မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇနီး တဗိသနဲ့အတူ အမှုဆောင်သွားနေ

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

ကျွန်တော့်အတွက်တော့ ဘုရားဆိုတာ မရှိဘူး

ကျွန်တော့်အတွက်တော့ ဘုရားဆိုတာ မရှိဘူး
  • မွေးနှစ် ၁၉၇၄

  • နေရင်းနိုင်ငံ ဂျာမန်ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ

  • နောက်ခံ ဘုရားမဲ့ဝါဒီ

အတိတ်

ကျွန်တော့်ဇာတိမြေကတော့ ဂျာမန်ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ဆက်စွန်နီဒေသရဲ့ ရွာလေးတစ်ရွာပါ။ ကျွန်တော်တို့မိသားစုဟာ ချစ်ချစ်ခင်ခင် ရှိကြတယ်။ မိဘတွေက အကျင့်စာရိတ္တကောင်းအောင် သင်ပေးတယ်။ အဲဒီတုန်းက ဂျာမန်ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံပေါ့။ ဒါကြောင့် ဆက်စွန်နီဒေသက လူအများစုအတွက် ဘာသာတရားဆိုတာ အရေးမပါဘူး။ ကျွန်တော့်အတွက်လည်း ဘုရားဆိုတာ မရှိဘူး။ ဘုရားမဲ့ဝါဒနဲ့ ကွန်မြူနစ်ဝါဒက ကျွန်တော့်ကို အသက် ၁၈ နှစ်အထိ သြဇာလွှမ်းမိုးထားတယ်။

ကွန်မြူနစ်ဝါဒကို ကျွန်တော် ဘာကြောင့် သဘောကျခဲ့တာလဲ။ လူအားလုံး တန်းတူပဲဆိုတဲ့ အယူအဆကို ကြိုက်လို့ပါ။ လူတိုင်း တန်းတူညီမျှ ပိုင်ဆိုင်သင့်တယ်၊ ဒါမှ ဆင်းရဲချမ်းသာ ကွာဟလွန်းတာမျိုး မရှိမှာလို့ ကျွန်တော် ယူဆတယ်။ ဒါကြောင့် ကွန်မြူနစ်လူငယ်အဖွဲ့ထဲ ဝင်လိုက်တယ်။ အသက် ၁၄ နှစ်မှာ စွန့်ပစ်စက္ကူတွေကို ပြန်လည်အသုံးချတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံချက်မှာ အကြာကြီး အလုပ်လုပ်ခဲ့တယ်။ အောင်းဝါမြို့အာဏာပိုင်တွေက ကျွန်တော့်ရဲ့ ကြိုးစားမှုကို ကျေးဇူးတင်လွန်းလို့ ဆုချီးမြှင့်တယ်။ လူငယ်ဖြစ်ပေမဲ့ ထိတ်ထိတ်ကြဲ နိုင်ငံရေးသမားတချို့နဲ့တောင် ရင်းနှီးတယ်။ ကျွန်တော့်ရဲ့ ဘဝပန်းတိုင် မှန်တယ်၊ အနာဂတ်မျှော်လင့်ချက် တောက်ပနေတယ်လို့ ခံစားရတယ်။

နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ စိတ်ကူးကမ္ဘာလေး ရုတ်တရက် ပြိုပျက်သွားတယ်။ ၁၉၈၉ မှာ ဘာလင်တံတိုင်းနဲ့အတူ အရှေ့ဥရောပရဲ့ ကွန်မြူနစ်အုပ်စု ပြိုလဲသွားတယ်။ ထိတ်လန့်စရာ တစ်ခုပြီးတစ်ခု ကြုံရတယ်။ ဂျာမန်ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ မမျှတမှုတွေ နေရာအနှံ့ရှိနေမှန်း သိလိုက်ရတယ်။ ဥပမာ၊ ကွန်မြူနစ်ဝါဒ မထောက်ခံသူတွေကို နိုင်ငံသားကောင်း မပီသသူတွေလို့ ယူမှတ်ကြတယ်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကွန်မြူနစ်တွေဟာ လူတိုင်း တန်းတူပဲလို့ ယူမှတ်ကြတယ် မဟုတ်လား။ ကွန်မြူနစ်ဝါဒဟာ လှည့်စားမှုတစ်ခုပဲလား။ ကျွန်တော့်မှာ သောကပင်လယ်ဝေနေပြီ။

ဒါနဲ့ ဦးစားထားရာ ပြောင်းသွားပြီး ဂီတအနုပညာကို အာရုံစိုက်လာတယ်။ ဂီတကျောင်း တက်ခွင့်ရတော့ အဲဒီကတစ်ဆင့် တက္ကသိုလ်တက်မယ်၊ ပြီးရင် တေးဂီတနဲ့ ပန်းချီပညာနဲ့ပဲ အသက်မွေးမယ်လို့ စိတ်ကူးတယ်။ ဒါ့အပြင် ကလေးဘဝက သင်ခဲ့ရတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကိုလည်း မလိုက်တော့ဘူး။ အခု ကျွန်တော် စိတ်ဝင်စားတာကတော့ ပျော်ပျော်နေဖို့၊ မိန်းကလေးတွေနဲ့ ချိန်းတွေ့ဖို့ပဲ။ ဒါပေမဲ့ ဂီတ၊ ပန်းချီနဲ့ လွတ်လပ်တဲ့ဘဝပုံစံက ကျွန်တော့်ရဲ့ စိုးရိမ်သောကတွေကို မလျော့ပါးစေဘူး။ ကျွန်တော်ဆွဲတဲ့ ပန်းချီတွေကို ကြည့်လိုက်ရင်တောင် ထိတ်လန့်ချောက်ချားစရာတွေပဲ။ အနာဂတ် ဘယ်လိုရှိမလဲ။ ဘဝရည်ရွယ်ချက်ဟာ ဘာများလဲ။

ကျွန်တော်သိချင်တဲ့အဖြေကို သိလိုက်ရလို့ အံ့သြမိတယ်။ ဂီတကျောင်းတက်တဲ့ တစ်ညနေမှာ အနာဂတ်အကြောင်း ဆွေးနွေးနေတဲ့ ကျောင်းသားတွေရဲ့ စကားဝိုင်းထဲ ကျွန်တော် ဝင်ထိုင်တယ်။ ယေဟောဝါသက်သေဖြစ်တဲ့ မန်ဒီ aဆိုတဲ့ ကျောင်းသူက “အန်ဒရီးယာ့စ်၊ ဘဝနဲ့ အနာဂတ်အကြောင်း နင် သိချင်တဲ့အဖြေတွေကို ကျမ်းစာမှာ အသေအချာ ရှာကြည့်လိုက်ပါ” လို့ အကြံဉာဏ်ကောင်း ပေးတယ်။

ကျွန်တော် သိပ်မယုံပေမဲ့ ကျမ်းစာမှာ အဖြေရှာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မန်ဒီက ဒံယေလကျမ်း အခန်းကြီး ၂ ကို ဖတ်ခိုင်းတယ်။ ကျွန်တော်ဖတ်ပြီး အံ့သြသွားတယ်။ အခုခေတ်အထိ သက်ဆိုင်တဲ့ ကမ္ဘာ့အာဏာစက်တွေ၊ အစိုးရတွေအကြောင်း ကြိုဟောထားပါလား။ မန်ဒီက အနာဂတ်နဲ့ဆိုင်တဲ့ ကျမ်းစာကြိုဟောချက်တွေကိုလည်း ပြတယ်။ နောက်ဆုံးတော့ ကျွန်တော်သိချင်တဲ့အဖြေတွေ ရှာတွေ့သွားပါပြီ။ ဒါနဲ့ ဒီကြိုဟောချက်တွေကို ဘယ်သူရေးတာလဲ။ ဘယ်သူကများ အနာဂတ်အကြောင်း ဒီလောက် အတိအကျ ကြိုဟောနိုင်တာလဲ။ ဘုရားရှိတယ်ဆိုတာ ဟုတ်များဟုတ်နေမလား။

ကျွန်တော့်ဘဝကို ကျမ်းစာ ပြောင်းလဲပေးခဲ့ပုံ

မန်ဒီက ဟော့စ်နဲ့ အင်ဂျလီကာဆိုတဲ့ သက်သေခံမောင်နှံနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ ကျမ်းစာအကြောင်း နားလည်လာအောင် သူတို့ ကူညီပေးတယ်။ ယေဟောဝါသက်သေတွေဟာ ဘုရားရဲ့နာမည် ယေဟောဝါကို အလေးထားပြီး အမြဲသုံးတဲ့ တစ်ခုတည်းသော ဘာသာပဲဆိုတာ ချက်ချင်း သဘောပေါက်လာတယ်။ (ဆာလံ ၈၃:၁၈။ မဿဲ ၆:၉) ယေဟောဝါဘုရားဟာ လူသားတွေကို သာယာလှပတဲ့ ကမ္ဘာမြေပေါ် ထာဝစဉ်အသက်ရှင်ဖို့ အခွင့်အရေးပေးထားမှန်း သိလာတယ်။ ‘ယေဟောဝါကို မျှော်လင့်နေသူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရမယ်’ ဆိုပြီး ဆာလံကျမ်း ၃၇:၉ မှာပြောတယ်။ ကျမ်းစာမှာပါတဲ့ ဘုရားရဲ့စံနှုန်းတွေကို လိုက်နာသူတိုင်း အဲဒီအခွင့်အရေး ရရှိနိုင်တယ် ဆိုတဲ့အချက်ကို ကျွန်တော်ကြိုက်တယ်။

ဒါပေမဲ့ ကျမ်းစာစံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ ကျွန်တော် အတော်လေး ကြိုးစားခဲ့ရတယ်။ အောင်မြင်တဲ့ ဂီတသမား၊ ပန်းချီဆရာဖြစ်လို့ သိပ်ဂုဏ်ယူဝင့်ကြွားနေတာ။ ဒါကြောင့် နှိမ့်ချစိတ်ရှိအောင် ဦးဆုံး ကြိုးစားတယ်။ အကျင့်ပျက်တဲ့ဘဝပုံစံကို စွန့်ဖို့ အတော့်ကို အခက်တွေ့ခဲ့တယ်။ ကျမ်းစာပြောတဲ့အတိုင်း အတတ်နိုင်ဆုံး ကြိုးစားအသက်ရှင်သူတွေကို စိတ်ရှည်တဲ့အတွက်၊ ကရုဏာပြပြီး နားလည်ပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။

ကွန်မြူနစ်ဝါဒနဲ့ ဘုရားမဲ့ဝါဒက ကျွန်တော့်ကို အသက် ၁၈ နှစ်အထိ သြဇာလွှမ်းမိုးခဲ့တယ်။ အဲဒီနောက် ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးလိုက်တယ်။ သိရှိလာတာတွေကြောင့် ဘဝမျှော်လင့်ချက် ရှိလာတယ်၊ ရှေ့ရေးကိုပဲ တွေးပူမနေတော့ဘူး။ ၁၉၉၃ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံပြီး ၂၀၀၀ ပြည့်နှစ်မှာ တဗိသလို့ခေါ်တဲ့ ခရစ်ယာန်ညီအစ်မနဲ့ လက်ထပ်ခဲ့တယ်။ ကျမ်းစာအကြောင်း လူတွေသိလာအောင် အချိန်ရသရွေ့ ကျွန်တော်တို့ ကူညီပေးကြတယ်။ ကျွန်တော့်လိုပဲ ကွန်မြူနစ်ဝါဒနဲ့ ဘုရားမဲ့ဝါဒရဲ့ သြဇာလွှမ်းမှုခံရသူ အတော်များများနဲ့ ဆုံရလေ့ရှိတယ်။ ယေဟောဝါကို ကျွန်တော် ဘယ်လိုသိလာတဲ့အကြောင်း သူတို့ကို ပြောပြခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိတယ်။

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

ကျွန်တော် ယေဟောဝါသက်သေတွေနဲ့ ပေါင်းခါစတုန်းက မိဘတွေ ခပ်လန့်လန့်ပဲ။ ဒါပေမဲ့ သက်သေခံတွေနဲ့ပေါင်းလို့ ကျွန်တော် လူကောင်းဖြစ်လာမှန်း သူတို့ သတိထားမိတယ်။ ခုဆိုရင် မိဘနှစ်ပါးစလုံး ကျမ်းစာဖတ်နေပြီ။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို တက်နေပြီ။

အိမ်ထောင်သည်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာအကြံပြုချက်တွေကို အတတ်နိုင်ဆုံး လိုက်နာတဲ့အတွက် ကျွန်တော်တို့အိမ်ထောင်ရေး သာယာချမ်းမြေ့ပါတယ်။ ဥပမာ၊ အချင်းချင်းသစ္စာရှိပါဆိုတဲ့ အကြံပြုချက်ကို လိုက်နာလို့ အိမ်ထောင်ခိုင်မြဲတယ်။—ဟီဘရူး ၁၃:၄

ဒါ့အပြင် ကြောက်ကြောက်နဲ့ အသက်ရှင်နေရတာ၊ အနာဂတ်ကို တွေးပူနေတာမျိုး မရှိတော့ဘူး။ တကယ့်ကို ငြိမ်သက်စည်းလုံးတဲ့ ကမ္ဘာချီမိသားစုကြီးထဲက မိသားစုဝင်တစ်ယောက်လို ခံစားရတယ်။ ဒီမိသားစုကြီးမှာ အချင်းချင်း တန်းတူညီမျှ ဆက်ဆံတယ်။ ကျွန်တော် ယုံကြည်မျှော်လင့်ခဲ့တာ ဒီဘဝမျိုးပဲ။

a အမည်လွှဲ။