လေ့လာရန် ဆောင်းပါး ၁၇
မိခင်တို့၊ ဥနိတ်ရဲ့ ပုံသက်သေကနေ သင်ယူပါ
“မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။ အဲဒီဆုံးမသွန်သင်ချက်တွေဟာ မင်းရဲ့ ခေါင်းပေါ်က တင့်တယ်တဲ့ ပန်းဦးရစ်၊ လည်မှာ ဆွဲထားတဲ့ လှပတဲ့ လည်ဆွဲပါပဲ။”—ပညာ. ၁:၈၊ ၉။
သီချင်း ၁၃၇ သစ္စာရှိ အမျိုးသမီးများ
အကြိုသုံးသပ်ချက် a
၁-၂။ (က) ဥနိတ်ဆိုတာ ဘယ်သူလဲ။ မိခင်တစ်ယောက်အဖြစ် ဘယ်အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။ (ခ) မျက်နှာဖုံးပုံနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပါ။
တိမောသေ နှစ်ခြင်းခံတဲ့အကြောင်း ကျမ်းစာမှာ မဖော်ပြထားပေမဲ့ အဲဒီနေ့မှာ မိခင် ဥနိတ် ဘယ်လောက် ပျော်နေမလဲဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။ (ပညာ. ၂၃:၂၅) ရေထဲ ရပ်နေတဲ့ တိမောသေကို ကြည့်ရင်း ဂုဏ်ယူနေမှာပဲ။ တိမောသေရဲ့ အဖွား လောအိလည်း ဘေးမှာ ပြုံးပြုံးလေး ရပ်နေမယ်။ တိမောသေ ရေအောက် မြုပ်သွားတဲ့အခါ ဥနိတ် ဖြည်းဖြည်းချင်း ပင့်သက်ရှိုက်လိုက်တယ်။ တိမောသေ ရေထဲကနေ ပြန်ပေါ်လာချိန်မှာတော့ ဥနိတ် မျက်ရည် မထိန်းနိုင်တော့ဘူး။ ယေဟောဝါနဲ့ သားတော် ယေရှုခရစ်ကို ချစ်လာအောင် သားကို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်ခဲ့ပြီ။ ဒီအခြေအနေထိ ရောက်လာအောင် သွန်သင်ပေးဖို့ ဘယ်အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရသလဲ။
၂ ဘာသာရေး ခံယူချက် မတူတဲ့ မိဘတွေ လက်အောက်မှာ တိမောသေ ကြီးပြင်းလာတယ်။ အဖေက ဂရိလူမျိုး။ အမေနဲ့ အဖွားက ဂျူးလူမျိုး။ (တ. ၁၆:၁) ဥနိတ်နဲ့ လောအိ ခရစ်ယာန် ဘာသာ ပြောင်းဝင်ချိန်မှာ တိမောသေ ဆယ်ကျော်သက်အရွယ် ဖြစ်ပုံရတယ်။ အဖေကတော့ ခရစ်ယာန် ဖြစ်မလာဘူး။ တိမောသေ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်တဲ့ အရွယ် ဖြစ်ပုံရတဲ့အတွက် ဘယ်ဘက် လိုက်မလဲ။ မယုံကြည်သူ ဖခင်ဘက် လိုက်မလား။ ကလေးကတည်းက သွန်သင်ခံခဲ့ရတဲ့ ဂျူးထုံးစံတွေနောက်ပဲ ဆက်လိုက်မလား။ ယေရှုခရစ်ရဲ့ တပည့် လုပ်မလား။
၃။ ပညာအလိမ္မာ ၁:၈၊ ၉ အရ ယေဟောဝါနဲ့ ရင်းနှီးလာအောင် သားသမီးတွေကို ကူညီပေးတဲ့ မိခင်တွေကို ဘုရား ဘယ်လို သဘောထားသလဲ။
၃ ဒီနေ့ခေတ်မှာလည်း ခရစ်ယာန် မိခင်တွေဟာ မိသားစုကို ချစ်ကြတယ်။ ယေဟောဝါ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာအောင် သားသမီးတွေကို အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ဘုရား သိပ်တန်ဖိုးထားတယ်။ (ပညာအလိမ္မာ ၁:၈၊ ၉ ကို ဖတ်ပါ။) အမှန်တရား လက်ခံလာအောင် သားသမီးတွေကို သွန်သင်ပေးနိုင်ဖို့ မိခင်များစွာကို ကူညီပေးနေတယ်။
၄။ ဒီနေ့ခေတ် မိခင်တွေ ဘယ်အခက်အခဲတွေ ကြုံနေရသလဲ။
၄ ကိုယ့်သားသမီးတွေ ယေဟောဝါကို ဝတ်ပြုဖို့ တိမောသေလိုပဲ ရွေးချယ်ပါ့မလားလို့ မိခင်တွေ စိုးရိမ်မိနိုင်တယ်။ စာတန့်လောကမှာ သားသမီးတွေအတွက် ဖိအား ဘယ်လောက်များကြောင်း မိဘတွေ သိတယ်။ (၁ ပေ. ၅:၈) အဲဒီအပြင် မိခင်များစွာဟာ ခင်ပွန်း မရှိဘဲ ဒါမှမဟုတ် ယေဟောဝါကို မကိုးကွယ်တဲ့ ခင်ပွန်းနဲ့အတူ သားသမီးတွေကို ပြုစုပျိုးထောင်နေကြရတယ်။ ဥပမာ၊ ညီအစ်မ ခရစ္စတင်း b ဒီလိုပြောတယ်– “ကျွန်မခင်ပွန်းဟာ မိသားစုကို ချစ်တဲ့ ဖခင်ကောင်းပါ။ ဒါပေမဲ့ သားသမီးတွေကို ယေဟောဝါသက်သေအဖြစ် ပြုစုပျိုးထောင်တာကိုတော့ လုံးဝ မကြိုက်ဘူး။ သားသမီးတွေ ယေဟောဝါကို ဝတ်ပြုလာပါ့မလားလို့ စိုးရိမ်ပူပန်ရင်း နှစ်တွေတစ်လျှောက် ကျွန်မ အကြိမ်ပေါင်းများစွာ ငိုခဲ့ရတယ်။”
၅။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၅ သင်ဟာ ခရစ်ယာန် မိခင် ဖြစ်မယ်ဆိုရင် ဥနိတ်လိုပဲ အောင်မြင်နိုင်ပါတယ်။ ကိုယ့်အပြော၊ အပြုအမူနဲ့ သားသမီးတွေကို သွန်သင်ရာမှာ ဥနိတ်ကို ဘယ်လို တုပနိုင်ကြောင်း၊ ယေဟောဝါ ဘယ်လို ကူညီပေးမှာ ဖြစ်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သားသမီးတွေကို ကိုယ့်အပြောနဲ့ သင်ပေးပါ
၆။ ၂ တိမောသေ ၃:၁၄၊ ၁၅ အရ တိမောသေ ခရစ်ယာန် ဘယ်လို ဖြစ်လာသလဲ။
၆ မိခင် ဥနိတ်ဟာ တိမောသေ ကလေးတုန်းက “သမ္မာကျမ်းစာ” အကြောင်း အတတ်နိုင်ဆုံး သင်ပေးတယ်။ ယေရှုခရစ်အကြောင်း ဘာမှ မသိသေးတဲ့အတွက် ဥနိတ်မှာ အသိပညာ အကန့်အသတ် ရှိတယ်။ ဒါပေမဲ့ တိမောသေ သင်ယူခဲ့ရတဲ့ ကျမ်းစာအသိပညာက ခရစ်ယာန်ဘာသာကို လက်ခံဖို့ အကူအညီ ဖြစ်စေတယ်။ တိမောသေ လက်ခံမလား။ လူငယ်တစ်ယောက်အနေနဲ့ ခရစ်ယာန် လမ်းစဉ် လိုက်မလိုက် ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကို တိမောသေ “လက်ခံယုံကြည်” လာတာ မိခင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါတာ သေချာတယ်။ (၂ တိမောသေ ၃:၁၄၊ ၁၅ ကို ဖတ်ပါ။) ခက်ပေမဲ့ သားဖြစ်သူကို ယေဟောဝါအကြောင်း ကောင်းကောင်း သင်ပေးနိုင်ခဲ့လို့ ဥနိတ် သိပ်ဝမ်းသာမှာပဲ။ ဥနိတ်ဆိုတဲ့ နာမည်ဟာ “အောင်နိုင်သူ” လို့ အဓိပ္ပာယ် ရှိတယ်။ အဲဒီနာမည်အတိုင်း တိမောသေကို သွန်သင်ပေးရာမှာ အခက်အခဲတွေကို တကယ် အောင်နိုင်ခဲ့ပါတယ်။
၇။ နှစ်ခြင်းခံပြီးနောက် ဆက်တိုးတက်ဖို့ သားဖြစ်သူကို ဥနိတ် ဘယ်လို ကူညီပေးသလဲ။
၇ တိမောသေ နှစ်ခြင်းခံချိန်မှာ ဘဝရဲ့ အရေးကြီးတဲ့ ပန်းတိုင်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီ။ ဒါပေမဲ့ ဥနိတ် စိုးရိမ်နေတုန်းပဲ။ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို သားဖြစ်သူ ဘယ်လို သုံးမလဲ။ အပေါင်းအသင်း မှားသွားမလား။ အေသင်မြို့မှာ ကျောင်းသွားတက်ပြီး အယူမှား အတွေးအခေါ်တွေ ဝင်လာမလား။ ချမ်းသာဖို့ ကြိုးစားရင်း အချိန်၊ ခွန်အား၊ လူငယ်ဘဝတွေ ကုန်သွားမလား။ တိမောသေကိုယ်စား ဥနိတ် ဆုံးဖြတ်ချက် ချပေးလို့ မရပေမဲ့ ကူညီပေးလို့တော့ ရတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ဖို့၊ သားတော်ကို ကျေးဇူးတင်စိတ် ရှိဖို့ ဆက်ကူညီပေးလို့ ရတယ်။ ဘာသာရေး ခံယူချက် ကွဲပြားတဲ့ အိမ်ထောင်မှာ အခက်အခဲတွေတော့ ရှိမှာပဲ။ မိဘနှစ်ယောက်စလုံး ယေဟောဝါကို ဝတ်ပြုနေတာတောင် သားသမီးတွေကို သစ္စာရှိ ကျေးကျွန်တွေ ဖြစ်အောင် သွန်သင်ပေးဖို့ ခက်နိုင်တယ်။ ဥနိတ်ရဲ့ ပုံသက်သေကနေ မိဘတွေ ဘာသင်ယူနိုင်သလဲ။
၈။ မိခင်အနေနဲ့ သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးရာမှာ ယုံကြည်သူ ခင်ပွန်းကို ဘယ်လို ထောက်မနိုင်သလဲ။
၈ သားသမီးတွေနဲ့အတူ ကျမ်းစာ လေ့လာပါ။ ညီအစ်မတို့၊ သင်တို့ရဲ့ ခင်ပွန်းဟာ ယေဟောဝါသက်သေ ဖြစ်တယ်ဆိုရင် သားသမီးတွေကို ဘုရားအကြောင်း သွန်သင်ပေးရာမှာ ခင်ပွန်းကို ကူညီပေးဖို့ ယေဟောဝါ အလိုရှိတယ်။ ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ မိသားစု ဝတ်ပြုမှု အစီအစဉ်ကို ပုံမှန် ထောက်မပေးခြင်းပါပဲ။ မိသားစု ဝတ်ပြုမှုအကြောင်း အပြုသဘောနဲ့ ပြောပါ။ စိတ်ဝင်စားစရာ၊ ပျော်စရာ ကောင်းအောင် ဘယ်လို ဖန်တီးပေးနိုင်မလဲဆိုတာ စဉ်းစားပါ။ ကျမ်းစာ အကြောင်းအရာ တစ်ခုခုကို ထူးထူးခြားခြား လေ့လာဖို့ အစီအစဉ်ဆွဲရာမှာ ခင်ပွန်းကို ကူညီပေးနိုင်တယ်။ အဲဒီအပြင် သားသမီးတချို့ဟာ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို ကိုယ်ပိုင်လေ့လာခြင်းကနေ အကျိုးရမယ့်အရွယ် ဖြစ်မယ်ဆိုရင် ခင်ပွန်းနဲ့အတူ သူတို့ကို ကူညီပေးနိုင်တယ်။
၉။ မယုံကြည်သူ ခင်ပွန်း ရှိတဲ့ မိခင်တွေ ဘယ်ကနေ အကူအညီ ရနိုင်သလဲ။
၉ မိခင်တချို့ဟာ ကြင်ဖော်မဲ့ မိခင် ဖြစ်လို့ ဒါမှမဟုတ် ခင်ပွန်း ယုံကြည်သူ မဟုတ်လို့ သားသမီးတွေကို တစ်ကိုယ်တည်း ကျမ်းစာသင်ပေးရနိုင်တယ်။ သင် အဲဒီလို သင်ပေးနေရတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ယေဟောဝါ ကူညီပေးမယ်။ သားသမီးတွေနဲ့ လေ့လာဖို့ အဖွဲ့အစည်းကတစ်ဆင့် ပြင်ဆင်ပေးထားတဲ့ သွန်သင်ခြင်း ကိရိယာတွေ သုံးပါ။ မိသားစု ဝတ်ပြုမှုမှာ အဲဒီကိရိယာတွေကို ဘယ်လို သုံးတယ်ဆိုတာ အတွေ့အကြုံရှိ မိဘတွေကို မေးကြည့်ပါ။ c (ပညာ. ၁၁:၁၄) သားသမီးတွေနဲ့ ပြောဆိုဆက်သွယ်နိုင်ဖို့၊ သူတို့စိတ်ထဲ ရှိတာတွေကို ခပ်ထုတ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ပညာ. ၂၀:၅) ‘ကျောင်းမှာ အခက်ဆုံးက ဘာလဲ’ ဆိုတဲ့ မေးခွန်းရိုးရိုးလေးတွေ မေးပြီး စကားစပြောနိုင်တယ်။
၁၀။ ယေဟောဝါအကြောင်း သိလာအောင် သားသမီးတွေကို တခြားဘယ်နည်းနဲ့ ကူညီပေးနိုင်သလဲ။
၁၀ သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးဖို့ အခွင့်အရေးတွေ ဖန်တီးပါ။ ယေဟောဝါအကြောင်း၊ သင့်အတွက် ဘုရား လုပ်ပေးတာတွေအကြောင်း ပြောပြပါ။ (တရား. ၆:၆၊ ၇။ ဟေရှာ. ၆၃:၇) အိမ်မှာ သားသမီးတွေနဲ့ ပုံမှန် လေ့လာဖို့ မဖြစ်နိုင်ရင် အဲဒီလို ပြောပြဖို့ အထူး အရေးကြီးတယ်။ အစောပိုင်းမှာ ဖော်ပြတဲ့ ခရစ္စတင်း ဒီလိုပြောတယ်– “ဘုရားရေးရာအကြောင်းတွေ ပြောဖို့ အခွင့်အရေး မရသလောက်ပဲမို့ ရတဲ့အချိန်မှာ အခွင့်အရေးယူပြီး ပြောတယ်။ လမ်းလျှောက်ထွက်တဲ့အချိန်၊ လှေလှော်တဲ့အချိန်တွေမှာ ယေဟောဝါရဲ့ ဖန်ဆင်းခြင်း လက်ရာနဲ့ တခြား ဘုရားရေးရာအကြောင်းတွေ ပြောတယ်။ သားသမီးတွေ ကြီးလာတာနဲ့ ကိုယ်ပိုင် ကျမ်းစာ လေ့လာဖို့ အားပေးတယ်။” ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ညီအစ်ကို/မတွေအကြောင်းလည်း အပြုသဘောပါပါ ပြောပါ။ အကြီးအကဲတွေကို ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်ပါနဲ့။ အကြီးအကဲတွေအကြောင်း အကောင်းပဲ ပြောမယ်ဆိုရင် အကူအညီ လိုအပ်ချိန်မှာ သားသမီးတွေ သူတို့ဆီ အကူအညီ တောင်းပါလိမ့်မယ်။
၁၁။ ယာကုပ် ၃:၁၈ အရ အိမ်မှာ ငြိမ်သက်တဲ့ အခြေအနေ ဖြစ်အောင် ကြိုးစားဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၁ အိမ်မှာ ငြိမ်သက်တဲ့ အခြေအနေ ဖြစ်အောင် ကြိုးစားပါ။ ခင်ပွန်းနဲ့ သားသမီးတွေကို ချစ်ကြောင်း အမြဲ ပြောပါ။ ခင်ပွန်းအကြောင်း ကြင်ကြင်နာနာ၊ လေးလေးစားစား ပြောပါ။ အဲဒီလို ပြောတတ်အောင် သားသမီးတွေကိုလည်း သင်ပေးပါ။ ဒါဆိုရင် အိမ်မှာ ငြိမ်သက်တဲ့ အခြေအနေ ဖြစ်လာမယ်။ ယေဟောဝါအကြောင်း သင်ပေးဖို့ ပိုလွယ်ကူလာမယ်။ (ယာကုပ် ၃:၁၈ ကို ဖတ်ပါ။) ရိုမေးနီးယားမှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတဲ့ ယိုစပ်အကြောင်း စဉ်းစားကြည့်ပါ။ ငယ်ငယ်တုန်းက အမေနဲ့ မောင်နှမတွေ ယေဟောဝါကို ဝတ်မပြုနိုင်အောင် အဖေ အကြီးအကျယ် အနှောင့်အယှက် ပေးတယ်။ “အိမ်မှာ ငြိမ်သက်တဲ့ အခြေအနေ ဖြစ်အောင် အမေ အတတ်နိုင်ဆုံး ကြိုးစားတယ်။ အဖေ ပိုကြမ်းလေ အမေ ပိုကြင်နာလေပဲ။ အဖေ့ကို လေးစားနာခံဖို့ ကျွန်တော်တို့ ခက်နေမှန်း အမေ သတိထားမိတဲ့အခါ ဧဖက် ၆:၁-၃ ကို ဖတ်ပြတယ်။ အဖေ့ အရည်အသွေးကောင်းတွေကို ပြောပြပြီး ဘာကြောင့် သူ့ကို ချစ်ခင်လေးစားသင့်ကြောင်း နားလည်အောင် ကူညီပေးတယ်။ ဒီနည်းနဲ့ အိမ်မှာ ငြိမ်သက်မှု ရှိအောင် ကူညီပေးတယ်။”
သားသမီးတွေကို ကိုယ့်အပြုအမူနဲ့ သင်ပေးပါ
၁၂။ ၂ တိမောသေ ၁:၅ အရ ဥနိတ်ရဲ့ ပုံသက်သေက တိမောသေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၁၂ ၂ တိမောသေ ၁:၅ ကို ဖတ်ပါ။ ဥနိတ်ဟာ တိမောသေအတွက် ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းမှာ လုပ်ရပ် ပါဝင်ကြောင်း သားဖြစ်သူကို သင်ပေးခဲ့မှာပဲ။ (ယာ. ၂:၂၆) မိခင်ရဲ့ လုပ်ရပ်တွေဟာ ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့် ဖြစ်တယ်ဆိုတာ တိမောသေ မြင်တွေ့ခဲ့မှာပဲ။ ယေဟောဝါကို ဝတ်ပြုလို့ မိခင် ဘယ်လောက် ပျော်ရွှင်တယ်ဆိုတာလည်း မြင်မှာပဲ။ ဥနိတ်ရဲ့ ပုံသက်သေက တိမောသေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ မိခင်ရဲ့ ယုံကြည်ခြင်းမျိုး တိမောသေဆီမှာလည်း ရှိတယ်လို့ တမန်တော် ပေါလု ပြောတယ်။ ဒါ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ မိခင်ရဲ့ ပုံသက်သေကို လေ့လာမှတ်သားပြီး တုပဖို့ တိမောသေ ဆုံးဖြတ်ခဲ့တယ်။ ဒီနေ့လည်း မိခင်များစွာဟာ “တစ်ခွန်းမှ ဟောစရာ မလိုဘဲ” မိသားစုဝင်တွေ ယေဟောဝါကို ဝတ်ပြုလာအောင် ကူညီပေးနေကြတယ်။ (၁ ပေ. ၃:၁၊ ၂) သင်လည်း ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။
၁၃။ ယေဟောဝါနဲ့ ဆက်ဆံရေးကို မိခင်တွေ ဘာကြောင့် အဓိကထားသင့်သလဲ။
၁၃ ယေဟောဝါနဲ့ ဆက်ဆံရေးကို အဓိကထားပါ။ (တရား. ၆:၅၊ ၆) မိခင်အများစုလိုပဲ သင်လည်း တော်တော် စွန့်လွှတ်အနစ်နာခံနေတယ်။ အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ အိပ်ရေးပျက်ခံပြီး မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေကို ဖြည့်ဆည်းပေးနေတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လောက်တဲ့အထိ အလုပ်များလွန်းတာမျိုး မဖြစ်သင့်ဘူး။ ကိုယ်ပိုင်ဆုတောင်းဖို့၊ ကျမ်းစာ လေ့လာဖို့၊ အသင်းတော် အစည်းအဝေးတွေ တက်ဖို့ ပုံမှန် အချိန်ဖယ်ထားပါ။ ဒါဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မာလာမယ်။ မိသားစုအတွက်ရော၊ တခြားသူတွေအတွက်ပါ ပုံသက်သေကောင်း ဖြစ်နိုင်မယ်။
၁၄-၁၅။ လင်း၊ မာရီယာနဲ့ ဇွာအူတို့ရဲ့ ပုံသက်သေကနေ ဘာသိရသလဲ။
၁၄ မိခင်ရဲ့ ပုံသက်သေကြောင့် ယေဟောဝါကို ချစ်ပြီး ယုံကြည်ကိုးစားလာတဲ့ လူငယ်တချို့အကြောင်း စဉ်းစားကြည့်ပါ။ ညီအစ်မ ခရစ္စတင်းရဲ့ သမီးကြီး လင်း ဒီလိုပြောတယ်– “အိမ်မှာ အဖေ ရှိတဲ့အချိန်ဆိုရင် ကျမ်းစာ လေ့လာလို့ မရဘူး။ ဒါပေမဲ့ အမေက ဘယ်တော့မှ အစည်းအဝေး မပျက်ဘူး။ ကျွန်မတို့မှာ ကျမ်းစာ အသိပညာ သိပ်မရှိသေးပေမဲ့ အမေ့ပုံသက်သေက ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဖို့ ကူညီပေးတယ်။ အစည်းအဝေးတွေ မတက်ခင်ကတည်းက ဒါအမှန်တရားပဲဆိုတာ ကျွန်မတို့ သိတယ်။”
၁၅ ညီအစ်မ မာရီယာရဲ့ ဖခင်ဟာ အစည်းအဝေး တက်တဲ့ မိသားစုဝင်တွေကို မကြာမကြာ အပြစ်ပေးလေ့ရှိတယ်။ “ကျွန်မ သိထားတဲ့ ညီအစ်မတွေထဲမှာတော့ အမေက သတ္တိအရှိဆုံးပဲ။ ကျွန်မ ကလေးတုန်းက တခြားသူတွေ ဘာပြောမလဲဆိုတာ ကြောက်ပြီး မှန်တာ မလုပ်တဲ့ အချိန်တွေ ရှိတယ်။ ဒါပေမဲ့ အမေ သိပ်သတ္တိရှိတာ၊ ဘဝမှာ ယေဟောဝါကို အမြဲ ဦးစားထားတာတွေ မြင်ပြီး လူကြောက်တဲ့စိတ်ကို ကျော်လွှားနိုင်ခဲ့တယ်” လို့ ပြောတယ်။ ညီအစ်ကို ဇွာအူရဲ့ ဖခင်ဟာ အိမ်မှာ ယေဟောဝါအကြောင်း မပြောဖို့ တားမြစ်ထားတယ်။ “ဘုရားရေးရာကိစ္စကလွဲလို့ ကျန်တဲ့ကိစ္စအားလုံးမှာ အဖေ့စိတ်ကြိုက် အမေ နေပေးတယ်။ အဲဒါကို ကျွန်တော် စိတ်ထိမိဆုံးပဲ” လို့ ပြောတယ်။
၁၆။ မိခင်တစ်ယောက်ရဲ့ ပုံသက်သေက တခြားသူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ။
၁၆ မိခင်တို့၊ သင့်ပုံသက်သေက တခြားသူတွေအပေါ် သက်ရောက်မှု ရှိကြောင်း သတိရပါ။ ဘယ်လိုနည်းနဲ့လဲ။ ဥနိတ်ရဲ့ ပုံသက်သေက တမန်တော် ပေါလုအပေါ် ဘယ်လို သက်ရောက်မှု ရှိကြောင်း စဉ်းစားကြည့်ပါ။ တိမောသေရဲ့ ဟန်ဆောင်မှု ကင်းတဲ့ ယုံကြည်ခြင်းဟာ “မိခင် ဥနိတ်ဆီမှာ ဦးဆုံး ရှိခဲ့” တယ်လို့ ပေါလု အသိအမှတ်ပြုတယ်။ (၂ တိ. ၁:၅) ဥနိတ်ရဲ့ ယုံကြည်ခြင်းကို ပေါလု ဘယ်တုန်းက စသတိထားမိသလဲ။ ပထမ သာသနာပြု ခရီးစဉ်အတွင်း လုတ္တရမြို့မှာ လောအိနဲ့ ဥနိတ်ကို ပေါလု စတွေ့ပြီး ခရစ်ယာန် ဖြစ်လာအောင် ကူညီပေးခဲ့ပုံရတယ်။ (တ. ၁၄:၄-၁၈) ၁၅ နှစ်လောက် ကြာပြီးနောက် တိမောသေဆီ ရေးတဲ့ စာမှာ ဥနိတ်ရဲ့ ယုံကြည်ခြင်း လုပ်ရပ်တွေကို ပေါလု အမှတ်ရနေဆဲ ဖြစ်ပြီး တုပထိုက်စရာ ပုံသက်သေအဖြစ် ဖော်ပြခဲ့တယ်။ သူ့ပုံသက်သေက တမန်တော် ပေါလုကိုရော တခြား ပထမရာစု ခရစ်ယာန်တွေကိုပါ အားရှိစေခဲ့မှာ သေချာတယ်။ သင်ဟာ အိမ်ထောင်ဖက် မရှိဘဲ ဒါမှမဟုတ် ယုံကြည်ခြင်း မတူတဲ့ အိမ်ထောင်မှာ သားသမီး ပြုစုပျိုးထောင်နေရတယ်ဆိုရင် သင့်ရဲ့ သစ္စာရှိ ပုံသက်သေက တခြားသူတွေကို အားရှိစေမယ်၊ လှုံ့ဆော်မှု ဖြစ်စေမယ်ဆိုတာ စိတ်ချပါ။
၁၇။ ကိုယ့်လေ့ကျင့်မှုကို ကလေး မတုံ့ပြန်ဘူးလို့ ထင်နေရင် ဘာလုပ်သင့်သလဲ။
၁၇ ကိုယ့်ကြိုးစားမှုကို ကလေး ကောင်းကောင်း တုံ့ပြန်ပုံ မရရင်ကော။ ကလေးတစ်ယောက်ကို လေ့ကျင့်ပေးဖို့ အချိန် လိုကြောင်း သတိရပါ။ ရုပ်ပုံမှာ တွေ့ရတဲ့အတိုင်း မျိုးစေ့ကို စိုက်ပျိုးပြီးနောက် အပင် ပေါက်ပါ့မလား၊ အသီး သီးပါ့မလားလို့ စိုးရိမ်မိနိုင်တယ်။ အကျိုးရလဒ်ကို ထိန်းချုပ်လို့ မရပေမဲ့ ပုံမှန် ရေလောင်းနေမယ်ဆိုရင် အပင် ရှင်သန်လာဖို့ အကောင်းဆုံး အခွင့်အရေး ပေးနေတာပဲ။ (မာ. ၄:၂၆-၂၉) မိခင်တစ်ယောက်လည်း ကိုယ့်ကြိုးစားမှုက သားသမီးတွေရဲ့ စိတ်နှလုံးကို ထိမိပါ့မလားလို့ စိုးရိမ်မိနိုင်တယ်။ အကျိုးရလဒ်ကို သင် ထိန်းချုပ်လို့ မရဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ဆက်လေ့ကျင့်ပေးမယ်ဆိုရင် ဘုရားရေးရာဘက် ရှင်သန်ကြီးထွားလာအောင် အကောင်းဆုံး အခွင့်အရေး ပေးရာ ရောက်တယ်။—ပညာ. ၂၂:၆။
ယေဟောဝါရဲ့ အကူအညီကို အားကိုးပါ
၁၈။ ဘုရားရေးရာဘက် သားသမီးတွေ တိုးတက်လာအောင် ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၈ ကျမ်းစာခေတ်ကတည်းက လူငယ်များစွာကို မိမိမိတ်ဆွေ ဖြစ်လာအောင် ယေဟောဝါ ကူညီပေးခဲ့တယ်။ (ဆာ. ၂၂:၉၊ ၁၀) သင့်သားသမီးတွေလည်း ဆန္ဒရှိမယ်ဆိုရင် မိမိနဲ့ ရင်းနှီးလာအောင် ဘုရား ကူညီပေးနိုင်တယ်။ (၁ ကော. ၃:၆၊ ၇) သင့်သားသမီး လမ်းလွဲနေတယ်လို့ ထင်ရရင်တောင် ယေဟောဝါကတော့ သူတို့ကို ဆက်ချစ်နေပါလိမ့်မယ်။ (ဆာ. ၁၁:၄) “စိတ်ရင်းမှန်” ရှိတယ်ဆိုတဲ့ အရိပ်အယောင် နည်းနည်းလေး ပြရုံနဲ့ သူတို့ကို ကူညီပေးပါလိမ့်မယ်။ (တ. ၁၃:၄၈။ ၂ ရာ. ၁၆:၉) သူတို့ အလိုအပ်ဆုံးအချိန်မှာ သင့်တော်တဲ့ စကားပြောဖို့ သင့်ကိုလည်း ကူညီပေးနိုင်တယ်။ (ပညာ. ၁၅:၂၃) သူတို့ကို စိတ်ဝင်စားမှု ပြဖို့ အသင်းတော်က ညီအစ်ကို/မ တစ်ယောက်ယောက်ကို ဘုရား လှုံ့ဆော်ပေးနိုင်တယ်။ သူတို့ အရွယ်ရောက်နေပြီ ဆိုရင်တောင် အရင်က သင် သွန်သင်ပေးခဲ့တာတွေကို ပြန်မှတ်မိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ (ယော. ၁၄:၂၆) ကိုယ့်အပြော၊ အပြုအမူအားဖြင့် သားသမီးတွေကို ဆက်လေ့ကျင့်ပေးမယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။
၁၉။ ယေဟောဝါရဲ့ မျက်နှာသာ ရမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။
၁၉ သင့်အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာဟာ သားသမီးတွေရဲ့ ရွေးချယ်မှုနဲ့ မဆိုင်ဘူး။ ဘုရားကို သင် ချစ်လို့ သင့်ကို ဘုရား ချစ်တယ်။ သင်ဟာ ကြင်ဖော်မဲ့ မိဘ ဖြစ်တယ်ဆိုရင် ယေဟောဝါဘုရားဟာ သင့်သားသမီးတွေရဲ့ ဖခင်၊ သင့်ကို ကာကွယ်ပေးတဲ့သူ ဖြစ်မယ်လို့ ကတိပေးထားတယ်။ (ဆာ. ၆၈:၅) သားသမီးတွေ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ သင် ထိန်းချုပ်လို့ မရဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို အားကိုးပြီး အတတ်နိုင်ဆုံး ဆက်ကြိုးစားမယ်ဆိုရင် ဘုရားမျက်နှာသာ ရပါလိမ့်မယ်။
သီချင်း ၁၃၄ ဘုရားပေး သားသမီးများ
a တိမောသေရဲ့ မိခင် ဥနိတ်ရဲ့ ပုံသက်သေကနေ ခရစ်ယာန် မိခင်တွေ ဘယ်လို အကျိုးရနိုင်ကြောင်း၊ ယေဟောဝါကို သိပြီး ချစ်လာအောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b အမည်လွှဲများ။
c ဥပမာ၊ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၅၀၊ ၂၀၁၁၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၆-၇ “မိသားစု ဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုအတွက် အကြံပြုချက်” ဆောင်းပါးကို ကြည့်ပါ။