည်း သန္ဓေသားကို ထိခိုက်နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များသည် အန္တရာယ်ဖြစ်စေမည့် မည်သည့်အရာကိုမဆို ရှောင်သင့်သည်။ ထို့ပြင် မိခင်သုံးဆောင်သော ဆေးဝါးသည် သန္ဓေသားကို ထိခိုက်မှုရှိမရှိ ဆရာဝန်နှင့်ဆွေးနွေးရန် အရေးကြီးသည်။

^ အပိုဒ်၊ 15 မိခင်တစ်ဦးသည် အကြီးအကျယ်ဝမ်းနည်းနေပြီး မျှော်လင့်ချက်ကင်းမဲ့သည်ဟု ခံစားနေရုံမက ရင်သွေးလေးအပေါ် သံယောဇဉ်မရှိ၊ လောကကြီးနှင့်လည်း အဆက်ဖြတ်လိုစိတ် ဖြစ်ပေါ်နေမည်ဆိုလျှင် သူသည် ကလေးမွေးပြီး စိတ်ကျရောဂါခံစားနေရခြင်း ဖြစ်ပေမည်။ ထိုသို့ဖြစ်နေလျှင် မိမိ၏ သားဖွားဆရာဝန်နှင့် ဆွေးနွေးသင့်သည်။ နိုးလော့! ၂၀၀၂၊ ဇူလိုင် ၂၂၊ စာမျက်နှာ ၁၉-၂၃ [လိပ်] နှင့် ၂၀၀၄၊ မတ် ၈၊ စာမျက်နှာ ၁၈-၂၀ တို့ကို ကျေးဇူးပြု၍ ကြည့်ပါ။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

သန္ဓေသားအပေါ် မိခင်၏ခံစားချက်များသည် အလွန်အရေးကြီး

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မိခင်ဖြစ်ခါစသူတစ်ဦးသည် ကလေးမွေးပြီးနောက် စိတ်အပြောင်းအလဲများ ရှိလာမည်ဖြစ်သော်လည်း ရင်သွေးလေးကိုချစ်ပြီး လုံခြုံမှု ရှိစေရန် လုပ်ပေးနိုင်စရာများစွာရှိ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဖခင်များလည်း ကလေးထိန်းပေးရန် တာဝန်ရှိ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရင်သွေးငယ်ကို နို့စို့အရွယ်ကတည်းက စာဖတ်ပြပေးသင့်