မိသားစုအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း
သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ
အခက်အခဲ
-
သင့်ရဲ့သားဟာ စိတ်ကြီးဝင်နေတယ်။ အသက်ကဖြင့် ဆယ်နှစ်ပဲရှိသေးတယ်။
-
သူ့ကို ဖူးဖူးမှုတ် ခစားစေချင်တယ်။
‘ဒီကလေး ဘယ်လိုဖြစ်သွားပါလိမ့်။ သူ့ကို ပျော်စေချင်တာ မှန်ပေမဲ့ လူတကာထက် သာတယ်ဆိုတဲ့ အတွေးမျိုးတော့ မဝင်စေချင်ဘူး။’
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် မပျောက်ဆုံးစေဘဲ တစ်ချိန်တည်းမှာ နှိမ့်ချစိတ် ရှိအောင် ကလေးတွေကို သင်ပေးလို့ရမလား။
သိသင့်သိထိုက်ရာ
ကလေးတွေကို အလိုလိုက် အကြိုက်ဆောင်ဖို့၊ ချီးမွမ်းစရာ မရှိရင်တောင် များများ ချီးမွမ်းပေးဖို့၊ ဆူဆုံးမတာတွေ မလုပ်ဖို့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက မိဘတွေ တိုက်တွန်းခံရတယ်။ ကလေးတွေကို ဖူးဖူးမှုတ် အလိုလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာမယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဘာရလဒ်တွေ ထွက်လာသလဲ။ “အဲဒီလိုလုပ်တာက ပျော်ရွှင်ပြီး အလိုက်အထိုက်နေတတ်တဲ့ ကလေးတွေ ဖြစ်လာမယ့်အစား အတ္တသမားတွေ ဖြစ်လာစေတယ်” လို့ စာအုပ်တစ်အုပ် (Generation Me) မှာ ဖော်ပြတယ်။
အလိုလိုက်ခံရလွန်းတဲ့ ကလေးတွေဟာ စိတ်တိုင်းမကျမှု၊ ပြစ်တင်ဝေဖန်မှု၊ မအောင်မြင်မှုတွေကို မခံစားဖူးဘဲ ကြီးပြင်းလာကြတယ်။ အဲဒီလို လိုတရတဲ့ကလေးတွေဟာ ကြီးလာတဲ့အခါ ပေါင်းသင်းရ ခက်သူတွေ ဖြစ်လာတယ်။ အဲဒီလိုလူအများစုဟာ စိုးရိမ်သောကတွေ၊ စိတ်ကျတာတွေ ခံစားကြရတယ်။
ကလေးတွေဟာ ကိုယ်တိုင်ရဲ့ အောင်မြင်မှုတွေကြောင့်သာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် တန်ဖိုးထားစိတ် ဖြစ်ပေါ်လာနိုင်တယ်။ သူများထက် တော်တယ်တတ်တယ်လို့ ပြောပေးရုံနဲ့ မဖြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိရုံထက်မက အတတ်ပညာတချို့ သင်ယူဖို့၊ လေ့ကျင့်ဖို့၊ ထူးချွန်အောင်ကြိုးစားဖို့လည်း လိုတယ်။ (ပညာအလိမ္မာ ၂၂:၂၉) သူတစ်ပါးအကျိုးကို ဂရုစိုက်တတ်သူတွေ ဖြစ်ဖို့လည်း လိုတယ်။ (၁ ကောရိန္သု ၁၀:၂၄) အဲဒါတွေ လုပ်ဆောင်နိုင်ဖို့ဆိုရင် စိတ်နှိမ့်ချမှု ရှိရမယ်။
လုပ်ဆောင်နိုင်ရာ
ချီးမွမ်းသင့်တဲ့အခါ ချီးမွမ်းပါ။ သင့်သမီးဟာ စာမေးပွဲမှာ ရမှတ်ကောင်းတယ်ဆိုပါစို့။ ချီးမွမ်းလိုက်ပါ။ ရမှတ်နည်းတယ်ဆိုရင် ဆရာ/ဆရာမကို ချက်ချင်း အပြစ်မဖို့ပါနဲ့။ အဲဒီလိုလုပ်ရင် စိတ်နှိမ့်ချမှုရှိအောင် သမီးကို သင်ပေးဖို့ ခက်သွားမယ်။ နောက်တစ်ကြိမ်မှာ ပိုကြိုးစားနိုင်တဲ့အကြောင်း ပြောပြပါ။ တကယ်အောင်မြင်မှုတွေ ရှိမှသာ ချီးမွမ်းပါ။
လိုအပ်တဲ့အခါ ပဲ့ပြင်ဆုံးမပါ။ ကလေး အမှားလုပ်တိုင်း ဆိုဆုံးမရမယ်လို့ ပြောနေတာမဟုတ်ဘူး။ (ကောလောသဲ ၃:၂၁) ကြီးလေးတဲ့အမှားဆိုရင်တော့ ပဲ့ပြင်ဆုံးမရမယ်။ မကောင်းတဲ့ စိတ်သဘောထားတွေကိုလည်း ပဲ့ပြင်ပေးရမယ်။ မဟုတ်ရင် အကျင့်ပါသွားမယ်။
ဥပမာ၊ သင့်ရဲ့သားဟာ အကြွားသန်တယ် ဆိုပါစို့။ မပဲ့ပြင်ပေးဘူးဆိုရင် စိတ်ကြီးဝင်ပြီး တခြားသူတွေကို မတူမတန် ဆက်ဆံလာနိုင်တယ်။ ဒါကြောင့် ကြွားတယ်ဆိုတာ လူအမြင်ကတ်စရာ ဖြစ်ပြီး အရှက်ရစေနိုင်တယ်ဆိုတာ ရှင်းပြပါ။ (ပညာအလိမ္မာ ၂၇:၂) ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံရှုမြင်သူဟာ ကိုယ့်ရဲ့ အစွမ်းအစတွေကို အများသိအောင် ကြေညာဖို့ မလိုဘူးဆိုတာလည်း ရှင်းပြပါ။ အဲဒီလို မေတ္တာအရင်းခံပြီး ဆုံးမပဲ့ပြင်တာက သိမ်ငယ်စိတ် မဝင်စေဘဲ နှိမ့်ချတတ်လာအောင် သင်ပေးရာရောက်တယ်။ —ကျမ်းစာအကြံပြုချက်– မဿဲ ၂၃:၁၂။
လက်တွေ့ဘဝအတွက် သင့်ကလေးကို ပြင်ဆင်ပေးပါ။ ကလေးရဲ့ဆန္ဒမှန်သမျှ ဖြည့်ဆည်းပေးမယ်ဆိုရင် သူ့မှာ အခွင့်အာဏာရှိတယ်လို့ ခံစားသွားစေနိုင်တယ်။ ဒါကြောင့် သင့်ကလေးက သင် မတတ်နိုင်တာကို ဝယ်ခိုင်းမယ်ဆိုရင် ဝင်ငွေထွက်ငွေ မျှတအောင် သုံးစွဲဖို့လိုကြောင်း ရှင်းပြပါ။ အားလပ်ရက် အပန်းဖြေခရီးထွက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရလို့ ကလေး စိတ်ထိခိုက်သွားမယ် ဆိုပါစို့။ ဘဝမှာ စိတ်ထိခိုက်စရာတွေ ကြုံရနိုင်တယ်၊ ဒါတွေကို သင် ဘယ်လို ဖြေရှင်းခဲ့တယ်ဆိုတာ ရှင်းပြပါ။ သင့်ကလေး ဘာအခက်အခဲမှ မကြုံရအောင် ကာကွယ်ပေးမယ့်အစား လူကြီးဖြစ်လာရင် ကြုံရမယ့် အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ပေးပါ။ —ကျမ်းစာအကြံပြုချက်– ပညာအလိမ္မာ ၂၉:၂၁။
ပေးကမ်းတတ်အောင် အားပေးပါ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတာ မှန်ကန်ကြောင်း ကလေးကို လက်တွေ့ပြပေးပါ။ (တမန်တော် ၂၀:၃၅) ဘယ်လိုနည်းနဲ့လဲ။ စျေးဝယ်ပေးဖို့၊ ကြိုပို့ပေးဖို့၊ တစ်ခုခုပြုပြင်ပေးဖို့ အကူအညီလိုနေသူတွေရဲ့ နာမည်ကို ချရေးပါ။ အဲဒီနောက် ကလေးနဲ့အတူ သွားပြီး ကူညီပေးပါ။ အဲဒီလို ကူညီပေးလိုက်လို့ သင် ပျော်ရွှင်ကျေနပ်သွားတာကို သင့်ကလေး မြင်ပါလိမ့်မယ်။ ဒီနည်းနဲ့ သင့်ကလေးကို စိတ်နှိမ့်ချတတ်အောင် သင်ပေးနိုင်တယ်။ ဒီလိုပုံသက်သေနဲ့ သင်ပေးတာဟာ အထိရောက်ဆုံးပဲ။—ကျမ်းစာအကြံပြုချက်– လုကာ ၆:၃၈။