မော်ကွန်းတိုက်မှ
“နောက်အစည်းအဝေးပွဲ ဘယ်တော့လဲ”
၁၉၃၂ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်း၊ မက္ကဆီကိုမြို့တော်မှာပေါ့။ လူဦးရေ တစ်သန်းကျော်နဲ့ စည်ကားလှတဲ့ ဒီမြို့မှာ လွန်ခဲ့တဲ့အပတ်ကပဲ ပထမဆုံး လျှပ်စစ် မီးပွိုင့် တပ်ဆင်ခဲ့တယ်။ အခုတော့ မီးပွိုင့်သတင်းက ဟောင်းသွားပြီ။ မြို့သတင်းထောက်တွေဟာ ဒီတစ်ပတ်သတင်းထူးဆီ အာရုံရောက်နေကြတယ်။ ဘူတာရုံမှာ အထူးဧည့်သည်တော်၊ ကင်းမျှော်စင်အသင်းရဲ့ ဥက္ကဋ္ဌ ဂျိုးဇက် ရပ်သဖော့ဒ်ကို ကင်မရာတွေ အသင့်ပြင်ပြီး စောင့်နေကြတယ်။ သုံးရက်ကြာ ပြည်လုံးကျွတ် အစည်းအဝေးကြီးကို တက်မယ့် ညီအစ်ကို ရပ်သဖော့ဒ်ကို ဒေသခံ သက်သေခံတွေလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။
“ဒီအစည်းအဝေးကြီးက မက္ကဆီကို သမ္မတနိုင်ငံရဲ့ အမှန်တရား တိုးတက်မှုမှာ အထူးခြားဆုံးအဖြစ် သမိုင်းတွင်ပါလိမ့်မယ်” လို့ ရွှေခေတ် မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ လူပေါင်း ၁၅၀ လောက်ပဲ တက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးကြီးကို ဘာက ထူးခြားစေသလဲ။
ဒီဖြစ်ရပ်မတိုင်ခင် မက္ကဆီကိုမှာ ဘုရားနိုင်ငံတော်အသီး သိပ်မသီးပွင့်သေးဘူး။ ၁၉၁၉ ကတည်းက အစည်းအဝေးပွဲလေးတွေ ကျင်းပခဲ့ပေမဲ့ နှစ်တွေတစ်လျှောက် အသင်းတော် အရေအတွက် လျော့နည်းသွားခဲ့တယ်။ ၁၉၂၉၊ မက္ကဆီကိုမြို့တော် ဌာနခွဲရုံး ဖွင့်ပွဲကြောင့် အခြေအနေကောင်းလာမယ့်ပုံ ရတယ်။ ဒါပေမဲ့ အတားအဆီးတွေ ရှိနေတယ်။ ဟောပြောခြင်းလုပ်ငန်းကို စီးပွားဖြစ် မလုပ်ဖို့ ညွှန်ကြားခံရတဲ့အခါ ကော်လ်ပေါ်တာတစ်ယောက် နာကြည်းပြီး နုတ်ထွက်သွားတယ်။ ကိုယ်ပိုင်ကျမ်းစာအုပ်စု တည်ထောင်ခဲ့တယ်။ ဒီအတောအတွင်း ဌာနခွဲ ကြီးကြပ်မှူးလည်း ကျမ်းစာနဲ့မညီတဲ့ အကျင့်ကြောင့် အစားထိုးခံလိုက်ရတယ်။ မက္ကဆီကို ဒေသခံသက်သေခံတွေရဲ့ ဘုရားရေးရာကို မြှင့်တင်ပေးဖို့ လိုနေပြီ။
ညီအစ်ကို ရပ်သဖော့ဒ် လည်ပတ်မှုအတွင်း အဲဒီသစ္စာရှိသူတွေကို အကြီးအကျယ် အားပေးခဲ့တယ်။ အားရှိစရာ အစည်းအဝေးကြီး ဟောပြောချက် နှစ်ခု၊ အားမာန်ပါတဲ့ ရေဒီယို ဟောပြောချက် ငါးခု တင်ဆက်ခဲ့တယ်။ ပထမဆုံးအနေနဲ့ မက္ကဆီကိုတစ်နိုင်ငံလုံးမှာ သတင်းကောင်းကို ရေဒီယိုနဲ့ အသံလွှင့်ခဲ့တယ်။ အစည်းအဝေးကြီးပြီးနောက် ဌာနခွဲကြီးကြပ်မှူးအသစ်က လုပ်ငန်းကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ဇွဲရှိတဲ့ သက်သေခံတွေဟာ ယေဟောဝါရဲ့ ကောင်းချီးနဲ့ အင်တိုက်အားတိုက် ရှေ့ဆက်ခဲ့ကြတယ်။
နောက်တစ်နှစ်မှာ အစည်းအဝေးကြီး နှစ်ခု ကျင်းပခဲ့တယ်။ တစ်ခုက ဗီရာခရုဇ်ဆိပ်ကမ်းမြို့၊ တစ်ခုက မက္ကဆီကိုမြို့တော်မှာ။ လယ်ကွင်းမှာ ကြိုးစားလုပ်ဆောင်မှုတွေ စတင်သီးပွင့်လာတယ်။ ၁၉၃၁ မှာ ကြေညာသူ ၈၂ ယောက် ရှိတယ်။ ဆယ်နှစ်ကြာတော့ ဆယ်ဆတိုးလာတယ်။ ၁၉၄၁ အစည်းအဝေးပွဲ တက်ဖို့ မက္ကဆီကိုမြို့တော်ကို လူ ၁,၀၀၀ စုရုံးလာကြတယ်။
“လမ်းတွေထဲ ဝင်ရောက်ခြင်း”
၁၉၄၃ မှာမက္ကဆီကိုမြို့ ၁၂ မြို့မှာ “လွတ်လပ်သောနိုင်ငံ” အစည်းအဝေးပွဲ လမ်းလျှောက်ကြော်ငြာကတ်တွေကို သက်သေခံတွေ ချိတ်ဆွဲကြတယ်။ * ကြော်ငြာကတ်နှစ်ခုကို ရှေ့တစ်ခု နောက်တစ်ခု ချိတ်ဆွဲတာဖြစ်တယ်။ ၁၉၃၆ ကတည်းက သက်သေခံတွေ သုံးခဲ့တဲ့ ကြော်ငြာနည်းဖြစ်တယ်။
မက္ကဆီကိုမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ လမ်းလျှောက်ကြော်ငြာချီတက်ပွဲရဲ့ အောင်မြင်မှုကို မဂ္ဂဇင်းတစ်စောင် (La Nación) မှာ ဖော်ပြထားတယ်– “[အစည်းအဝေးပွဲ] ပထမနေ့မှာ နောက်ထပ် လူများများကို ဖိတ်ဖို့ [သက်သေခံတွေကို] တိုက်တွန်းခဲ့တယ်။ နောက်နေ့မှာ နေရာမဆံ့တော့ဘူး။” ကြော်ငြာချီတက်ပွဲတွေကို ကက်သလစ်ဘုရားကျောင်းက မကြိုက်တဲ့အတွက် သက်သေခံတွေကို ဆန့်ကျင်တဲ့ကင်ပိန်း လုပ်ကြတယ်။ သတ္တိရှိတဲ့ ညီအစ်ကို/မတွေဟာ ဆန့်ကျင်မှုကြား လမ်းတွေထဲ ဆက်သွားကြတယ်။ “‘လမ်းလျှောက်ကြော်ငြာ’ ချိတ်ဆွဲထားတဲ့ အမျိုးသား/သမီးတွေကို တစ်မြို့လုံး မြင်ခဲ့ကြတယ်” လို့ အဲဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ မက္ကဆီကိုမြို့တော် လမ်းတွေပေါ်မှာ ရပ်နေတဲ့ ညီအစ်ကို/မတွေရဲ့ပုံကို ဖော်ပြပြီး “လမ်းတွေထဲ ဝင်ရောက်ခြင်း” လို့ ပုံစာမှာ ဖော်ပြထားတယ်။
“သမံတလင်းကြမ်းပြင်ထက် ပျော့ပျောင်းနွေးထွေးတဲ့ အိပ်ရာ”
အဲဒီခေတ်အခါတုန်းက သက်သေခံ အများစုဟာ မက္ကဆီကိုမှာ ကျင်းပတဲ့ အစည်းအဝေးကြီး အနည်းငယ်ကို တက်ရောက်ဖို့ အကြီးအကျယ် အနစ်နာခံကြရတယ်။ ကိုယ်စားလှယ်များစွာဟာ ရထားမရှိ၊ လမ်းမပေါက်တဲ့ ကျေးလက်ဒေသတွေကနေ လာကြတယ်။ “အဲဒီဒေသတွေကို ရောက်နိုင်တဲ့ တစ်ခုတည်းသောနည်းကတော့ ကြေးနန်းပါပဲ။” ဒါကြောင့် ကိုယ်စားလှယ်တွေဟာ အစည်းအဝေးကြီး ကျင်းပတဲ့မြို့ကို သွားတဲ့ ရထားစီးဖို့ ရက်များစွာ လမ်းလျှောက်ရတယ်၊ မြည်းစီးရတယ်။
သက်သေခံအများစုက ဆင်းရဲတဲ့အတွက် အသွားစရိတ်တောင် မတတ်နိုင်ကြဘူး။ ရောက်တဲ့အခါ ဒေသခံ သက်သေခံတွေဆီ တည်းခိုကြတယ်။ ညီအစ်ကိုတွေက အိမ်မှာ တည်းခိုဖို့ လှိုက်လှိက်လှဲလှဲ ကြိုဆိုကြတယ်။ တချို့က နိုင်ငံတော်ခန်းမတွေမှာ အိပ်ကြတယ်။ တစ်ခါမှာ ကိုယ်စားလှယ် ၉၀ လောက် ဌာနခွဲမှာ တည်းခိုကြတယ်။ “စာအုပ်ပုံး ၂၀ ကို ခင်းအိပ်ကြတယ်။” အဲဒီအိပ်ရာတွေဟာ “သမံတလင်း ကြမ်းပြင်ထက် ပျော့ပျောင်းနွေးထွေး” တယ်လို့ ပြောခဲ့ကြောင်း နှစ်ချုပ်စာအုပ်မှာ မှတ်တမ်းတင်ထားတယ်။
ကျေးဇူးတင်တတ်တဲ့ ဒီသက်သေခံတွေအတွက် ခရစ်ယာန် အစည်းအဝေးတွေမှာ ပေါင်းသင်းတာဟာ အနစ်နာခံရကျိုး နပ်ပါတယ်။ ဒီနေ့ မက္ကဆီကိုမှာ ကြေညာသူ အရေအတွက် တစ်သန်းနား ကပ်နေပြီ။ ကျေးဇူးတင်လေးမြတ်တဲ့ သဘောထား ရှိနေတုန်းပဲ။ * ၁၉၄၉၊ မက္ကဆီကို ဌာနခွဲ မှတ်တမ်းမှာ ညီအစ်ကိုတွေအကြောင်း ဖော်ပြထားတယ်– “အခက်အခဲတွေက ဘုရားရေးရာစိတ်ဓာတ်ကို လျော့နည်းမသွားစေဘူး။ အစည်းအဝေးကြီး တစ်ခုပြီးတိုင်း အကြောင်းအရာတွေကို ပြောမဆုံးနိုင်ဖြစ်တတ်ကြတယ်။ နောက်အစည်းအဝေးပွဲ ဘယ်တော့လဲလို့ ညီအစ်ကိုတွေ အမြဲမေးတတ်ကြတယ်။” အဲဒီမှတ်တမ်းဟာ ဒီနေ့အချိန်အထိ မှန်ကန်ဆဲပါပဲ။—အမေရိကအလယ်ပိုင်း မော်ကွန်းတိုက်မှ။
^ စာပိုဒ်၊ 9 ၁၉၄၄ နှစ်ချုပ်စာအုပ်အရ ဒီအစည်းအဝေးပွဲက “ယေဟောဝါသက်သေတွေကို မက္ကဆီကို မြေပုံပေါ် တင်ပေးခဲ့တယ်။”
^ စာပိုဒ်၊ 14 မက္ကဆီကိုမှာ ၂၀၁၆ သတိရအောက်မေ့ပွဲကို လူပေါင်း ၂,၂၆၂,၆၄၆ ယောက် တက်ရောက်ခဲ့တယ်။