မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေတဲ့လမ်း

မျှော်လင့်ချက် ရှိခြင်း

မျှော်လင့်ချက် ရှိခြင်း

“မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။”​ယေရမိ ၂၉:၁၁

“လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာပါ။ ကူကယ်ရာမဲ့ခြင်း၊ အထီးကျန်ခြင်း၊ ကြောက်ရွံ့ခြင်း ခံစားချက်တွေအတွက် မျှော်လင့်ချက်ဟာ အကောင်းဆုံးဆေးတစ်ခွက် ဖြစ်တယ်” လို့ Hope in the Age of Anxiety စာအုပ်မှာ ဖော်ပြထားတယ်။

မျှော်လင့်ချက် ရှိဖို့ လိုအပ်ကြောင်း၊ မှားယွင်းတဲ့ မျှော်လင့်ချက် မထားသင့်ကြောင်း ကျမ်းစာမှာ သတိပေးထားတယ်။ ဆာလံ ၁၄၆:၃ မှာ “မကယ်တင်နိုင်တဲ့ အုပ်စိုးရှင်ကို၊ မကယ်တင်နိုင်တဲ့လူကို မကိုးစားကြနဲ့” လို့ ဖော်ပြထားတယ်။ ကျွန်တော်တို့ကို ကယ်တင်ဖို့ လူကို ကိုးစားမယ့်အစား ကတိအားလုံးကို ပြည့်စုံစေနိုင်စွမ်းရှိတဲ့ ဖန်ဆင်းရှင်ကို ကိုးစားသင့်တယ်။ ကျွန်တော်တို့ကို ဘယ်လို ကတိပေးထားသလဲ။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

ဆိုးသွမ်းမှု အဆုံးတိုင်မယ်။ ဖြောင့်မတ်သူတွေ တည်မြဲတဲ့ငြိမ်သက်မှု ခံစားကြမယ်။ “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ . . . စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။” (ဆာလံ ၃၇:၁၀၊ ၁၁) “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” လို့ ဆာလံ ၃၇:၂၉ မှာ ဖော်ပြထားတယ်။

စစ်မှု မရှိတော့ဘူး။ “ယေဟောဝါ . . . က မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်းဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို မီးရှို့ပစ်တယ်။”—ဆာလံ ၄၆:၈၊ ၉

ဆင်းရဲဒုက္ခ၊ ဖျားနာခြင်း၊ သေခြင်း မရှိတော့ဘူး။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄

အစားအသောက် ပေါများမယ်။ “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၆

ခရစ်တော်ရဲ့ နိုင်ငံ၊ တရားမျှတတဲ့ ကမ္ဘာ့အစိုးရတစ်ခု။ “သူ [ယေရှုခရစ်] က အုပ်ချုပ်ခွင့်အာဏာ၊ ဂုဏ်ကျက်သရေနဲ့ နိုင်ငံတစ်ခုကို ရတယ်။ ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းဟာ သူ့ဆီမှာ အမှုထမ်းကြတယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ မကွယ်ပျောက်ဘဲ ထာဝစဉ် တည်တံ့လိမ့်မယ်။ သူ့နိုင်ငံဟာ ပျက်စီးမှာ မဟုတ်ဘူး။”—ဒံယေလ ၇:၁၄

အဲဒီကတိတွေကို ဘယ်လို ယုံကြည်စိတ်ချနိုင်သလဲ။ ယေရှု ကမ္ဘာပေါ် ရှိစဉ်က မင်းလောင်းအဖြစ် အရည်အချင်း ပြည့်မီကြောင်း လူသိရှင်ကြား ဖော်ပြခဲ့တယ်။ ဖျားနာသူတွေကို ရောဂါပျောက်ကင်းစေတယ်။ ဆင်းရဲသားတွေကို ကျွေးမွေးတယ်။ လူသေတွေကို အသက်ပြန်ရှင်စေခဲ့တယ်။ ပိုအရေးကြီးတာကတော့ ယေရှုရဲ့ သွန်သင်ချက်တွေပဲ။ သင့်မြတ်စည်းလုံးစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေခံမူတွေ သင်ပေးတယ်။ နောက်ဆုံးကာလနိမိတ်တွေ အပါအဝင် အနာဂတ်ဖြစ်ရပ်တွေကိုလည်း ကြိုဟောခဲ့တယ်။

မုန်တိုင်းပြီးရင် လေပြေလာမယ်

နောက်ဆုံးကာလမှာ ငြိမ်သက်မှုနဲ့ လုံခြုံမှု မရှိဘဲ ဆန့်ကျင်ဘက် ဖြစ်မယ်လို့ ယေရှု ကြိုဟောခဲ့တယ်။ “လောကစနစ်နိဂုံးပိုင်း” နိမိတ်တွေမှာ နိုင်ငံတကာ စစ်ပွဲ၊ အစာခေါင်းပါးမှု၊ ကပ်ရောဂါ၊ ငလျင်ကြီးတွေ ပါဝင်တယ်။ (မဿဲ ၂၄:၃၊ ၇။ လုကာ ၂၁:၁၀၊ ၁၁။ ဗျာဒိတ် ၆:၃-၈) “မတရားမှုတွေ များသည်ထက် များလာတဲ့အတွက် လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်” လို့လည်း ယေရှု ပြောခဲ့တယ်။—မဿဲ ၂၄:၁၂

မေတ္တာခေါင်းပါးမှုကို နည်းအမျိုးမျိုးနဲ့ တွေ့ရတယ်။ ကျမ်းရေးသူနောက်တစ်ဦးကလည်း ဒီအကြောင်း အတိအကျ ကြိုဟောခဲ့တယ်။ “နောက်ဆုံးကာလ” မှာ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်၊ ငွေ၊ အပျော်အပါးကိုပဲ အလေးထားကြမယ်လို့ ၂ တိမောသေ ၃:၁-၅ မှာ ဖော်ပြထားတယ်။ မောက်မာကြမယ်။ ကြမ်းကြုတ်ကြမယ်။ မိသားစုတွေမှာ ချစ်ခင်တွယ်တာစိတ် မရှိကြဘူး။ သားသမီးတွေ မိဘစကား နားမထောင်ကြဘူး။ ဘုရားတရား ကြည်ညိုဟန်ဆောင်သူတွေ များကြမယ်။

မုန်တိုင်းနဲ့တူတဲ့ အခြေအနေတွေက နောက်ဆုံးကာလ ရောက်နေပြီဖြစ်ကြောင်း အတည်ပြုတယ်။ ဘုရားနိုင်ငံတော်အုပ်ချုပ်မှု လေပြေလာတော့မယ်ဆိုတာကိုလည်း ဖော်ပြတယ်။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ထဲမှာ ဒီအာမခံချက်လည်း ပါတယ်– “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံးရောက်လာလိမ့်မယ်။”—မဿဲ ၂၄:၁၄

ဒီသတင်းကောင်းဟာ လူဆိုးတွေအတွက် သတိပေးချက် ဖြစ်ပြီး ဖြောင့်မတ်သူတွေကိုတော့ မျှော်လင့်ချက် ပေးတယ်။ ကတိပေးထားတဲ့အတိုင်း ကောင်းချီးတွေ တကယ်ခံစားရတော့မယ်ဆိုတာ စိတ်ချစေတယ်။ အဲဒီကောင်းချီးတွေအကြောင်း ထပ်သိချင်ပါသလား။ ဒါဆိုရင် ဒီမဂ္ဂဇင်းကျောဘက်ကို ကြည့်ပါ။