သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း
သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း
“သိပ္ပံနှင့် ဘာသာတရားတို့ကို ပြဒါးတစ်လမ်းသံတစ်လမ်းဟု မယူမှတ်တော့ချေ။” —သည်ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာ၊ လန်ဒန်၊ မေ ၂၆၊ ၁၉၉၉။
သိပ္ပံနှင့် ဘာသာတရားနှစ်ရပ်စလုံးသည် ယင်းတို့၏သိက္ခာအရှိဆုံးအနေအထားတွင် အမှန်တရားကိုရှာဖွေခြင်းပါဝင်သည်။ သိပ္ပံက ဉာဏ်ကြီးရှင်၏ ပုံစံပြုမှုကို ဖော်ပြသော စကြဝဠာကြီးဖြစ်သည့် အထူးတလည် စည်းစနစ်ကျနမှုရှိသော ကမ္ဘာလောကကြီးတစ်ခုကို ရှာတွေ့ ထား၏။ စစ်မှန်သောဘာသာက မျက်မြင်ရလောကရှိ ထင်ရှားပေါ်လွင်သည့် ပုံစံနောက်ဝယ်မှ ဖန်ဆင်းရှင်၏ဉာဏ်တော်ကို သွန်သင်ပေးခြင်းဖြင့် ဤရှာဖွေတွေ့ရှိချက်တို့ကို ထူးခြားသွားစေ၏။
မော်လီကျူးဇီဝဗေဒပညာရှင် ဖရန့်စ္စ ကော်လင်းစ်က “ဘာသာတရားသည် သိပ္ပံပညာအပေါ် ကျွန်ုပ်၏အမြင်ကို များစွာကျယ်လာစေကြောင်း သတိပြုမိခဲ့သည်” ဟုဆို၏။ သူက “လူ့ဂျီနုမ်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ကျွန်ုပ်တို့ရှာဖွေတွေ့ရှိသောအခါ အသက်၏ရှုပ်ထွေးမှုကို အံ့သြတုန်လှုပ်မိပြီး ‘ဒါဟာ အရင်တုန်းက ဘုရားသခင်တစ်ပါးတည်းသာ သိတဲ့အရာပါလား’ ဟူ၍ တစ်ကိုယ်တည်းရေရွတ်မိသည်။ ယင်းက အလွန့်အလွန်နှစ်လိုဖွယ်နှင့် စိတ်လှုပ်ရှားတက်ကြွမှုကို ဖြစ်စေပြီး ဘုရားသခင်အား လေးမြတ်တန်ဖိုးထားရန်အပြင် ကျွန်ုပ်အတွက် သိပ္ပံပညာသည် ယခင်ကထက် ကျေနပ်ဖွယ်ဆုကျေးဇူးဖြစ်စေ၏” ဟုဆက်ပြောသည်။
သိပ္ပံနှင့် ဘာသာရေးတို့ကို ရင်ကြားစေ့ပေးရန် လူတစ်ဦးအား အဘယ်အရာက အကူအညီပေးမည်နည်း။
အဆက်မပြတ်ရှာဖွေမှု
ကန့်သတ်ချက်များကိုလက်ခံပါ– ကျယ်ပြောသောစကြဝဠာ၊ အာကာသဟင်းလင်းပြင်၊ အချိန်ကာလတို့နှင့်ပတ်သက်၍ အဖြေရှာဖွေမှု ဆုံးခန်းတိုင်သွားဖို့အကြောင်း မမြင်ချေ။ ဇီဝဗေဒပညာရှင် လူဝစ္စ သောမတ်စ်က ဤသို့သတိပြုမိသည်– “ဤရှာဖွေမှုသည် အဆုံးတိုင်မည်မဟုတ်ချေ၊ အကြောင်းမှာ ကျွန်ုပ်တို့သည် နှိုက်နှိုက်ချွတ်ချွတ်သိလိုစိတ် မကုန်နိုင်သောအမျိုးဖြစ်ခြင်း၊ စူးစမ်းလေ့လာခြင်း၊ သုတေသနပြုခြင်းနှင့် အရာရာကို နားလည်ဖို့ကြိုးစားခြင်းတို့ကြောင့်ဖြစ်၏။ ယင်းကို ကျွန်ုပ်တို့ ဘယ်တော့မျှ ရှင်း၍ရကြမည်မဟုတ်။ ‘အခု ကျွန်တော်တို့ တစ်ခုလုံးကို သဘောပေါက်သွားပြီ’ ဟု လူတိုင်း စိတ်အေးလက်အေးသက်မချ၍
ပြောဆိုကြမည့် အဆုံးသတ်တစ်ချိန်ချိန်ကို ကျွန်ုပ်စဉ်းစား၍မရနိုင်ပါ။ ၎င်းသည် ကျွန်ုပ်တို့ လက်လှမ်းမမီသောအရာသာ ဆက်ဖြစ်နေမည်။”အလားတူပင် ဘာသာရေးဆိုင်ရာ အမှန်တရားနှင့်ပတ်သက်သော လေ့လာမှုသည်လည်း အဆုံးမရောက်နိုင်ပါ။ ကျမ်းရေးသူတစ်ဦးဖြစ်သော ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ယခုတွင် ငါတို့သည် မှန်အားဖြင့်ရိပ်မိလျက်သာနေ [“မှန်တွင်မသဲမကွဲမြင်၊” ကဘ] ကြ၏။ . . . ယခုတွင် ငါအသိအမြင်မစုံမလင် [“တစ်စိတ်တစ်ဒေသအသိပညာ၊” အင်္ဂလိပ်ကျမ်းစာသစ်] ဖြစ်၏။”—၁ ကောရိန္သု ၁၃:၁၂။
သို့သော် သိပ္ပံနှင့်ဘာသာရေး နှစ်ရပ်စလုံးဆိုင်ရာ မေးခွန်းတို့နှင့်စပ်လျဉ်း၍ တစ်စိတ်တစ်ဒေသအသိပညာကြောင့် ကျွန်ုပ်တို့ရရှိထားသော အချက်အလက်တို့အပေါ်အခြေခံ၍ ခြေမြစ်ခိုင်လုံသော ကောက်ချက်များမချနိုင်စရာအကြောင်းမဖြစ်စေပါ။ နောက်နေ့ နံနက်တွင် နေထွက်ဖို့ ခြွင်းချက်မရှိသေချာစေရန် နေ၏မူလအစကို ကျွန်ုပ်တို့ အသေးစိတ်သိစရာမလိုချေ။
သိထားသောအချက်အလက်များကို သုံးသပ်ပါ– အဖြေရဖို့ စူးစမ်းရှာဖွေရာ၌ ကျွန်ုပ်တို့သည် ခြေမြစ်ခိုင်လုံမှုရှိသောအခြေခံမူများ၏ လမ်းညွှန်မှုခံရရန်လို၏။ သာဓကအထောက်အထား၏ အမြင့်ဆုံးစံနှုန်းများကို ကျွန်ုပ်တို့ လက်ကိုင်မထားပါက သိပ္ပံနှင့် ဘာသာရေးဆိုင်ရာအမှန် *
တရားအတွက် ကျွန်ုပ်တို့၏ရှာဖွေချက်မှာ အလွယ်တကူ မှားယွင်းတိမ်းချော်သွားနိုင်သည်။ ကျွန်ုပ်တို့ မည်သူမျှ ယနေ့ခေတ် စာကြည့်တိုက်ကြီးများတွင် အပြည့်ဖြစ်နေသော သိပ္ပံဆိုင်ရာအသိပညာနှင့် အယူအဆအားလုံးကို ချင့်ချိန်ပိုင်းဖြတ်နိုင်မည်မဟုတ်ချေ။ အခြားတစ်ဖက်တွင်မူ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ အလွယ်တကူလေ့လာသုံးသပ်နိုင်သည့် ဝိညာဉ်ရေးဆိုင်ရာ သွန်သင်ချက်ပေါင်းချုပ်ကျမ်းဂန်ဖြစ်သည်။ သမ္မာကျမ်းစာကို သိနှင့်ပြီးသားအချက်အလက်တို့က အပြည့်အဝထောက်ခံထား၏။သို့သော် ယေဘုယျအားဖြင့် အသိပညာနှင့်ပတ်သက်လာလျှင် သိပ္ပံနှင့် ဘာသာရေးနှစ်ရပ်စလုံးတွင် အချက်အလက်နှင့် မှန်းဆထင်မြင်ချက်စပ်ကြား၊ စစ်မှန်ရာနှင့် လှည့်စားမှုစပ်ကြား ပိုင်းခြားသိမြင်ရန် အပတ်တကုတ် ကြိုးစားအားထုတ်ဖို့ လိုအပ်သည်။ “ ‘အသိပညာ’ ဟု အလွဲခေါ်ဝေါ်သော ရှေ့နောက်မညီသည့်အရာများ” ကို ကျွန်ုပ်တို့ ငြင်းပယ်ရန်လိုကြောင်း ကျမ်းရေးသူပေါလုက မှာကြားခဲ့သည်။ (၁ တိမောသေ ၆:၂၀၊ ကဘ) သိပ္ပံနှင့် သမ္မာကျမ်းစာကို ရင်ကြားစေ့ပေးရန် အချက်အလက်များကို ကျွန်ုပ်တို့သုံးသပ်ကြရမည်ဖြစ်ပြီး ထိုသို့အားဖြင့် ရော်ရမ်းမှန်းဆခြင်းနှင့် ထင်ကြေးပေးခြင်းကိုရှောင်ကာ အချက်အလက်တစ်ခုစီသည် အခြားတစ်ခုကို မည်သို့ထောက်ပံ့ဖြည့်စွက်ပေးကြောင်း ဆန်းစစ်ကြရသည်။
ဥပမာ၊ “နေ့ရက်” ဟူသောစကားလုံးကို သမ္မာကျမ်းစာ၌ အသုံးပြုရာတွင် အချိန်ကာလအမျိုးမျိုးကို ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်သောအခါ ကမ္ဘာဦး၌ပါသော ဖန်ဆင်းခြင်းနေ့ရက်ခြောက်ရက်က ကမ္ဘာကြီး၏သက်တမ်းသည် နှစ်ပေါင်းဘီလျံလေးသန်းခွဲခန့်ရှိပြီဟူသော သိပ္ပံဆိုင်ရာကောက်ချက်နှင့် ဆန့်ကျင်ဖီလာမနေကြောင်း ကျွန်ုပ်တို့တွေ့မြင်ရသည်။ ကျမ်းစာအရ ဖန်ဆင်းခြင်းနေ့ရက်များမစတင်မီ ကမ္ဘာကြီးသည် အတိအကျဖော်ပြမထားသောကာလကတည်းက တည်ရှိခဲ့ပြီးဖြစ်သည်။ (“ဖန်ဆင်းခြင်းနေ့ရက်များ—၂၄ နာရီစီလော” ဟူသောလေးထောင့်ကွက်ရှု။) အကယ်၍ သိပ္ပံက ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏သက်တမ်းနှင့်ပတ်သက်ပြီး ပြုပြင်ကာ နောက်သက်တမ်းတစ်မျိုးကို အကြံပြုလျှင်ပင် သမ္မာကျမ်းစာ၌ပါရှိသော ဖော်ပြချက်တို့မှာ အမှန်အကန်ဖြစ်ဆဲပင်ဖြစ်သည်။ သမ္မာကျမ်းစာနှင့် ဆန့်ကျင်ဖီလာမည့်အစား ဤကိစ္စနှင့် အခြားကိစ္စရပ်များစွာတွင် အမှန်အားဖြင့် သိပ္ပံပညာသည် ကျွန်ုပ်တို့ကို လက်ရှိနှင့် အတိတ်က မျက်မြင်ရကမ္ဘာလောကနှစ်ခုစလုံးနှင့်ပတ်သက်သော ထပ်ဆင့်အချက်အလက်မြောက်မြားစွာပေးသည်။
ယုံကြည်ခြင်း၊ ယုံလွယ်ခြင်းမဟုတ်ပါ– အခြားမည်သည့်ရင်းမြစ်မဆိုမှ စုဆောင်း၍မရရှိနိုင်သောအရာဖြစ်သည့် ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်နှင့်ပတ်သက်သောအသိပညာကို ကျွန်ုပ်တို့အား သမ္မာကျမ်းစာကပေးထားသည်။ ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်ကိုးစားသင့်သနည်း။ သမ္မာကျမ်းစာကိုယ်နှိုက်က ၎င်း၏တိကျမှန်ကန်မှုကို ဆန်းစစ်ကြည့်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်သည်။ ယင်း၏သမိုင်းဝင်အဖြစ်အပျက် အစစ်အမှန်ဖြစ်ခြင်း၊ လက်တွေ့ကျ ခြင်းနှင့် ၎င်းကိုရေးသားသူတို့၏ ပွင့်လင်းရိုးသားမှုအပြင် ခိုင်လုံ၍ တော်တည့်ဖြောင့်မှန်ခြင်းကို သုံးသပ်ကြည့်ပါ။ သိပ္ပံသဘောတရားပါသော မိန့်ဆိုချက်များအပါအဝင် ခေတ်ကာလများတစ်လျှောက် ယနေ့ လက်ရှိကျွန်ုပ်တို့အထိ မမှားမယွင်းဘဲပြည့်စုံလာခဲ့သည့် သာ၍ယုံကြည်လာစေဖွယ်ဖြစ်သော ရာချီပရောဖက်ပြုချက်တို့နှင့် သမ္မာကျမ်းစာ၏တိကျမှန်ကန်မှုကို ဆန်းစစ်လေ့လာကြည့်ခြင်းမှ လူတစ်ဦးအား ၎င်းကို ဘုရားသခင်၏နှုတ်မြွက်စကားတော်အဖြစ် အခိုင်အမာယုံကြည်လက်ခံစေနိုင်သည်။ သမ္မာကျမ်းစာ၌ယုံကြည်ခြင်းက ယုံလွယ်ခြင်းမဟုတ်၊ သမ္မာကျမ်းစာပါ မိန့်ဆိုချက်များ၏ တိကျညီညွတ်မှု၌ သက်သေထူပြီးသော ယုံကြည်စိတ်ချမှုဖြစ်သည်။
သိပ္ပံကိုလေးမြတ်ပါ; ယုံကြည်ခြင်းကို နားလည်အသိအမှတ်ပြုပါ– ယေဟောဝါသက်သေများသည် သိပ္ပံနှင့် ဘာသာရေးနှစ်ရပ်စလုံးတွင် သဘောထားကြီးသူတို့အား နယ်ပယ်နှစ်ခုစလုံးအတွက် အမှန်တရားကို စိတ်ရင်းမှန်ဖြင့်ရှာဖွေရာ၌ ပါဝင်ကြဖို့ ဖိတ်ခေါ်သည်။ သက်သေခံတို့သည် သူတို့၏အသင်းတော်များတွင် သိပ္ပံပညာနှင့် အထောက်အထားခိုင်လုံသော ယင်း၏တွေ့ရှိချက်တို့အား သင့်လျော်သောတန်ဖိုးထားလေးမြတ်မှုကို ပြုစုပျိုးထောင်ပေးနေစဉ် တစ်ကြိမ်တည်းတွင် ရှင်းလင်းစွာဖြင့် သက်သေအမြောက်အမြားကိုယ်နှိုက်က ဘုရားသခင်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း ထင်ရှားစေသော သမ္မာကျမ်းစာတစ်ခုတည်း၌သာ ဘာသာရေးအမှန်တရားဖြစ်သည့် လေးနက်သိမ်မွေ့သောယုံကြည်ချက်ကို တွေ့ရှိနိုင်ကြောင်း သူတို့၏အသင်းတော်များတွင် သွန်သင်ခံရသည်။ တမန်တော်ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ငါတို့ဟောပြောသော ဘုရားသခင်၏နှုတ်[မြွက်]တရားကို သင်တို့သည်ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကားကိုမခံမယူဘဲ၊ ဘုရားသခင်၏နှုတ်[မြွက်]စကားတော်အမှန်ဖြစ်သည်နှင့်အညီ . . . ဘုရားသခင်၏နှုတ်[မြွက်]တရားကို ခံယူကြသည်။”—၁ သက်သာလောနိတ် ၂:၁၃။
အမှန်ပင် သိပ္ပံပညာတွင်နည်းတူ ဖျက်ဆီးတတ်သောအယူမှားများနှင့် ထုံးတမ်းဓလေ့များသည် ဘာသာတရားအတွင်းသို့ တဖြည်းဖြည်းစိမ့်ဝင်လာခဲ့၏။ သို့နှင့် စစ်မှန်သောဘာသာနှင့် မှားယွင်းသောဘာသာဟူ၍ ရှိသည်။ ထိုအတွက်ကြောင့် လူများစွာတို့သည် ဖွဲ့စည်းထားသည့် ပင်မဘာသာကို စွန့်ခွာပြီး ယေဟောဝါသက်သေတို့၏ခရစ်ယာန်အသင်းတော်သို့ တဖွဲဖွဲဝင်ရောက်လာခဲ့ကြသည်။ အမှန်တရားကို ရှာဖွေဖော်ထုတ်ပေးရန်အတွက် လူ့ထုံးတမ်းစဉ်လာများနှင့် ယုံတမ်းစကားတို့ကို ငြင်းပယ်ဖို့ တလိုတလားမရှိကြသော သူတို့၏ယခင်ဘာသာရေးကို သူတို့စိတ်ပျက်ခဲ့ကြ၏။
ထို့အပြင် သမ္မာကျမ်းစာ၌ ကိုယ်တော်ဖော်ပြပေးထားသော ဖန်ဆင်းရှင်အကြောင်း အတွင်းကျကျသိရှိမှုနှင့် လူသားတို့နှင့် ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာဂြိုဟ်အတွက် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များဆိုင်ရာ မိန့်တော်မူချက်တို့အပေါ်အခြေပြုထားသည့် ဘဝ၏ စစ်မှန်သောအဓိပ္ပာယ်နှင့် ရည်ရွယ်ချက်တို့ကို ခရစ်ယာန်စစ်များ ရှာတွေ့ ထားကြပြီ။ ကျွန်ုပ်တို့ ဤတွင် အဘယ်ကြောင့်ရှိနေကြသနည်း၊ ကျွန်ုပ်တို့၏အနာဂတ်ကား အသို့နည်း စသည့် မေးခွန်းများအတွက် ကျိုးကြောင်းညီညွတ်၍ ကျမ်းစာအခြေခံသည့်အဖြေများဖြင့် ယေဟောဝါသက်သေများ ကျေနပ်မှုရထားကြပြီ။ ဤအချက်အလက်များကို သူတို့သည် သင့်အား ဝမ်းမြောက်ဝမ်းသာစွာ ဝေမျှပေးလိုကြသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 ယေဟောဝါသက်သေများထုတ်ဝေသည့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်စကားတော်လော၊ လူ့နှုတ်ထွက်လော [လိပ်] စာအုပ်ကိုရှု။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
ဖန်ဆင်းခြင်းနေ့ရက်များ—၂၄ နာရီစီလော
ရှိရင်းစွဲဝါဒီအချို့က ဆင့်ကဲထက် ဖန်ဆင်းခြင်းအယူဝါဒက လူမတည်ရှိမီသမိုင်းကို ရှင်းပြပေးသည်ဟု ဆို၏။ သူတို့က မျက်မြင်ရဖန်ဆင်းရာအားလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ နှင့် ၁၀၀၀၀ ကြားကာလတစ်ချိန်ချိန်တွင်ရှိခဲ့သည့် တစ်ရက်လျှင် ၂၄ နာရီစီကြာသော ခြောက်ရက်လောက်ဖြင့် ဖြစ်ပေါ်လာသည်ဟု အခိုင်အမာဆိုကြသည်။ သို့သော် ထိုသို့ဆိုရာတွင် သူတို့သည် ကျမ်းစာနှင့်မညီသောသွန်သင်ချက်တစ်ရပ်ကို ထောက်ခံနေရာကျပြီး ယင်းကြောင့် လူများစွာတို့က သမ္မာကျမ်းစာကို ကဲ့ရဲ့လှောင်ပြောင်ကြသည်။
သမ္မာကျမ်းစာ၌ပါရှိသော နေ့ရက်တစ်ရက်သည် အမြဲပင် စာသားအတိုင်း ၂၄ နာရီ ကာလအပိုင်းအခြားလော။ ကမ္ဘာဦး ၂:၄ တွင် “ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့” နှင့်ပတ်သက်၍ဖော်ပြထားသည်။ ဤနေ့ရက်တစ်ရက်သည် ကမ္ဘာဦး အခန်းကြီး ၁ တွင်ဖော်ပြထားသော ဖန်ဆင်းရာနေ့ရက် ခြောက်ရက်စလုံးကိုခြုံငုံမိသည်။ သမ္မာကျမ်းစာ၌ အသုံးပြုနည်းအရ နေ့ရက်တစ်ရက်သည် ကာလအပိုင်းအခြားတစ်ခုကို တိုင်းတာပြပြီး အနှစ်တစ်ထောင်အချိန်ကာလ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာပါဝင်သော အချိန်ကာလဖြစ်နိုင်သည်။ သမ္မာကျမ်းစာဆိုင်ရာ ဖန်ဆင်းရာနေ့ရက်တစ်ရက်စီတွင် နှစ်ပေါင်းထောင်ချီပါဝင်သည်။ ထို့အပြင် ဖန်ဆင်းခြင်းနေ့ရက်များမစတင်မီ ကမ္ဘာမြေကြီးသည် တည်ရှိနှင့်ပြီးဖြစ်၏။ (ကမ္ဘာဦး ၁:၁) ထို့ကြောင့် ဤအချက်တွင် သမ္မာကျမ်းစာမှတ်တမ်းသည် စစ်မှန်သောသိပ္ပံပညာနှင့် ကိုက်ညီပေသည်။—၂ ပေတရု ၃:၈။
မော်လီကျူးဇီဝဗေဒပညာရှင် ဖရန့်စ္စ ကော်လင်းစ်က ဖန်ဆင်းရာနေ့ရက်များသည် စာသားအတိုင်း ၂၄ နာရီသာကြာသည်ဟူသော အဆိုပြုချက်အပေါ် ကောက်ချက်ချရာတွင် ဤသို့ထင်မြင်ချက်ပေးသည်– “အဆိုပါဖန်ဆင်းခြင်းဆိုင်ရာ အယူဝါဒသည် မျက်မှောက်ခေတ်တွင် အခြားမည်သည့်အရာမဆိုထက် စဉ်းစားတတ်သူတို့၏ ယုံကြည်ခြင်းကို လွန်စွာထိခိုက်စေသည်။”
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
သိပ္ပံပညာသည် ကိုယ်ကျင့်တရား သာ၍ မြင့်မားသလော
ဘာသာတရားသည် သိပ္ပံဆိုင်ရာတိုးတက်မှုကို ကန့်ကွက်ခြင်း၊ ယင်း၏ အလွန်အကျည်းတန်သောမှတ်တမ်းနှင့် အရေခြုံမှု၊ ရက်စက်မှုတို့ကြောင့် သိပ္ပံနယ်ပယ်မှ များစွာတို့၏ငြင်းပယ်ခံရမည်ဆိုလည်း ခံရလောက်ပေသည်။ အဏုဇီဝဗေဒ၏ပါမောက္ခ ဂျွန် ပို့စ်ဂေ့က ဤသို့ထောက်ပြသည်– “ကမ္ဘာ့ဘာသာတရားများသည် . . . ကြောက်မက်ဖွယ်ဖြစ်သည့် လူသားတို့ကို ယဇ်ပူဇော်ခြင်း၊ ခရူးဆိတ်စစ်ပွဲများ၊ သိမ်းရုံးသတ်ဖြတ်မှုများနှင့် ဘာသာရေးခုံရုံးများကို ဖြစ်ပေါ်စေခဲ့ပြီ။ မျက်မှောက်ကမ္ဘာတွင် ဘာသာရေး၏ ဤအမှောင်ခြမ်းပိုင်းသည် ပို၍အန္တရာယ်ရှိလာပေပြီ။ ဘာသာတရားသည် သိပ္ပံပညာနှင့်မတူဘဲ ဘက်လိုက်တတ်သည်။”
အဆိုပါဘာသာတရား၏အဆိုးပိုင်းကို သိပ္ပံပညာကအဆိုရှိသော ဆင်ခြင်တုံတရား၊ အရှိအတိုင်းဖြစ်မှုနှင့် ထိန်းသိမ်းကြပ်မတ်သည့်စည်းစနစ်တို့ နှင့်နှိုင်းယှဉ်ကြည့်လျှင် “သိပ္ပံပညာသည် ကိုယ်ကျင့်တရား သာ၍မြင့်မားသည်” ဟု ပို့စ်ဂေ့ကဆိုလေသည်။
အမှန်တကယ်ပင် သိပ္ပံပညာသည် ကိုယ်ကျင့်တရားသာ၍မြင့်မားသလော။ အဖြေကား လုံးဝမဟုတ်ပါ။ “သိပ္ပံနယ်ပယ်အဖွဲ့အစည်းတွင် မနာလိုခြင်း၊ လောဘကြီးခြင်း၊ မလိုမုန်းထားခြင်းအပြင် သဝန်တိုခြင်းတို့ ရှိသည်” ဟု ပို့စ်ဂေ့ကိုယ်တိုင်က ဝန်ခံခဲ့၏။ “နာဇီဂျာမနီနှင့် ဂျပန်အကျဉ်းစခန်းများတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ သိပ္ပံပညာရှင်အချို့သည် သုတေသနပြုသည်ဟု အမည်ခံကာ မိမိတို့ကိုယ်ကို လက်သံပြောင်သော လူသတ်သမားများဖြစ်စေကြကြောင်း ပြခဲ့ပြီ” ဟု သူက ထပ်လောင်းပြောဆိုသည်။ ထိုပြင် နေရှင်နယ်လ် ဂျီအိုဂရဲဖစ်က လိမ်ညာထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းဆောင်းပါး မိမိတို့မဂ္ဂဇင်းတွင် မည်သို့ပါလာခဲ့ကြောင်း သတင်းထောက်တစ်ဦးအား ထောက်လှမ်းစုံစမ်းစေသည့်အခါ အဆိုပါသတင်းထောက်က အစီရင်ခံသည်မှာ “လွဲမှားစွာ လျှို့ဝှက်ထားမှု၊ အယုံသွင်းတစ်ပတ်ရိုက်မှု၊ လူပေါ်လူဇော်လုပ်လိုစိတ်ပြင်းထန်မှု၊ မိမိကိုယ်ကို အမွှမ်းတင်လိုမှု၊ မိမိအာဘော်ထည့်သွင်းမှု၊ အယုံလွယ်မှု၊ လူ့သဘာဝမှားယွင်းချွတ်ချော်မှု၊ ခေါင်းမာမှု၊ ကြိုးကိုင်ခြယ်လှယ်မှု၊ ကွယ်ရာအတင်းပြောမှု၊ လိမ်လည်မှု [နှင့်] ကလိန်ကျမှုတို့သည် ဤသို့ဖြစ်သွားရသည့်အကြောင်းရင်းများထဲတွင်ပါဝင်သည်” ဟု တင်ပြခဲ့သည်။
ထိုမျှမက သိပ္ပံပညာသည်ပင် လူသားတို့အား ဇီဝလက်နက်များ၊ အဆိပ်ဓာတ်ငွေ့၊ ဒုံးကျည်များ၊ ပဲ့ထိန်းဗုံးများနှင့် နယူကလီးယားဗုံးများကဲ့သို့သော ကြောက်မက်ဖွယ်စစ်လက်နက်များကို ပေးအပ်ခဲ့သည်။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
ဟာဘဲလ် နက္ခတ်တာရာကြည့်မှန်ပြောင်းဖြင့် တွေ့ရသည့် ပုရွတ်ဆိတ်နက်ဗျူလာ (မန်ဇာလ် ၃)
[Credit Line]
NASA, ESA and The Hubble Heritage Team (STScI/AURA)
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သိပ္ပံပညာရှင်များသည် ဉာဏ်ကြီးရှင်ဒီဇိုင်းပုံစံ၏ ထူးခြားသောအမှတ်လက္ခဏာ အပြည့်ရှိ လောကတစ်ခုကို ရှာတွေ့ခဲ့ပြီ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် စစ်မှန်သောသိပ္ပံပညာကို တန်ဖိုးထားလေးမြတ်ပြီး သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းရှိရန် ပြုစုပျိုးထောင်ပေးသည်