မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧလာချိုင့်ဝှမ်း

ဒါဝိဒ်နဲ့ဂေါလျတ်ရဲ့ ယှဉ်ပြိုင်မှု​—တကယ့်ဖြစ်ရပ်လား

ဒါဝိဒ်နဲ့ဂေါလျတ်ရဲ့ ယှဉ်ပြိုင်မှု​—တကယ့်ဖြစ်ရပ်လား

လူတချို့က ဒါဝိဒ်နဲ့ဂေါလျတ်ရဲ့ မှတ်တမ်းကို တကယ့်ဖြစ်ရပ်လား၊ ဒဏ္ဍာရီလားဆိုတာ ဝေခွဲမရဖြစ်နေကြတယ်။ သင်လည်း ရှေ့ဆောင်းပါးကိုဖတ်ပြီး အဲဒီလို ဝေခွဲမရဖြစ်နေသလား။ ဖြစ်နေတယ်ဆိုရင် အောက်ပါမေးခွန်းသုံးခုကို သုံးသပ်ကြည့်ပါ။

၁ | လူတစ်ယောက်ရဲ့အရပ်ဟာ ၉ ပေခွဲနီးပါး တကယ်ရှိနိုင်သလား

ကျမ်းစာမှာ ဂေါလျတ်ရဲ့အရပ်ကို ‘ခြောက်တောင်တစ်ထွာမြင့်တယ်’ လို့ပြောထားတယ်။ (၁ ဓမ္မရာဇဝင် ၁၇:၄) အဲဒါက ၉ ပေခွဲနီးပါးရှိတယ်။ ဒါပေမဲ့ တချို့က ဂေါလျတ် အဲဒီလောက်မမြင့်ပါဘူးလို့ ပြောကြတယ်။ ဒါဆို ဒီအချက်ကို သုံးသပ်ကြည့်ပါ– ဒီခေတ်မှာ မှတ်တမ်းအရ အရပ်အရှည်ဆုံးလူက ၈ ပေနဲ့ ၁၁ လက်မကျော် ရှိတယ်။ ဂေါလျတ်အနေနဲ့ နောက်ထပ် ၆ လက်မ ဒါမှမဟုတ် အဲဒီထက်ပိုရှည်ဖို့ဆိုတာ မဖြစ်နိုင်ပုံပေါက်နေသလား။ ဒါ့အပြင် ဂေါလျတ်က လူထွားကြီးတွေလို့ လူသိများတဲ့ ရေဖိမ်အမျိုးအနွယ်ကနေ ဆင်းသက်လာသူဖြစ်တယ်။ ဘီစီ ၁၃ ရာစုက အီဂျစ်လူမျိုးတွေရဲ့ မှတ်တမ်းတစ်ခုမှာ ခါနာန်ပြည်က သန်မာထွားကြိုင်းတဲ့ စစ်သည်တွေဟာ အရပ် ၈ ပေကျော်ရှိတယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် ဂေါလျတ်ရဲ့ အရပ်က တစ်မူထူးခြားနေပေမဲ့ တကယ်ဖြစ်နိုင်ပါတယ်။

၂ | ဒါဝိဒ်ဟာ သက်ရှိထင်ရှားရှိခဲ့တဲ့ ပုဂ္ဂိုလ်လား

တစ်ချိန်တုန်းက ပညာရှင်တွေဟာ ဘုရင်ဒါဝိဒ်ကို ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တစ်ယောက်အဖြစ် လူတွေထင်အောင် ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှေးဟောင်းသုတေသီတွေဟာ “ဒါဝိဒ်ရဲ့ အိမ်တော်” လို့ စာတန်းပါတဲ့ ရှေးခေတ်ကျောက်စာတစ်ချပ်ကို တွေ့ရှိခဲ့ကြတယ်။ ဒါ့အပြင် ယေရှုခရစ်ကိုယ်တိုင်ကလည်း ဒါဝိဒ်ကို တကယ့်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဖော်ပြခဲ့တယ်။ (မဿဲ ၁၂:၃; ၂၂:၄၃-၄၅) ယေရှုဟာ မေရှိယဖြစ်မှန်း အသေးစိတ်ကျတဲ့ ဆွေစဉ်မျိုးဆက်ဇယားနှစ်ခုမှာ ဖော်ပြထားတယ်။ အဲဒီဇယားနှစ်ခုစလုံးမှာ ယေရှုဟာ ဘုရင်ဒါဝိဒ်ရဲ့မျိုးရိုးကနေ ဆင်းသက်လာတယ်လို့ ဖော်ပြထားတယ်။ (မဿဲ ၁:၆-၁၆; လုကာ ၃:၂၃-၃၁) ဒါကြောင့် ဒါဝိဒ်ဟာ သက်ရှိထင်ရှားရှိခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။

၃ | မှတ်တမ်းပါ ဖြစ်ရပ်တွေဟာ တကယ့်နေရာတစ်နေရာမှာ ဖြစ်ခဲ့တာလား

ကျမ်းစာမှာ စစ်ပွဲကို ဧလာချိုင့်ဝှမ်းမှာ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ တိတိကျကျပြောရရင် ဖိလိတ္တိလူတွေဟာ တောင်စောင်းရဲ့တစ်ဖက်ခြမ်း စောခေါမြို့နဲ့ အဇေကာမြို့စပ်ကြားမှာ တပ်ချတယ်လို့ ဖော်ပြထားတယ်။ အစ္စရေးလူတွေကတော့ ချိုင့်ဝှမ်းရဲ့ တခြားဖက်ခြမ်းမှာ တပ်ချကြတယ်။ ဒါဆို တကယ့်နေရာအမှန်က ဘယ်နေရာလဲ။

မကြာသေးခင်ကမှ အဲဒီနေရာကို အလည်သွားခဲ့တဲ့ လူတစ်ယောက် အခုလိုပြောတယ်– “ဧည့်လမ်းညွှန်က ဘာသာတရားကို စိတ်ဝင်စားတဲ့သူ မဟုတ်ပေမဲ့ ကျွန်တော်တို့ကို ဧလာချိုင့်ဝှမ်းဆီ ခေါ်သွားတယ်။ ဒါနဲ့ တောင်ထိပ်ကို သွားတဲ့လမ်းအတိုင်း ကျွန်တော်တို့ တက်သွားကြတယ်။ သူက အဲဒီကနေ ချိုင့်ဝှမ်းကို လှမ်းကြည့်ရင်း ကျွန်တော်တို့ကို ၁ ဓမ္မရာဇဝင် ၁၇:၁-၃ ဖတ်ခိုင်းတယ်။ ပြီးတော့ ချိုင့်ဝှမ်းဘက်ကို လက်ညှိုးထိုးပြီး ‘ခင်ဗျားတို့ရဲ့ ဘယ်ဘက်က စောခေါမြို့အပျက်အယွင်း၊ ညာဘက်ကတော့ အဇေကာမြို့အပျက်အယွင်းပေါ့။ ဖိလိတ္တိလူတွေက ဒီမြို့နှစ်မြို့စပ်ကြားမှာ တပ်ချခဲ့တယ်။ ခင်ဗျားတို့ မျက်နှာချင်းဆိုင်က တောင်စောင်းတစ်နေရာရာပေါ့ဗျာ။ ကျွန်တော်တို့ရပ်နေတာကျတော့ အစ္စရေးတွေ တပ်ချခဲ့တဲ့နေရာပေါ့’ လို့ပြောတယ်။ ဒါဆို ရှောလုနဲ့ဒါဝိဒ် ရပ်ခဲ့တဲ့နေရာဟာ အခု ကျွန်တော် ရပ်နေတဲ့နေရာပေါ့လို့ စဉ်းစားမိတယ်။ အဲဒီနောက် ကျွန်တော်တို့ ပြန်ဆင်းလာပြီး ချိုင့်ဝှမ်းကို ဖြတ်ကူးကြတယ်။ အဲဒီနေရာက အများအားဖြင့် ခြောက်သွေ့ပြီး ကျောက်တုံးပေါတယ်။ ကျွန်တော် မြင်ယောင်မိတာက ဒါဝိဒ် ဒီနေရာမှာ ကျောက်စရစ်ငါးလုံး ကောက်တယ်၊ ကျောက်ခဲတစ်လုံးနဲ့ ဂေါလျတ်ကို သတ်ပစ်ခဲ့တယ်ဆိုတာပဲ။” အဲဒီလူလိုပဲ လူအများစုလည်း ကျမ်းစာရဲ့ အသေးစိတ်ကျတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းနဲ့ ပတ်သက်ပြီး တအံ့တသြဖြစ်ကြတယ်။

ဒီသမိုင်းဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး သံသယဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး။ အကြောင်းက တကယ့်ပုဂ္ဂိုလ်တွေ၊ တကယ့်နေရာတွေ ပါဝင်လို့ပါ။ အရေးကြီးဆုံးကတော့ ဒီအကြောင်းအရာတွေဟာ သမ္မာကျမ်းစာထဲမှာ ပါဝင်ပြီး ‘မုသားနဲ့ကင်းစင်’ တဲ့ ဘုရားသခင်ဆီက လာလို့ပါပဲ။—တိတု ၁:၂; ၂ တိမောသေ ၃:၁၆