လေ့လာရန် ဆောင်းပါး ၁၈
‘ပြေးပွဲကို အဆုံးအထိ ပြေးပါ’
“ပြေးပွဲကို အဆုံးအထိ ပြေးခဲ့ပြီ။”—၂ တိ. ၄:၇။
သီချင်း ၁၂၉ ခံရပ်နေမယ်
အကြိုသုံးသပ်ချက် a
၁။ ကျွန်တော်တို့အားလုံး ဘာလုပ်ရမလဲ။
သင်ဟာ ဖျားနာနေတယ်၊ မောပန်းနေတယ်ဆိုရင် သိပ်ခက်တဲ့ ပြေးပွဲမှာ ဝင်ပြေးမလား။ ပြေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခရစ်ယာန်စစ်အားလုံး ပြေးပွဲမှာ ပြေးနေတယ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၁၂:၁) ပျိုရွယ်သူ၊ အိုမင်းသူ၊ ခွန်အားရှိသူ၊ ခွန်အားမရှိသူ အားလုံး ယေဟောဝါပေးတဲ့ ဆုရဖို့ အဆုံးအထိ ခံနိုင်ရည် ရှိရမယ်။—မ. ၂၄:၁၃။
၂။ ၂ တိမောသေ ၄:၇၊ ၈ အရ ပေါလုမှာ ဘာကြောင့် ပြောအားရှိသလဲ။
၂ ပေါလုဟာ “ပြေးပွဲကို အဆုံးအထိ ပြေးခဲ့” တဲ့အတွက် ပြောအားရှိတယ်။ (၂ တိမောသေ ၄:၇၊ ၈ ကိုဖတ်ပါ။) ဒါပေမဲ့ ပေါလု ပြောတဲ့ ပြေးပွဲဆိုတာ ဘာလဲ။
ပြေးပွဲဆိုတာ ဘာလဲ
၃။ ပေါလု ပြောတဲ့ ပြေးပွဲဆိုတာ ဘာလဲ။
၃ ပေါလုက အရေးကြီး သင်ခန်းစာတွေ သင်ပေးဖို့ ရှေးခေတ်ဂရိနိုင်ငံမှာ ကျင်းပတဲ့ အားကစားပွဲတွေအကြောင်း ပြောလေ့ရှိတယ်။ (၁ ကော. ၉:၂၅-၂၇။ ၂ တိ. ၂:၅) ခရစ်ယာန် အသက်တာကို ပြေးပွဲနဲ့ မကြာခဏ နှိုင်းယှဉ်ခဲ့တယ်။ (၁ ကော. ၉:၂၄။ ဂလ. ၅:၇) လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံလိုက်တာနဲ့ “ပြေးပွဲ” မှာ စပြေးလိုက်တာပဲ။ (၁ ပေ. ၃:၂၁) ယေဟောဝါ ပေးတဲ့ ထာဝရအသက်ဆုကို ရချိန်မှာ သူ ပန်းဝင်မယ်။—မ. ၂၅:၃၁-၃၄၊ ၄၆။ ၂ တိ. ၄:၈။
၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၄ ပြေးပွဲနဲ့ ခရစ်ယာန် အသက်တာရဲ့ ဆင်တူချက်တွေက ဘာလဲ။ ဆင်တူချက် များစွာ ရှိတယ်။ သုံးခုကို သုံးသပ်ကြည့်ကြစို့။ ပထမ၊ လမ်းမှန်အတိုင်း ပြေး ရမယ်။ ဒုတိယ၊ ပန်းတိုင်ကို အာရုံစိုက်ရမယ်။ တတိယ၊ ပြေးလမ်းတစ်လျှောက်မှာ ရှိတဲ့ အခက်အခဲတွေကို ကျော်လွှားရမယ်။
လမ်းမှန်အတိုင်း ပြေးပါ
၅။ ဘယ်လမ်းစဉ်ကို ကျွန်တော်တို့ လိုက်ရမလဲ။ ဘာကြောင့်လဲ။
၅ အပြေးသမားတွေဟာ ပြေးပွဲမှာ ဆုရဖို့ ပွဲစီစဉ်သူတွေ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ပြေးရမယ်။ ကျွန်တော်တို့လည်း ထာဝရအသက်ဆု ရချင်ရင် ခရစ်ယာန်လမ်းစဉ်အတိုင်း ပြေးရမယ်။ (တ. ၂၀:၂၄။ ၁ ပေ. ၂:၂၁) ဒါပေမဲ့ စာတန်နဲ့ နောက်လိုက်တွေက ကျွန်တော်တို့ကို ခရစ်ယာန် ဘဝလမ်းစဉ်အတိုင်း မလိုက်စေချင်ဘူး။ သူတို့နဲ့အတူ လမ်းစဉ်ဟောင်းမှာပဲ ဆက်ပြေးစေချင်တယ်။ (၁ ပေ. ၄:၄) ကျွန်တော်တို့ရဲ့ ဘဝလမ်းစဉ်ကို ကဲ့ရဲ့လှောင်ပြောင်ကြတယ်။ သူတို့လမ်းစဉ်က ပိုကောင်းတယ်၊ ပိုလွတ်လပ်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒါ မှားတယ်။—၂ ပေ. ၂:၁၉။
၆။ ဘရိုင်ယန်ရဲ့ အတွေ့အကြုံကနေ ဘာသိရသလဲ။
၆ မိမိတို့ရွေးတဲ့လမ်းဟာ လွတ်လပ်မှု မပေးဘဲ ကျွန်ဘဝကို ရောက်စေကြောင်း စာတန့်လောကရဲ့ လွှမ်းမိုးမှု ခံရသူတွေ မကြာခင်မှာ သိလာကြတယ်။ (ရော. ၆:၁၆) ဘရိုင်ယန်အကြောင်း စဉ်းစားကြည့်ပါ။ ခရစ်ယာန် ဘဝလမ်းစဉ်အတိုင်း လိုက်ဖို့ မိဘတွေ အားပေးပေမဲ့ အဲဒီလမ်းစဉ်လိုက်လို့ ပျော်ပါ့မလားဆိုပြီး ဆယ်ကျော်သက် အရွယ်မှာ သံသယ ဝင်လာတယ်။ ဒါနဲ့ စာတန့်စံနှုန်းအတိုင်း အသက်ရှင်သူတွေနဲ့ အတူပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ “ကျွန်တော် တောင့်တခဲ့တဲ့ လွတ်လပ်မှုက ကျွန်တော့်ကို ပျက်စီးခြင်းဝဲကတော့ထဲ နစ်သည်ထက်နစ်ဝင်သွားအောင် တွန်းပို့လိမ့်မယ်ဆိုတာ နည်းနည်းမှ မရိပ်မိခဲ့ဘူး။ . . . နောက်တော့ ဆေးဝါးတွေ တလွဲသုံးလာတယ်။ အရက်စွဲလာတယ်။ စာရိတ္တပါ ယိုယွင်းလာခဲ့တယ်။ နှစ်အတော်ကြာလာတော့ ဆေးစွဲသည်ထက်စွဲသွားပြီး အဲဒီအကျင့်ဆိုးတွေရဲ့ ကျွန်ဖြစ်လာခဲ့တယ်။ . . . ကျွန်တော် အသက်ဆက်နိုင်ဖို့ မူးယစ်ဆေးဝါးတွေ အရောင်းအဝယ်လုပ်ရတယ်” လို့ ဘရိုင်ယန် ပြောတယ်။ နောက်ဆုံးတော့ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဝလမ်းစဉ်ကို ပြောင်းလဲပြီး ၂၀၀၁ မှာ နှစ်ခြင်းခံခဲ့တယ်။ ခရစ်ယာန် ဘဝလမ်းစဉ်ကို လိုက်လို့ သူ အခု ပျော်နေပြီ။ b
၇။ မဿဲ ၇:၁၃၊ ၁၄ အရ ကျွန်တော်တို့ရှေ့မှာ ဘယ်လမ်းနှစ်လမ်း ရှိသလဲ။
၇ လမ်းမှန်ကို ရွေးဖို့ သိပ်အရေးကြီးတယ်။ စာတန်က “အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့” လမ်းကျဉ်းပေါ်မှာ ကျွန်တော်တို့ကို ဆက်မပြေးစေချင်ဘူး။ လူအများစု ပြေးနေတဲ့ လမ်းကျယ်ပေါ် ရောက်စေချင်တယ်။ အဲဒီလမ်းကျယ်ဟာ လူကြိုက်များတယ်၊ လွယ်ကူတယ်။ ဒါပေမဲ့ “ပျက်စီးခြင်းကို ပို့ဆောင်” တယ်။ (မဿဲ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။) လမ်းမှန်ပေါ် ဆက်ရှိနေဖို့၊ လမ်းမလွဲသွားဖို့ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ဘုရားစကား နားထောင်ရမယ်။
အာရုံစိုက်ပြီး ပြေးပါ
၈။ အပြေးသမားတစ်ယောက် လဲကျသွားရင် ဘာလုပ်သလဲ။
၈ အပြေးသမားတွေဟာ ပြေးပွဲမှာ ခလုတ်မတိုက်ဖို့ ရှေ့တည့်တည့်ကို အာရုံစိုက်ကြတယ်။ ဒါပေမဲ့ အချင်းချင်း မတော်တဆ တိုက်မိနိုင်တယ်။ ချိုင့်ခွက်ကို နင်းမိပြီး လဲကျသွားနိုင်တယ်။ လဲသွားရင် ပြန်ထပြီး ဆက်ပြေးတယ်။ ဘာကြောင့် လဲသွားတယ်ဆိုတာ အာရုံမစိုက်ဘူး။ ပန်းဝင်ဖို့၊ ဆုရဖို့ပဲ အာရုံစိုက်တယ်။
၉။ တိုက်မိလဲသွားရင် ဘာလုပ်သင့်သလဲ။
၉ ကျွန်တော်တို့လည်း ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှားဖြစ်ပြီး အကြိမ်ကြိမ် တိုက်မိလဲနိုင်တယ်။ ဒါမှမဟုတ် အချင်းချင်းရဲ့ အမှားကြောင့် ထိခိုက်မိနိုင်တယ်။ အဲဒါကို မျှော်လင့်ထားရမယ်။ ကျွန်တော်တို့အားလုံး မစုံလင်တဲ့အပြင် လမ်းကျဉ်းပေါ်မှာ ပြေးနေရလို့ “တိုက်မိ” နိုင်တယ်။ တစ်ခါတလေ “မကျေနပ်စရာ ရှိ” လာမယ်လို့ ပေါလု ပြောတယ်။ (ကော. ၃:၁၃) ဒါပေမဲ့ ဘာကြောင့် တိုက်မိလဲတယ်ဆိုတာ အာရုံမစိုက်ဘဲ ရှေ့မှာရမယ့်ဆုကို အာရုံစိုက်ကြပါစို့။ တိုက်မိလဲရင်လည်း ပြန်ထပြီး ဆက်ပြေးကြပါစို့။ စိတ်ဆိုးနာကြည်းပြီး ပြန်မထတော့ရင် ပန်းဝင်မှာ၊ ဆုရတော့မှာ မဟုတ်ဘူး။ အဲဒီအပြင် အသက်လမ်းကျဉ်းပေါ် ပြေးနေတဲ့ တခြားသူတွေအတွက် ဆူးငြောင့်ခလုတ်တောင် ဖြစ်သွားနိုင်တယ်။
၁၀။ တခြားသူတွေအတွက် “တိုက်မိလဲစရာ” မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ။
၁၀ အချင်းချင်းအတွက် “တိုက်မိလဲစရာ” မဖြစ်အောင် ရှောင်နိုင်တဲ့ နောက်တစ်နည်းကတော့ ကိုယ့်အခွင့်အရေးကို မရမက တောင်းဆိုမယ့်အစား ဖြစ်နိုင်တဲ့အခါတိုင်း တခြားသူတွေရဲ့ အကြိုက်ကို လိုက်လျောပေးခြင်းပါပဲ။ (ရော. ၁၄:၁၃၊ ၁၉-၂၁။ ၁ ကော. ၈:၉၊ ၁၃) ဒီနည်းအားဖြင့် ပကတိ အပြေးပြိုင်ပွဲရဲ့ အပြေးသမားတွေလို ဖြစ်မှာမဟုတ်ဘူး။ သူတို့ဟာ အချင်းချင်း ပြိုင်ပြေးပြီး ကိုယ်ပဲ ဆုရချင်တယ်။ ကိုယ့်အတွက်ပဲ စဉ်းစားတယ်။ တခြားသူကို တွန်းတိုက်တယ်။ ကျွန်တော်တို့ကတော့ အချင်းချင်း မပြိုင်ဆိုင်ကြဘူး။ (ဂလ. ၅:၂၆။ ၆:၄) ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ လူများနိုင်သမျှ များများကို ကျွန်တော်တို့နဲ့အတူ ပန်းဝင်ပြီး အသက်ဆု ရအောင် ကူညီပေးဖို့ ဖြစ်တယ်။ ဒါကြောင့် “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” ဆိုတဲ့ ပေါလုရဲ့ အကြံဉာဏ်ကို လိုက်နာကြတယ်။—ဖိ. ၂:၄။
၁၁။ အပြေးသမားက ဘာကို အာရုံစိုက်သလဲ။ ဘာကြောင့်လဲ။
၁၁ အပြေးသမားတွေဟာ ရှေ့တည့်တည့်ကို ကြည့်တဲ့အပြင် ပန်းတိုင်ကိုလည်း အာရုံစိုက်ကြတယ်။ ပန်းတိုင်ကို မမြင်ရရင်တောင် ပန်းဝင်ပြီး ဆုရတာကို မြင်ယောင်နိုင်တယ်။ ဒီနည်းအားဖြင့် ဆက်ပြေးဖို့ အားရှိစေတယ်။
၁၂။ ယေဟောဝါ ဘာကတိပေးထားသလဲ။
၁၂ ယေဟောဝါက အသက်ပြေးပွဲမှာ ပန်းဝင်သူတိုင်းကို ကောင်းကင်မှာဖြစ်စေ၊ မြေကြီး ပရဒိသုမှာဖြစ်စေ ထာဝရအသက်ဆု ပေးမယ်လို့ ကတိပေးထားတယ်။ အဲဒီဆုအကြောင်း ကျမ်းစာမှာ ဖော်ပြထားတဲ့အတွက် မြင်ယောင်ကြည့်နိုင်တယ်။ စိတ်နှလုံးထဲမှာ မျှော်လင့်ချက် ရှင်သန်နေရင် ခံနိုင်ရည်ရှိရှိ ဆက်ပြေးမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာမယ်။
အခက်အခဲတွေကြား ဆက်ပြေးပါ
၁၃။ ကျွန်တော်တို့ဟာ ပကတိ အပြေးသမားတွေထက် ဘယ်လို ပိုသာသလဲ။
၁၃ ဂရိပြေးပွဲမှာ ပကတိ အပြေးသမားတွေဟာ မောပန်းတာ၊ နာကျင်တာစတဲ့ အခက်အခဲတွေကို ကျော်လွှားရတယ်။ သူတို့မှာ အားထားစရာဆိုလို့ လေ့ကျင့်မှုနဲ့ ကိုယ့်အစွမ်းခွန်အားပဲ ရှိတယ်။ သူတို့လိုပဲ ကျွန်တော်တို့လည်း လေ့ကျင့်မှု ရနေတယ်။ ဒါပေမဲ့ သူတို့နဲ့ မတူတာကတော့ ကျွန်တော်တို့ဟာ အကန့်အသတ်မဲ့ တန်ခိုးရှင်ဆီကနေ အစွမ်းခွန်အား ရနိုင်တယ်။ ယေဟောဝါကို အားကိုးမယ်ဆိုရင် ကျွန်တော်တို့ကို လေ့ကျင့်ပေးမယ်၊ ခွန်အားရှိစေမယ်လို့ ကတိပေးထားတယ်။—၁ ပေ. ၅:၁၀။
၁၄။ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ၂ ကောရိန္သု ၁၂:၉၊ ၁၀ က ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။
၁၄ ပေါလုဟာ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ တခြားသူတွေရဲ့ စော်ကားနှိပ်စက်မှုအပြင် “ကိုယ်ခန္ဓာမှာစူးတဲ့ ဆူး” ကို ရင်ဆိုင်ခဲ့ရတယ်။ (၂ ကော. ၁၂:၇) ဒါပေမဲ့ အခက်အခဲတွေကို အကြောင်းပြပြီး လက်လျှော့လိုက်မယ့်အစား ယေဟောဝါကို အားကိုးဖို့ အခွင့်အရေးအဖြစ် သဘောထားတယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကိုဖတ်ပါ။) ဒါကြောင့် ခက်ခဲချိန်တစ်လျှောက်လုံး ယေဟောဝါ ကူညီပေးတယ်။
၁၅။ ပေါလုကို တုပမယ်ဆိုရင် ဘာအကျိုးရမလဲ။
၁၅ ကျွန်တော်တို့လည်း ယုံကြည်ခြင်းကြောင့် စော်ကားမှု၊ နှိပ်စက်မှု ခံရနိုင်တယ်။ ကျန်းမာရေး မကောင်းတာ၊ ခြေကုန်လက်ပန်း ကျတာတွေ ဖြစ်နိုင်တယ်။ ပေါလုကို တုပမယ်ဆိုရင် အဲဒီအခက်အခဲတိုင်းဟာ ယေဟောဝါရဲ့ မေတ္တာပါ ထောက်မမှု ရမယ့် အခွင့်အရေး ဖြစ်သွားနိုင်တယ်။
၁၆။ ကျန်းမာရေး မကောင်းရင်တောင် သင် ဘာလုပ်နိုင်သလဲ။
၁၆ သင်ဟာ အိပ်ရာထဲ လဲနေတာ၊ ဘီးတပ်ကုလားထိုင်နဲ့ နေရတာ ဖြစ်နိုင်တယ်။ ဒူးနာတာ၊ မျက်စိမှုန်တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် ငယ်ရွယ်ကျန်းမာသူတွေနဲ့ ယှဉ်ပြေးနိုင်ပါ့မလား။ ပြေးနိုင်ပါတယ်။ အိုမင်းမစွမ်းသူများစွာဟာ အသက်လမ်းပေါ် ပြေးနေကြတယ်။ ကိုယ့်အစွမ်းအစနဲ့တော့ မဟုတ်ဘူး။ ခရစ်ယာန် အစည်းအဝေးတွေကို ဖုန်းနဲ့ ချိတ်ဆက် နားထောင်ခြင်း၊ ဗီဒီယိုနဲ့ ချိတ်ဆက် ကြည့်ရှုခြင်းအားဖြင့် ယေဟောဝါဆီကနေ ခွန်အားရနေကြတယ်။ ဆရာဝန်၊ သူနာပြု၊ ဆွေမျိုးတွေကို သက်သေခံခြင်းအားဖြင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်နေကြတယ်။
၁၇။ ကာယရေး ကန့်သတ်မှု ကြုံနေရသူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။
၁၇ ကာယရေး ကန့်သတ်မှုတွေကြောင့် အသက်လမ်းမှာ ဆက်မပြေးနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့။ သင့်ရဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ကြောင့် သင့်ကို ယေဟောဝါ ချစ်တယ်။ အရင်ကထက် အကူအညီ ပိုလိုအပ်နေချိန်မှာ သင့်ကို စွန့်ပစ်မှာ မဟုတ်ဘူး။ (ဆာ. ၉:၁၀) သင်နဲ့ ပိုလို့တောင် ရင်းနှီးလာမယ်။ ကျန်းမာရေး မကောင်းတဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျန်းမာရေး ပိုဆိုးလာလို့ တခြားသူတွေကို ဟောပြောဖို့ အခွင့်အရေး သိပ်မရတော့ဘူး။ ဒါပေမဲ့ အမှုတော်မှာ နည်းနည်းလေး ပါဝင်ရင်တောင် ယေဟောဝါကို စိတ်ရွှင်လန်းစေတယ်ဆိုတာ သိရလို့ ကျွန်မ ပျော်တယ်။” သင်လည်း စိတ်ဓာတ်ကျတဲ့အခါ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ ပေါလုရဲ့ ပုံသက်သေကို စဉ်းစားပါ။ ‘အားနည်းခြင်းကို ကျွန်တော် ကျေနပ်စွာ ခံယူပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေလို့ပဲ’ ဆိုတဲ့ ပေါလုရဲ့ အားရှိစရာ စကားတွေကို ပြန်တွေးပါ။—၂ ကော. ၁၂:၁၀။
၁၈။ တချို့ရဲ့ အခြေအနေက ဘာကြောင့် ပိုခက်သလဲ။
၁၈ အသက်လမ်းမှာ ပြေးနေသူတချို့ ကြုံရတဲ့ နောက်အခက်အခဲတစ်ခု ရှိတယ်။ တခြားသူတွေ မမြင်နိုင်၊ နားမလည်နိုင်တဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတွေကို ရင်ဆိုင်နေရတယ်။ ဥပမာ၊ စိတ်ကျ ဝေဒနာ၊ စိုးရိမ်ပူပန်မှု လွန်ကဲတာတွေကို ခံစားနေရတယ်။ သူတို့ရဲ့ အခြေအနေက ဘာကြောင့် သိပ်ခက်တာလဲ။ လူတစ်ယောက် အရိုးကျိုးနေရင်၊ ဘီးတပ်ကုလားထိုင်နဲ့ နေရရင် သူ့ပြဿနာကို လူတိုင်း မြင်ပြီး ကူညီပေးချင်စိတ် ပေါ်လာနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကြုံနေရသူကတော့ အပြင်ပန်း လက္ခဏာ ပြချင်မှ ပြမယ်။ အရိုးကျိုးတဲ့သူလိုပဲ ဝေဒနာ ခံစားနေရပေမဲ့ တခြားသူတွေဆီက စာနာမှု မရဘဲ ဖြစ်နေနိုင်တယ်။
၁၉။ မေဖိဗောရှက်ဆီကနေ ဘာသင်ယူရသလဲ။
၁၉ ကန့်သတ်မှုတွေကြောင့် ယေဟောဝါရဲ့ အမှုတော်မှာ ဆန္ဒရှိသလောက် မပါဝင်နိုင်ရင်၊ ကိုယ့်ကို တခြားသူတွေ အထင်လွဲနေကြပြီလို့ ခံစားနေရရင် မေဖိဗောရှက်ဆီကနေ အားယူပါ။ (၂ ရှ. ၄:၄) မေဖိဗောရှက်ဟာ မသန်စွမ်းသူ ဖြစ်တဲ့အပြင် ဘုရင် ဒါဝိဒ် အထင်လွဲတာကို အကြောင်းမဲ့သက်သက် ခံခဲ့ရတယ်။ ဒါပေမဲ့ စိတ်မနာကြည်းဘူး။ ကိုယ်ရထားတဲ့ ကောင်းချီးတွေကို တန်ဖိုးထားတယ်။ အရင်တုန်းက ဒါဝိဒ် ပြခဲ့တဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်တယ်။ (၂ ရှ. ၉:၆-၁၀) ဒါကြောင့် ဒါဝိဒ် အထင်လွဲတဲ့အခါ ကိစ္စတစ်ခုလုံးကို မြင်ဖို့ ကြိုးစားတယ်။ ဒါဝိဒ်ကို စိတ်မနာသလို ယေဟောဝါကိုလည်း အပြစ်မတင်ဘူး။ ယေဟောဝါရဲ့ ဘိသိက်ခံ ဘုရင်ကို အတတ်နိုင်ဆုံး ထောက်မဖို့ပဲ အာရုံစိုက်တယ်။ (၂ ရှ. ၁၆:၁-၄။ ၁၉:၂၄-၃၀) ကျွန်တော်တို့ အကျိုးအတွက် မေဖိဗောရှက်ရဲ့ အကောင်းဆုံး ပုံသက်သေကို ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေခဲ့တယ်။—ရော. ၁၅:၄။
၂၀။ စိုးရိမ်ပူပန်မှုကြောင့် တချို့ ဘယ်လို အခက်ကြုံနေရသလဲ။ ဘာကို စိတ်ချနိုင်သလဲ။
၂၀ ညီအစ်ကို/မတချို့ဟာ စိုးရိမ်ပူပန်မှု လွန်ကဲတတ်လို့ လူကြားထဲရောက်ရင် စိတ်ရှုပ်နေတတ်တယ်။ ဒါပေမဲ့ လူအများကြားထဲမှာ အနေရခက်ရင်တောင် အသင်းတော် အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေ ဆက်တက်နေကြတယ်။ သူစိမ်းတွေကို စကားစပြောဖို့ ခက်ရင်တောင် အမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ကြတယ်။ သင် အဲဒီလိုဖြစ်နေရင် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားသူများစွာလည်း အလားတူ အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ သင့်ရဲ့ စိတ်နှလုံး အကြွင်းမဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ နှစ်သက်တယ်ဆိုတာ သတိရပါ။ သင် လက်မလျှော့ဘူးဆိုတဲ့ အချက်ကိုက သင့်ကို ဘုရား ကောင်းချီးပေးနေတယ်၊ အစွမ်းခွန်အား ပေးနေတယ်ဆိုတဲ့ အထောက်အထားပဲ။ c (ဖိ. ၄:၆၊ ၇။ ၁ ပေ. ၅:၇) ရုပ်ပိုင်း၊ စိတ်ပိုင်း ကန့်သတ်မှုတွေကြား ယေဟောဝါကို ဆက်အမှုဆောင်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်မှု ရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
၂၁။ ယေဟောဝါရဲ့ အကူအညီနဲ့ ကျွန်တော်တို့အားလုံး ဘာလုပ်နိုင်ကြမလဲ။
၂၁ ပကတိပြေးပွဲနဲ့ ပေါလုပြောတဲ့ ပြေးပွဲမှာ ကွာခြားချက်တွေ ရှိတယ်။ ကျမ်းစာခေတ်က ပကတိပြေးပွဲမှာ တစ်ယောက်တည်း ဆုရပေမဲ့ ခရစ်ယာန် ဘဝလမ်းစဉ်မှာတော့ သစ္စာရှိရှိ ခံရပ်သူအားလုံး ထာဝရအသက်ဆု ရမယ်။ (ယော. ၃:၁၆) ပကတိပြေးပွဲမှာ အပြေးသမားအားလုံး ကျန်းမာရေး ကောင်းရမယ်။ မကောင်းရင် ဆုရနိုင်မှာ မဟုတ်ဘူး။ ခရစ်ယာန် ဘဝလမ်းစဉ်မှာတော့ ကျွန်တော်တို့ အများစုဟာ ကာယရေး ကန့်သတ်ချက်တွေ ရှိပေမဲ့ ခံနိုင်ရည်ရှိရှိ ဆက်ပြေးနေကြတယ်။ (၂ ကော. ၄:၁၆) ယေဟောဝါရဲ့ အကူအညီနဲ့ ပန်းဝင်တဲ့အထိ ပြေးနိုင်ကြပါလိမ့်မယ်။
သီချင်း ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့
a ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ အိုမင်းလို့၊ ကျန်းမာရေး မကောင်းလို့ အခက်အခဲတွေ ကြုံနေရတယ်။ ကျွန်တော်တို့အားလုံး တစ်ခါတလေ ခြေကုန်လက်ပန်း ကျတတ်ကြတယ်။ ဒါကြောင့် ပြေးပွဲမှာ ဝင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ပုံပဲ။ တမန်တော် ပေါလု ပြောတဲ့ အသက်ပြေးပွဲမှာ ပန်းဝင်တဲ့အထိ ဘယ်လို ခံနိုင်ရည်ရှိရှိ ပြေးနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b ၂၀၁၃၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆောင်းပါးကို ကြည့်ပါ။
c စိုးရိမ်ပူပန်မှုကို ဖြေရှင်းခြင်းနဲ့ပတ်သက်တဲ့ လက်တွေ့ကျ အကြံပြုချက်တွေ၊ အောင်မြင်စွာ ဖြေရှင်းခဲ့သူတွေရဲ့ တွေ့ကြုံမှုတွေကို jw.org® ထဲက စာကြည့်တိုက် > JW ရုပ်သံထုတ်လွှင့်မှု®၂၀၁၉၊ မေလ အစီအစဉ်မှာ ကြည့်ပါ။
d ပုံအညွှန်း– အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေတာက သက်ကြီးညီအစ်ကိုကို ခရစ်ယာန် ဘဝလမ်းစဉ်မှာ ဆက်ရှိနေစေ။
e ပုံအညွှန်– တခြားသူကို အရက် ပိုသောက်ဖို့ တွန်းအားပေးခြင်း၊ ကိုယ်တိုင်လည်း မထိန်းချုပ်ခြင်းအားဖြင့် တခြားသူတွေကို တိုက်မိလဲစေနိုင်။
f ပုံအညွှန်– ညီအစ်ကိုတစ်ယောက် ဆေးရုံတက်နေရချိန်မှာတောင် ပြုစုစောင့်ရှောက်သူတွေကို သက်သေခံခြင်းအားဖြင့် ခရစ်ယာန် အသက်ပြေးပွဲမှာ ဆက်ပြေးနေ။