လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ
“ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်။” —၂ ကော. ၃:၁၇။
၁၊ ၂။ (က) တမန်တော် ပေါလုခေတ်က လူတွေဟာ ကျွန်ဘဝနဲ့ လွတ်လပ်မှုအကြောင်း ဘာကြောင့် စိတ်ဝင်စားကြသလဲ။ (ခ) စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်ဖို့ ဘယ်သူ့ဆီကို ပေါလု လမ်းညွှန်ပေးသလဲ။
အစောပိုင်း ခရစ်ယာန်တွေ နေထိုင်တဲ့ ရောမအင်ပါယာမှာ လူတွေဟာ ဥပဒေ၊ တရားမျှတမှု၊ လွတ်လပ်မှုအတွက် ဂုဏ်ယူကြတယ်။ တကယ်တော့ အဲဒီအင်ပါယာရဲ့ တန်ခိုးအာဏာကို ကျွန်တွေရဲ့ အင်အားနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်။ လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်ဟာ ကျွန်တွေပဲ။ ခရစ်ယာန်တွေ အပါအဝင် လူအများစုဟာ ကျွန်ဘဝနဲ့ လွတ်လပ်မှုအကြောင်း စိတ်ဝင်စားကြမှာ သေချာတယ်။
၂ တမန်တော် ပေါလုရေးတဲ့ စာတွေမှာ လွတ်လပ်မှုအကြောင်း အများကြီး ပါတယ်။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာတော့ အဲဒီခေတ်လူတွေ စိတ်ဝင်စားတဲ့ လူမှုရေး၊ နိုင်ငံရေးအကြောင်း အဓိကထား မဟောခဲ့ဘူး။ ပေါလုနဲ့ ခရစ်ယာန်တွေဟာ လွပ်လပ်မှုအတွက် လူ့အုပ်စိုးရှင်နဲ့ အဖွဲ့အစည်းတွေကို အားကိုးမယ့်အစား ဘုရားနိုင်ငံတော် သတင်းကောင်းနဲ့ ခရစ်တော်ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာအကြောင်း လူတွေ သိလာအောင် ကြိုးစားကူညီပေးကြတယ်။ စစ်မှန်တဲ့ လွတ်လပ်မှုရဲ့ ပင်ရင်းဆီ လမ်းညွှန်ပေးတယ်။ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ရေးတဲ့ ဒုတိယစာမှာ “ယေဟောဝါဟာ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။ ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်” လို့ ဖော်ပြခဲ့တယ်။—၂ ကော. ၃:၁၇။
၃၊ ၄။ (က) ၂ ကောရိန္သု ၃:၁၇ ပါစကားကို ပေါလု ဘာကြောင့် ရေးခဲ့သလဲ။ (ခ) ယေဟောဝါဆီက လွတ်လပ်မှု ခံစားနိုင်ဖို့ ဘာလုပ်ရမလဲ။
၃ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ပေါလုရေးတဲ့ ဒီစာရဲ့ ပထမပိုင်းမှာ မောရှေဟာ ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါးနဲ့ တွေ့ဆုံပြီး ဆိုင်းနိုင်းတောင်ပေါ်ကနေ ဆင်းလာချိန်မှာ သူ့မျက်နှာ ဘုန်းထွန်းတောက်တဲ့အကြောင်း ပါတယ်။ အဲဒါကို လူတွေ မြင်ပြီး ကြောက်တဲ့အတွက် မောရှေက မျက်နှာကို ဖုံးထားရတယ်။ (ထွ. ၃၄:၂၉၊ ၃၀၊ ၃၃။ ၂ ကော. ၃:၇၊ ၁၃) “ယေဟောဝါဆီ ပြန်လှည့်လာတဲ့အခါမှ အဲဒီမျက်နှာဖုံး ဖယ်ရှားခံရတယ်” လို့ ပေါလု ရှင်းပြတယ်။ (၂ ကော. ၃:၁၆) ဘာကို ဆိုလိုသလဲ။
၄ ရှေ့ဆောင်းပါးအရ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ ယေဟောဝါဟာ အကြွင်းမဲ့လွတ်လပ်မှု ပိုင်ဆိုင်သူ ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါ ရှိတဲ့နေရာမှာ၊ “ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေ” မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီလွတ်လပ်မှုကနေ အကျိုးခံစားနိုင်ဖို့ “ယေဟောဝါဆီ ပြန်လှည့်လာ” ရမယ်။ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ရှိရမယ်။ အစ္စရေးတွေ တောကန္တာရမှာ ရှိနေတုန်းက ယေဟောဝါ လုပ်ပေးခဲ့တာတွေအပေါ် သဘောထားမှန် မရှိကြဘူး။ စိတ်နှလုံး အမှောင်ဖုံးပြီး ရလာတဲ့ လွတ်လပ်မှုကို ကိုယ်ကျိုးအတွက် သုံးဖို့ပဲ အာရုံစိုက်ခဲ့ကြတယ်။—ဟီ. ၃:၈-၁၀။
၅။ (က) ယေဟောဝါရဲ့ စွမ်းအားတော်က ဘယ်လိုလွတ်လပ်မှုမျိုး ရရှိစေသလဲ။ (ခ) ပကတိ ချုပ်နှောင်ခံရပေမဲ့ ယေဟောဝါပေးတဲ့ လွတ်လပ်မှု မဆုံးရှုံးမှန်း ဘယ်လို သိနိုင်သလဲ။ (ဂ) ဘယ်မေးခွန်းတွေကို သုံးသပ်ဖို့ လိုသလဲ။
၅ ယေဟောဝါရဲ့ စွမ်းအားတော်နဲ့ဆိုင်တဲ့ လွတ်လပ်မှုဟာ ပကတိ ကျွန်ဘဝကနေ လွတ်မြောက်စေရုံလောက်ပဲ မဟုတ်ဘူး။ ယေဟောဝါရဲ့ စွမ်းအားတော်က အပြစ်နဲ့ သေခြင်းအပြင် မှားယွင်းတဲ့ ဝတ်ပြုရေးနဲ့ ဓလေ့ထုံးစံတွေရဲ့ ကျွန်ဘဝကနေလည်း လွတ်မြောက်စေတယ်။ ဒါကို ဘယ်လူသားမှ မလုပ်ပေးနိုင်ဘူး။ (ရော. ၆:၂၃။ ၈:၂) တကယ့် လွတ်လပ်မှုကြီးပါပဲ။ ထောင်ကျနေချိန်၊ ကျွန်ဘဝရောက်နေချိန်မှာတောင် အဲဒီလွတ်လပ်မှုကို ခံစားနိုင်တယ်။ (က. ၃၉:၂၀-၂၃) ယုံကြည်ခြင်းအတွက် နှစ်ပေါင်းများစွာ ထောင်ကျခဲ့တဲ့ ညီအစ်မ နန်စီယွန်နဲ့ ညီအစ်ကို ဟယ်ရယ်ကင်းတို့ အဲဒီအတိုင်း ခံစားခဲ့ရတယ်။ JW ရုပ်သံမှာ သူတို့ရဲ့တွေ့ကြုံမှု ပါတယ်။ (လူတွေ့မေးမြန်းခန်းနဲ့ တွေ့ကြုံမှုများ > စမ်းသပ်မှုများ ရင်ဆိုင်ရချိန် ခေါင်းစဉ်အောက်မှာ ကြည့်ပါ။) လွတ်လပ်မှုကို မြတ်နိုးကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ၊ လွတ်လပ်မှုကို အကျိုးရှိရှိ ဘယ်လိုသုံးနိုင်သလဲ ဆိုတဲ့မေးခွန်းတွေကို သုံးသပ်ဖို့ လိုတယ်။
ဘုရားပေး လွတ်လပ်မှုကို တန်ဖိုးထားခြင်း
၆။ ယေဟောဝါပေးတဲ့ လွတ်လပ်မှုကို ကျေးဇူးမတင်ကြောင်း အစ္စရေးတွေ ဘယ်လို ပြခဲ့ကြသလဲ။
၆ လက်ဆောင်တစ်ခုရဲ့ တန်ဖိုးကြီးမားမှုကို သိလိုက်ရတဲ့အခါ လက်ဆောင်ပေးသူကို ကျေးဇူးတင်ကြောင်း ပြချင်ကြမှာပဲ။ အစ္စရေးတွေကတော့ အီဂျစ်ကျွန်ဘဝကနေ လွတ်မြောက်အောင် ယေဟောဝါ လုပ်ပေးခဲ့တာကို ကျေးဇူးမတင်ကြဘူး။ လအနည်းငယ်ကြာတော့ အီဂျစ်မှာ စားသောက်ခဲ့ရတာတွေကို ပြန်တမ်းတကြတယ်။ ယေဟောဝါ ပြင်ဆင်ပေးတာကို ညည်းညူပြီး အီဂျစ်ကိုတောင် ပြန်ချင်ကြတယ်။ စစ်မှန်တဲ့ဘုရား ယေဟောဝါကို လွတ်လပ်စွာ ဝတ်ပြုခွင့်ထက် “ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ” ကို အဓိကထားကြတယ်။ ဒါကြောင့် သူတို့ကို ယေဟောဝါ စိတ်ဆိုးခဲ့တာ အံ့သြစရာ မဟုတ်ပါဘူး။ (တော. ၁၁:၅၊ ၆၊ ၁၀။ ၁၄:၃၊ ၄) ကျွန်တော်တို့အတွက် သင်ခန်းစာပါပဲ။
၇။ ၂ ကောရိန္သု ၆:၁ မှာပါတဲ့ အကြံပေးချက်နဲ့အညီ ပေါလု ဘယ်လို လုပ်ဆောင်ခဲ့သလဲ။ ကျွန်တော်တို့လည်း ဘယ်လို လုပ်နိုင်သလဲ။
၇ သားတော် ယေရှုခရစ်ကတစ်ဆင့် ယေဟောဝါပေးတဲ့ လွတ်လပ်မှုကို အခွင့်ကောင်း မယူဖို့ ခရစ်ယာန်အားလုံးကို တမန်တော်ပေါလု တိုက်တွန်းတယ်။ (၂ ကောရိန္သု ၆:၁ ကိုဖတ်ပါ။) အပြစ်နဲ့ သေခြင်းရဲ့ ကျွန်ဘဝရောက်နေပြီလို့ ခံစားရတဲ့ ပေါလုရဲ့ စိတ်ဒုက္ခ၊ သိစိတ်ရဲ့ ထိုးနှက်မှုဒဏ်ကို စဉ်းစားကြည့်ပါ။ ဒါတောင်မှ “သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ သူပြောတယ်။ ဘာကြောင့်လဲ။ “ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေသူတွေကို အသက်ပေးတဲ့ စွမ်းအားတော်နဲ့ဆိုင်တဲ့ တရားက ခင်ဗျားတို့ကို အပြစ်တရားနဲ့ သေခြင်းတရားရဲ့ လက်အောက်ကနေ လွတ်မြောက်စေလို့ပဲ” ဆိုပြီး သူရှင်းပြတယ်။ (ရော. ၇:၂၄၊ ၂၅။ ၈:၂) ကျွန်တော်တို့လည်း အပြစ်နဲ့ သေခြင်းကနေ ယေဟောဝါ လွတ်မြောက်စေခဲ့တာကို ပေါလုလိုပဲ ကျေးဇူးတင်သင့်တယ်။ ရွေးဖိုးပူဇော်သက္ကာကြောင့် ဘုရားသခင်ကို စင်ကြယ်တဲ့ သိစိတ်နဲ့ ကိုးကွယ်နိုင်လို့ တကယ်ပျော်ရွှင်နေကြတယ်။—ဆာ. ၄၀:၈။
၈၊ ၉။ (က) လွတ်လပ်မှုနဲ့ပတ်သက်ပြီး တမန်တော် ပေတရု ဘယ်လို သတိပေးသလဲ။ (ခ) အခု ဘယ်အန္တရာယ်တွေ ရင်ဆိုင်နေရသလဲ။
၈ ကျေးဇူးတင်ကြောင်း ပြတဲ့အပြင် လွတ်လပ်မှုကို အလွဲသုံးစား မလုပ်ဖို့လည်း သတိထားရမယ်။ လွတ်လပ်မှုကို ခုတုံးလုပ်ပြီး သွေးသားဆန္ဒ ဖြည့်ဆည်းတာကို တမန်တော် ပေတရု သတိပေးခဲ့တယ်။ (၁ ပေတရု ၂:၁၆ ကိုဖတ်ပါ။) ဒီသတိပေးချက်က တောကန္တာရမှာ အစ္စရေးတွေ ဘာတွေ ကြုံခဲ့ရတယ်ဆိုတာ ပြန်သတိရစေတယ်။ ကျွန်တော်တို့မှာ ဒီထက်မက အန္တရာယ် ရှိနိုင်တယ်။ စာတန်နဲ့ လောကဟာ အဝတ်အစား၊ အစားအသောက်၊ ဖျော်ဖြေရေး၊ အပန်းဖြေမှု စတဲ့ကဏ္ဍတွေမှာ မက်လုံးအမျိုးမျိုးပေးပြီး ဆွဲဆောင်နေတယ်။ ကြော်ငြာတွေကလည်း မလိုအပ်ဘဲ ပစ္စည်းတွေ ဝယ်ချင်လာအောင် ဆွဲဆောင်နေတယ်။ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ပြီး အဲဒီထောင်ချောက်တွေထဲ ကျဖို့ သိပ်လွယ်တယ်။
၉ ပေတရုရဲ့အကြံဉာဏ်ဟာ ပညာရေး၊ အလုပ်အကိုင် ရွေးချယ်ခြင်းစတဲ့ အရေးကြီး ဘဝကဏ္ဍတွေနဲ့လည်း သက်ဆိုင်တယ်။ ဥပမာ၊ လူငယ်တွေဟာ နာမည်ကြီးတက္ကသိုလ် ဝင်နိုင်အောင် အမှတ်ကောင်းရဖို့ ဖိအားပေးခံနေရတယ်။ တက္ကသိုလ်တက်မှ လစာကောင်းပြီး ဂုဏ်ရှိတဲ့အလုပ် ရနိုင်မယ်လို့ အယုံသွင်းခံနေရတယ်။ နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရသူတွေနဲ့ အခြေခံပညာပဲ သင်ထားသူတွေရဲ့ ဝင်ငွေ ကွာဟချက်ကိုလည်း တွက်ပြကြတယ်။ တစ်ဘဝလုံးအပေါ် သက်ရောက်မှု ရှိစေတဲ့ ဆုံးဖြတ်ချက် ချရမယ့်အခါမျိုးမှာ အဲဒါတွေက သွေးဆောင်မှုဖြစ်စေတယ်။ လူငယ်တွေနဲ့ မိဘတွေ ဘာကို စိတ်စွဲမှတ်ထားသင့်သလဲ။
၁၀။ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပေမဲ့ ဘာကို အမှတ်ရနေဖို့ လိုသလဲ။
၁၀ အဲဒါတွေဟာ ကိုယ်ရေးကိုယ်တာကိစ္စဆိုတော့ ကိုယ့်သိစိတ် ခွင့်ပြုတယ်ဆိုရင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတယ်လို့ တချို့ ယူဆကြမယ်။ ‘အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ်ကြောင့် စစ်ကြောစီရင်ရမည်နည်း’ ဆိုတဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ တမန်တော်ပေါလု ပြောတဲ့စကားကို စိတ်ထဲရှိနေလို့ ဖြစ်မယ်။ (၁ ကော. ၁၀:၂၉၊ ယုဒသန်) ပညာရေး၊ အလုပ်အကိုင် စတာတွေမှာ လွတ်လွတ်လပ်လပ် ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ လွတ်လပ်မှု အကန့်အသတ် ရှိတယ်၊ ဆုံးဖြတ်ချက်တိုင်းမှာ အကျိုးဆက်တွေ ရှိတယ်ဆိုတာ အမှတ်ရနေဖို့ လိုတယ်။ ဒါကြောင့် ပေါလုက “အရာအားလုံးကို လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံး အကျိုးရှိတာ မဟုတ်ဘူး။ အရာအားလုံးကို လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံး အားပေးမှုဖြစ်စေတာ မဟုတ်ဘူး” လို့ ဆိုတယ်။ (၁ ကော. ၁၀:၂၃) အဲဒါက ဘဝကဏ္ဍအသီးသီးမှာ ကိုယ့်အကြိုက်ထက် ပိုအရေးကြီးတာ ရှိကြောင်း သိမြင်စေတယ်။
လွတ်လပ်မှုကို ဘုရားအမှုဆောင်ရာမှာ အကျိုးရှိရှိ သုံးပါ
၁၁။ ကျွန်တော်တို့ကို လွတ်လပ်မှုပေးတဲ့ ရည်ရွယ်ချက်က ဘာလဲ။
၁၁ လွတ်လပ်မှုကို အလွဲသုံးစား မလုပ်ဖို့ ပေတရု သတိပေးတဲ့အခါ အကြောင်းရင်းကို ထောက်ပြတယ်။ “ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေအဖြစ်” လွတ်လပ်မှုကို သုံးဖို့ သူတိုက်တွန်းတယ်။ အပြစ်နဲ့ သေခြင်းကနေ ယေရှုကတစ်ဆင့် ယေဟောဝါ လွတ်မြောက်စေတဲ့ ရည်ရွယ်ချက်က “ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေ၊” ဆက်ကပ်အပ်နှံထားသူတွေအဖြစ် အသက်ရှင်ဖို့ပဲ။
၁၂။ နောဧနဲ့ မိသားစု ဘာပုံသက်သေ ချမှတ်ခဲ့သလဲ။
၁၂ လွတ်လပ်မှုကို အလွဲသုံးစား လုပ်ခြင်း၊ ရည်မှန်းချက်ကြီးခြင်း၊ လောကအလိုဆန္ဒတွေ ရှိခြင်းကနေ ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းက ဘုရားရေးရာလုပ်ဆောင်မှုတွေမှာ စိတ်နှစ်မြှုပ်ထားဖို့ပဲ။ (ဂလ. ၅:၁၆) နောဧနဲ့ မိသားစုအကြောင်း သုံးသပ်ကြည့်ပါ။ အကြမ်းဖက် အကျင့်ပျက် လောကမှာ အသက်ရှင်ခဲ့ရပေမဲ့ ဝန်းကျင်ရှိသူတွေရဲ့ အလိုဆန္ဒတွေ၊ လိုက်စားမှုတွေနဲ့ ကင်းကင်းရှင်းရှင်း နေခဲ့ကြတယ်။ ဘယ်လို နေနိုင်ခဲ့ကြသလဲ။ ယေဟောဝါ ခိုင်းထားတဲ့ သင်္ဘောဆောက်ခြင်း၊ ကိုယ်တိုင်နဲ့ တိရစ္ဆာန်တွေအတွက် အစားအစာ သိုလှောင်ခြင်း၊ တခြားသူတွေကို သတိပေးခြင်းလုပ်ငန်းတွေမှာ အလုပ်များနေကြလို့ပါပဲ။ ‘နောဧဟာ ဘုရားသခင် မိန့်မှာသမျှအတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း လုပ်တယ်။’ (က. ၆:၂၂) ဘာရလဒ် ရခဲ့သလဲ။ ဖျက်ဆီးခြင်းဘေးကနေ နောဧနဲ့ မိသားစု လွတ်မြောက်ခဲ့တယ်။—ဟီ. ၁၁:၇။
၁၃။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဘာမိန့်မှာထားသလဲ။
၁၃ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဘာမိန့်မှာထားသလဲ။ ယေရှုတပည့်တွေအနေနဲ့ ဘုရားပေးတာဝန်ကို ကောင်းကောင်း သိထားကြတယ်။ (လုကာ ၄:၁၈၊ ၁၉ ကိုဖတ်ပါ။) လူအများစုဟာ ဒီလောကစနစ်ရဲ့ ဘုရားကြောင့် ဉာဏ်မျက်စိ ကွယ်နေပြီး ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးအချုပ်အနှောင်အောက် ရောက်နေကြတယ်။ (၂ ကော. ၄:၄) ကျွန်တော်တို့ကတော့ ယေရှုပုံသက်သေကို တုပပြီး လွတ်လပ်မှုရဲ့ ဘုရား ယေဟောဝါကို ဝတ်ပြုလာအောင် လူတွေကို ကူညီပေးခွင့် ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀) လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ အခက်အခဲ အများကြီး ရှိတယ်။ တချို့နိုင်ငံမှာ လူတွေဟာ ဘာသိဘာသာ နေလာကြတယ်၊ ရန်လိုလာကြတယ်။ ကျွန်တော်တို့ယောက်တိုင်း ‘ငါ့လွတ်လပ်မှုကို နိုင်ငံတော်လုပ်ငန်း ထောက်ပံ့ရာမှာ သုံးနိုင်မလား’ လို့ စဉ်းစားသင့်တယ်။
၁၄၊ ၁၅။ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါရဲ့လူမျိုး ဘယ်လို သဘောထားကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၁၄ လက်ရှိအချိန်ရဲ့ အရေးကြီးမှုကို လူများစွာ သတိပြုမိပြီး အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်ဖို့ ဘဝကို ရိုးရှင်းစေခဲ့ကြတယ်။ (၁ ကော. ၉:၁၉၊ ၂၃) ကိုယ့်နယ်မြေမှာ အမှုဆောင်သူတွေ ရှိသလို ပိုလိုအပ်တဲ့နေရာကို ပြောင်းရွှေ့သူတွေလည်း ရှိတယ်။ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း မှန်မှန်ရှေ့ဆောင် ပျမ်းမျှအရေအတွက် ၁,၁၀၀,၀၀၀ ကျော်အထိ တိုးများလာတယ်။ ဒါကြောင့် အချိန်ပြည့် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်သူ ၂၅၀,၀၀၀ ကျော် ထပ်တိုးလာတယ်။ လွတ်လပ်မှုကို ယေဟောဝါ အမှုတော်ဆောင်ရာမှာ အကျိုးရှိရှိ သုံးခြင်းရဲ့ ရလဒ်ကောင်းပါပဲ။—ဆာ. ၁၁၀:၃။
၁၅ လွတ်လပ်မှုကို အကျိုးရှိရှိ သုံးဖို့ ညီအစ်ကို/မတွေကို ဘာက ကူညီပေးသလဲ။ နိုင်ငံများစွာမှာ နှစ်ပေါင်း ၃၀ ကြာ အမှုဆောင်ခဲ့တဲ့ ဂျွန်နဲ့ ဂျူးဒစ်ကို သုံးသပ်ကြည့်ပါ။ ရှေ့ဆောင်လုပ်ငန်းကျောင်း စတင်တဲ့ ၁၉၇၇ ခုနှစ်မှာ ပိုလိုအပ်တဲ့နေရာတွေကို ပြောင်းရွှေ့အမှုဆောင်ကြဖို့ အလေးပေး ပြောခဲ့တာကို သူတို့ မှတ်မိသေးတယ်။ အဲဒီပန်းတိုင် ရောက်နိုင်ဖို့ ဂျွန်ဟာ အလုပ်အမျိုးမျိုး ပြောင်းလုပ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်း ထားခဲ့တယ်။ သူတို့ နိုင်ငံရပ်ခြားကို ရောက်တော့ ယေဟောဝါဆီ ဆုတောင်း အားထားခြင်းက ဘာသာစကားသစ် သင်ယူဖို့၊ ယဉ်ကျေးမှုအသစ်မှာ နေသားကျဖို့၊ ရာသီဥတုဒဏ် ခံနိုင်ဖို့ အကူအညီ ဖြစ်စေတယ်။ သူတို့ ဘယ်လို အကျိုးရခဲ့သလဲ။ “အကောင်းဆုံးအလုပ်မှာ ဘဝကို မြှုပ်နှံခဲ့တယ်လို့ ခံစားမိတယ်။ ယေဟောဝါဟာ တကယ့်ပုဂ္ဂိုလ်၊ မေတ္တာပြည့်ဝတဲ့ ဖခင်လို ဖြစ်လာတယ်။ ‘ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်’ ဆိုတဲ့ ယာကုပ် ၄:၈ ပါ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကို ပိုနားလည်လာတယ်။ ကျွန်တော်ရှာနေတဲ့ ဘဝရည်ရွယ်ချက်ကို တွေ့ပြီ” ဆိုပြီး ဂျွန် ပြောတယ်။
၁၆။ လူများစွာဟာ အခြေအနေခွင့်ပြုသရွေ့ လွတ်လပ်မှုကို ဘယ်လို အကျိုးရှိရှိ အသုံးပြုခဲ့သလဲ။
၁၆ တချို့ကျတော့ ဂျွန်နဲ့ ဂျူးဒစ်တို့လို မဟုတ်ဘဲ အချိန်ပြည့်လုပ်ငန်းမှာ တစ်ခဏပဲ ပါဝင်နိုင်ကြတယ်။ အများစုက ကမ္ဘာတစ်ဝန်း ဆောက်လုပ်ရေး စီမံကိန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ကြတယ်။ ဥပမာ၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ်ကို ဆောက်ချိန်မှာ ညီအစ်ကို/မ ၂၇,၀၀၀ ခန့်ဟာ နှစ်ပတ်ကနေ တစ်နှစ်မက လုပ်အားပေးခဲ့ကြတယ်။ အများစုဟာ ကိုယ်ကျိုးစွန့်ပြီး လုပ်အားပေးကြတာ။ လွတ်လပ်မှုရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ဖို့ ဘုရားပေး လွတ်လပ်မှုကို အကောင်းဆုံး အသုံးချခဲ့တဲ့ နမူနာပါပဲ။
၁၇။ ဘုရားပေး လွတ်လပ်မှုကို အကျိုးရှိရှိ အသုံးချသူတွေအတွက် ဘာကောင်းချီးတွေ စောင့်ကြိုနေသလဲ။
၁၇ ယေဟောဝါကို သိကျွမ်းခွင့်ရပြီး စစ်မှန်တဲ့ ဝတ်ပြုရေးကြောင့် လွတ်လပ်မှု ခံစားရနေတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုတွေက လွတ်လပ်မှုကို တန်ဖိုးထားကြောင်း ဖော်ပြနိုင်ပါစေ။ လွတ်လပ်မှုကို တလွဲသုံးမယ့်အစား ယေဟောဝါကို စိတ်နှလုံးအပြည့်အဝနဲ့ အတတ်နိုင်ဆုံး အမှုဆောင်ကြစို့။ ဒါဆိုရင် “ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်” ဆိုတဲ့ ယေဟောဝါရဲ့ ပရောဖက်ပြုချက်ပါ ကောင်းချီးတွေ ခံစားရဖို့ စောင့်မျှော်နိုင်ပါတယ်။—ရော. ၈:၂၁။