မြက်—သင့်ခြေအောက်ရှိ အစိမ်းသက်သက်မျှမဟုတ်
မြက်—သင့်ခြေအောက်ရှိ အစိမ်းသက်သက်မျှမဟုတ်
အချို့သူတို့အတွက် ယင်းသည် အိမ်အပြင်ဘက်ရှိ ရိတ်ဖြတ်ရသော အစိမ်းရောင်အရာမျှသာဖြစ်သည်။ လယ်သမားများနှင့် ဘောလုံးသမားများအတွက်မူ ယင်းသည် သူတို့၏အလုပ်ခွင်ဖြစ်သည်။ ကလေးသူငယ်များအတွက်မူကား ယင်းသည် အကောင်းဆုံးကစားကွင်းဖြစ်၏။ သို့သော် မြက်ဟူသောဝေါဟာရသည် မြက်ခင်းများ၊ လယ်ယာများနှင့် ကစားကွင်းများကိုသာ ရည်ညွှန်းသလော။
အသင်သည် အထပ်များသော မြို့ပြအဆောက်အအုံ၌နေထိုင်ပါက အဘယ်မြက်မျိုးနှင့်မဆို ပတ်သက်စရာအကြောင်းမရှိဟု သင်ယူမှတ်ပေမည်။ သို့သော် ကျွန်ုပ်တို့အားလုံးလိုလို အချို့မြက်ပင်မျိုးသာမက ယင်း၏ထွက်ကုန်များနှင့် နေ့စဉ် ထိတွေ့နေကြရသည်။ အခြေခံအားဖြင့် မြက်ဟူသည် အဘယ်နည်း။ ယင်းကို ကျွန်ုပ်တို့မည်သို့အသုံးပြုကြသနည်း။
မြက်ပင်ဟူသည် အဘယ်နည်း
အညတရဖြစ်သော ဤအပင်ကို အနီးကပ်ကြည့်ကြစို့။ အများအားဖြင့်၊ စိမ်းလန်းစွာ မြေပေါ်မှာကပ်၍ပေါက်သော အပင်ဟူသ၍ကို မြက်ဟုခေါ်သည်။ (Gramineae (သို့) Poaceae) ဟူသော မြက်မျိုးရင်းဝင်အဖြစ် သိပ္ပံနည်းအရ သတ်မှတ်ထားသည့်အပင်များအပြင် အချို့က သုံးထောင့်မြက်နှင့် ကျူပင်တို့ကို မြက်ဟုယူမှတ်ကြသည်။ သို့သော် မြက်မျိုးရင်းဝင်သာလျှင် မြက်အစစ်ဖြစ်သည်ဟုဆို၏။ ထိုအပင်မျိုးတွင် သိသာထင်ရှားသောအင်္ဂါရပ်အချို့ကို တွေ့ရလေ့ရှိသည်။ မြက်ပင်ဟု သင်ယူဆသောအပင်တစ်ပင်ကို ကောင်းစွာဆန်းစစ်ကြည့်ပါ။
ပင်စည်သည် လုံး၍ အခေါင်းပွဖြစ်သလော၊ အဆစ်များရှိသလော။ အရွက်များသည် ပြား၍ ရှည်မျောမျောဖြစ်ကာ မျဉ်းပြိုင်အကြောများရှိပြီး ပင်စည်ကိုပတ်နေသည့် အဖတ်များမှ ထွက်နေသလော။ ပင်စည်၏တစ်ဖက်တစ်ချက်မှ အရွက်များ ဆက်တိုက်ထွက်လာပြီး ထောင်လိုက်အတန်းနှစ်တန်းဖြစ်ပေါ်စေသလော။ အမြစ်ကြီးတစ်ခုတည်းထွက်မည့်အစား အမြစ်သေး၊ အမြစ်မွှားများ ဖြာထွက်နေသလော။ အပွင့်များကို သင်တွေ့မြင်နိုင်ပါက ၎င်းတို့သည် သေးငယ်၍ မထင်မရှားဖြစ်ပြီး ပွင့်ညှာမဲ့စပိုက်ခ်ပန်းခိုင်၊ ရာ့စင်းမ် သို့မဟုတ် ဖယ်နီကဲယ်လ်ဟုခေါ်သော ပန်းခိုင်များထွက်ပေါ်လျက်ရှိသလော။ ဟုတ်ကဲ့ဟူသောအဖြေများရမည်ဆိုလျှင် ထိုအပင်သည် မြက်မျိုးရင်းဝင်ဖြစ်နိုင်ပါသည်။
မြက်မျိုးရင်းဝင်သည် အမြင်အားဖြင့် တစ်မျိုးတည်းရှိပုံပေါက်သော်လည်း အံ့ဖွယ်ကောင်းလောက်အောင် မျိုးစိတ် ၈,၀၀၀ နှင့် ၁၀,၀၀၀ ကြားရှိသည့်အထိ မျိုးပေါင်းစုံလှသည်။ အပင်၏အမြင့်မှာ တစ်လက်မ၏လေးပုံသုံးပုံခန့်ရှိရာမှ အချို့ဝါးပင်များဆိုလျှင် ပေ ၁၃၀ အထိရှိသည်။ ကမ္ဘာမြေကြီးကို လွှမ်းခြုံထားသော အဓိကအပင်မှာ မြက်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် မြက်ပင်သည် နေရာမရွေး အလိုက်အထိုက် ရှင်သန်ပေါက်ရောက်နိုင်စွမ်းအရှိဆုံး အပင်အုပ်စုဝင်ဖြစ်သောကြောင့် ဝင်ရိုးစွန်းဒေသများနှင့် သဲကန္တာရများတွင်၊ အပူပိုင်းမိုးသစ်တောများနှင့် လေကြောင်းတည့်သော တောင်စောင်းဒေသများတွင် မြက်ပေါက်ခြင်းသည် အံ့ဩစရာမဟုတ်ချေ။ သဘာဝပေါက်ပင်များ ပေါက်ရောက်လျက်ရှိသောဒေသများ—ဥရောပအရှေ့တောင်ပိုင်းရှိ စတက်လွင်ပြင်များ၊ တောင်အမေရိကမြောက်ပိုင်းရှိ လာနိုကွင်းပြင်ကြီးများ၊ တောင်အမေရိကရှိ ပမ်းပပ်လွင်ပြင်ကြီး၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ပရေရီမြက်ခင်းနှင့် အပူပိုင်းဒေသ သို့မဟုတ် အပူလျော့ပိုင်းဒေသများရှိ ဆဗားနားမြက်ခင်းပြင်စသည်—တို့သည် မြက်ဖုံးလွှမ်းသောနေရာများဖြစ်ကြသည်။
အပင်သန်မာခြင်းသည် အမျိုးမျိုးသောမြက်ပင်များ ဖြစ်မြောက်အောင်မြင်ကြသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ မြက်ပင်သည် အခြားအပင်များစွာနှင့်မတူဘဲ ထိပ်ဖျားတွင်မဟုတ်၊ အဆစ်များအထက်ရှိနေရာမှ ပေါက်၏။ ထို့ပြင် မြေပေါ်၊ မြေအောက် အလျားလိုက်ပေါက်နေ
သော ပင်စည်များမှ အတက်သစ်များထွက်လာပေမည်။ ထို့ကြောင့် မြက်ပင်ထိပ်ဖျားကို မြက်ရိတ်စက် သို့မဟုတ် နွား၏သွားများ ရိတ်ဖြတ်သွားသောအခါ မြက်ပင်သည် ဆက်လက်ရှင်သန်ပေါက်ရောက်သော်လည်း အခြားအပင်များမူ သေသွားလေသည်။ ယင်းကြောင့် မကြာခဏမြက်ရိတ်ခြင်းသည် အခြားအပင်များကို ထိခိုက်သော်လည်း ထူထပ်၍ လှပတင့်တယ်သောမြက်ခင်းပြင်ကို ဖြစ်စေနိုင်သည်။ထို့အပြင် မြက်အများစုသည် လေကြောင့် သို့မဟုတ် အနင်းခံရသောကြောင့် ပင်စည်ကိုင်းညွတ်သွားလျှင် လဲကျသွားသည့်ဘက်မှ အလိုအလျောက်ခေါင်းပြန်ထောင်၍ ရှင်သန်နိုင်သည်။ ဤအကြောင်းများကြောင့် မြက်ပင်သည် ထိခိုက်ခံရပြီးနောက် အမြန်ပြန်နာလန်ထူလေ့ရှိရာ အခြားအပင်များထက် နေရောင်ပိုရရှိနိုင်သည်။ မြက်ပင်သည် ယင်းသို့သောကြံ့ခိုင်သည့်အပင်ဖြစ်သောကြောင့် ကျွန်ုပ်တို့ဝမ်းသာနိုင်သည်။ အမှန်ဆိုလျှင် ယင်းကို ကျွန်ုပ်တို့မှီခိုနေရသည်။
ဘက်စုံအသုံးပြုနိုင်သောအပင်
မြက်ပင်သည် အပေါများဆုံးအပင်ဖြစ်ရုံမျှမကပေ၊ ကမ္ဘာမြေကြီးပေါ်တွင် အရေးအပါဆုံး အပွင့်ပွင့်သောအပင်မျိုးလည်းဖြစ်သည်။ ရုက္ခဗေဒပညာရှင်တစ်ဦးက မြက်ပင်သည် ကျွန်ုပ်တို့၏အခြေခံအစာဖြစ်သည်ဟုဆိုသည်။ ယင်းသည် “လူတို့ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ကာကွယ်ပေးသော ရေကာတာကဲ့သို့” ဖြစ်သည်။ သင်ယနေ့စားသုံးခဲ့ရာကို ပြန်စဉ်းစားကြည့်ပါ။ နံနက်ပိုင်းတွင် လူးမျိုး၊ ဆန်၊ အုတ်ဂျုံ
သို့မဟုတ် နှံစားပြောင်းတို့နှင့် စီမံပြုလုပ်ထားသော စားသောက်ဖွယ်တစ်ခွက်ဖြင့် အစပြုခဲ့သလော။ သို့ဖြစ်ပါက သင်သည် မြက်အစေ့များကို စားသုံးခဲ့ပေပြီ။ သင်သည် ပေါင်မုန့်အလုံး သို့မဟုတ် အခြားပေါင်မုန့်မျိုးကို စားသုံးကောင်းစားသုံးခဲ့ပေမည်။ ယင်းအတွက်အသုံးပြုသော မုန့်ညက်သည် မြက်အစေ့အဆန်များဖြင့် ပြုလုပ်ထားရာဖြစ်သည်—ဂျုံ၊ ရိုင်းဂျုံ၊ မုယောစပါးနှင့် အခြားကောက်နှံများအားလုံး မြက်ပင်များဖြစ်ကြသည်။ ပြောင်းဖူးမုန့်ဆန်းနှင့် ပြောင်းဖူးပူတင်းအပြင် ပြောင်းမှုန့်ဖြင့်ပြုလုပ်သော ချပါတီတစ်မျိုးတို့လည်း ထိုအတိုင်းပင်ဖြစ်သည်။ ပြောင်းဖူးသည်လည်း မြက်ပင်တစ်မျိုးဖြစ်သည်။ လက်ဖက်ရည် သို့မဟုတ် ကော်ဖီသောက်သောအခါ သင်သကြားထည့်သလော။ သကြားထက်ဝက်ကျော်ကျော်မှာ မြက်ပင်တစ်မျိုးဖြစ်သော ကြံပင်မှပြုလုပ်ထားသည်။ နွားနို့နှင့် ဒိန်ခဲပင်လျှင် မြက်ပင်မှ နည်းစနစ်တစ်ရပ်ဖြင့် ထုတ်လုပ်ထားရာများဖြစ်သည်၊ နွားများ၊ သိုးများနှင့် ဆိတ်များသည် မြက်ပင်ကို စားလေ့ရှိသောကြောင့်ဖြစ်သည်။သင်၏နေ့လယ်စာကော အသို့နည်း။ ပါစတာခေါ် အီတလီခေါက်ဆွဲခြောက်အပြင် ပီဇာအချပ်တို့ကို ဂျုံမှုန့်ဖြင့်ပြုလုပ်ထားသည်။ ကြက်များနှင့် အခြားကြက်ငှက်များသည် ကောက်နှံများစားလေ့ရှိသည်။ ကျွဲနွားတို့သည် မြက်ပင်ဟူသ၍ကို စားကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့စားသုံးသော ကြက်ဥများ၊ ဟင်းစားကြက်ငှက်များနှင့် အမဲသားတို့သည် အများအားဖြင့် တိရစ္ဆာန်၏ဇီဝတွင်းဖြစ်ပျက်မှုဖြင့် မြက်ပင်မှ ထုတ်လုပ်ထားရာများဖြစ်ကြသည်။ ထို့ပြင် မြက်ပင်ကို သင်သောက်လည်း သောက်သုံးနိုင်ပါသည်။ နွားနို့အပြင် လူကြိုက်များသော အဖျော်ယမကာများစွာ—ဘီယာ၊ ဝီစကီ၊ ရမ်၊ ဆာကေ၊ ခါဗတ်စ်နှင့် ဗော့ကာ—တို့မှာ မြက်ပင်မှ ထုတ်လုပ်ထားရာများဖြစ်ကြသည်။
သင်အကြိုက်နှစ်သက်ဆုံးဟင်းလျာကို မဖော်ပြထားသောကြောင့် ကျေးဇူးပြု၍ စိတ်မပူပါနှင့်။ မြက်ပင်မှထုတ်လုပ်သော စားသောက်ကုန်အားလုံးကို စာရင်းတင်ပြဖို့မဖြစ်နိုင်ပါ။ ခန့်မှန်းချက်အချို့အရ ကမ္ဘာတစ်ဝန်း၌စားသုံးသော ကယ်လိုရီထက်ဝက်ကျော်ကျော်မှာ မြက်ပင်မှဖြစ်သည်။ မြက်ပင်သည် စိုက်ပျိုးနိုင်သောမြေ ၇၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ!
သို့သော် မြက်ပင်သည် အစားအစာအတွက်သာ ကောင်းသည်မဟုတ်ပါ။ သင့်အိမ်နံရံများကို ရွှံ့၊ ကောက်ရိုးတို့နှင့်ပြုလုပ်ထားလျှင် လိုအပ်ရာများကို မြက်ပင်ကပံ့ပိုးပေးသည်။ ကမ္ဘာ့ဒေသအသီးသီးတွင် မြက်ပင်ဖြင့် အိမ်မိုးကြသည်။ အရှေ့တောင်အာရှတွင် ငြမ်းများ၊ ပိုက်များ၊ အိမ်ထောင်ပရိဘောဂ၊ နံရံများနှင့် အသုံးဝင်သော အခြားပစ္စည်းများစွာကို ဝါးဖြင့်ပြုလုပ်ထားသည်။ ဖျာများနှင့် ခြင်း၊ တောင်းများကို မြက်ဖြင့်ရက်လုပ်ပြီး ကော်နှင့် စက္ကူ ပြုလုပ်ဖို့ ယင်းမှ ကုန်ကြမ်းရရှိကြသည်။ သင့်အဝတ်အစားများကို မမေ့လျော့ပါနှင့်။ တိရစ္ဆာန်အများစုမှာ မြက်ကိုစားကြပြီး ၎င်းတို့မှ သိုးမွေးနှင့် သားရေကို ကျွန်ုပ်တို့ရရှိကြသည်။ Arundo donax ဟူသောမြက်မျိုးမှ ကလယ်ရီနက်စသည့် သစ်သားလေမှုတ်တူရိယာများအတွက် အခင်ရရှိသည်။ အဆိုပါတူရိယာအတွက် သဘာဝအခင်နှင့် တူညီသောအရာကို ရှာမတွေ့သေးပါ။
မြက်ပင်သည် မြေကြီးအတော်များများကို ဖုံးလွှမ်းပြီး အလှဆင်ပေးသည်။ စိမ်းလန်းသောမြက်ခင်းပြင် သို့မဟုတ် ကောင်းစွာထိန်းသိမ်းထားသောမြက်ခင်းသည် လှပတင့်တယ်၊ အေးချမ်း၍ အပန်းပြေစရာမြင်ကွင်းပါတကား! မြက်ပင်သည် စိမ်းလန်းသောအပင်လောကကို အစုလိုက်အပြုံလိုက် ဖြစ်ပေါ်စေသောကြောင့် အောက်ဆီဂျင်ကိုထောက်ပံ့ပေးသော အဓိကအပင်ဖြစ်သည်။ သေးသွယ်သော ယင်း၏အမြစ်များကလည်း မြေတိုက်စားခြင်းကို ကာကွယ်ပေးသည်။ ယင်း၏ ဘက်စုံအသုံးပြုနိုင်ပုံကို မှတ်ထားခြင်းဖြင့် ကြာမြင့်စွာကတည်းက မြက်ပင်အသုံးဝင်ပုံနှင့် စိုက်ပျိုးခြင်းကို ကျွန်ုပ်တို့အံ့သြကြမည် မဟုတ်ချေ။
မြက်ပင်၏ရာဇဝင်
သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်းမှတ်တမ်းတွင် ပထမဦးဆုံးအကြိမ် မြက်ပင်ဖော်ပြထားသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ ဖန်ဆင်းရာတတိယနေ့တွင် ဘုရားသခင်က “မြေသည် မြက်ပင်ကို . . . ပေါက်စေ” မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁:၁၁) * လူ့အဖွဲ့အစည်းအားလုံး မြက်ပင်အချို့ကို မှီခိုခဲ့ကြပြီ။ ဥပမာ၊ အီဂျစ်၊ ဂရိနှင့် ရောမလူမျိုးတို့၏ အဓိကစားကုန်မှာ ဂျုံနှင့် မုယောစပါး; တရုတ်လူမျိုးတို့သည် လူးမျိုးနှင့် ဆန်; အင်းန်ဒတ်စ်လူမျိုးတို့သည် ဂျုံ၊ မုယောစပါးနှင့် လူး; မာယာ၊ အိုက်စ်ထစ်နှင့် အင်ခါလူမျိုးတို့၏ အဓိကစားကုန်မှာ ပြောင်းဖူးဖြစ်သည်။ အဆုံးမရှိသောလွင်ပြင်ကြီးက မွန်ဂိုမြင်းတပ်ရှိ မြင်းများအတွက် လိုအပ်သောမြက်ကိုရရှိစေခဲ့သည်။ မှန်ပါသည်၊ မြက်သည် လူသားတို့အတွက် အစဉ်သဖြင့် အလွန်အရေးပါရာဖြစ်ခဲ့ပြီ။
ယိမ်းနွဲ့နေသောပြောင်းခင်းတစ်ခင်း၊ စိမ်းလန်း၍ ထူထပ်သောမြက်ခင်းပြင် သို့မဟုတ် လမ်းနံဘေးရှိ ကျောက်ခဲများအကြား သာမညမြက်ပင်ပေါက်နေသည်ကို နောက်တစ်ကြိမ်သင်တွေ့ သောအခါ အလွန်အံ့ဖွယ်ကောင်းပြီး စွယ်စုံရအပင်မျိုးရင်းဝင်ဖြစ်သော ဤအပင်အကြောင်းကို ရပ်တန့်၍ စဉ်းစားနိုင်သည်။ အသင်လည်း ဤသို့သီဆိုခဲ့သော ဆာလံဆရာကဲ့သို့ မဟာပုံစံပြုရှင် ယေဟောဝါအား ကျေးဇူးတင်ရန် လှုံ့ဆော်ခံရပေမည်– “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား ကိုယ်တော်သည်အလွန်ကြီးမြတ်တော်မူ၏။ . . . တိရစ္ဆာန်ဖို့မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူသဖြင့် မြေကြီးထဲကမုန့်ကိုထုတ်ဖော်တော်မူ၏။ . . . [အသင် လူတို့] ထာဝရဘုရားကိုကောင်းချီးပေးလော့။”—ဆာလံ ၁၀၄:၁၊ ၁၄၊ ၃၁-၃၅။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 17 ဤကျမ်းချက်ကိုရေးသားသည့် ရှေးခေတ်ကျမ်းရေးသူသည် မြက်နှင့်တူသောအပင်များနှင့် တကယ့်မြက်ပင်များဟု ယနေ့ သတ်မှတ်သောအပင်များကို မခွဲခြားပြခြင်းဖြစ်နိုင်သည်။
[စာမျက်နှာ ၁၇ ပါ ပုံကြမ်း]
[စာမျက်နှာ ၁၇ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မြက်ပွင့်ပုံများ
မြက်ပင်ဖွဲ့စည်းတည်ဆောက်ပုံ
စပိုက်ခ်
ရာ့စင်းမ်
ဖယ်နီကဲယ်လ်
အမြစ်မွှားများ
ပင်စည်
အဖတ်
အဆစ်
အရွက်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယနေ့ သင်၏မြက်ကို စားသုံးပြီးပြီလော
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သို့မဟုတ် မြက်အချို့ကို သင် သောက်ခဲ့ပြီလော
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မြက်ဖြင့်ပြုလုပ်ထားရာ၌လည်း သင်နေထိုင်နိုင်သည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သူတို့လည်း မြက်ကိုစားကြသည်