သင်ခန်းစာ ၅
လူကြီးများရဲ့ လမ်းညွှန်မှု တန်ဖိုး
လူကြီးများရဲ့ လမ်းညွှန်မှုမှာ ဘာပါဝင်သလဲ။
လမ်းညွှန်အကြံပေးနိုင်တဲ့ လူကြီးတွေကို သားသမီးတွေ လိုအပ်ကြတယ်။ မိဘတွေအနေနဲ့ အကြံပေးလမ်းညွှန်နိုင်တဲ့ အကောင်းဆုံး အနေအထားမှာ ရှိကြသလို အကြံပေးလမ်းညွှန်ရမယ့်တာဝန်လည်း ရှိတယ်။ ဒါပေမဲ့ တခြားလူကြီးတွေလည်း သင့်ကလေးတွေကို ကူညီလမ်းညွှန်ပေးနိုင်ကြပါတယ်။
လူကြီးများရဲ့ လမ်းညွှန်မှု ဘာကြောင့် အရေးကြီးသလဲ
နိုင်ငံဒေသများစွာမှာ လူငယ်တွေဟာ လူကြီးတွေနဲ့ ထိတွေ့မှု မရှိသလောက် ဖြစ်လာတယ်။ စဉ်းစားကြည့်ပါ။
-
ကလေးတွေဟာ ကျောင်းမှာပဲ အချိန်ကုန်တာ များတယ်။ ဆရာ/မတွေ၊ တခြားလူကြီးတွေထက် ကျောင်းသူ/သားတွေ ပိုများနေတယ်။
-
ကျောင်းဆင်းတော့ အိမ်မှာ လူမရှိဘူး။ မိဘတွေက အလုပ်မှာ။
-
အမေရိကန်မှာ ၈ နှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေဟာ ဖျော်ဖြေရေးမီဒီယာမှာ တစ်နေ့ ခြောက်နာရီ အချိန်ကုန်နေကြတယ်။ a
“လူငယ်တွေဟာ လမ်းပြညွှန်ကြားမှု၊ ပုံသွင်းမှုတို့ကို မိဘတွေ၊ ဆရာ/မတွေ၊ တခြားလူကြီးတွေဆီက မရဘဲ . . . ရွယ်တူချင်းတွေဆီကနေ ရယူနေကြတယ်” လို့ Hold On to Your Kids စာအုပ်မှာ ဖော်ပြထားတယ်။
လမ်းညွှန်ပေးနိုင်ပုံ
သားသမီးတွေကို အချိန်ပေးပါ။
ကျမ်းစာ အခြေခံမူ။ “ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆။
ကလေးတွေဟာ ပင်ကိုသဘောအရ မိဘတွေရဲ့ လမ်းညွှန်မှုကို လိုချင်ကြတယ်။ ဆယ်ကျော်သက်အရွယ် ရောက်လာရင်တောင် ရွယ်တူတွေထက် မိဘတွေရဲ့ အကြံဉာဏ်ကို ပိုတန်ဖိုးထားကြတယ်။ “မြီးကောင်ပေါက်အရွယ်၊ လူငယ်အရွယ် သားသမီးရဲ့ သဘောထား၊ အမူအကျင့်ကို မိဘတွေ ဩဇာလွှမ်းမိုးနေတုန်းပဲ။ မြီးကောင်ပေါက်အရွယ်တွေအနေနဲ့ သင်ပြောဆိုသမျှကို လက်မခံဘူးဆိုရင်တောင် မိဘ စဉ်းစားတာကို သိချင်ကြတယ်၊ မိဘ ပြောတာကို နားထောင်ချင်ကြတယ်” ဆိုပြီး You and Your Adolescent စာအုပ်မှာ ဒေါက်တာ လောရင့် စတိန်းဘာ့ဂ် ရေးထားတယ်။
သင့်ကို မျှော်လင့်အားကိုးတဲ့ ကလေးရဲ့ ပင်ကိုဉာဉ်ကို အခွင့်အရေးယူပါ။ ကလေးတွေကို အချိန်ပေးပါ။ သင့်ရှုမြင်ပုံ၊ စံနှုန်းတွေ၊ အတွေ့အကြုံတွေကို ပြောပြပါ။
လမ်းညွှန်ပေးမယ့်သူ စီစဉ်ပေးပါ။
ကျမ်းစာ အခြေခံမူ။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။”—ပညာအလိမ္မာ ၁၃:၂၀။
သင့်ကလေးတွေအတွက် စံနမူနာကောင်းမယ့်သူကို စဉ်းစားကြည့်နိုင်မလား။ သူနဲ့ သင့်ကလေး အချိန်ပေးပေါင်းသင်းစေဖို့ စီစဉ်ကြည့်ပါ။ သင့်မိဘအခွင့်အာဏာကိုတော့ မစွန့်လွှတ်သင့်တာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ကလေးကို ဒုက္ခပေးမှာ မဟုတ်တဲ့ ယုံကြည်စိတ်ချရသူ အသိ လူကြီးတစ်ယောက်ရဲ့ အားပေးမှုတွေက သင့်လေ့ကျင့်ပေးမှုကို အားဖြည့်ပေးနိုင်ပါတယ်။ ကျမ်းစာခေတ်တုန်းက အရွယ်ရောက်နေပြီဖြစ်တဲ့ တိမောသေတောင် တမန်တော် ပေါလုနဲ့ ပေါင်းသင်းခဲ့လို့ အကျိုးများစွာ ရရှိခဲ့သလို ပေါလုလည်း တိမောသေနဲ့ ခင်မင်ရင်းနှီးမှုကြောင့် အကျိုးခံစားခဲ့တယ်။ —ဖိလိပ္ပိ ၂:၂၀၊ ၂၂။
ကုန်လွန်သွားတဲ့ရာစုနှစ်အတွင်း မိသားစုများစွာဟာ အတိုင်းအတာတစ်ခုအထိ တစ်ပိုင်းတစ်စစီ ပြိုကွဲလာခဲ့ပြီမို့ ဘိုးဘွားတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ကမ္ဘာခြား နေထိုင်လာကြတယ်။ အဲဒီလိုဆိုရင် သင့်ကလေးတွေမှာ တွေ့မြင်ချင်တဲ့ အကျင့်စရိုက်တွေ ပိုင်ဆိုင်တဲ့လူကြီးတွေဆီကနေ သင်ယူဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ။
a ဆယ်ကျော်သက်တွေဟာ ဖျော်ဖြေရေးမီဒီယာမှာ တစ်နေ့ ကိုးနာရီနီးပါး အချိန်ကုန်နေကြတယ်လို့ လေ့လာမှုအရ သိရတယ်။ ဒီကိန်းဂဏန်းဟာ ကျောင်းမှာ အွန်လိုင်းသုံးတဲ့အချိန်၊ အိမ်စာလုပ်တဲ့အချိန်တို့ မပါဘူး။