မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် ကိုယ်တော်မြင်တယ်။”—ဆာလံ ၁၃၉:၁၆

သင့်ကို ဘုရားသခင် နားလည်သလား

သင့်ကို ဘုရားသခင် နားလည်သလား

ဖန်ဆင်းခြင်းက သွန်သင်ရာ

အရင်းနှီးဆုံး နှောင်ကြိုးတစ်ခုအကြောင်း စဉ်းစားကြည့်ပါ။ အဲဒါကတော့ ချွတ်စွပ်တူတဲ့ အမြွှာတွေပဲ။ သူတို့ကြားမှာ အထူးနှောင်ကြိုးတစ်ခု ရှိတယ်။ တချို့အမြွှာတွေဆိုရင် “ပြောချင်တာကို ရှင်းပြစရာမလိုဘဲ အတိအကျ နားလည်ကြတယ်” လို့ အမြွှာလေ့လာရေးဗဟိုဌာနရဲ့ ဒါရိုက်တာလည်းဖြစ်၊ ကိုယ်တိုင်လည်း အမြွှာဖြစ်တဲ့ နန်စီ စီဂဲ ပြောတယ်။ “တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိတယ်” လို့ အမြွှာညီအစ်မတစ်ယောက် ပြောတယ်။

ဒါ ဘာကြောင့် ထူးခြားသလဲ။ ပတ်ဝန်းကျင်နဲ့ မိဘထိန်းကျောင်းမှုကြောင့် အမူအကျင့် ဆင်တူတာမျိုးရှိပေမဲ့ အထူးသဖြင့် အမြွှာတွေရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းပုံ တူကြလို့ပဲဆိုတာကို လေ့လာမှုတွေက ဖော်ပြတယ်။

သုံးသပ်ကြည့်ပါ– ဒီအံ့ဖွယ်မျိုးရိုးဗီဇကို ဖန်ဆင်းတဲ့အရှင်ဟာ ကျွန်တော်တို့ တစ်ယောက်ချင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်းနားလည်တာ သေချာပါတယ်။ ‘ကျွန်တော့်ကို မိခင်ရဲ့ဝမ်းထဲမှာ ကာရံထားပေးတယ်။ မိခင်ရဲ့ဝမ်းထဲမှာ ပုံသွင်းတဲ့အခါ ကျွန်တော့်အရိုးတွေကို ကိုယ်တော်မြင်ပါတယ်။ ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် မြင်တယ်။ အင်္ဂါအစိတ်အပိုင်းလေးတွေကို စာစောင်ထဲမှာ တစ်ခုမကျန် ရေးမှတ်ထားတယ်’ လို့ ဆာလံကျမ်းရေးသူ ဒါဝိဒ် ပြောတယ်။ (ဆာလံ ၁၃၉:၁၃၊ ၁၅၊ ၁၆) ဘုရားတစ်ပါးတည်းသာ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို သိတယ်။ ကျွန်တော်တို့ရဲ့ စရိုက်တွေကို ပြောင်းလဲစေတဲ့ ဘဝအတွေ့အကြုံတွေကိုလည်း အပြည့်အဝ နားလည်တယ်။ ဒီအချက်က ကျွန်တော်တို့အကြောင်း ဘုရား အတွင်းကျကျ နားလည်မှန်း စိတ်ချစေတယ်။

ဘုရားသခင့် အသိပညာနဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာ

“အို ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော့်ကို အသေအချာ စစ်ဆေးတယ်။ ကျွန်တော့်ကို သိတယ်။ ကျွန်တော်ထိုင်တာ၊ ထတာတွေကို သိတယ်။ ကျွန်တော် ဘာတွေတွေးနေမှန်း အဝေးကနေ သိမြင်တယ်။ ယေဟောဝါဘုရား၊ ကျွန်တော် စကားတစ်ခွန်းမှ မဟခင် ကိုယ်တော် သိနှင့်နေတယ်” လို့ ဒါဝိဒ် ပြောခဲ့တယ်။ (ဆာလံ ၁၃၉:၁၊ ၂၊ ၄) ယေဟောဝါဘုရားဟာ ကျွန်တော်တို့ရဲ့ ရင်တွင်းခံစားချက်တွေနဲ့ “တွေးတောကြံစည်သမျှကို သိမြင်တယ်။” (၁ ရာဇဝင်ချုပ် ၂၈:၉။ ၁ ရှမွေလ ၁၆:၆၊ ၇) အဲဒီကျမ်းချက်တွေက ဘုရားအကြောင်း ဘာဖော်ပြသလဲ။

ဘုရားဆီ ဆုတောင်းတဲ့အခါ ကိုယ့်အတွေး၊ ခံစားချက်အားလုံးကို ထုတ်ပြောချင်မှ ပြောမှာ ဖြစ်ပေမဲ့ ကိုယ်လုပ်သမျှကိုသာမက ဘာကြောင့် လုပ်တယ်ဆိုတာကို ဘုရား နားလည်တယ်။ ကိုယ့်ကန့်သတ်ချက်တွေကြောင့် ဆန္ဒရှိသလောက် ကောင်းမှု မလုပ်နိုင်ရင်တောင် ဘာကောင်းမှုတွေ လုပ်ချင်တယ်ဆိုတာ ဘုရား နားလည်တယ်။ ဘုရားက ကျွန်တော်တို့ရဲ့ စိတ်ထဲ မေတ္တာ ထည့်သွင်းပေးထားလို့ မေတ္တာအတွေးတွေကို မြင်တွေ့ချင်တယ်။—၁ ယောဟန် ၄:၇-၁၀

ဘုရား သတိမထားမိတာ ဘာမှ မရှိဘူး။ ကိုယ့်ဒုက္ခကို တခြားသူတွေ မသိရင်တောင်၊ အပြည့်အဝ နားမလည်ရင်တောင် ဘုရား ကောင်းကောင်းသိတယ်

ယုံကြည်စိတ်ချစေတဲ့ ကျမ်းချက်များ

  • “ယေဟောဝါက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ တိုးလျှိုးအသနားခံတာကို နားထောင်နေတယ်။”၁ ပေတရု ၃:၁၂

  • “မင်းကို ငါထိုးထွင်းဉာဏ် ရှိစေမယ်၊ သွားသင့်တဲ့လမ်းကို ညွှန်ပြပေးမယ်။ မပြတ်ကြည့်ရှုပြီး အကြံဉာဏ်ပေးမယ်” လို့ ဘုရား ကတိပေးတယ်။ ဆာလံ ၃၂:၈

ဘုရားသခင် အလွန်ချစ်ခင်စာနာ

ကိုယ့်အခြေအနေ၊ ခံစားချက်တွေကို ဘုရား နားလည်ကြောင်း သိထားခြင်းက အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးသလား။ နိုင်ဂျီးရီးယားနိုင်ငံက အဲနာအကြောင်း သုံးသပ်ကြည့်ပါ။ “ကိုယ့်ရဲ့ ဘဝအခြေအနေဆိုးကြောင့် အသက်ရှင်နေလို့ ထူးပါ့မလားဆိုပြီး စဉ်းစားမိတယ်။ ကျွန်မဟာ ဦးနှောက်အရည်များတဲ့ ရောဂါကြောင့် ဆေးရုံတက်နေသူ သမီးကို စောင့်ရှောက်နေရတဲ့ မုဆိုးမပါ။ ကိုယ်တိုင်လည်း ရင်သားကင်ဆာ ဖြစ်နေပြီး ခွဲစိတ်ကုသ၊ ကင်ဆာဆေးသွင်းပြီး ဓာတ်ရောင်ခြည်နဲ့ ကုသခဲ့ရတယ်။ မကျန်းမာတဲ့ သမီးနဲ့အတူ တစ်ချိန်တည်း ဆေးရုံတက်ရလို့ အတော်ဒုက္ခရောက်ခဲ့ရတယ်။”

ရင်ဆိုင်ဖြေရှင်းဖို့ အဲနာကို ဘာက ကူညီပေးခဲ့သလဲ။ “ဖိလိပ္ပိ ၄:၆၊ ၇ လို ကျမ်းချက်တွေကို ပြန်စဉ်းစားတယ်။ အဲဒီမှာ ‘လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးလိမ့်မယ်’ လို့ ပြောထားတယ်။ အဲဒီကျမ်းချက်ကို စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကိုယ် နားလည်တာထက် ယေဟောဝါ ပိုနားလည်တယ်ဆိုတဲ့ အသိစိတ်ကြောင့် ဘုရားနဲ့ ပိုရင်းနှီးလာတယ်။ အသင်းတော်က ညီအစ်ကို/မတွေဆီကလည်း အားပေးမှု ရတယ်။

“ရောဂါ မပျောက်သေးပေမဲ့ အခြေအနေကောင်းလာပါပြီ။ ကျွန်မတို့ဘေးမှာ ယေဟောဝါ ရှိနေလို့ အခက်အခဲတွေ ကြုံရတဲ့အခါ အပျက်သဘောတွေ သိပ်မရှိတော့ဘူး။ ‘ခံနိုင်ရည်ရှိသူတွေကို ပျော်ရွှင်ချမ်းမြေ့သူတွေလို့ ယူမှတ်တယ်။ ခင်ဗျားတို့က ယောဘရဲ့ ခံနိုင်ရည်အကြောင်း ကြားဖူးသလို သူ့ကို ယေဟောဝါ ကောင်းချီးပေးခဲ့တာကိုလည်း သိထားကြတာပဲ။ ယေဟောဝါဟာ အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီးတယ်’ လို့ ယာကုပ် ၅:၁၁ မှာ အာမခံထားတယ်။” ယောဘရဲ့ အခြေအနေကို ယေဟောဝါ အပြည့်အဝ နားလည်ပေးသလို ကျွန်တော်တို့ ကြုံနေရတဲ့ ဘယ်အခက်အခဲကိုမဆို ဘုရား နားလည်ကြောင်း စိတ်ချနိုင်ပါတယ်။