မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆေးဝါးများ ယင်းတို့ကို မည်သူတို့သုံးစွဲကြသနည်း

ဆေးဝါးများ ယင်းတို့ကို မည်သူတို့သုံးစွဲကြသနည်း

ဆေးဝါးများ ယင်းတို့ကို မည်သူတို့သုံးစွဲကြသနည်း

တောင်အာဖရိကနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

“ဆေးဝါးများကို လူတိုင်းသုံးစွဲကြသည်။” ထိုသိမ်းကျုံးဖော်ပြချက်သည် အတွေ့အကြုံမရှိသူတို့အား တရားမဝင်ဆေးဝါးများကို လက်တွေ့စမ်းသပ်ရန် ဆွဲဆောင်ကောင်းဆွဲဆောင်ပေမည်။ သို့သော် “ဆေးဝါးများ” ကို ကျွန်ုပ်တို့အနက်ဖွင့်ဆိုပုံပေါ်မူတည်၍ ယင်းစကားများတွင် အမှန်တရားအနည်းငယ်ပါဝင်သည်။

“မူးယစ်ဆေးဝါး” ဟူသည့်ဝေါဟာရကို “အထင်အမြင်၊ သဘောထား သို့မဟုတ် အခြားစိတ်ဓာတ်ရေးရာအခြေအနေများကို ပြောင်းလဲရန် သုံးစွဲနိုင်သည့် သဘာဝဖြင့်ဖြစ်စေ၊ ဓာတုဗေဒနည်းဖြင့်ဖြစ်စေ ဖော်စပ်ထားသော မည်သည့်ဓာတုပစ္စည်းမဆို” ဖြစ်သည်ဟု အနက်ဖွင့်ထားသည်။ ကာယရေးဖျားနာမှုများအတွက်သုံးစွဲသည့် ဆေးဘက်ဆိုင်ရာဆေးဝါးများစွာတို့မှာ ၎င်းတွင်အကျုံးမဝင်သော်လည်း ယင်းသည် စိတ်ကြွစေသော မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ထိရောက်ကျယ်ပြန့်သည့် ဖော်ပြချက်ဖြစ်သည်။

ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်အရ အရက်သည် မူးယစ်ဆေးတစ်မျိုးဖြစ်၏။ အန္တရာယ်မှာ ယင်းကို အလွန်အကျွံသုံးစွဲခြင်းဖြစ်ရာ ယင်းသို့သုံးစွဲခြင်းသည် သိသိသာသာ တိုးများလာလျက်ရှိသည်။ အနောက်နိုင်ငံတစ်နိုင်ငံမှ ကောလိပ်များ၊ တက္ကသိုလ်များနှင့်ပတ်သက်သည့် လေ့လာမှုတစ်ရပ်တွင် “စည်းလွတ်ဝါးလွတ်သောက်စားခြင်းသည် ကောလိပ်နယ်မြေများတွင် အဆိုးရွားဆုံး မူးယစ်ဆေးဝါးပြဿနာဖြစ်” ကြောင်းတွေ့ရှိခဲ့ရသည်။ ကျောင်းသား ၄၄ ရာခိုင်နှုန်းသည် စည်းလွတ်ဝါးလွတ်သောက်စားကြကြောင်း ထိုလေ့လာဆန်းစစ်မှုက ဖော်ပြခဲ့သည်။ *

ဆေးရွက်ကြီးတွင် ပြင်းထန်သောအဆိပ်တစ်မျိုးဖြစ်သော နီကိုတင်းပါဝင်သော်လည်း ၎င်းကို အရက်ကဲ့သို့ တရားဝင်ရရှိနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ဆေးလိပ်သောက်ခြင်းသည် တစ်နှစ်လျှင် လူလေးသန်းခန့်ကို သေစေသည်။ သို့တိုင်၊ ဆေးရွက်ကြီးလုပ်ငန်းကို ချုပ်ကိုင်ထားသူများမှာ ချမ်းသာကြွယ်ဝသူများ၊ လူ့အဖွဲ့အစည်း၏ လေးစားခံရသူများဖြစ်ကြသည်။ ထို့အပြင် စီးကရက်သောက်သုံးခြင်းသည်လည်း အလွန်စွဲစေပြီး တရားမဝင်မူးယစ်ဆေးဝါးအမြောက်အမြား သုံးစွဲမှုထက်ပင် ပို၍စွဲစေသည်။

မကြာသေးမီနှစ်များက နိုင်ငံများစွာတို့သည် ဆေးရွက်ကြီးကြော်ငြာများကို တားဆီးထိန်းချုပ်ခဲ့ကြပြီး အခြားကန့်သတ်ချက်များကိုလည်း စည်းကြပ်ခဲ့ကြသည်။ သို့ဖြစ်လင့်ကစား လူများစွာတို့သည် ဆေးလိပ်သောက်ခြင်းကို လက်သင့်ခံနိုင်သော လူမှုရေးလုပ်ဆောင်မှုတစ်ရပ်အဖြစ် ရှုမြင်နေကြဆဲပင်။ ရုပ်ရှင်လုပ်ငန်းက ဆေးလိပ်သောက်ခြင်းကို စွဲမက်ဖွယ်ဖြစ်စေရန် ဆက်လက်ဖန်တီးပေးသည်။ ဆန်ဖရန်စစ္စကိုရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တစ်ခုသည် ၁၉၉၁ နှင့် ၁၉၉၆ ခုနှစ်များအတွင်း ဝင်ငွေအများဆုံးရရှိခဲ့သော ရုပ်ရှင်ကားများကို ဆန်းစစ်လေ့လာခဲ့ရာ ခေါင်းဆောင်မင်းသား ၈၀ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သူများအဖြစ် သရုပ်ဆောင်ခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။

“ဘေးကင်းသော” ဆေးဝါးများကော အသို့နည်း

ဆေးဘက်ဝင်ဆေးဝါးများသည် လူများစွာတို့ကို အမှန်အကျိုးပေးသော်လည်း ၎င်းတို့ကို တလွဲသုံးမိနိုင်သည်။ တစ်ခါတစ်ရံ ဆရာဝန်များသည် ဆေးဝါးများကို အလွယ်တကူ ပေးမိပေမည်၊ သို့မဟုတ် မလိုအပ်သည့်ဆေးဝါးများပေးရန် လူနာများ၏ဖိအားပေးမှုကို ခံရကြသည်။ ဆရာဝန်တစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “ဆရာဝန်များသည် လူနာ၏ရောဂါလက္ခဏာ ပေါ်လာရသည့်အကြောင်းရင်းကို အဖြေရှာရန် လူနာနှင့်ထိုင်ဆွေးနွေးဖို့ အချိန်ပေးလေ့မရှိကြချေ။ ‘ဒီဆေးလုံးကိုသောက်လိုက်’ ဟုလွယ်လွယ်ပြောလိုက်ကြသည်။ သို့သော် အရင်းခံပြဿနာကိုမူကား မဖြေရှင်းပေးကြချေ။

အက်စပရင်နှင့် ပါရာစီတမောလ် (တိုင်လီနောလ်၊ ပန်နာဒေါလ်) အစရှိသော ဆေးညွှန်းမဖော်ပြထားသည့် ဆေးဝါးများကိုပင် တလွဲသုံးစွဲပါက ဆိုးရွားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်၏။ ကမ္ဘာတစ်ဝန်းတွင် ပါရာစီတမောလ်တလွဲသုံးမှုကြောင့် နှစ်စဉ် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးကြရသည်။

ကျွန်ုပ်တို့၏အစောပိုင်း အနက်ဖွင့်ဆိုချက်အရ လက်ဖက်ရည်နှင့် ကော်ဖီတို့တွင်ပါရှိသည့် ကဖိန်းဓာတ်သည်လည်း မူးယစ်ဆေးဝါးတစ်မျိုးဖြစ်၏၊ သို့သော် ကျွန်ုပ်တို့အနှစ်သက်ဆုံး နံနက်သောက်ဖွယ်ရာကို သုံးဆောင်ကြသည့်အခါ ယင်းကို ထိုသို့မယူမှတ်ကြချေ။ ထို့အပြင် လူမှုရေးအရ လက်ခံနိုင်ဖွယ်ဖြစ်သော လက်ဖက်ရည်၊ ကော်ဖီကဲ့သို့သောဖျော်ရည်များကို ဟီးရိုးအင်းကဲ့သို့သော အပြင်းစားမူးယစ်ဆေးဝါးများနှင့် တန်းတူယူဆခြင်းသည် သဘာဝကျမည်မဟုတ်ချေ။ ယင်းသည် ကြောင်ပေါက်စကလေးကို ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့တစ်ကောင်နှင့်နှိုင်းယှဉ်သည့်အလား ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း အချို့ကျန်းမာရေးပညာရှင်များ၏အဆိုအရ သင်သည် တစ်နေ့လျှင် ကော်ဖီငါးခွက် သို့မဟုတ် လက်ဖက်ရည်ကိုးခွက်ထက်မက သောက်သုံးသည့်အလေ့အထရှိမည်ဆိုလျှင် သင့်ကိုထိခိုက်နိုင်သည်။ ထို့ပြင် သင်သည် အလွန်အမင်းသောက်သုံးနေခြင်းကို လျင်မြန်စွာ ဖြတ်တောက်လိုက်မည်ဆိုလျှင် အော့အန်ခြင်း၊ ခေါင်းအကြီးအကျယ်ကိုက်ခြင်းနှင့် အလင်းထိမခံနိုင်ခြင်းတို့ကို ခံစားရသည့် လက်ဖက်ရည်သောက်သုံးသူတစ်ဦး၏ လက္ခဏာများနှင့် ဆင်တူသည့် ဆေးပြတ်ဝေဒနာလက္ခဏာများကို တွေ့ကြုံနိုင်သည်။

မူးယစ်ဆေးဝါးများကို တရားမဝင်သုံးစွဲခြင်းကော အသို့နည်း

ပို၍အငြင်းပွားစေသောကိစ္စမှာ အားကစားပွဲများတွင် မူးယစ်ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်။ ယင်းသည် ၁၉၉၈ ခုနှစ် တိုဝါ ဒီ ဖရန့်စ် (ကမ္ဘာ့အကျော်ကြားဆုံး စက်ဘီးစီးပြိုင်ပွဲ) တွင် ထိပ်တန်းအသင်းမှ စက်ဘီးသမားကိုးယောက်ကို စွမ်းအားတိုးစေသည့် ဆေးဝါးများသုံးစွဲခြင်းကြောင့် ထုတ်ပစ်ချိန်က ထင်ရှားပေါ်လွင်ခဲ့သည်။ အားကစားသမားများသည် မူးယစ်ဆေးဝါးစမ်းသပ်မှုများကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ဉာဏ်ဆင်ခဲ့ကြပြီ။ အချို့သောအားကစားသမားများသည် “အခြားသူတစ်ဦး၏ ‘သန့်စင်သော’ ဆီးကို ၎င်းတို့၏ဆီးအိမ်ထဲသို့ ဆီးချူတံမှတစ်ဆင့် ထည့်သွင်းသည့် နာကျင်သောလုပ်ထုံးဖြင့် ‘ဆီးအစားထိုးခြင်းများ’” အထိပင် လုပ်ဆောင်ခဲ့ကြပြီဟု တိုင်းမ်မဂ္ဂဇင်းက အစီရင်ခံသည်။

ကျွန်ုပ်တို့သည် “အပျော်” ကိစ္စများအတွက် အသုံးပြုသည့် စိတ်ရှုပ်ထွေးတွေဝေစေသော တားမြစ်ဆေးဝါးများအကြောင်း မဆွေးနွေးရသေးချေ။ ယင်းတို့တွင် ဆေးခြောက်၊ စိတ်ကြွဆေး (မီသိုင်လင်းဒိုင်အောက်ဆီ- မီသမ်ဖီတမင်း၊ သို့မဟုတ် MDMA)၊ LSD (လိုင်ဆာဂျစ် အက်ဆစ် ဒိုင်ရာသဲလမိုက်)၊ စိတ်လန်းဆန်းတက်ကြွစေသောဆေးများ (ကိုကင်းနှင့် အမ်ဖီတမင်းကဲ့သို့သော စိတ်ကြွဆေးများ)၊ စိတ်ကျဆေး (စိတ်ငြိမ်ဆေးကဲ့သို့သော နှိမ်ဆေးများ) နှင့် ဟီးရိုးအင်းတို့ပါဝင်ကြသည်။ လူငယ်များအကြားတွင် ရေပန်းစားနေသည့် မူးယစ်ထုံထိုင်းစေသော ကော်နှင့်ဓာတ်ဆီအစရှိသည့် ရှူဆေးအမျိုးမျိုးလည်း ရှိသေး၏။ မှန်ပါသည်၊ ဤရှူဆေးများသည် တားမြစ်ပစ္စည်းများ မဟုတ်သည့်အပြင် အလွယ်တကူရရှိနိုင်သည်။

မှောင်၍ညစ်ပေသော အခန်းတစ်ခန်းတွင် ပိန်ချုံးနေသောဆေးသမားတစ်ဦး (မူးယစ်ဆေး) ကို သွေးကြောထဲထိုးသွင်းနေမည်ဟူသည့် အများယူဆမှုမှာ လှည့်စားနိုင်ပေသည်။ ဆေးစွဲခြင်းသည် ဆေးစွဲနေသူများစွာတို့၏ ဘဝအရည်အသွေးကို အနည်းနှင့်အများဆိုသလို ထိခိုက်မည်ဖြစ်သော်လည်း ၎င်းတို့သည် သာမန်အားဖြင့် နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများကို အတော်အတန် လှုပ်ရှားဆောင်ရွက်နိုင်ကြဆဲပင်။ သို့ဖြစ်လင့်ကစား ကျွန်ုပ်တို့သည် မူးယစ်ဆေးဝါးအမှောင်လောကကို လျှော့တွက်၍မရချေ။ ကိုကင်းသုံးစွဲသူတချို့သည် “အချိန်တိုလေးအတွင်း အကြိမ်ပေါင်းများစွာ ‘ဆေးထိုးသွင်း’ နိုင်စွမ်းရှိကြရာ ၎င်းတို့၏ကိုယ်ခန္ဓာများကို အပ်ထိုးစိုက်၊ သွေးစွန်းစေပြီး အညိုအမည်းစွဲစေကာ အနာအဆာဖြစ်စေကြပုံ” ကို စာရေးဆရာတစ်ဦးက ရေးသားဖော်ပြသည်။

၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် ကျဆင်းဟန်ရှိသည့်တိုင်အောင် တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှုသည် ကမ္ဘာတစ်ဝန်း ပြန်မြင့်တက်သွားသည်။ နယူးစ်ဝိခ်မဂ္ဂဇင်းက ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– အာဏာပိုင်များသည် “မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း အကြီးအကျယ်တိုးပွားလာမှု၊ မူးယစ်ဆေးဝါးမျိုးစုံသုံးစွဲမှု တိုးများလာခြင်း၊ ယင်းကိုတိုက်ထုတ်ရန် လိုအပ်သော ရန်ပုံငွေ—⁠နှင့်သတင်းအချက်အလက်—⁠မရှိသလောက်နည်းပါးမှုတို့ကြောင့် လွှမ်းမိုးဖိစီးခံနေရသည်။” အစိုးရစာရင်းအင်းများအရ “တောင်အာဖရိကနိုင်ငံတွင်နေထိုင်သူ လူလေးဦးတွင်တစ်ဦးသည် အရက် သို့မဟုတ် မူးယစ်ဆေးစွဲနေကြသည်” ဟုတောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှ စတားသတင်းစာက ဖော်ပြခဲ့သည်။

ယူအဲန် လူမှုဖွံ့ဖြိုးရေးသုတေသနဌာနက “မူးယစ်ဆေးထုတ်လုပ်သူများနှင့် ရောင်းဝယ်ဖောက်ကားသူများသည် . . . ကမ္ဘာချီအတိုင်းအတာဖြင့် ဖွဲ့စည်းထားကြပြီး ၎င်းတို့၏မူးယစ်ဆေးဝါး အမြတ်အစွန်းများစွာကို လျှို့ဝှက်မှုနှင့် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုအမြတ်အစွန်းများ ကမ်းလှမ်းသည့် ဘဏ္ဍာရေးဌာနများတွင် ထားရှိကြသည်။ ယခုအခါ မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် နိုင်ငံ၏ထိန်းချုပ်မှုမရှိသလောက်ဖြင့် ကမ္ဘာအနှံ့တွင် ငွေများကို အီလက်ထရွန်နစ်စနစ်ဖြင့် လှည့်ပတ်ခြင်းဖြင့် တရားဥပဒေနှင့်မညီသော အမြတ်အစွန်းများကို ငွေဖြူဖြစ်အောင်လုပ်နိုင်ကြသည်” ဟုထောက်ပြခဲ့သည်။

အမေရိကန်လူမျိုးများစွာသည်လည်း ကိုကင်းနှင့် နေ့စဉ် ထိတွေ့ကောင်းထိတွေ့နေကြမည်ဖြစ်သော်လည်း လူမသိသူမသိဖြစ်နေပုံရသည်။ အမေရိကန်ငွေစက္ကူအများစုသည် မူးယစ်ဆေးဝါးမှအရင်းခံကြောင်း ဒစ္စကာဗာမဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်က ရှင်းပြခဲ့သည်။

ယနေ့ တရားမဝင်ဆေးဝါးများအပါအဝင် မူးယစ်ဆေးဝါးများသုံးစွဲမှုသည် လူအများအတွက် လက်သင့်ခံဖွယ်ဖြစ်လာခဲ့ပြီး နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းအဖြစ် ယူမှတ်လာခဲ့ကြပြီ။ တရားမဝင်ဆေးဝါးများအပြင် ဆေးရွက်ကြီးနှင့် အရက်တို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် လူသိရှင်ကြားထိခိုက်ပျက်စီးမှုကို သုံးသပ်ကြည့်ရာ၌ ယင်းတို့ကို လူတို့အဘယ်ကြောင့် တလွဲသုံးရသနည်းဟု မေးစရာဖြစ်လာ၏။ ဤမေးခွန်းကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်စဉ် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ကိုယ်ပိုင်အမြင်များကို အလေးအနက်စဉ်းစားရန် အချိန်အခါကောင်းဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 စည်းလွတ်ဝါးလွတ်သောက်စားခြင်းကို ‘အမျိုးသားများအတွက် ငါးခွက်နှင့်အထက်၊ အမျိုးသမီးများအတွက် လေးခွက်နှင့်အထက် ဆက်တိုက်သောက်သုံးခြင်း’ ဟုအနက်ဖွင့်ထားသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

စည်းလွတ်ဝါးလွတ် သောက်စားခြင်းသည် ကောလိပ်ကျောင်းဝင်းများစွာတွင် အဓိကပြဿနာတစ်ရပ်ဖြစ်

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လူများစွာသည် စီးကရက်များနှင့် “အပျော်” မူးယစ်ဆေးဝါးများကို အန္တရာယ်ကင်းရာအဖြစ် ယူဆကြ