လေ့လာရန် ဆောင်းပါး ၁၇
နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ
“ကျွန်တော်တို့ဟာ . . .ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက်နေရတာပါ။”—ဧ. ၆:၁၂။
သီချင်း ၅၅ သူတို့ကို မကြောက်နဲ့
အကြိုသုံးသပ်ချက် a
၁။ ဧဖက် ၆:၁၀-၁၃ အရ ကျွန်တော်တို့အတွက် စိုးရိမ်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နည်းတစ်နည်းက ဘာလဲ။ ရှင်းပြပါ။
ကျွန်တော်တို့အတွက် စိုးရိမ်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နည်းတစ်နည်းကတော့ ရန်သူတွေကို တွန်းလှန်ဖို့ ကူညီပေးခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဓိက ရန်သူဟာ စာတန်နဲ့ နတ်ဆိုးတွေပဲ။ အဲဒီရန်သူတွေအကြောင်း ယေဟောဝါ သတိပေးထားတယ်။ သူတို့ကို တွန်းလှန်နိုင်ဖို့ လိုအပ်တာတွေကိုလည်း ပေးထားတယ်။ (ဧဖက် ၆:၁၀-၁၃ ကိုဖတ်ပါ။) ယေဟောဝါရဲ့ အကူအညီကို လက်ခံပြီး ဘုရားကို အပြည့်အဝ အားကိုးမယ်ဆိုရင် မာရ်နတ်ကို အောင်မြင်စွာ တွန်းလှန်နိုင်ပါလိမ့်မယ်။ “ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူ ဆန့်ကျင်နိုင်မလဲ” လို့ ပြောခဲ့တဲ့ တမန်တော် ပေါလုလို ယုံကြည်စိတ်ချမှု ရှိနိုင်ပါတယ်။—ရော. ၈:၃၁။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ ခရစ်ယာန်စစ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ စာတန်နဲ့ နတ်ဆိုးတွေအကြောင်း စိတ်မဝင်စားကြဘူး။ ယေဟောဝါအကြောင်း သင်ယူဖို့၊ အလိုတော်ဆောင်ဖို့ပဲ အာရုံစိုက်ကြတယ်။ (ဆာ. ၂၅:၅) ဒါပေမဲ့ စာတန်သုံးတဲ့ နည်းတွေကို သိထားဖို့ လိုတယ်။ အဲဒါတွေကို သိမှ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ရှောင်နိုင်မှာ ဖြစ်လို့ပဲ။ (၂ ကော. ၂:၁၁) လူတွေကို စာတန်နဲ့ နတ်ဆိုးတွေ လှည့်စားနေတဲ့ အဓိကနည်းအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ သူတို့ကို ဘယ်လို အောင်မြင်စွာ တွန်းလှန်နိုင်ကြောင်းလည်း ဆွေးနွေးပါမယ်။
လူတွေကို နတ်ဆိုးတွေ လှည့်စားပုံ
၃-၄။ (က) နတ်ဆိုးပညာဆိုတာ ဘာလဲ။ (ခ) နတ်ဆိုးပညာ ဘယ်လောက် ပျံ့နှံ့နေသလဲ။
၃ လူတွေကို စာတန်နဲ့ နတ်ဆိုးတွေ လှည့်စားတဲ့ အဓိကနည်းကတော့ နတ်ဆိုးပညာအားဖြင့်ပဲ။ နတ်ဆိုးပညာ လိုက်စားသူတွေဟာ လူတွေ မသိတာ၊ မထိန်းချုပ်နိုင်တာတွေကို သိတယ်၊ ထိန်းချုပ်နိုင်တယ်လို့ ပြောကြတယ်။ ဥပမာ၊ နတ်ဝိဇ္ဇာအတတ်နဲ့ ဗေဒင်ပညာ သုံးပြီး အနာဂတ်ကို သိနိုင်တယ်လို့ ပြောကြတယ်။ သေလွန်သူတွေနဲ့ စကားပြောနိုင်တဲ့ပုံ ဖမ်းကြတယ်။ တချို့က စုန်းအတတ်၊ မှော်အတတ် လိုက်စားပြီး ပြုစားကြတယ်။ b
၄ နတ်ဆိုးပညာ ဘယ်လောက် ပျံ့နှံ့နေသလဲ။ လက်တင်အမေရိကနဲ့ ကရစ်ဘီယံ ၁၈ နိုင်ငံမှာ လုပ်တဲ့ စစ်တမ်းအရ မှော်အတတ်၊ စုန်းအတတ်ကို ယုံတဲ့သူ သုံးပုံတစ်ပုံ ရှိပြီး အများစုက ဝိညာဉ်တွေနဲ့ ဆက်သွယ်လို့ရတယ်ဆိုပြီး ယူမှတ်တယ်။ အာဖရိကမှာလည်း ၁၈ နိုင်ငံကို စစ်တမ်းကောက်ခဲ့တယ်။ တစ်ဝက်ကျော်ဟာ စုန်းအတတ်ကို ယုံကြတယ်။ ဒါကြောင့် ဘယ်မှာပဲ နေထိုင်ပါစေ နတ်ဆိုးပညာကို တွန်းလှန်ရမယ်။ စာတန်ဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို” လှည့်စားဖို့ ကြိုးစားနေတယ်။—ဗျာ. ၁၂:၉။
၅။ နတ်ဆိုးပညာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။
၅ ယေဟောဝါဟာ “အမှန်တရားရဲ့ဘုရား” ဖြစ်တယ်။ (ဆာ. ၃၁:၅) နတ်ဆိုးပညာကို ဘုရား ဘယ်လို သဘောထားသလဲ။ ရွံမုန်းတယ်။ “ခင်ဗျားတို့ဆီမှာ ကိုယ့်သားသမီးကို မီးရှို့ပူဇော်သူ၊ နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ပြုစားသူ၊ နတ်ကတော်ကို၊ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊ လူသေကို မေးမြန်းတဲ့သူ တစ်ယောက်မှ မရှိရဘူး။ အဲဒီလိုလူတွေကို ယေဟောဝါ ရွံမုန်းတယ်” လို့ အစ္စရေးတွေကို ယေဟောဝါ ပြောတယ်။ (တရား. ၁၈:၁၀-၁၂) ခရစ်ယာန်တွေဟာ အစ္စရေးတွေကို ပေးခဲ့တဲ့ ပညတ်တရားအောက်မှာ မရှိတော့ဘူး။ ဒါပေမဲ့ နတ်ဆိုးတွေနဲ့ပတ်သက်တဲ့ ဘုရားရဲ့ သဘောထား မပြောင်းလဲဘူးဆိုတာ သိထားကြတယ်။—မာလ. ၃:၆။
၆။ (က) လူတွေကို အန္တရာယ်ပြုဖို့ နတ်ဆိုးပညာကို စာတန် ဘယ်လို သုံးနေသလဲ။ (ခ) ဒေသနာ ၉:၅ အရ လူသေတွေရဲ့ အခြေအနေမှန်က ဘာလဲ။
၆ နတ်ဆိုးပညာ သုံးပြီး လူတွေကို စာတန် အန္တရာယ်ပြုနေမှန်း ယေဟောဝါ သိတဲ့အတွက် သတိပေးထားတယ်။ စာတန်ဟာ နတ်ဆိုးပညာ သုံးပြီး လိမ်ညာမှုတွေကို ဖြန့်နေတယ်။ အဲဒီထဲမှာ လူသေတွေ တခြားဘုံမှာ အသက်ရှင်နေတယ်ဆိုတဲ့ လိမ်ညာမှုလည်း ပါဝင်တယ်။ (ဒေသနာ ၉:၅ ကိုဖတ်ပါ။) လူတွေ ကြောက်လန့်အောင်၊ ယေဟောဝါနဲ့ ဝေးကွာသွားအောင်လည်း နတ်ဆိုးပညာကို စာတန် သုံးနေတယ်။ အဓိကရည်ရွယ်ချက်ကတော့ ယေဟောဝါအစား နတ်ဆိုးတွေကို ယုံကြည်လာစေဖို့ပဲ။
နတ်ဆိုးတွေကို တွန်းလှန်နိုင်ပုံ
၇။ ကျွန်တော်တို့ကို ယေဟောဝါ ဘာပြောထားသလဲ။
၇ စာတန်နဲ့ နတ်ဆိုးတွေရဲ့ လှည့်စားမှုကို ရှောင်နိုင်ဖို့ သိထားသင့်တာတွေကို ယေဟောဝါ ပြောထားတယ်။ စာတန်နဲ့ နတ်ဆိုးတွေကို တွန်းလှန်ဖို့ လုပ်ဆောင်ရမယ့်အချက် တချို့ကို သုံးသပ်ကြည့်ပါ။
၈။ (က) နတ်ဆိုးတွေကို တွန်းလှန်နိုင်တဲ့ အဓိကနည်းက ဘာလဲ။ (ခ) ဆာလံ ၁၄၆:၄ က လူသေတွေနဲ့ပတ်သက်တဲ့ စာတန့်လိမ်ညာမှုကို ဘယ်လို ဖော်ထုတ်သလဲ။
၈ ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်ပါ။ ဒါဟာ နတ်ဆိုးတွေ ဖြန့်နေတဲ့ လိမ်ညာမှုတွေကို ငြင်းပယ်နိုင်တဲ့ အဓိကနည်းပါပဲ။ ကျမ်းစာဟာ ထက်တဲ့ဓားလိုပဲ စာတန့် လိမ်ညာမှုတွေကို ဖော်ထုတ်နိုင်တယ်။ (ဧ. ၆:၁၇) ဥပမာ၊ အသက်ရှင်သူတွေနဲ့ လူသေတွေ ဆက်သွယ်နိုင်တယ်ဆိုတဲ့ အလိမ်အညာကို ဖော်ထုတ်ပေးတယ်။ (ဆာလံ ၁၄၆:၄ ကိုဖတ်ပါ။) ယေဟောဝါသာ အနာဂတ်ကို ကြိုဟောနိုင်ကြောင်း ဖော်ပြတယ်။ (ဟေရှာ. ၄၅:၂၁။ ၄၆:၁၀) ကျမ်းစာ ပုံမှန် ဖတ်ပြီး တွေးတောဆင်ခြင်မယ်ဆိုရင် နတ်ဆိုးတွေရဲ့ လိမ်ညာမှုကို ရွံမုန်းပြီး တွန်းလှန်နိုင်ပါလိမ့်မယ်။
၉။ နတ်ဆိုးပညာနဲ့ဆက်နွှယ်နေတဲ့ ဘယ်ဓလေ့တွေကို ရှောင်သင့်သလဲ။
၉ နတ်ဆိုးပညာနဲ့ပတ်သက်တာ မှန်သမျှကို ရှောင်ပါ။ ခရစ်ယာန်စစ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ နတ်ဆိုးပညာ မှန်သမျှနဲ့ မပတ်သက်ကြဘူး။ ဥပမာ၊ နတ်ကတော်တွေဆီ မသွားဘူး။ လူသေတွေနဲ့ မဆက်သွယ်ဘူး။ ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း တစ်နေရာရာမှာ လူသေတွေ အသက်ရှင်နေတယ်ဆိုတဲ့ ယုံကြည်ချက်ကို အခြေခံတဲ့ အသုဘထုံးစံတွေကို ရှောင်ကြတယ်။ အနာဂတ်ကို သိဖို့ နက္ခတ်ဗေဒင် မကြည့်ဘူး။ (ဟေရှာ. ၈:၁၉) အဲဒီဓလေ့ အားလုံးဟာ အလွန် အန္တရာယ်ရှိပြီး စာတန်၊ နတ်ဆိုးတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပေးမှန်း ကျွန်တော်တို့ သိတယ်။
၁၀-၁၁။ (က) ပထမရာစု ခရစ်ယာန်တချို့ အမှန်တရား သိလာတဲ့အခါ ဘာလုပ်ခဲ့ကြသလဲ။ (ခ) ၁ ကောရိန္သု ၁၀:၂၁ အရ အစောပိုင်းခရစ်ယာန်တွေရဲ့ ပုံသက်သေကို ဘာကြောင့် တုပသင့်သလဲ။ ဘယ်လို တုပနိုင်သလဲ။
၁၀ မှော်ပညာနဲ့ပတ်သက်တာ မှန်သမျှကို ရှင်းထုတ်ပစ်ပါ။ ပထမရာစု၊ ဧဖက်မြို့မှာ နေထိုင်သူတချို့ဟာ နတ်ဆိုးပညာနဲ့ ပတ်သက်ခဲ့သူတွေ ဖြစ်တယ်။ အမှန်တရား သိလာပြီးနောက်မှာ လုပ်သင့်တာကို ချက်ချင်း လုပ်ခဲ့ကြတယ်။ “မှော်အတတ်လိုက်စားသူ များစွာလည်း သူတို့ရဲ့စာစောင်တွေ ယူလာပြီး လူအားလုံးရှေ့မှာ မီးရှို့လိုက်တယ်။” (တ. ၁၉:၁၉) နတ်ဆိုးတွေကို သူတို့ အတတ်နိုင်ဆုံး တွန်းလှန်ခဲ့ကြတယ်။ အလွန်ဈေးကြီးတဲ့ သူတို့ရဲ့ မှော်စာအုပ်တွေကို တခြားသူတွေကို ပေးမယ့်အစား၊ ပြန်ရောင်းမယ့်အစား ဖျက်ဆီးပစ်ကြတယ်။ ငွေကြေးထက် ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ပိုအလေးထားခဲ့ကြတယ်။
၁၁ အစောပိုင်းခရစ်ယာန်တွေရဲ့ ပုံသက်သေကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။ မှော်အတတ်နဲ့ဆက်နွှယ်တာ မှန်သမျှကို ရှင်းထုတ်သင့်တယ်။ အဲဒီအထဲမှာ နတ်ဆိုးတွေရဲ့ရန်ကနေ ကာကွယ်ဖို့ ဝတ်တဲ့၊ ဆောင်ထားတဲ့ အဆောင်ပစ္စည်းတွေ ပါဝင်တယ်။—၁ ကောရိန္သု ၁၀:၂၁ ကိုဖတ်ပါ။
၁၂။ ဖျော်ဖြေရေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၁၂ ကိုယ်ရွေးချယ်တဲ့ ဖျော်ဖြေမှုကို ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘မှော်အတတ်နဲ့ပတ်သက်တဲ့ စာအုပ်၊ မဂ္ဂဇင်း၊ အင်တာနက် ဆောင်းပါးတွေကို ငါ ဖတ်နေသလား။ ငါနားထောင်တဲ့ သီချင်း၊ ကြည့်တဲ့ ရုပ်ရှင်၊ တီဗီအစီအစဉ်၊ ဆော့တဲ့ ဗီဒီယိုဂိမ်းတွေကော ဘယ်လိုလဲ။ နတ်ဆိုးပညာတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ၊ သဘာဝလွန် စွမ်းအားရှင်တွေ ပါနေသလား။ ပြုစားတာ၊ ကျိန်စာတိုက်တာတွေကို အန္တရာယ်မရှိတဲ့ ပျော်စရာအဖြစ် တင်ဆက်ထားသလား။’ စိတ်ကူးယဉ်ဇာတ်လမ်းတွေ၊ ကလေးပုံပြင်တွေ အားလုံး နတ်ဆိုးပညာနဲ့ ပတ်သက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ရွေးချယ်တဲ့ ဖျော်ဖြေမှုကို ဆန်းစစ်ပြီး ယေဟောဝါ မုန်းတဲ့အရာ မှန်သမျှကို ဝေးဝေးရှောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဘုရားရှေ့မှာ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်” ရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။—တ. ၂၄:၁၆။ c
၁၃။ ကျွန်တော်တို့ ဘာကို ရှောင်ရမလဲ။
၁၃ နတ်ဆိုးတွေအကြောင်း မပြောပါနဲ့။ ဒီကိစ္စမှာ ယေရှုရဲ့ ပုံသက်သေကို တုပပါ။ (၁ ပေ. ၂:၂၁) ယေရှုဟာ မြေကြီးပေါ် မလာခင် ကောင်းကင်မှာ နေခဲ့တဲ့အတွက် စာတန်နဲ့ နတ်ဆိုးတွေအကြောင်း ကောင်းကောင်း သိတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေအကြောင်း မပြောဘူး။ ယေရှုဟာ ယေဟောဝါရဲ့ သက်သေပဲ ဖြစ်ချင်တယ်။ စာတန်အကြောင်း ကြော်ငြာသူ မဖြစ်ချင်ဘူး။ ကျွန်တော်တို့လည်း နတ်ဆိုးတွေအကြောင်း မပြောခြင်းအားဖြင့် ယေရှုကို တုပနိုင်တယ်။ အမှန်တရားဖြစ်တဲ့ “ကြည်နူးစရာအကြောင်း” အတွက်ပဲ “စိတ်လှုပ်ရှား” နေကြောင်း စကားအားဖြင့် ဖော်ပြကြတယ်။—ဆာ. ၄၅:၁။
၁၄-၁၅။ (က) နတ်ဆိုးတွေကို ဘာကြောင့် မကြောက်သင့်သလဲ။ (ခ) ဒီနေ့ မိမိလူမျိုးကို ယေဟောဝါ ကာကွယ်နေကြောင်း ဘာအထောက်အထား ရှိသလဲ။
၁၄ နတ်ဆိုးတွေကို မကြောက်ပါနဲ့။ မစုံလင်တဲ့ လောကမှာ အဖြစ်ဆိုးတွေ ကြုံရနိုင်တယ်။ မတော်တဆမှု၊ ဖျားနာမှု၊ သေခြင်းကိုတောင် ရုတ်တရက် ကြုံရနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကြုံရတာ နတ်ဆိုးတွေကြောင့်လို့ မယူဆသင့်ဘူး။ လူတိုင်း “မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်” တယ်လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၉:၁၁) ယေဟောဝါဟာ နတ်ဆိုးတွေထက် အဆပေါင်းများစွာ တန်ခိုးကြီးတယ်။ ဥပမာ၊ ယောဘကို သတ်ပစ်ဖို့ စာတန်ကို ခွင့်မပြုခဲ့ဘူး။ (ယောဘ ၂:၆) မောရှေခေတ်မှာ ယေဟောဝါဟာ အီဂျစ် မှော်ဆရာတွေထက် တန်ခိုးကြီးကြောင်း ပြခဲ့တယ်။ (ထွ. ၈:၁၈။ ၉:၁၁) နောက်ပိုင်း ယေရှုဟာ ယေဟောဝါပေးတဲ့ တန်ခိုးကို သုံးပြီး စာတန်နဲ့ နတ်ဆိုးတွေကို ကောင်းကင်ကနေ မြေကြီးပေါ် နှင်ချခဲ့တယ်။ မကြာခင် ဘယ်သူ့ကိုမှ အန္တရာယ်မပြုနိုင်တဲ့ တွင်းနက်ကြီးထဲ သူတို့ကို ပစ်ချပါတော့မယ်။—ဗျာ. ၁၂:၉။ ၂၀:၂၊ ၃။
၁၅ ဒီနေ့ခေတ် မိမိလူမျိုးကို ယေဟောဝါ ကာကွယ်ပေးတဲ့ အထောက်အထားများစွာ ရှိတယ်။ မြေကြီးတစ်ခွင်လုံးမှာ အမှန်တရား ဟောပြောသွန်သင်နေတာကို စဉ်းစားကြည့်ပါ။ (မ. ၂၈:၁၉၊ ၂၀) မာရ်နတ်ရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ ဖော်ထုတ်နေတာဖြစ်တယ်။ ကျွန်တော်တို့ကို စာတန် တားနိုင်ရင် တားမှာပဲ။ ဒါပေမဲ့ မတားနိုင်ဘူး။ ဒါကြောင့် နတ်ဆိုးတွေကို ကြောက်ဖို့ မလိုပါဘူး။ “ယေဟောဝါဘုရားက စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုးပြဖို့ မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေ” မှန်း ကျွန်တော်တို့ သိတယ်။ (၂ ရာ. ၁၆:၉) ယေဟောဝါကိုသာ သစ္စာရှိမယ်ဆိုရင် ကျွန်တော်တို့ကို နတ်ဆိုးတွေ အန္တရာယ် မပြုနိုင်ပါဘူး။
ယေဟောဝါရဲ့ အကူအညီကို လက်ခံသူတွေအတွက် ကောင်းချီးများ
၁၆-၁၇။ နတ်ဆိုးတွေကို တွန်းလှန်ဖို့ သတ္တိလိုကြောင်း ဥပမာပေးပါ။
၁၆ နတ်ဆိုးတွေကို တွန်းလှန်ဖို့ သတ္တိ လိုတယ်။ အထူးသဖြင့် ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ ဆန့်ကျင်မှု ကြုံရချိန်မှာ ဖြစ်တယ်။ သတ္တိရှိသူကို ယေဟောဝါ ကောင်းချီးပေးတယ်။ ဂါနာနိုင်ငံမှာနေတဲ့ ညီအစ်မ အယ်ရီကာအကြောင်း သုံးသပ်ကြည့်ပါ။ ကျမ်းစာ စလေ့လာချိန်မှာ သူ့အသက် ၂၁ နှစ် ရှိပြီ။ အဖေက မှော်ဆရာဆိုတော့ အဖေ နတ်တင်ထားတဲ့ အသားတွေကို စားခြင်း ပါဝင်တဲ့ နတ်ဆိုးဓလေ့ကို အယ်ရီကာ လိုက်ရမယ်။ သူ ငြင်းတဲ့အခါ နတ်တွေကို စော်ကားတယ်လို့ မိသားစုဝင်တွေ ယူဆကြတယ်။ စိတ်ကော၊ လူကော ရောဂါရအောင် ဒဏ်ခတ်လိမ့်မယ်လို့ ထင်နေကြတယ်။
၁၇ မိသားစုက အတင်းဖိအားပေးတဲ့အခါ အယ်ရီကာ မလိုက်လျောတဲ့အတွက် အိမ်ပေါ်ကနေ ဆင်းခဲ့ရတယ်။ သက်သေခံတချို့က အိမ်မှာ ခေါ်ထားတယ်။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် မိသားစုအသစ် ရလိုက်တယ်။ ယုံကြည်သူချင်းတွေဟာ သူ့အတွက် မောင်နှမတွေလို ဖြစ်လာတယ်။ (မာ. ၁၀:၂၉၊ ၃၀) အယ်ရီကာကို ဆွေမျိုးတွေ ပယ်ထားပြီး သူ့ရဲ့ပစ္စည်းတွေကိုတောင် မီးရှို့လိုက်ပေမဲ့ အယ်ရီကာကတော့ ယေဟောဝါကို ဆက်သစ္စာရှိခဲ့တယ်။ နှစ်ခြင်းခံပြီး မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ နတ်ဆိုးတွေကို မကြောက်ဘူး။ “ယေဟောဝါကို သိခြင်း၊ အမှုဆောင်ခြင်းကနေ ရတဲ့ လွတ်လပ်မှုနဲ့ ကောင်းချီးတွေကို ကျွန်မမိသားစုလည်း ရဖို့ နေ့တိုင်း ဆုတောင်းပေးတယ်” လို့ပြောတယ်။
၁၈။ ယေဟောဝါကို ယုံကြည်ကိုးစားရင် ဘာကောင်းချီးတွေ ရမလဲ။
၁၈ ကျွန်တော်တို့အားလုံး အဲဒီလို ယုံကြည်ခြင်း စမ်းသပ်မှုတော့ ကြုံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ နတ်ဆိုးတွေကို တွန်းလှန်နိုင်ဖို့ ယေဟောဝါကို ယုံကြည်ကိုးစားရမယ်။ ဒါဆိုရင် ကောင်းချီးတွေ ခံစားရပြီး စာတန့်လိမ်ညာမှုကြောင့် လှည့်စားမခံရအောင် ရှောင်နိုင်ပါလိမ့်မယ်။ နတ်ဆိုးတွေကိုလည်း အလွန်အမင်း ကြောက်တော့မှာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ ယာကုပ် ရေးခဲ့သလို “ဘုရားသခင်ကို လက်အောက်ခံကြပါ။ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”—ယာ. ၄:၇၊ ၈။
သီချင်း ၁၅၀ ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ
a နတ်ဆိုးတွေနဲ့ သူတို့ရဲ့ အန္တရာယ်အကြောင်း ယေဟောဝါ မေတ္တာ ပါစွာ သတိပေးထားတယ်။ လူတွေကို နတ်ဆိုးတွေ ဘယ်လို လှည့်စားနေသလဲ။ နတ်ဆိုးတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ။ နတ်ဆိုးတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ရှောင်ဖို့ ယေဟောဝါ ဘယ်လို ကူညီနေကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b စကားလုံး ရှင်းလင်းချက်– နတ်ဆိုးပညာဆိုတာ နတ်ဆိုးတွေနဲ့ဆက်နွှယ်တဲ့ ယုံကြည်မှုတွေ၊ လုပ်ဆောင်မှုတွေကို ဆိုလိုတယ်။ လူသေတဲ့အခါ ဝိညာဉ် ထွက်သွားပြီး နတ်ဝင်သည်ကတစ်ဆင့် အသက်ရှင်သူတွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ပါဝင်တယ်။ စုန်းအတတ်၊ ဗေဒင်အတတ်တွေလည်း ပါဝင်တယ်။ ဒီဆောင်းပါးမှာ ပါတဲ့ မှော်အတတ်ဆိုတာ သဘာဝလွန်စွမ်းအားတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ရပ်တွေကို ဆိုလိုတယ်။ ကျိန်စာတိုက်ခြင်း၊ ပြုစားခြင်းတွေလည်း ပါဝင်တယ်။ ဖျော်ဖြေတဲ့သဘောနဲ့ လက်နဲ့ ကျွမ်းကျင်စွာ လှည့်စားပြတဲ့ မျက်လှည့်နည်းတွေကို ဆိုလိုနေတာ မဟုတ်ဘူး။
c ဖျော်ဖြေရေးနဲ့ပတ်သက်ပြီး စည်းမျဉ်းထုတ်ဖို့ အကြီးအကဲတွေမှာ အခွင့်အာဏာ မရှိပါဘူး။ ခရစ်ယာန်တိုင်းဟာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်ကို သုံးပြီး ကိုယ်ဖတ်မယ့်၊ ကြည့်မယ့်၊ ဆော့မယ့်အရာတွေကို ရွေးချယ်ရမယ်။ ပညာရှိတဲ့ အိမ်ထောင်ဦးစီးတွေဟာ ကျမ်းစာမူနဲ့ ကိုက်ညီတဲ့ ဖျော်ဖြေရေးကို မိသားစုဝင်တွေ ရွေးချယ်ကြောင်း သေချာစေရမယ်။—jw.org® ဝက်ဘ်ဆိုက်မှာပါတဲ့ ကျွန်ုပ်တို့အကြောင်း > မေးလေ့ရှိတဲ့ မေးခွန်းများ ခေါင်းစဉ်အောက်က “ယေဟောဝါသက်သေတွေဟာ တချို့သော ရုပ်ရှင်၊ စာအုပ်နဲ့ သီချင်းတွေကို တားမြစ်ထားတာမျိုး ရှိသလား” ဆောင်းပါးကို ကြည့်ပါ။
d ပုံအညွှန်း– ကောင်းကင်တမန် စစ်တပ်ကို ဦးဆောင်နေတဲ့ တန်ခိုးကြီးဘုရင် ယေရှု။