ကျွန်မရဲ့သားငါးယောက်အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်
ကျွန်မရဲ့သားငါးယောက်အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်
ဟယ်လင် စော်လ်စ်ဘယ်ရီ ပြောပြသည်
၁၉၉၇ မတ် ၂ ရက်ဟာ ကျွန်မဘဝရဲ့ ဝမ်းနည်းစရာအကောင်းဆုံးနေ့တစ်နေ့ပါပဲ။ ကျွန်မချစ်မြတ်နိုးရတဲ့ခင်ပွန်းဒင်းမ်ရဲ့ဈာပနအတွက် မိတ်ဆွေနဲ့ မိသားစုဝင် ၆၀၀ လောက်ဟာ ယူ.အက်စ်.အေ၊ ဒယ်လ်ဝရီပြည်နယ်၊ ဝယ်လ်မင်တန်မြို့မှာ စုဝေးခဲ့ကြပါတယ်။ သူဟာ ယေဟောဝါသက်သေတွေရဲ့အသင်းတော်တစ်ခုမှာ ခရစ်ယာန်အကြီးအကဲ၊ ဦးစီးကြီးကြပ်မှူး တစ်ယောက်ပါ။ ကျွန်မတို့ရဲ့ နှစ် ၄၀ ကြာပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်သက်ကို ပြန်ပြောင်းစဉ်းစားကြည့်မယ်ဆိုရင် ကျေးဇူးတင်စရာ အကြောင်းအများကြီးရှိပါတယ်။ ဒင်းမ်ဟာ အလုံခြုံဆုံးနေရာ၊ အဆုံးမဲ့တန်ခိုးရှင်ဘုရားသခင်ယေဟောဝါရဲ့ မှတ်ဉာဏ်တော်ထဲမှာ သိမ်းထားခံရပြီး အနာဂတ်မှာ ဒင်းမ်ကိုတွေ့ရမယ်ဆိုတာ ကျွန်မတို့သိကြပါတယ်။
၁၉၅၀ မှာဒင်းမ်ဟာ အထက်တန်းကျောင်းကဘွဲ့ရပြီး လေတပ်ထဲကိုဝင်ခဲ့တယ်။ သူဟာ ဘာသာရေးသမားတစ်ယောက်မဟုတ်တဲ့အပြင် အဲ့ဒီတုန်းကကျွန်မချစ်မြတ်နိုးခဲ့တဲ့ . . . ချာ့ခ်ျရဲ့သွန်သင်ချက်တွေကို သဘောကျဟန်မရှိဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ကလေးကို . . . အဖြစ် ပြုစုပျိုးထောင်ဖို့သဘောတူခဲ့တယ်။ ညတိုင်း ကျွန်မတို့ဟာ ဒူးထောက်ပြီး တိတ်တိတ်လေးဆုတောင်းကြတယ်။ ကျွန်မက . . . ဆုတောင်းစာတွေကို ထပ်တလဲလဲရွတ်ဆိုပေမဲ့ ဒင်းမ်က သူ့နှလုံးထဲမှာရှိတာတွေကိုတောင်းတယ်။ အဲဒီနောက်ပိုင်းနှစ်တွေမှာ ကျွန်မတို့ရဲ့သားငါးယောက်ဖြစ်တဲ့ ဘီလ်၊ ဂျင်မ်၊ ဒင်းမ်ဂျူနီယာ၊ ဂျိုး နဲ့ ချာလီကိုရခဲ့တယ်။
ကျွန်မဟာ ချာ့ခ်ျမှန်မှန်တက်သူဖြစ်ပြီး သားတွေကိုလည်း ကျွန်မနဲ့အတူအမြဲခေါ်သွားတယ်။ ဒါပေမဲ့ ချာ့ခ်ျဟာ အထင်နှင့်အမြင်တခြားစီဖြစ်ကြောင်း၊ အထူးသဖြင့် ဗီယက်နမ်စစ်ပွဲမှာ ချာ့ခ်ျရဲ့ပါဝင်ပတ်သက်မှုကို သိရှိလာပါတယ်။ ယူ.အက်စ်. အရေးကိစ္စနဲ့ပတ်သက်ပြီး သင့်တော်မတော်မေးလာတဲ့သူတွေကို ဂိုဏ်းချုပ်ဟောင်း စပယ်လ်မန်က ဒီလိုပြောခဲ့တယ်၊ “ငါ့နိုင်ငံမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထောက်ခံမယ်။” ချာ့ခ်ျကစစ်မှုမှာပါနေရင်တောင် ကျွန်မရဲ့သားတွေကို စစ်ထဲမှာပါဖို့ ကျွန်မသဘောမတူနိုင်ဘူး။ ဒါပေမဲ့ သူတို့ထဲကအနည်းဆုံးတစ်ယောက်ဟာ [ခရစ်ယာန်]ဘုန်းကြီးဖြစ်လာဖို့နဲ့ ကျွန်မခင်ပွန်းဟာ [ချာ့ခ်ျအဝင်]တစ်ယောက်ဖြစ်လာဖို့ ကျွန်မဆုတောင်းပါတယ်။
စဉ်းစားတွေးခေါ်ပုံပြောင်းလဲခြင်း
တစ်ခုသောစနေညနေခင်းမှာ [ချာ့ခ်ျက]မိတ်ဆွေတချို့၊ ဒေသခံ [ခရစ်ယာန်] ဘုန်းကြီးတစ်ပါးနဲ့အတူ ကျွန်မမိတ်ဆုံပွဲလုပ်နေတယ်။ ကျွန်မတို့ စားသောက်ပြီးပျော်ရွှင်နေချိန်မှာ အမျိုးသမီးတစ်ယောက်က ဘုန်းတော်ကြီးကို “ဖာသာ၊ ဒီလိုပါတီပွဲတက်ပြီး နောက်မနက်မှာ အိပ်ရာကမထနိုင်၊ မားစ်ပွဲကိုမသွားနိုင်ရင် ဒါဟာတကယ့်သေပြစ်ပဲမဟုတ်လား” လို့မေးလိုက်တယ်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒါကဘေးကင်းပါတယ်။ အင်္ဂါနေ့ညနေ ဘုန်းတော်ကြီးအိမ်မှာမားစ်ပွဲကျင်းပမယ်။ အဲဒီမားစ်ပွဲကိုမင်းလာနိုင်ပြီး မင်းရဲ့ဝတ္တရားကို ဖြည့်ဆည်းနိုင်ပါတယ်” လို့ပြန်ပြောခဲ့တယ်။
ဘယ်လိုအရေးကိစ္စပဲရှိပါစေ တနင်္ဂနွေနေ့မှာ မားစ်ပွဲတက်ကိုတက်ရမယ်လို့ ကျွန်မငယ်ငယ်ကတည်းက သွန်သင်ခံခဲ့ရတယ်။ ကျွန်မနဲ့သဘောချင်းမတိုက်ဆိုင်တဲ့အခါ သူကကျိန်ဆဲပြီး အမျိုးသမီးတစ်ယောက်က ဘုန်းကြီးတစ်ပါးကို ပြုပြင်ပေးခွင့်မရှိဘူးလို့ ဒေါသတကြီးနဲ့ပြောတယ်။
‘ငါ့ရဲ့သားတွေဒီလိုသူဖြစ်လာအောင် ငါဆုတောင်းနေတာလား’ ကိုယ့်ဘာသာကိုယ်တွေးမိတယ်။ ဘုန်းတော်ကြီးအားလုံးဟာ ဒီလိုမဟုတ်ဘူးဆိုတာကို ကျွန်မသိပေမဲ့ အဲဒါကကျွန်မကို စဉ်းစားစရာဖြစ်စေခဲ့တယ်။
၁၉၆၀ ပြည့်လွန်နှစ်များအလယ်အတွင်းမှာ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယားမြို့နဲ့ နောက်ပိုင်း ဒဲယ်လ်ဝရီပြည်နယ်၊ နီဝါ့ခ်မြို့တွေမှာ ယေဟောဝါသက်သေတွေ ကျွန်မတို့ဆီရောက်လာကြတယ်။ သူတို့ရဲ့ခရစ်ယာန်ဇွဲကိုကျွန်မ အံ့သြချီးမွမ်းပေမဲ့ “ဝမ်းနည်းပါတယ်၊ ကျွန်မဟာ[ချာ့ခ်ျဘာသာဝင်]ဖြစ်တာကြောင့် စိတ်မဝင်စားပါဘူး” လို့အမြဲပြောခဲ့တယ်။
နောက်ပိုင်း ၁၉၇၀ နိုဝင်ဘာလရဲ့ချမ်းအေးလှတဲ့နံနက်ခင်းတစ်ခုမှာ သက်သေခံတွေပြန်ရောက်လာကြတယ်။ ကျမ်းစာနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုကို မေးပြီးနောက် “နှုတ်မြွက်စကားတော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏” ဆိုတဲ့ ဆာလံ ၁၁၉:၁၀၅ ကိုဖတ်ပြတယ်။ အဲဒီစကားတွေက ကျွန်မကိုစွဲမှတ်သွားစေတယ်။ ‘သမ္မာကျမ်းစာ! ဒါဟာအဖြေပဲဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ငါ့မှာတစ် အုပ်တောင်မှမရှိဘူး’ လို့ကျွန်မစဉ်းစားမိတာကို သတိရပါသေးတယ်။ . . . ဘာသာဝင်တွေဟာ ကျမ်းစာအုပ်ရှိဖို့မလိုဘူး၊ အဲဒါက ကျွန်မတို့ကိုပိုပြီးရှုပ်ထွေးစေတယ်၊ ကျမ်းစာဟာ (ခရစ်ယာန်) ဘုန်းတော်ကြီးတွေသာ ဖတ်ရ၊ ရှင်းပြရတဲ့စာအုပ်ဖြစ်တယ်လို့ ကျွန်မသွန်သင်ခံခဲ့ရတယ်။ ကျမ်းစာတစ်အုပ်မှမထားခြင်းကြောင့် မိမိဟာ သစ္စာစောင့်တဲ့ . . . တစ်ယောက်ဖြစ်မယ်လို့ ယူဆခဲ့တယ်။
အဲဒီနေ့မှာပဲ ယေဟောဝါသက်သေတွေဆီက ကျမ်းစာလေ့လာဖို့အထောက်အကူပြုတဲ့ ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားစာအုပ်ကို လက်ခံယူခဲ့တယ်။ အဲဒီအပတ်တွင်းမှာပဲစာအုပ်ကိုဖတ်ပြီး သိလိုက်ရတာကတော့ ကျွန်မသမ္မာတရားကိုတွေ့ပြီ! သက်သေခံတွေဟာ ကျမ်းစာနှစ်အုပ်နဲ့ပြန်ရောက်လာကြတယ်။ တစ်အုပ်ကတော့ ကက်သလစ်ဘာသာပြန်ကျမ်းဖြစ်တယ်။ ကျမ်းစာလေ့လာဖို့အထောက်အကူပြုစာအုပ်မှာပါတဲ့ ကိုးကားထားတဲ့ကျမ်းချက်တွေဟာ ကက်သလစ်ကျမ်းစာထဲမှာရှိနေတာတွေ့ရတော့ ကျွန်မအံ့သြခဲ့ရတယ်။ အဲဒီအချိန်မှာပဲ တိုးတက်စေတဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို ကျွန်မနဲ့စတင်ခဲ့ပြီး ကျမ်းစာလေ့လာနေတဲ့ ကျွန်မအမစယ်လီနဲ့အတူ ၁၉၇၂ ဩဂုတ်လမှာ နှစ်ခြင်းခံခဲ့တယ်။
ကျွန်မရဲ့ခင်ပွန်းဒင်းမ်ဟာ တစ်ခါမှအတိုက်အခံမလုပ်ခဲ့ပေမဲ့ အခြားဘာသာတစ်ခုကို ကျွန်မစိတ်ဝင်စားနေတာတွေ့တော့ သူအံ့သြခဲ့တယ်။ သူအမြဲဂရုတစိုက် နားထောင်နေခဲ့တယ်။ အရင်ကဆို သားတွေနားထောင်လာအောင် ကျွန်မအမြဲလိုအော်ငေါက်နေတယ်လို့ထင်ရတယ်။ “အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေကိုပျက်အောင်ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်းကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့” ဆိုတဲ့ကျမ်းစာပါသတိပေးချက်တွေကို ကျွန်မသိရှိခဲ့ရတယ်။ (ဧဖက် ၄:၃၁၊ ၃၂) ဒီအပြင် သူတို့ကို အော်ဟစ်ငေါက်ငေါ်ပြီး မဆုံးမရဘူးဆိုတာသိလာတယ်။ တစ်ခါက ကျွန်မရဲ့ခင်ပွန်းဟာ သူ့မိခင်ကို ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး “အမေ၊ သူတို့ဟာပြောတဲ့အတိုင်းကျင့်တဲ့သူတွေပဲ” လို့ပြောတာကိုကြားခဲ့ရတယ်။ အဲလိုပြောပြီးသိပ်မကြာခင်မှာဘဲ သူဟာကျမ်းစာသင်အံမှုကိုလက်ခံခဲ့တယ်။ ၁၉၇၅ ဇန်နဝါရီမှာ ဒင်းမ်ဟာနှစ်ခြင်းခံပြီးတဲ့ သက်သေခံတစ်ယောက်ဖြစ်လာတယ်။
သားငါးယောက်ကိုလေ့ကျင့်ခြင်း
ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကျွန်မစပြီးတက်တုန်းက ဒီအစည်းအဝေးတွေဟာ ကျွန်မသားတွေအတွက် အတော်လေးကြာမယ်လို့ထင်ခဲ့တယ်။ ဒါကြောင့် သူတို့ကို အဖေဖြစ်သူနဲ့အိမ်မှာပဲထားခဲ့တယ်။ ကျွန်မ တစ်ယောက်တည်းသွားရတာကိုနှစ်သက်ပြီး စိတ်လက်ပေါ့ပါးမှုလည်းရှိတယ်။ ဒါပေမဲ့ အစည်းအဝေးမှာဟောပြောသူတစ်ဦးက ခရစ်ယာန်အစည်းအဝေးတွေရဲ့ ကြာမြင့်ချိန်နဲ့ပတ်သက်ပြီးဟောတဲ့အခါ “သင့်ကလေး ရုပ်မြင်သံကြားရှေ့မှာထိုင်နိုင်သော ကြာချိန်နှင့်ပတ်သက်ပြီး သင်စဉ်းစားဖူးပါသလား” လို့မေးလိုက်တယ်။ ဒီအချိန်ဆို အဲဒီနေရာမှာ ကျွန်မကလေးတွေ ရှိနေကြပြီလား! ဒါကြောင့် ကျွန်မတွေးတယ်၊ ‘ဒီလိုလုပ်လို့မဖြစ်တော့ဘူး! သူတို့ဟာ ငါနဲ့အတူအစည်းအဝေးလာရမယ်!’ ကျွန်မခင်ပွန်းဟာ ကလေးတွေကို ကျွန်မနဲ့အတူအစည်းအဝေးလိုက်ခွင့်ပြုပြီး မကြာခင်မှာပဲ သူလည်းအစည်းအဝေးတွေကို စပြီးတက်လာတယ်။
အစည်းအဝေးကိုမှန်မှန်တက်ရောက်ခြင်းက ကျွန်မတို့မိသားစုဘဝကို ပုံစံပြုပေးပြီး ခိုင်မြဲစေပါတယ်။ ဒါပေမဲ့ အဲဒါထက်ပိုပါတယ်။ ဒင်းမ်နဲ့ကျွန်မဟာ ကျွန်မတို့ရဲ့ မိဘအရည်အသွေးတွေကို တိုးတက်ကောင်းမွန်အောင် အမြဲကြိုးစားတယ်၊ ကျွန်မတို့မှားတဲ့အခါမှာဝန်ခံပြီး သမ္မာကျမ်းစာလမ်းညွှန်ချက်တွေကို ဂရုတစိုက်ကျင့်သုံးကြတယ်။ နှစ်ဘဝစံတာမျိုးကို ဘယ်တော့မှခွင့်မပြုခဲ့ဘူး။ ကျွန်မခင်ပွန်းနဲ့ကျွန်မတို့အတွက် မှန်ကန်ရာဟာ ကျွန်မတို့သားတွေအတွက်လည်း မှန်ကန်ရာဖြစ်တယ်။ လူထုရှေ့ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန်ပါဝင်ခြင်းကတော့ မလုပ်မနေရအလုပ်ပဲ။
ဖျော်ဖြေမှုနဲ့ပတ်သက်လာရင် အကြမ်းမဖက်၊ အကျင့်မယိုယွင်းတဲ့ရုပ်ရှင်တွေကို ကြည့်ခွင့်ပြုခဲ့တယ်။ သောကြာနေ့ညနေပိုင်းတွေမှာ စကိတ်စီး၊ ဘိုးလိန်းကစား၊ အသေးစားဂေါ့ဖ်ကစားခြင်း၊ ပျော်ရွှင်စရာပွဲဈေးတွေသွားခြင်း၊ ပျော်ပွဲစားထွက်ခြင်းနဲ့ သောကြာနေ့ညတွေမှာ ပီဇာလုပ်စားခြင်းတွေပါဝင်တဲ့ အကျိုးရှိတဲ့ မိသားစုအတူတကွလုပ်ဆောင်ရတာတွေကို ကျွန်မတို့အမြဲပျော်မွေ့တယ်။ ဒင်းမ်ဟာ ကျွန်မတို့မိသားစုရဲ့ မေတ္တာပြည့်ဝတဲ့ဦးစီးသူဖြစ်တယ်။ ကျွန်မတို့ရဲ့အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ဒါဟာ ရှိသင့်ရှိအပ်တဲ့မိသားစုဘဝပုံစံပဲလို့ အသိအမှတ်ပြုကြတယ်။—ဧဖက် ၅:၂၂၊ ၂၃။
၁၉၇၀ မှာယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာချိန်တုန်းက ဘီလ်လီ ၁၂ နှစ်၊ ဂျင်မီ ၁၁ နှစ်၊ ဒင်းမ်ဂျူနီယာ ၉ နှစ်၊ ဂျိုး ၇ နှစ်နဲ့ ချာလီ ၂ နှစ်အရွယ်ဖြစ်တယ်။ သူတို့ဟာချာ့ခ်ျကိုသွားလေ့ရှိခဲ့ပေမဲ့ အခုတော့ ကျမ်းစာသင်နေကြပြီ။ အဲဒါဟာကျွန်မတို့အတွက် စိတ်လှုပ်ရှားစရာပါပဲ။ “ဒီနားကိုလာ! ကြည့်! ဒီမှာကြည့်!” လို့သူတို့ကို ကျွန်မပြောလေ့ရှိတယ်။ သူတို့လာကြပြီး ကျွန်မတို့အတွက်အသစ်ဖြစ်တဲ့အရာကို အားတက်သရောဆွေးနွေးကြတယ်။ ကမ္ဘာပေါ်မှာအခိုင်မာဆုံးကိုးကားရင်းမြစ်ဖြစ်တဲ့ သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ကလေးတွေဟာ ယေဟောဝါကိုချစ်တတ်လာပြီး အဖေနဲ့အမေလောက်သာမဟုတ်ပဲ သူတို့ရဲ့ဖန်ဆင်းရှင်ဘုရားသခင်ဖြစ်တဲ့ ကိုယ်တော်ထံစာရင်းရှင်းဖို့တာဝန်ရှိတယ်လို့ ခံစားတတ်လာပါတယ်။
ကျမ်းစာအမှန်တရားကို မသင်ယူခင်ကဆိုရင် ကျွန်မတို့ဟာအကြွေးတွေအများကြီးရှိခဲ့တယ်။ ကြွေးတချို့ဆပ်ဖို့အတွက် ကျွန်မတို့ရဲ့အိမ်ကိုရောင်းလိုက်ပြီး အိမ်တစ်လုံးငှားနေခဲ့တယ်။ ကျွန်မတို့ရဲ့ကားသစ်ကိုလည်းရောင်းပြီး အဟောင်းတစ်စီးကိုဝယ်လိုက်တယ်။ ကျွန်မတို့ရဲ့အသက်တာကို အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းနေဖို့ ကြိုးစားအားထုတ်ခဲ့တယ်။ အဲဒါကကျွန်မကို အပြင်အလုပ်လုပ်တာထက် သားတွေနဲ့အတူအိမ်မှာနေဖို့ဖြစ်လာစေတယ်။ သားတွေအတွက်အိမ်မှာ မိခင်ရှိဖို့လိုတယ်ဆိုတာကို ကျွန်မတို့သိလိုက်ရတယ်။ ကလေးတွေကျောင်းတက်နေချိန်မှာ ကျွန်မဟာ ခရစ်ယာန်ဓမ္မအမှုမှာ ပိုပြီးအချိန်တွေကို အသုံးပြုနိုင်ခွင့်လည်းရစေတယ်။ နောက်ဆုံး ၁၉၈၃၊ စက်တင်ဘာလမှာ ရှေ့ဆောင် (အချိန်ပြည့်အမှုဆောင်) တစ်ယောက်ဖြစ်လာခဲ့တယ်။ အမှန်ပါပဲ၊ ကျွန်မတို့သားတွေမှာ အမြဲပဲပစ္စည်းအကောင်းစားတွေကို မပိုင်ဆိုင်ခဲ့ကြ
ပေမဲ့ မလိုအပ်ဘဲချို့တဲ့နေတယ်လို့ သူတို့မခံစားရပါဘူး။ သူတို့ယောက်တိုင်းဟာ စက်မှုလက်မှုအတတ်သင်အထက်တန်းကျောင်းကိုတက်ခဲ့ပြီး စိုက်ပျိုးမှုအတတ်၊ လက်သမားအတတ်၊ ကားမက္ကင်းနစ်ပညာနဲ့ ပုံဆွဲဒီဇိုင်းပညာ စတဲ့အတတ်ပညာတွေကို သင်ယူခဲ့တယ်။ ဒါကြောင့် သူတို့ဘဝသူတို့ကျောင်းနိုင်ကြပြီလေ။ကျွန်မတို့မိသားစုဘဝအကြောင်းကို မကြာခဏတွေးပြီး ကိုယ့်ဘာသာပြောနေမိတယ်၊ ‘ဒို့တွေမှာ ရုပ်ပစ္စည်းနည်းနည်းပဲရှိပေမဲ့ ကမ္ဘာပေါ်မှာအပျော်ဆုံးမိသားစုတစ်စုဖြစ်တယ်လို့ ကျွန်မယူမှတ်တယ်။’ မကြာမီမှာပဲ ဒင်းမ်ဟာအသင်းတော်တာဝန်တွေကို စတင်လက်လှမ်းယူပြီး သားတွေလည်းအလားတူလက်လှမ်းယူကြတယ်။ ၁၉၈၂ ခုနှစ်မှာ ဒင်းမ်ဟာခရစ်ယာန်အကြီးအကဲအဖြစ် ခန့်အပ်ခံရတယ်။ ရှစ်နှစ်ကြာပြီးနောက် ၁၉၉၀ မှာသားကြီးဖြစ်တဲ့ ဘီလ်ဟာအကြီးအကဲခန့်အပ်ခံရတယ်။ နောက်ပိုင်း အဲဒီနှစ်မှာပဲ ဂျိုးဟာခန့်အပ်ခံရတယ်၊ ၁၉၉၁ မှာဒင်းမ်ဂျူနီယာ၊ ၁၉၉၂ မှာချာလီနဲ့ ၁၉၉၃ မှာဂျင်မ်တို့ဟာ အကြီးအကဲအဖြစ်ခန့်အပ်ခံခဲ့ရတယ်။
မိဘတွေအနေနဲ့ ကျွန်မတို့မှားခဲ့တာတွေရှိတယ်ဆိုတာ ကျွန်မသိပါတယ်၊ မှန်တဲ့အရာတွေလုပ်ခဲ့တာကိုပြန်မှတ်မိဖို့လည်း အမြဲမလွယ်ကူပါဘူး။ မိတ်ဆွေတစ်ယောက်က ကျွန်မရဲ့သားတွေကို ခရစ်ယာန်များအဖြစ် သူတို့ရဲ့အစောပိုင်းနှစ်တွေနဲ့ပတ်သက်ပြီး ဘာတွေမှတ်မိသလဲ၊ အထူးသဖြင့် ခရစ်ယာန်အကြီးအကဲတွေအဖြစ် အရည်အချင်းပြည့်မီလာအောင် အထောက်အကူဖြစ်စေခဲ့တဲ့ အစောပိုင်းလေ့ကျင့်မှုတွေကနေ သူတို့သင်ယူခဲ့ရတဲ့ ကျမ်းစာမူတွေကဘာလဲလို့မေးခဲ့တယ်။ သူတို့လေးတွေရဲ့အဖြေဟာ ကျွန်မရဲ့နှလုံးကိုနွေးထွေးစေပါတယ်။
ကျွန်မသားများပြောတဲ့စကား
ဘီလ်– “ရောမ ၁၂:၉-၁၂ ကနေသင်ယူခဲ့ရတာဟာ ကျွန်တော့်စိတ်ထဲမှာ နက်ရှိုင်းစွာစွဲမှတ်သွားစေတယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့ဒီလိုဖတ်ရတယ်– ‘ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက်စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကိုကိုယ်ထက်ချီးမြှောက်ကြလော့။ . . . စိတ်အားထက်သန်ကြလော့။ . . . မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။’ ကျွန်တော့်မိဘတွေဟာ လူတွေကိုချစ်ခြင်းရဲ့အဓိပ္ပာယ်ကို တင်ပြနိုင်တဲ့အရည်အချင်းရှိကြတယ်။ အခြားသူများကို မေတ္တာတင်ပြခြင်းက သူတို့ကိုပျော်ရွှင်စေတာသင်တွေ့နိုင်တယ်။ ကျမ်းစာအမှန်တရားဟာ ကျွန်တော်တို့စဉ်းစားတွေးခေါ်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခြင်းဟာ ကျွန်တော်တို့အိမ်ရဲ့ ဒီမေတ္တာလွှမ်းတဲ့ဝန်းကျင်ကြောင့်ပါပဲ။ အဲဒါက ကျွန်တော်တို့ကို အမှန်တရားမှာမြဲနေစေတယ်။ ကျွန်တော့်မိဘတွေဟာ အမှန်တရားကို အပြည့်အဝမြတ်နိုးကြတယ်။ ဒါကြောင့် အဲဒါက အမှန်တရားကိုချစ်ဖို့နဲ အမှန်တရားကို ဖက်တွယ်ထားဖို့ကျွန်တော့်အတွက် ဘယ်တော့မှမခက်ခဲခဲ့ဘူး။”
ဂျင်မ်– “ကျွန်တော်သတိရတဲ့ အဓိကကျတဲ့ကျမ်းစာမူတွေထဲကတစ်ခုကတော့ ‘သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့။ ဤထက်လွန်သောစကားသည် မကောင်းသောအရာနှင့်စပ်ဆိုင်ပေ၏’ ဆိုတဲ့ မဿဲ ၅:၃၇ ပါပဲ။ ကျွန်တော်တို့ဆီက မိဘတွေဘယ်အရာကိုမျှော်လင့်တယ်ဆိုတာ ကျွန်တော်တို့ညီနောင်အားလုံး အမြဲသိကြတယ်၊ ခရစ်ယာန်တွေနေသင့်တဲ့ အသက်ရှင်နေထိုင်ပုံကိုလည်း သူတို့ဆီမှာတွေ့ရတယ်။ သူတို့နှစ်ဦးဟာအမြဲ သင့်သင့်မြတ်မြတ်ရှိတယ်။ ဘယ်တော့မှစကားမများကြဘူး။ သူတို့ တစ်ခုခုကို သဘောမတူဖူးတာရှိမလားဆိုတာတော့ ကျွန်တော်တို့မသိဘူး။ သူတို့ဟာစည်းလုံးပြီး အဲဒါကကျွန်တော်တို့အားလုံးအပေါ် အမှန်တကယ်နက်ရှိုင်းစွာစွဲကျန်စေတယ်။ အဖေနဲ့အမေ အဓိကတော့ ယေဟောဝါစိတ်ပျက်အောင် ကျွန်တော်တို့မလုပ်ချင်ကြဘူး”။
ဒင်းမ်– “နယပုံပြင် ၁၅:၁ ကဒီလိုဆိုတယ်– ‘ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကိုနှိုးဆော်တတ်၏’။ အဖေဟာ နူးညံ့တဲ့သဘောထားရှိတယ်။ ကျွန်တော်ဆယ်ကျော်သက်အရွယ်တုန်းကတောင် အဖေနဲ့အချေအတင်တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ စိတ်အနှောင့်အယှက်ဖြစ်နေချိန်မှာတောင် အဖေဟာအမြဲပဲသိမ်မွေ့တဲ့သဘောရှိတယ်။ တစ်ခါတလေ ကျွန်တော့်ကိုအခန်းထဲသွားနေခိုင်းတာမျိုး ဒါမှမဟုတ် အခွင့်အရေးတချို့ကိုရုပ်သိမ်းတာမျိုးရှိပေမဲ့ ကျွန်တော်တို့ဘယ်တော့မှမငြင်းခုံခဲ့ဘူး။ သူဟာကျွန်တော်တို့ရဲ့ အဖေလောက်ပဲမကဘူး။ ကျွန်တော်တို့ရဲ့မိတ်ဆွေလည်းဖြစ်ပြီး သူစိတ်ပျက်သွားအောင်မလုပ်ခဲ့ဘူး။”
ဂျိုး– “၂ ကောရိန္သု ၁၀:၅ မှာ ‘ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေ’ လို့ကျမ်းစာမှာဖော်ပြထားတယ်။ ကျွန်တော်တို့အိမ်မှာ ယေဟောဝါရဲ့စံနှုန်းတွေနဲ့ ညွှန်ကြားမှုတွေကိုနာခံဖို့ သင်ကြားခံရပါတယ်။ အမှန်တရားဟာ ကျွန်တော်တို့ဘဝ။ စည်းဝေးတက်ရောက်ခြင်းဟာ အသက်တာလမ်းစဉ်ဖြစ်တယ်။ စည်းဝေးရှိတဲ့ညနေမှာ တခြားတစ်ခုခုလုပ်မယ်ဆိုတဲ့အတွေးဟာ ခုချိန်ထိကျွန်တော့်အတွက် ဘယ်လိုမှမရှိဖူးတဲ့အရာပါပဲ။ ခရစ်ယာန်ဓမ္မအမှုကလည်း ကျွန်တော်တို့ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်မလုပ်ရွေးချယ်ရမယ့်အရာမဟုတ်ပါဘူး။ ကျွန်တော့်တို့မိတ်ဆွေတွေဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာပဲရှိတယ်။ တခြားနေရာမှာရှာဖို့ မလိုအပ်ဘူး။ ဖခင်တစ်ဦးဟာ မိမိသားတွေကို အသက်လမ်းပေါ်ရောက်အောင် လုပ်ပေးနိုင်တာထက် ပိုပြီးကောင်းတဲ့အရာရှိနိုင်ပါရိုးလား!”
ချာလီ– “နယပုံပြင် ၁:၇ ကကျွန်တော့်စိတ်ထဲမှာ ပေါ်လွင်ထင်ရှားနေပါတယ်။ အဲဒီမှာ– ‘ဘုရားသခင်ကိုကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီ မဲ့မြင်ပြုတတ်ကြ၏’ လို့ဖတ်ရတယ်။ ကျွန်တော့်မိဘတွေက ယေဟောဝါဟာတကယ်တည်ရှိတယ်ဆိုတာသိဖို့နဲ့ ကိုယ်တော်ကိုချစ်ခင်ကြောက်ရွံ့မှုတိုးပွားစေရေးဟာ အရေးကြီးတယ်ဆိုတာနားလည်ဖို့ ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ကို– ‘မိဘတွေပြောလို့လုပ်တာမျိုး မဖြစ်စေပါနဲ့။ သားဘယ်လိုထင်သလဲ။ အဲဒါကိုယေဟောဝါမြင်တဲ့အခါ ဘယ်လိုခံစားရမယ်ထင်သလဲ။ စာတန်ရော ဘယ်လိုခံစားရမယ်ထင်သလဲ’ လို့ပြောဆိုဆွေးနွေးလေ့ရှိတယ်။
“အဲဒါက ကျွန်တော်တို့ကို တကယ့်အရေးကိစ္စဆီ ပြန်ရောက်သွားစေခဲ့တယ်။ ဖေဖေနဲ့မေမေဟာ ကျွန်တော်တို့နဲ့အတူ အချိန်တိုင်းမရှိနိုင်ဘူး။ ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာ သမ္မာကျမ်းစာအမှန်တရားစွဲမြဲသွားအောင်သာ သူတို့လုပ်ပေးနိုင်တယ်။ ကျွန်တော်တို့ဟာ သူငယ်ချင်းတွေနဲ့ ကျောင်းမှာ၊ အလုပ်မှာအတူတူရှိနေကြတယ်။ အဲဒီအကျိုးဖြစ်စေတဲ့ ယေဟောဝါကိုကြောက်ရွံ့မှုက ကျွန်တော်တို့ကို အကြီးအကျယ်ကွဲပြားခြားနားစေတယ်၊ ယနေ့ထိတိုင်အောင်ပါပဲ။
“အဲဒါတွေအပြင် အမေဟာ သူ့ရဲ့ရှေ့ဆောင်ဓမ္မအမှုအကြောင်းနဲ့ သူ့ရဲ့တွေ့ကြုံမှုကောင်းတွေကို အမြဲပြောပြတယ်။ အမေဟာခရစ်ယာန်ဓမ္မအမှုအပေါ် အမြဲအပြုသဘောထားရှိတယ်၊ အဲဒါက ကျွန်တော်တို့အပေါ် ထူးထူးခြားခြားအကျိုးသက်ရောက်မှုရှိခဲ့တယ်။ အမေ့လိုပဲ လူတွေပေါ်ထားတဲ့မေတ္တာတိုးများလာပြီး တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းဟာ ပျော်ရွှင်မှုအများဆုံးပေးနိုင်တယ်ဆိုတာ နားလည်သဘောပေါက်လာတယ်။”
ကျေးဇူးတင်စရာအကြောင်း
ခုဆိုကျွန်မသားတွေဟာ အိမ်ထောင်ကျပြီး အားလုံးယေဟောဝါကို သစ္စာရှိစွာဝတ်ပြုကြတဲ့ ချစ်စရာကောင်းတဲ့ချွေးမငါးယောက်ကို ကျွန်မရထားတယ်။ နောက်ထပ်သားငါးယောက်—တကယ်ဆိုရင် မြေးငါးယောက်ကိုလည်း ကောင်းချီးအဖြစ်ရထားတယ်! သူတို့အားလုံးဟာ ယေဟောဝါကိုချစ်လာပြီး သူတို့အသက်တာရဲ့ ပထမနေရာမှာ ကိုယ်တော့်နိုင်ငံတော်ကိုစွဲမြဲစွာထားလာဖို့ ပြုစုပျိုးထောင်ပေးခြင်းခံနေပါတယ်။ တစ်နေ့မှာ သူတို့လေးတွေဟာ သူတို့အဖေတွေနဲ့ သူတို့အဘိုးတို့လို အကြီးအကဲတွေဖြစ်လာဖို့ ကျွန်မတို့ဆုတောင်းတယ်။
ဒင်းမ်ဆုံးပြီးမကြာခင်မှာ ကျွန်မသားတစ်ယောက်စာရေးခဲ့တယ်– “အဖေ့ကိုကျွန်တော်သိပ်လွမ်းတယ်၊ ခုဆိုအဖေဟာ သေခြင်းမှာအိပ်ပျော်သွားပြီ။ နာကျင်မှုမရှိတော့ဘူး။ ဝေဒနာလည်းမခံစားရတော့ဘူး။ ခွဲစိတ်ကုသရတာ၊ အပ်တွေနဲ့ အစာသွင်းပိုက်တွေမလိုတော့ဘဲ လုံးဝငြိမ်းချမ်းသွားပြီ။ သူမသေခင်မှာ နှုတ်ဆက်စကားမပြောလိုက်ရဘူး။ စိတ်ကူးထားတာတွေဟာ အမြဲဖြစ်မလာနိုင်ဘူး။ တစ်ခုပဲ ကျွန်တော်ပြောနိုင်တာကတော့ အဖေ့ကိုပြန်ကြိုဆိုဖို့ ကျွန်တော်အသက်ရှင်နေနိုင်အောင် ဆုံးဖြတ်ထားတယ်ဆိုတာပါပဲ!”
ကျွန်မရဲ့ချစ်ခင်ပွန်းနဲ့ သေချာတဲ့ထမြောက်ခြင်းမျှော်လင့်ချက်အတွက် ယေဟောဝါကိုကျေးဇူးတင်တယ်! (ယောဟန် ၅:၂၈၊ ၂၉) ကျွန်မရဲ့သားငါးယောက်အတွက်လည်း ကိုယ်တော်ကိုကျေးဇူးတင်ပါတယ်!
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယနေ့ ဟယ်လင် စောလ်စ်ဘယ်ရီနှင့် သူ့မိသားစု