မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ
၂ | လက်စားမချေပါနဲ့
ကျမ်းစာ သွန်သင်ချက်–
“အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ . . . ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ . . . လက်စားမချေပါနဲ့။ ‘“လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ” လို့ ယေဟောဝါ ပြောတယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။”—ရောမ ၁၂:၁၇-၁၉။
ဆိုလိုတာက–
တစ်ယောက်ယောက်က ထိခိုက်နစ်နာအောင် လုပ်တယ်ဆိုရင် ဒေါသထွက်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဘုရားက လက်တုံ့မပြန်စေချင်ဘူး။ မကြာခင် ဘုရားက မတရားမှုအားလုံးကို ဖြေရှင်းပေးတော့မှာ ဖြစ်လို့ ကျွန်တော်တို့ကို စိတ်ရှည်ရှည် စောင့်စေချင်တယ်။—ဆာလံ ၃၇:၇၊ ၁၀။
လုပ်ဆောင်နိုင်တဲ့ အချက်–
မစုံလင်တဲ့ လူသားတွေ လက်တုံ့ပြန်တဲ့အခါ မုန်းတီးမှု သံသရာက မပြီးဆုံးနိုင်တော့ဘူး။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်တယ်ဆိုရင် ကလဲ့စား မချေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး အေးအေးဆေးဆေး ဖြေရှင်းပါ။ တစ်ခါတလေ ပြဿနာကို လျစ်လျူရှုလိုက်တာက အကောင်းဆုံးပဲ။ (ပညာအလိမ္မာ ၁၉:၁၁) ပြဿနာကို ထုတ်ဖော်လိုက်လို့ အကျိုးရှိတဲ့ အခါတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ၊ အကြမ်းဖက်ခံရတယ်ဆိုရင် ရဲ ဒါမှမဟုတ် အာဏာပိုင်တွေကို တိုင်ကြားနိုင်တယ်။
လက်စားချေတာက ကိုယ့်ကိုပဲ ထိခိုက်စေ
ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ပုံ မရရင် ဘာလုပ်နိုင်သလဲ။ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပြီးပြီ ဆိုရင်ကော။ လက်စားမချေပါနဲ့။ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ မုန်းတီးမှု သံသရာကို အဆုံးသတ်လိုက်ပါ။ ပြဿနာ ဖြေရှင်းတဲ့ ဘုရားရဲ့ နည်းလမ်းကို ယုံကြည်စိတ်ချပါ။ “ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့ အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်။”—ဆာလံ ၃၇:၃-၅။