မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေတဲ့လမ်း

ရောင့်ရဲခြင်းနဲ့ ရက်ရောခြင်း

ရောင့်ရဲခြင်းနဲ့ ရက်ရောခြင်း

ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းကို စည်းစိမ်ချမ်းသာနဲ့ တိုင်းတာကြတာ မကြာမကြာ ကြားရတယ် မဟုတ်လား။ ဒါကြောင့် လူသန်းပေါင်းများစွာဟာ ငွေများများရဖို့ ပင်ပင်ပန်းပန်း လုပ်ကြရတယ်။ ဒါပေမဲ့ ငွေနဲ့ ပစ္စည်းဥစ္စာတွေက တည်မြဲတဲ့ပျော်ရွှင်မှု ရစေပါသလား။ အထောက်အထားတွေက ဘာဖော်ပြသလဲ။

Journal of Happiness Studies အရ အခြေခံလိုအပ်ရာတွေ ရှိပြီဆိုရင် ဝင်ငွေ ပိုရလို့လည်း ပိုပျော်သွားမှာ မဟုတ်ဘူး။ ငွေက ဖြေရှင်းနည်း မဟုတ်ဘူး။ “ငွေ ကုန်းရုန်းရှာခြင်းက ပျော်ရွှင်မှု နည်းတာနဲ့ ဆက်စပ်နေတယ်” လို့ Monitor on Psychology မဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြတယ်။ အဲဒီစကားတွေဟာ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ နီးပါးက ကျမ်းစာအကြံပြုချက်နဲ့ ကိုက်ညီတယ်– “ငွေကို တပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်ဖြစ်လို့ပဲ။ လူတချို့က ငွေကိုတပ်မက်လာတဲ့အတွက် . . . ဝေဒနာများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြတယ်။” (၁ တိမောသေ ၆:၉၊ ၁၀) ဘာဝေဒနာတွေ ရနိုင်သလဲ။

စည်းစိမ်ကို ကာကွယ်နေရလို့ စိုးရိမ်ပူပန်မယ်၊ အိပ်ရေးပျက်မယ်။ “အလုပ်အကျွေးပြုတဲ့သူဟာ နည်းနည်း စားရသည်ဖြစ်စေ၊ များများ စားရသည်ဖြစ်စေ နှစ်ခြိုက်စွာ အိပ်စက်နိုင်တယ်။ သူဌေးသူကြွယ်ကတော့ စည်းစိမ်တွေကြောင့် အိပ်ရေးပျက်ရတယ်။”—ဒေသနာ ၅:၁၂

မျှော်လင့်ထားတဲ့အတိုင်း မပျော်ရွှင်လို့ စိတ်ဓာတ်ကျမယ်။ ငွေကို တပ်မက်တဲ့စိတ်ဟာ ရလေလိုလေ အိုတစေ ဖြစ်လို့ပဲ။ “ငွေမက်တဲ့သူဟာ ဘယ်တော့မှ ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။ စည်းစိမ်မက်တဲ့သူဟာ ရတဲ့ဝင်ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။” (ဒေသနာ ၅:၁၀) ချမ်းသာချင်တဲ့သူတွေဟာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို အချိန်ပေးခြင်း၊ ဝတ်ပြုရေးဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်းစတဲ့ ပျော်ရွှင်စေတဲ့အရာတွေ၊ တကယ်အရေးကြီးတဲ့အရာတွေကို လျစ်လျူရှုလာကြတယ်။

ငွေ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျ၊ အရှုံးပေါ်တဲ့အခါ စိတ်ပျက်ကြေကွဲမယ်။ “စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။ ရပ်တန်းက ရပ်ပြီး သိနားလည်မှု ရှိကြောင်း ပြပါ။ စည်းစိမ်ဥစ္စာတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်သွားတတ်တယ်။ လင်းယုန်လို အတောင်တွေ ပေါက်ပြီး . . . ပျံသွားလိမ့်မယ်။”—ပညာအလိမ္မာ ၂၃:၄၊ ၅

ပျော်ရွှင်မှု တိုးများစေတဲ့ အရည်အသွေးများ

ရောင့်ရဲခြင်း။ “ငါတို့ ဒီလောကကို ရောက်လာတုန်းက ဘာမှ ပါမလာဘူး။ ထွက်သွားရင်လည်း ဘာမှ ယူသွားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။” (၁ တိမောသေ ၆:၇၊ ၈) ရောင့်ရဲတဲ့သူတွေဟာ မကျေမနပ် ညည်းညူတာမျိုး မရှိကြဘူး။ မငြူစူတတ်ကြဘူး။ မတတ်နိုင်တာကို လိုချင်စိတ် မရှိကြတဲ့အတွက် ပူပင်သောက၊ ဖိစီးမှုတွေ မရှိကြဘူး။

ရက်ရောခြင်း။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။” (တမန်တော် ၂၀:၃၅) ရက်ရောတဲ့သူတွေဟာ ပျော်ရွှင်ကြတယ်။ အချိန်နဲ့ ခွန်အားပဲ ပေးနိုင်ရင်တောင်မှ တခြားသူတွေကို ပျော်ရွှင်စေကြလို့ပါပဲ။ ငွေနဲ့ ဝယ်လို့ မရနိုင်တဲ့ ချစ်ခြင်းမေတ္တာ၊ လေးစားမှု၊ မိတ်စစ်ဆွေစစ် ပြန်ရတတ်ကြတယ်။—လုကာ ၆:၃၈

ပစ္စည်းထက် လူကို ဦးစားပေးခြင်း။ “မေတ္တာ လွှမ်းခြုံတဲ့နေရာမှာ စားရတဲ့ ဟင်းသီးဟင်းရွက် တစ်နပ်စာဟာ အမုန်းစိတ် ပြည့်နေတဲ့နေရာမှာ စားရတဲ့ ဆူဖြိုးတဲ့ အမဲသားဟင်းထက် ပိုကောင်းတယ်။” (ပညာအလိမ္မာ ၁၅:၁၇) ဘာဆိုလိုသလဲ။ မေတ္တာပြည့်ဝတဲ့ မိတ်ဆွေတွေ ရှိတာက စည်းစိမ်းချမ်းသာထက် ပိုတန်ဖိုးရှိတယ်။ ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်မှုအတွက် အရေးပါကြောင်း နောက်ပိုင်းမှာ တွေ့ရပါမယ်။

တောင်အမေရိက,က ဆာဘီနာဟာ ကျမ်းစာအခြေခံမူတွေရဲ့ တန်ဖိုးကို သိလာခဲ့တယ်။ ခင်ပွန်း စွန့်ခွာသွားလို့ သမီးနှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတယ်။ အလုပ်နှစ်ခု လုပ်ရတယ်။ မနက် လေးနာရီ အိပ်ရာထရတယ်။ မအားလပ်တဲ့ကြားကနေ ကျမ်းစာ လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာအကျိုးရသလဲ။

ငွေကြေးအခြေအနေကတော့ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ ဘဝနဲ့ပတ်သက်တဲ့ သဘောထား သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်။ ဥပမာ၊ ဘုရားသခင်ကို မှီခိုဖို့ လိုမှန်း သိမြင်လာတဲ့အတွက် ပျော်ရွှင်မှု ခံစားရတယ်။ (မဿဲ ၅:၃) ယုံကြည်သူတွေကြားမှာ မိတ်စစ်ဆွေစစ်တွေ ရလာတယ်။ သိထားတာတွေကို တခြားသူတွေကို ပြန်ဝေမျှပေးတဲ့အခါ ပျော်ရွှင်မှု ခံစားရတယ်။

“ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (မဿဲ ၁၁:၁၉) အဲဒါကြောင့် ရောင့်ရဲခြင်းနဲ့ ရက်ရောခြင်း၊ ပစ္စည်းထက် လူကို ဦးစားပေးခြင်းက တကယ် ရှိသင့်ရှိအပ်တဲ့အရာတွေပါပဲ။