တစ်ခါသုံးပစ္စည်း သုံးလေ့ရှိသည့် လူ့ဘောင်တွင် သင် အောင်မြင်နိုင်ပုံ
တစ်ခါသုံးပစ္စည်း သုံးလေ့ရှိသည့် လူ့ဘောင်တွင် သင် အောင်မြင်နိုင်ပုံ
“သဘာဝတွင် . . . စွန့်ပစ်စရာဟူ၍မရှိပါ။” တိုင်းမ်မဂ္ဂဇင်း၏အဆိုအရ ၎င်းသည် လေးစားခံရသော ပြန်လည်စီမံအသုံးပြုခြင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး၏ ထင်မြင်ချက်ဖြစ်သည်။ ဂေဟစနစ်တစ်ခု၏ အပိုင်းတစ်ပိုင်းမှ သက်မဲ့ပစ္စည်း သို့မဟုတ် စွန့်ပစ်ပစ္စည်းကို အခြားအပိုင်းများတွင် အကျိုးရှိရှိ အသုံးပြုလေ့ရှိသည့် ထူးခြားသောနည်းကို သူရည်ညွှန်းနေခြင်းဖြစ်သည်။ “လူသည် သဘာဝအမှိုက်ရှင်းလင်းရေး နည်းစနစ်များကို အတုယူနိုင်သည်၊ သို့သော် ဆန်းသစ်တီထွင်ထားသည့် နည်းပညာလိုအပ်ပြီး စိတ်သဘောထားကို ကြီးစွာပြောင်းလဲရန်လိုလိမ့်မည်” ဟုအဆိုပါကျွမ်းကျင်သူက ယူဆကြောင်း ဖော်ပြထားသည်။
ကျွန်ုပ်တို့အများစုသည် ဆန်းသစ်တီထွင်ထားသောနည်းပညာကို တိုးတက်ရန် မလုပ်ဆောင်နိုင်ကြပေ။ သို့သော် ကျွန်ုပ်တို့၏စိတ်သဘောထားကို ထိန်းချုပ်နိုင်၏!
ထို့ပြင် အမူအကျင့်ကောင်းဆိုင်ရာ အခြေခံမူအချို့အပေါ် သဘောထားမှန်ရှိခြင်းသည် တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်တွင် ဘဝပြဿနာများကို သာ၍ဖြေရှင်းနိုင်ရန် ကူညီပေးလိမ့်မည်။
ဖြုန်းတီးခြင်းကိုရှောင်
ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံသည် ဆာလောင်မွတ်သိပ်စွာ ညအိပ်ရာဝင်ရသည်။ ယင်းကြောင့် အစားအစာကို တန်ဖိုးထားပြီး ဖြုန်းတီးခြင်းကို ရှောင်ရန် စိတ်ထဲစွဲမှတ်သင့်၏။ အာဖရိကနိုင်ငံတွင် ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ၂၈ နှစ်ကြာ ထမ်းဆောင်ပြီးနောက် ဥရောပသို့ပြန်လာသော ဇနီးမောင်နှံတစ်စုံက မိမိတို့၏ဇာတိနိုင်ငံတွင် ပြန်လည်ကျင့်သားရလာရန် အကြီးမားဆုံးစိန်ခေါ်ချက်တစ်ခုမှာ “အစားအစာကို လွှင့်ပစ်တတ်သော လူတို့၏ ဖြုန်းတီးသည့်အမူအကျင့်” ကိုရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
စားနိုင်သလောက်သာ ပန်းကန်ထဲထည့်စားရန် သားသမီးများကို ပညာရှိမိဘများက သင်ပေးကြသည်။ ထိုသို့ပြုခြင်းဖြင့် အမှိုက်သရိုက်နှင့် အလေအလွင့်တို့ကို လျော့နည်းစေသည်။ နောက်ထပ်မထည့်မီ ပထမဦးစွာ အနည်းငယ်ထည့်စားခြင်းသည် သာ၍ကောင်း၏။ အမှန်ဆိုရလျှင် မိဘများက ပုံသက်သေပြရမည်။ ယေရှုသည် ဘုရားသခင်ကျွေးမွေးသည့် ကာယအစာရော၊ ဝိညာဉ်အစာအတွက်ပါ အမှန်တန်ဖိုးထားကြောင်း ဖော်ပြခြင်းဖြင့် ကျွန်ုပ်တို့အားလုံးအတွက် ပုံသက်သေပြခဲ့သည်။ ယေရှုသည် အစားအစာကို အံ့ဖွယ်နည်းဖြင့် ပွားများစေခဲ့သော်လည်း အစားအသောက်ဖြုန်းတီးခြင်းကို ဂရုတစိုက်ရှောင်ရှားခဲ့ကြောင်း ကျမ်းစာကဖော်ပြသည်!—ယောဟန် ၆:၁၁-၁၃။
ဖြုန်းတီးခြင်းကို ရှောင်ရှားပါဟူသောမူသည် အဝတ်အစားများ၊ ပရိဘောဂများ၊ စက်ပစ္စည်းများနှင့်လည်း သက်ဆိုင်ပေသည်။ ၎င်းတို့ကို ကောင်းစွာပြုပြင်ပြီး ကြာကြာအသုံးပြုနေမည်ဆိုလျှင် ကျွန်ုပ်တို့ပိုင်ဆိုင်ရာများကို တန်ဖိုးထားကြောင်း ဖော်ပြရာရောက်သည်။ သာ၍ကြီးမားမြန်ဆန်ခိုင်ခံ့ကောင်းမွန်သည့် ပစ္စည်းများကို ပြသခြင်းအားဖြင့် ကျွန်ုပ်တို့ပိုင်ဆိုင်ရာများနှင့် မရောင့်ရဲစေနိုင်ရန် ကြော်ငြာလောက၏လှည့်ဖြားမှုကို မခံမိဖို့လိုသည်။ မှန်ပါသည်၊ အသုံးပြုနိုင်သေးသော ပစ္စည်းများကို အစားထိုးပိုင်ခွင့် ကျွန်ုပ်တို့တွင်ရှိကြသည်။ သို့သော် ထိုသို့မပြုမီ ကျွန်ုပ်တို့၏သဘောထားများနှင့် ရည်ရွယ်ချက်များကို ချင့်တွက်လိုကြပေမည်။
လိုဘကြီးခြင်းကိုရှောင်
ဣသရေလလူတို့သည် ကတိထားရာပြည်သို့အသွား တောကန္တာရကို ဖြတ်ကျော်ကြစဉ် မန္နမုန့်စားခဲ့ရသည်။ သမ္မာကျမ်းစာမှတ်တမ်းအရ မန္နမုန့်ကို အလုံအလောက်ပေးထားသည်။ သို့သော် လိုဘမကြီးရန် ဣသရေလလူတို့ကို သတိပေးခဲ့သည်; သူတို့သည် လတ်တလော လိုသလောက်သာ ယူကြရန်ဖြစ်သည်။ ကျန်ရှိသောမန္နမုန့်သည် ပိုးဖြစ်၍ နံသွားလေရာ လိုဘကြီးခြင်းမှာ အကျိုးမရှိကြောင်း နာခံမှုမရှိသူများ တွေ့ရှိခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၆:၁၆-၂၀) သမ္မာကျမ်းစာက လိုဘကြီးခြင်းကို ခိုင်မာပြတ်သားစွာ ထပ်ခါတလဲလဲ ပြစ်တင်ရှုတ်ချထားသည်။—ဧဖက် ၅:၃။
ဤအကြောင်းကို သမ္မာကျမ်းစာတစ်အုပ်တည်းကသာ ဖော်ပြထားခြင်းမဟုတ်ချေ။ ဥပမာ၊ ပထမရာစု ရောမအတွေးအခေါ်ပညာရှင်နှင့် ပြဇာတ်ရေးဆရာဖြစ်သူ စီနီကာက လိုဘကြီးသူတစ်ဦးသည် ဘယ်သောအခါမျှ ကျေနပ်ရောင့်ရဲမှုမရှိကြောင်း အသိအမှတ်ပြုခဲ့၏။ သူဤသို့ပြောခဲ့သည်– “လိုဘကြီးသူကို ဘယ်အရာကမျှ ကျေနပ်ရောင့်ရဲစေနိုင်စွမ်းမရှိချေ။” ၂၀ ရာစု အတွေးအခေါ်ပညာရှင် အဲရစ်ခ်ျ ဖရောမ်သည်လည်း ထိုနည်းတူသုံးသပ်ပြခဲ့သည်– “လိုဘသည် လိုအပ်ရာကို အတောမသတ်နိုင်အောင် ရေကုန်ရေခန်းကြိုးစား ဖြည့်ဆည်းသော်လည်း အားအင်ကုန်ခန်းရုံသာဖြစ်စေသည့် အဆုံးမဲ့တွင်းနှင့်တူ၏။” လိုဘကြီးခြင်းနှင့် ဖြုန်းတီးခြင်းတို့ကို ရှောင်ရှားခြင်းအပြင် လူများစွာ ရွေးချယ်လုပ်ဆောင်ကြသည့် အကျိုးပြုနည်းလမ်းအချို့ရှိသည်။
ဝေမျှရန် သင်ယူပါ
အသုံးပြုနိုင်သေးသည့် ပစ္စည်းများကို မလွှင့်ပစ်မီ ဝမ်းမြောက်ဝမ်းသာလက်ခံယူမည့်သူကို စဉ်းစားကြည့်ပါ။ ဥပမာ၊ သားသမီးများ၏အဝတ်အစားများ မတော်တော့သည့်အခါ ယင်းတို့သည် တခြားကလေးများအတွက် ကောင်းစွာအသုံးတည့်နိုင်သေးသလော။ တစ်ချိန်ကလောက် အသုံးမပြုတော့သော်လည်း တန်ဖိုးရှိနေသေးသည့် တခြားပစ္စည်းများကိုကော ထိုနည်းတူပြုနိုင်မည်လော။ သင့်အား ရွှင်လန်းစေသည့် ပစ္စည်းတစ်ခုကို သူတစ်ပါးအား လက်ဆင့်ကမ်းပေးခြင်းဖြင့် ရွှင်လန်းမှုကို မျှဝေပါ။ အမေရိကန်ဟာသစာရေးဆရာ မာ့ခ် တွိန်းသည် တစ်ချိန်က ဤသို့ရေးခဲ့ဖူးသည်– “ရွှင်လန်းမှု၏တန်ဖိုးကို အပြည့်အဝခံစားရရန် ယင်းကိုခွဲခြမ်းဝေမျှဖို့ နောက်တစ်ဦးကို သင်လိုအပ်သည်။” ရွှင်လန်းမှုကို ဝေမျှပေးခြင်းဖြင့် ရွှင်လန်းမှုနှစ်ဆပွားစေကြောင်း သင်တွေ့ကြုံခံစားခဲ့ဖူးပေလိမ့်မည်။ ထို့ပြင်၊ သင်သည် ဤသို့ဝေမျှခြင်းအားဖြင့် တစ်ခါသုံးသဘောထား၏ ဆိုးကျိုးများကို ဟန့်တားရာရောက်သည်။
သူတစ်ပါးအား ဝေမျှပေးခြင်းသည် သမ္မာကျမ်းစာက အလွန်အမင်းထောက်ခံထားသော မွန်မြတ်သည့်အကျင့်တစ်ခုဖြစ်၏။ (လုကာ ၃:၁၁; ရောမ ၁၂:၁၃; ၂ ကောရိန္သု ၈:၁၄၊ ၁၅; ၁ တိမောသေ ၆:၁၈) ကမ္ဘာသူကမ္ဘာသားအားလုံးသည် တလိုတလားဝေမျှမည်ဆိုလျှင် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း!
လိုအပ်ရာများနှင့် ရောင့်ရဲပါ
ရောင့်ရဲတတ်သူသည် ပျော်ရွှင်သောသူဖြစ်၏။ ယင်းစကားသည် အမြဲတမ်းမှန်ကန်သည်။ ဂရိစကားပုံတစ်ခုက ဤသို့ဆိုသည်– “နည်းနည်းလေးနှင့် မရောင့်ရဲတတ်သူကို မည်သည့်အရာကမျှ ရောင့်ရဲစေနိုင်မည်မဟုတ်။” ထို့ပြင် ဂျပန်ဆိုရိုးစကားက ဤသို့ဆိုသည်– “ရောင့်ရဲမှုမရှိသောသူသည် ဆင်းရဲ၏။” သမ္မာကျမ်းစာကလည်း ရောင့်ရဲမှုကို လွန်စွာချီးမွမ်းထားသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။ အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။’—၁ တိမောသေ ၆:၆-၈; ဖိလိပ္ပိ ၄:၁၁။
မှန်ပါသည်၊ ရှိသမျှနှင့် ရောင့်ရဲတတ်ရန် “စိတ်သဘောထားကို အကြီးအကျယ်ပြောင်းလဲ” ဖို့လိုသည်။ အမျိုးသမီးငယ် ဆူဇန်နာသည် ထိုကဲ့သို့ပြောင်းလဲဖို့လိုကြောင်း မကြာမီက နားလည်သဘောပေါက်ခဲ့သည်။ သူဤသို့ဆိုခဲ့သည်– “လိုချင်တိုင်း မရနိုင်တဲ့အတွက် ရှိတာလေးနဲ့ နေတတ်အောင် ကျွန်မဆုံးဖြတ်လိုက်တယ်။ အခုဆိုရင် ကျွန်မဟာ စိတ်ချမ်းသာပြီး ရောင့်ရဲတတ်နေပြီ။”
ကျေနပ်ရောင့်ရဲမှုသည် ပျော်ရွှင်မှုအမှန်ရရှိစေ၏။ အိုမင်းခြင်းဘာသာရပ်ဆိုင်ရာ ဘူလ်ဂေးရီးယန်းပညာရှင် ပါမောက္ခအာရ်ဂီ ဟာဂျီခ်ရီစ်တီဖ်က ဤသို့ဆိုသည်– “ဦးဆုံးအနေနဲ့ပြောရရင် အခြေခံကျတဲ့ မကောင်းမှုဟာ ရှိတာနည်းနည်းနဲ့ မရောင့်ရဲတတ်ခြင်းပဲ။” ရောင့်ရဲတတ်ခြင်း၏ ကျန်းမာရေးအကျိုးဆက်ကို ရည်ညွှန်း၍ သူဤသို့ထပ်ဆင့်ဆိုသည်– “အိမ်နီးချင်းထက် သာအောင်၊ ရှိသည်ထက်ရှိအောင် မကြိုးစားတဲ့သူဟာ ပြိုင်ဆိုင်မှုမရှိတဲ့အတွက် ဖိစီးမှုဒဏ်မခံစားရဘူး။ အာရုံကြောအတွက်လည်း ကောင်းတယ်။”
အမှန်ဆိုသော် တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်သည် စစ်မှန်သောပျော်ရွှင်မှုကို ဘယ်သောအခါမျှ ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ချေ။ တစ်ခါသုံးစိတ်ထားသည်လည်း ထပ်တူပင်ဖြစ်၏! သဘောပေါက်စပြုသူ များသည်ထက်များလာနေကြောင်း သိသာထင်ရှားသည်။ အသင်ကော။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အစားအသောက်ဖြုန်းတီးခြင်းကို မည်သို့ရှောင်ရမည်ကို သားသမီးများ သိရှိဖို့လို
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေရှုသည် ဖြုန်းတီးခြင်းကိုရှောင်ရာတွင် ပုံသက်သေကောင်းပြခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သင် အသုံးမပြုလိုသောပစ္စည်းကို လွှင့်ပစ်မည့်အစား တခြားသူကို ပေးပါလေ