သင့်စေတနာစိတ်က ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေပါ
‘စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့် ယေဟောဝါ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။’—သူကြီး. ၅:၂။
၁၊ ၂။ (က) ဘုရားသခင်ကို ဝတ်ပြုဖို့ ကြိုးစားမှုကို ဧလိဖတ်နဲ့ ဗိလဒဒ် ဘယ်လို ပြောခဲ့သလဲ။ (ခ) မိမိရဲ့သဘောထားကို ယေဟောဝါ ဘယ်လို ဖော်ပြခဲ့သလဲ။
“လူက ဘုရားသခင်အတွက် အသုံးဝင်လို့လား။ ထိုးထွင်းဉာဏ်ရှိသူကရော ဘုရားကို အကျိုးပြုလို့လား။ ခင်ဗျားဖြောင့်မတ်တာကို အနန္တတန်ခိုးရှင် အရေးစိုက်ပါ့မလား။ သမာဓိလမ်းစဉ်အတိုင်း ခင်ဗျားလိုက်လျှောက်လို့ကော ဘုရားက ဘာအကျိုးရလို့လဲ။” (ယောဘ ၂၂:၁-၃၊ ကဘ) အဲဒီမေးခွန်းတွေကို စဉ်းစားဖူးသလား။ ယောဘကို တေမန်အမျိုးသား ဧလိဖတ် အဲဒီလို မေးခဲ့တယ်။ အဖြေကတော့ အသုံးမဝင်ဘူး၊ အကျိုးမပြုဘူး၊ အရေးမစိုက်ဘူး၊ အကျိုးမရဘူးလို့ ဧလိဖတ် ယုံကြည်ခဲ့တယ်။ ဘုရားသခင်ရှေ့မှာ လူသားတွေ မဖြောင့်မတ်နိုင်ဘူးလို့တောင် ရှုအာအမျိုးသား ဗိလဒဒ် ပြောခဲ့တယ်။—ယောဘ ၂၅:၄ ကိုဖတ်ပါ။
၂ သစ္စာရှိရှိ ဝတ်ပြုဖို့ ကြိုးစားနေလို့လည်း ယေဟောဝါအတွက် အကျိုးမရှိဘူး၊ ကျွန်တော်တို့ကို ပိုးရွ၊ တီကောင်လောက်ပဲ သဘောထားတယ်လို့ အဲဒီမိတ်ဆွေအတုအယောင်တွေ ပြောကြတယ်။ (ယောဘ ၄:၁၉။ ၂၅:၆) အပေါ်ယံ ကြည့်လိုက်ရင် ဧလိဖတ်နဲ့ ဗိလဒဒ်တို့ အတော်နှိမ့်ချတယ်လို့ ထင်စရာပါပဲ။ (ယောဘ ၂၂:၂၉) တောင်ထိပ်၊ လေယာဉ်ပြတင်းပေါက်ကနေ ကြည့်ရင် လူတို့ရဲ့ လှုပ်ရှားမှုကို မှုန်ဝါးဝါးပဲ မြင်ရတယ်။ မြင့်မားလှတဲ့ ကောင်းကင်ကနေ ကမ္ဘာကို ငုံ့ကြည့်လိုက်တဲ့အခါ နိုင်ငံတော် လုပ်ငန်းအတွက် ကျွန်တော်တို့ရဲ့ ပါဝင်ကြိုးစားမှုကို ယေဟောဝါ အဲဒီလိုပဲ မြင်သလား။ မမြင်ပါဘူး။ မဟုတ်မမှန် ပြောဆိုတဲ့အတွက် ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ကို ယေဟောဝါ ဆုံးမချိန်မှာ မိမိရဲ့ သဘောထားကို ဖော်ပြခဲ့တယ်။ ယောဘကိုတော့ နှစ်သက်ပြီး “ငါ့ကျွန်” လို့ ခေါ်ခဲ့တယ်။ (ယောဘ ၄၂:၇၊ ၈) လူဟာ “ဘုရားသခင်အတွက်” အမှန်တကယ် “အသုံးဝင်” နိုင်ပါတယ်။
‘ဘုရားကို ဘာအကျိုးပြုသလဲ’
၃။ ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်ပြီး ဧလိဟု ဘာပြောခဲ့သလဲ။ ဘာဆိုလိုသလဲ။
၃ ‘ခင်ဗျား ဖြောင့်မတ်နေလို့ကော ဘုရားကို ဘာအကျိုးပြုလို့လဲ။ ခင်ဗျားဆီကနေ ဘုရား ဘာများရလို့လဲ’ ဆိုပြီး မေးခဲ့တဲ့ ဧလိဟုကိုတော့ ယေဟောဝါ မဆုံးမခဲ့ဘူး။ (ယောဘ ၃၅:၇၊ ကဘ) ဘုရားသခင်ကို ဝတ်ပြုဖို့ ကြိုးစားနေတာ အကျိုးမရှိဘူးလို့ ဧလိဟု ဆိုလိုနေတာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ မှီခိုနေတာ မဟုတ်ကြောင်း ဧလိဟု ပြောနေတာပါ။ ယေဟောဝါဟာ ပြည့်ဝစုံလင်တယ်။ ကျွန်တော်တို့အနေနဲ့ ယေဟောဝါ ပိုချမ်းသာအောင်၊ ပိုခွန်အားကြီးအောင် မလုပ်နိုင်ဘူး။ တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကောင်းမြတ်မှု၊ အစွမ်းအစ၊ ခွန်အားတွေဟာ ဘုရားသခင်ဆီကပဲ။ အဲဒါတွေကို ဘယ်လို အသုံးပြုနေတယ်ဆိုတာ ဘုရားသခင် သတိပြုကြည့်နေတယ်။
၄။ တခြားသူတွေအပေါ် ကြင်နာမှုပြတာကို ယေဟောဝါ ဘာနဲ့ နှိုင်းထားသလဲ။
၄ မိမိကျေးကျွန်တွေအပေါ် မေတ္တာပြတာကို မိမိအပေါ် ပြတယ်လို့ ယေဟောဝါ ယူဆတယ်။ “ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍ သူပြုသော အမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်” လို့ သုတ္တံ ၁၉:၁၇ မှာ ပြောထားတယ်။ ဆင်းရဲသားတွေအပေါ်ပြတဲ့ ကြင်နာမှုတိုင်းကို ယေဟောဝါ သတိပြုကြည့်နေတယ်လို့ အဲဒီကျမ်းချက် ဆိုလိုနေတာ မဟုတ်လား။ လူသားတွေအပေါ် အကြွေးတင်နေတယ်၊ မျက်နှာသာကောင်းချီး ပေးပြီး ပြန်ပေးဆပ်ရမယ်လို့ စကြဝဠာ ဖန်ဆင်းရှင် ယူဆသလား။ အဲဒီလို ယူဆကြောင်း ဘုရားသခင့် သားတော်ကိုယ်တိုင် အတည်ပြုခဲ့တယ်။—လုကာ ၁၄:၁၃၊ ၁၄ ကိုဖတ်ပါ။
၅။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၅ မိမိကိုယ်စား ပြောဆိုဖို့၊ မိမိရည်ရွယ်ချက် အကောင်အထည် ဖော်ရာမှာ သစ္စာရှိလူသားတွေကို ပါဝင်စေလိုကြောင်း ဖော်ပြဖို့ ပရောဖက် ဟေရှာယကို ယေဟောဝါ ဖိတ်ခေါ်ခဲ့တယ်။ (ဟေရှာ. ၆:၈-၁၀) အဲဒီဖိတ်ခေါ်ချက်ကို ဟေရှာယ လိုလိုလားလား လက်ခံခဲ့တယ်။ ဒီနေ့ လူထောင်ပေါင်းများစွာလည်း “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဆိုတဲ့ သဘောထားမျိုး တင်ပြနေကြလေရဲ့။ ယေဟောဝါရဲ့ အမှုတော်မှာ ခက်ခဲတဲ့တာဝန်တွေကို ထမ်းဆောင်နေကြတယ်။ ဒါတောင်မှ ‘တစ်ဦးချင်းရဲ့ လုပ်ဆောင်မှုက တကယ်ပဲ အရေးပါလို့လား။ ငါ့ကို စေတနာ့ဝန်ထမ်းခွင့်၊ ပါဝင်ခွင့် ပေးထားပေမဲ့ ငါကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ မိမိစကားပြည့်စုံအောင် ယေဟောဝါ ဘာမဆို လုပ်ဆောင်နိုင်တယ် မဟုတ်လား’ လို့ မေးမိနိုင်တယ်။ အဲဒီမေးခွန်းတွေကို ဒေဗောရနဲ့ ဗာရက်ခေတ် ဖြစ်ရပ်က ဘယ်လို ဖြေပေးတယ်ဆိုတာ သုံးသပ်ကြည့်ပါ။
ထိတ်လန့်ကြောက်ရွံ့ပေမဲ့ ဘုရားသခင် ခွန်အားပေး
၆။ အစ္စရေးရွာသားတွေနဲ့ ယာဘိန်ရဲ့ စစ်တပ် ဘယ်လို ကွာခြားသလဲ။
၆ ခါနာန်ဘုရင် ယာဘိန်က အစ္စရေးတွေကို အနှစ် ၂၀ လုံးလုံး “အလွန်ညှဉ်းဆဲ” ခဲ့တယ်။ အစ္စရေး ရွာသားတွေ အိမ်ပြင်ထွက်ဖို့တောင် ကြောက်နေကြရတယ်။ သူတို့မှာ စစ်လက်နက်၊ စစ်ဝတ်စုံတွေ မရှိကြဘူး။ ရန်သူတွေမှာတော့ သံဓားကောက် တပ်ထားတဲ့ စစ်မြင်းရထား ၉၀၀ ရှိတယ်။—သူကြီး. ၄:၁-၃၊ ၁၃။ ၅:၆-၈။ a
၇၊ ၈။ (က) ဗာရက်ကို ယေဟောဝါ ဦးဆုံး ဘယ်လို ညွှန်ကြားခဲ့သလဲ။ (ခ) ယာဘိန်ရဲ့ စစ်တပ်ကို အစ္စရေးတွေ ဘယ်လို အနိုင်ရခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၇ ယေဟောဝါက ပရောဖက်မ ဒေဗောရကတစ်ဆင့် ဗာရက်ကို ရှင်းရှင်းလင်းလင်း မိန့်မှာတယ်– “သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။ ငါသည်လည်း ယာဘိန်မင်း၏ ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌ အပ်မည်။”—သူကြီး. ၄:၄-၇။
၈ ချက်ချင်း သတင်းပျံ့သွားတယ်။ တာဗော်တောင်မှာ စေတနာ့ဝန်ထမ်းတွေ စုဝေးကြတယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ဗာရက် ချက်ချင်း လိုက်နာခဲ့တယ်။ (တရားသူကြီး ၄:၁၄-၁၆ ကိုဖတ်ပါ။) တာနက်မြို့ တိုက်ပွဲအတွင်း ရုတ်တရက် မိုး သည်းသည်းမဲမဲ ရွာပြီး ရွှံ့ဗွက်အိုင် ဖြစ်သွားတယ်။ ၁၅ မိုင် (၂၄ ကီလိုမီတာ) ဝေးတဲ့ ဟာရောရှက်မြို့အထိ သိသရရဲ့ စစ်တပ်နောက် ဗာရက် လိုက်သွားတယ်။ ကြောက်မက်ဖွယ် ကောင်းခဲ့သလောက် အသုံးမဝင်တော့တဲ့ မြင်းရထားကို လမ်းတစ်နေရာရာမှာ သိသရ စွန့်ပစ်ခဲ့ပြီး ကေဒေရှမြို့အနား၊ ဇာနိမ်အရပ်ဆီ ပြေးတော့တယ်။ တဲထဲ ဝင်နားတဲ့ သိသရကို ကေနိအမျိုးသား ဟေဗာရဲ့ မိန်းမ ယေလ ကြိုဆိုခဲ့တယ်။ ပင်ပန်းလွန်းလို့ သိသရ အိပ်ပျော်သွားတယ်။ ယေလ ရဲဝံ့ပြတ်သားစွာ အသေသတ်တာကို သိသရ အလွယ်တကူ ခံလိုက်ရတယ်။ (သူကြီး. ၄:၁၇-၂၁) အစ္စရေးလူမျိုးရဲ့ ရန်သူ ကျဆုံးသွားပါပြီ။ b
စေတနာစိတ်ရဲ့ ဆန့်ကျင်ဘက်
၉။ သိသရနဲ့ တိုက်ပွဲအကြောင်း တရားသူကြီး ၅:၂၀၊ ၂၁ မှာ ဘယ်အသေးစိတ်အချက်တွေ ဖော်ပြထားသလဲ။
၉ တရားသူကြီး အခန်းကြီး ၄ နဲ့ ၅ ကို တွဲလေ့လာသင့်တယ်။ တစ်ခန်းမှာ မပါတဲ့ အသေးစိတ်အချက်အလက်တွေကို နောက်တစ်ခန်းမှာ တွေ့ရမယ်။ ဥပမာ၊ တရားသူကြီး ၅:၂၀၊ ၂၁ မှာ “ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါ သိသရကို စစ်တိုက်ကြ၏။ . . . ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏” လို့ဖော်ပြထားတယ်။ ဒါက ကောင်းကင်တမန်တွေ ကူညီတာ၊ ဥက္ကာခဲတစ်မျိုးမျိုး ရွာကျတာကို ဆိုလိုသလား။ မှတ်တမ်းမှာ အသေးစိတ် မဖော်ပြထားဘူး။ ဒါပေမဲ့ စစ်မြင်းရထား ၉၀၀ ကို နစ်မြုပ်စေဖို့ နေရာအတိအကျ၊ အချိန်အတိအကျ မိုးသည်းသည်းမဲမဲ ရွာတာဟာ ယေဟောဝါရဲ့ ကြားဝင်ဆောင်ရွက်မှုကလွဲလို့ ဘာများဖြစ်နိုင်မှာလဲ။ ယေဟောဝါကြောင့် အောင်ပွဲရတယ်လို့ တရားသူကြီး ၄:၁၄၊ ၁၅ မှာ သုံးကြိမ် ဖော်ပြထားတယ်။ အစ္စရေး စေတနာ့ဝန်ထမ်း ၁၀,၀၀၀ ထဲက တစ်ယောက်မှ ဒီလွတ်မြောက်မှုအတွက် နာမည်ကောင်းယူလို့ မရဘူး။
၁၀၊ ၁၁။ မေရောဇမြို့ ဘာကြောင့် အကျိန်ခံခဲ့ရသလဲ။
၁၀ “‘မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက် စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့် မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့’ ဟု ထာဝရဘုရား၏ ကောင်းကင်တမန်သည် မှာထား၏” ဆိုပြီး ဒေဗောရနဲ့ ဗာရက်တို့ သီဆိုတဲ့အောင်ပွဲခံ ချီးမွမ်းသီချင်းမှာ ဖော်ပြထားတာ ထူးခြားလှပါတယ်။—သူကြီး. ၅:၂၃။
၁၁ ကျိန်ဆိုချက် ထိရောက်လွန်းလို့ မေရောဇရဲ့ သဲလွန်စမှန်သမျှ ပျောက်ပျက်ကုန်တယ်။ အစပိုင်း စေတနာ့ဝန်ထမ်းတွေ စုဆောင်းတဲ့အချိန်မှာ မြို့သားတွေ မသွားခဲ့တာများလား။ သိသရ ထွက်ပြေးတဲ့လမ်းပေါ်မှာ တည်ရှိတဲ့မြို့ ဖြစ်တယ်ဆိုရင် ဖမ်းဖို့ အခွင့်အရေးရလျက်နဲ့ လွှတ်ပေးလိုက်တာများလား။ စေတနာ့ဝန်ထမ်းဖို့ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်ကို မကြားဘဲ နေပါ့မလား။ လူတစ်သောင်းတောင် စုဝေးခဲ့ကြတာပဲ။ စစ်သူရဲကြီး လမ်းပေါ် တစ်ယောက်တည်း သွေးရူးသွေးတန်း ပြေးနေတာကို မေရောဇမြို့သားတွေ ကြည့်နေတာ မြင်ယောင်ကြည့်ပါ။ ယေဟောဝါရဲ့ ရည်ရွယ်ချက် ဖြစ်မြောက်ရေးမှာ ပါဝင်ဖို့၊ ကောင်းချီးခံစားရဖို့ အခွင့်ထူးကြီးပါပဲ။ ယေဟောဝါအတွက် တစ်ခုခု လုပ်ဆောင်ဖို့ အခွင့်အရေး ရချိန်မှာ ဘာမှ မလုပ်ခဲ့ကြဘူး။ နောက်အခန်းငယ်တွေမှာ ဖော်ပြထားတဲ့ ယေလရဲ့ သတ္တိနဲ့တော့ တခြားစီပါပဲ။—သူကြီး. ၅:၂၄-၂၇။
၁၂။ တရားသူကြီး ၅:၉၊ ၁၀ (ကဘ) မှာ လူတွေရဲ့ သဘောထား ကွာခြားချက်ကို ဘယ်လို ဖော်ပြထားသလဲ။ ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။
၁၂ ဗာရက်နဲ့အတူ ချီတက်သူတွေရဲ့ သဘောထားနဲ့ မချီ တက်သူတွေရဲ့ သဘောထား နောက်ထပ်ကွာခြားချက်ကို တရားသူကြီး ၅:၉၊ ၁၀ (ကဘ) မှာ တွေ့ရတယ်။ ‘လူတွေနဲ့အတူ စေတနာအလျောက် တိုက်ပွဲဝင်ကြတဲ့ အစ္စရေးတပ်မှူးတွေ’ ကို ဒေဗောရနဲ့ ဗာရက် ချီးမွမ်းခဲ့တယ်။ မာနတစ်ခွဲသားနဲ့ ‘အုန်းခွံရောင်မြည်း စီးသူ’ တွေ၊ ဇိမ်ကျကျနေချင်တဲ့၊ ‘နူးညံ့တဲ့ ကော်ဇောပေါ် ထိုင်သူတွေ’ နဲ့ ကွာခြားလှပါတယ်။ ဗာရက်နဲ့အတူ တိုက်ပွဲဝင်သူတွေကတော့ ‘လမ်းမပေါ် လျှောက်သူတွေ၊’ သက်သောင့်သက်သာပဲ နေချင်သူတွေနဲ့ မတူဘဲ တာဗော်တောင်ရဲ့ ကျောက်တောင်စောင်းတွေ၊ ကိရှုန်ချိုင့်ဝှမ်း ရွှံ့နွံတွေထဲ တိုက်ပွဲဝင်လိုကြတယ်။ ‘စဉ်းစားကြည့်’ ဖို့ အပျော်အပါးမက်သူတွေကို တိုက်တွန်းထားတယ်။ မှန်ပါတယ်၊ ယေဟောဝါရဲ့ အရေးကိစ္စမှာ ကူညီပေးခွင့် ဆုံးရှုံးသွားတာကို သူတို့တစ်တွေ စဉ်းစားတွေးတောရမယ်။ ဒီနေ့လည်း ဘုရားအမှုတော်ကို အပြည့်အဝ မထမ်းဆောင်ဘဲ တွန့်ဆုတ်မနေသင့်ဘူး။
၁၃။ ရုဗင်၊ ဒန်၊ အာရှာအမျိုးရဲ့ သဘောထားက ဇာဗုလုန်၊ နဿလိအမျိုးရဲ့ သဘောထားနဲ့ ဘယ်လို ကွာခြားသလဲ။
၁၃ စေတနာ့ဝန်ထမ်းတွေဟာ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ ထင်ရှားစေတာကို ကိုယ်တွေ့ မြင်ခဲ့ကြတယ်။ “ထာဝရဘုရား၏ တရားသောအမှု” တို့ကို ပြန်ပြောနိုင်ခဲ့ကြတယ်။ (သူကြီး. ၅:၁၁) ရုဗင်၊ ဒန်၊ အာရှာအမျိုးအကြောင်းကိုတော့ တရားသူကြီး ၅:၁၅-၁၇ မှာ သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။ သူတို့က သိုး၊ သင်္ဘော၊ သင်္ဘောဆိပ်စတဲ့ ပစ္စည်းဥစ္စာတွေကို ယေဟောဝါရဲ့ အမှုတော်ထက် အလေးထားကြတယ်။ ဇာဗုလုန်နဲ့ နဿလိအမျိုးကတော့ “အသက်ကို စွန့်စားသည်တိုင်အောင်” ဒေဗောရနဲ့ ဗာရက်ကို ကူညီထောက်မခဲ့ကြတယ်။ (သူကြီး. ၅:၁၈) စေတနာ့ ဝန်ထမ်းခြင်းနဲ့ပတ်သက်တဲ့ မတူညီတဲ့ သဘောထားတွေကနေ အရေးကြီးတဲ့ သင်ခန်းစာ သင်ယူနိုင်ပါတယ်။
‘ယေဟောဝါကို ချီးမွမ်းကြ’
၁၄။ ဒီနေ့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း ဘယ်လို ဖော်ပြကြမလဲ။
၁၄ တကယ့်စစ်ပွဲမှာ ဝင်တိုက်ဖို့ ဒီနေ့အချိန်မှာ ဖိတ်ခေါ်မခံရပါဘူး။ အဲဒီအစား ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန်၊ သတ္တိရှိရှိ ပါဝင်ဖို့ အခွင့်အရေး ရရှိထားကြတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ အရင်ကထက် စေတနာ့ဝန်ထမ်းတွေ ပိုလိုအပ်နေတယ်။ ညီအစ်ကို၊ ညီအစ်မ၊ လူငယ်သန်းပေါင်းများစွာဟာ ရှေ့ဆောင်၊ ဗေသလ၊ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး၊ အစည်းအဝေးပွဲ၊ ခရိုင် အစည်းအဝေးတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် အချိန်ပြည့်လုပ်ငန်း အမျိုးမျိုးမှာ ပေးဆက်နေကြတယ်။ ဆေးရုံဆက်သွယ်ရေး ကော်မတီနဲ့ အစည်းအဝေးကြီး စီစဉ်ဖွဲ့စည်းရေးမှာ တာဝန်ကြီးတွေ ထမ်းဆောင်နေတဲ့ အကြီးအကဲတွေကိုလည်း စဉ်းစားကြည့်ပါ။ သင့်ရဲ့ လိုလိုလားလား စိတ်ဓာတ်ကို ယေဟောဝါ အလွန်တန်ဖိုးထားပြီး ဘယ်တော့မှ မမေ့ဘူးဆိုတာ စိတ်ချပါ။—ဟေဗြဲ ၆:၁၀။
၁၅။ ယေဟောဝါရဲ့ အမှုတော်ကို လျစ်လျူရှုတဲ့ သဘောထား ရှိမရှိ ဘယ်လို သိနိုင်သလဲ။
၁၅ ကိုယ့်ကိုယ်ကိုယ် မေးရမယ်– ‘အလုပ်တာဝန်တွေကို တခြားသူတွေကိုပဲ ထမ်းဆောင်စေသလား။ စေတနာ့ဝန်ထမ်းဖို့ထက် ပစ္စည်းဥစ္စာတွေကိုပဲ အလွန်အမင်း အာရုံစိုက်နေသလား။ ယေဟောဝါရဲ့ အမှုတော်မှာ ဗာရက်၊ ဒေဗောရ၊ ယေလ၊ စေတနာ့ဝန်ထမ်း ၁၀,၀၀၀ တို့လို ကျရာတာဝန်ကို ထမ်းဆောင်ဖို့ ယုံကြည်ခြင်းနဲ့ သတ္တိရှိသလား။ အလုပ်ကိစ္စကြောင့် တခြားမြို့၊ တခြားနိုင်ငံကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုရင် မိသားစုနဲ့ အသင်းတော်အပေါ် ဘယ်လို အကျိုးသက်ရောက်မယ်ဆိုတာ ဆုတောင်းသုံးသပ်သလား။’ c
၁၆။ ယေဟောဝါ မပိုင်ဆိုင်တဲ့ ဘယ်အရာကို ကျွန်တော်တို့ ပေးဆက်နိုင်သလဲ။
၁၆ ယေဟောဝါက မိမိအချုပ်အခြာအာဏာကို ထောက်ခံခွင့် ပေးထားခြင်းအားဖြင့် ကျွန်တော်တို့ကို ဂုဏ်တင်တယ်။ စာတန်ကတော့ မိမိအာဏာကို ထောက်ခံဖို့ လူတွေကို သွေးဆောင်ထားတဲ့အတွက် ယေဟောဝါရဲ့ အချုပ်အခြာအာဏာဘက် သင့်ရပ်တည်မှုဟာ အရေးကြီးကိစ္စ ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းဖို့ လှုံ့ဆော်ပေးတဲ့ သင့်ရဲ့ ယုံကြည်ခြင်း၊ သစ္စာသမာဓိကို ယေဟောဝါ နှစ်သက်တယ်။ (သု. ၂၃:၁၅၊ ၁၆) သင့်ရဲ့ထောက်ခံမှုကြောင့် စာတန်ရဲ့ ကဲ့ရဲ့မှုကို ယေဟောဝါ ချေပနိုင်ပါလိမ့်မယ်။ (သု. ၂၇:၁၁) ဒါကြောင့် သစ္စာရှိရှိ နာခံခြင်းအားဖြင့် ယေဟောဝါ တန်ဖိုးထားတဲ့အရာကို ပေးဆက်ပါ။ ကိုယ်တော် အလွန်ပျော်ရွှင်တယ်။
၁၇။ တရားသူကြီး ၅:၃၁ (ကဘ) က အနာဂတ်အကြောင်း ဘာပြောထားသလဲ။
၁၇ မကြာခင် ဘယ်အရာထက်မဆို ယေဟောဝါရဲ့ အချုပ်အခြာအာဏာကိုပဲ နှစ်သက်သူတွေနဲ့ ကမ္ဘာပေါ် ပြည့်နေပါတော့မယ်။ အဲဒီအချိန်ကို အလွန်တမ်းတနေကြပါတယ်။ ‘အို ယေဟောဝါ၊ ရန်သူအားလုံး ပျက်စီးပါစေ။ ကိုယ်တော့်ကို ချစ်မြတ်နိုးသူတွေကတော့ အရှိန်အဝါနဲ့ ထွန်းလင်းလာတဲ့ နေမင်းလို ဖြစ်ပါစေ’ လို့ ဒေဗောရ၊ ဗာရက်လို ကျွန်တော်တို့ သီဆိုနေကြတယ်။ (သူကြီး. ၅:၃၁၊ ကဘ) စာတန့်လောကကို ယေဟောဝါ အဆုံးတိုင်စေတဲ့အချိန်မှာ အဲဒီအသနားခံချက် ပြည့်စုံလာပါလိမ့်မယ်။ အာမဂေဒုန်စစ်ပွဲ စတင်တဲ့အခါ ရန်သူတွေကို တိုက်ဖို့ စေတနာ့ဝန်ထမ်းတွေ လိုမှာ မဟုတ်ဘူး။ ‘ငြိမ်ငြိမ်လေး ရပ်နေပြီး ယေဟောဝါ ဘယ်လိုကယ်တင်မယ်ဆိုတာ စောင့်ကြည့်’ နေရုံပါပဲ။ (၆ ရာ. ၂၀:၁၇) ဒီအတောအတွင်း ယေဟောဝါရဲ့ အရေးကိစ္စကို ထက်ထက်သန်သန်၊ သတ္တိရှိရှိ ထောက်မဖို့ အခွင့်အရေးများစွာ ရရှိထားကြပါတယ်။
၁၈။ သင့်စေတနာ့ဝန်ထမ်းစိတ်ဓာတ်က တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၁၈ ‘စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့် ယေဟောဝါ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။’ ဒေဗောရနဲ့ ဗာရက်ဟာ ဖန်ဆင်းရာတွေကို မဟုတ်ဘဲ အမြင့်မြတ်ဆုံးအရှင်ကို ချီးမွမ်းခြင်းနဲ့ အောင်ပွဲခံသီချင်းကို အစပြုခဲ့ကြတယ်။ (သူကြီး. ၅:၁၊ ၂) ဒီနေ့လည်း သင့်ရဲ့ စေတနာ့ဝန်ထမ်း စိတ်ဓာတ်က ‘ယေဟောဝါကို ချီးမွမ်း’ ဖို့ တခြားသူတွေကို လှုံ့ဆော်ပေးပါစေ။
a ဓားကောက်တွေဟာ ရှည်လျားပြီး ထက်တယ်။ မြင်းရထား ဘီးဝင်ရိုးတွေမှာ တပ်ထားလေ့ရှိတယ်။ အဲဒီလောက် ကြောက်စရာကောင်းတဲ့ စစ်လက်နက်နား ဘယ်သူ ကပ်ဝံ့မလဲ။
b စိတ်လှုပ်ရှားစရာ ဒီမှတ်တမ်း အသေးစိတ်ကို ၂၀၁၅၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် “‘အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါဖြစ်လာ’” ဆောင်းပါးမှာ ဖော်ပြထားတယ်။လ
c ၂၀၁၅၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် “ငွေကြေးအတွက် စိုးရိမ်ပူပန်ခြင်း” ဆောင်းပါးကို ကြည့်ပါ။