မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၁

‘လောက ဉာဏ်ပညာ’ ရဲ့ လှည့်စားမှုကို မခံကြနဲ့

‘လောက ဉာဏ်ပညာ’ ရဲ့ လှည့်စားမှုကို မခံကြနဲ့

“လောကရဲ့ ဉာဏ်ပညာဟာ ဘုရားသခင်ရှေ့မှာ မိုက်မဲတဲ့အရာပဲ။” ၁ ကော. ၃:၁၉

သီချင်း ၉၈ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ ကျမ်းစာ

အကြိုသုံးသပ်ချက် a

၁။ ကျမ်းစာမှာ ကျွန်တော်တို့အတွက် ဘာပြင်ဆင်ပေးထားသလဲ။

 မဟာသွန်သင်ရှင် ယေဟောဝါရဲ့ အကူအညီနဲ့ ဘယ်ပြဿနာကိုမဆို ကျွန်တော်တို့ ဖြေရှင်းနိုင်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) “မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်” အောင် လိုအပ်တာ မှန်သမျှကို ကျမ်းစာမှာ ပြင်ဆင်ပေးထားတယ်။ (၂ တိ. ၃:၁၇) ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာတဲ့အခါ “လောကရဲ့ ဉာဏ်ပညာ” လိုက်စားသူတွေထက် ကျွန်တော်တို့ ပိုပညာရှိလာတယ်။—၁ ကော. ၃:၁၉။ ဆာ. ၁၁၉:၉၇-၁၀၀

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

လောကရဲ့ ဉာဏ်ပညာက ကျွန်တော်တို့ရဲ့ သွေးသားဆန္ဒအတွက် နှစ်သက်စရာကောင်းတယ်။ ဒါကြောင့် လောကနဲ့ပတ်သက်သူတွေလို မစဉ်းစားမိအောင်၊ မလုပ်မိအောင် တွန်းလှန်ဖို့ ခက်နိုင်တယ်။ “အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့ ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ။ အဲဒါတွေဟာ. . . လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ကော. ၂:၈) ဒီဆောင်းပါးမှာ စာတန်ရဲ့ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှု နှစ်ခုကို လူတွေ ဘယ်လို ယုံကြည်လာကြကြောင်း သုံးသပ်ပါမယ်။ လောကရဲ့ ဉာဏ်ပညာက ဘာကြောင့် မိုက်မဲကြောင်း၊ ကျမ်းစာပါ ဘုရားရဲ့ ဉာဏ်ပညာက လောက ကမ်းလှမ်းတဲ့အရာ မှန်သမျှထက် ဘာကြောင့် သာလွန်ကြောင်းကိုလည်း သိလာပါလိမ့်မယ်။

အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး ရှုမြင်ပုံ ပြောင်းလာ

၃-၄။ ၂၀ ရာစုအစောပိုင်း အမေရိကန်မှာ အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး ရှုမြင်ပုံ ဘယ်လို ပြောင်းလဲလာသလဲ။

နှစ်ဆယ်ရာစုအစောပိုင်း အမေရိကန်မှာ အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး လူတွေရဲ့ ရှုမြင်ပုံ အကြီးအကျယ် ပြောင်းလဲလာတယ်။ အရင်တုန်းက လိင်ကိစ္စကို အိမ်ထောင်သည်တွေအတွက်ပဲလို့ ယူဆပြီး လူအများရှေ့ ထုတ်ပြောလေ့ မရှိဘူး။ ဒါပေမဲ့ အဲဒီစံနှုန်းတွေ ပြောင်းလဲလာပြီး လိင်နဲ့ပတ်သက်တဲ့ အထိန်းအကွပ်မဲ့ သဘောထားတွေ ပျံ့နှံ့လာတယ်။

၁၉၂၀-၁၉၂၉ ကြားမှာ လူတွေဟာ ကိုယ်ကျင့်တရားကို ဂရုမစိုက်တော့ဘဲ အပျော်အပါးနဲ့ ငွေကို ဦးစားထားလာကြတယ်။ “ရုပ်ရှင်၊ ပြဇာတ်၊ သီချင်း၊ ဝတ္ထု၊ ကြော်ငြာတွေမှာ လိင်ကို အသားပေးလာကြတယ်” လို့ သုတေသီတစ်ယောက် ပြောတယ်။ အဲဒီဆယ်စုနှစ်အတွင်း လိင်စိတ်နှိုးဆွတဲ့ အကပုံစံ၊ အဝတ်အစားပုံစံတွေ ခေတ်စားလာတယ်။ နောက်ဆုံးကာလနဲ့ပတ်သက်ပြီး ကျမ်းစာကြိုပြောတဲ့အတိုင်း လူတွေဟာ “အပျော်အပါးကိုသာ နှစ်သက်” လာကြတယ်။—၂ တိ. ၃:၄

ယေဟောဝါရဲ့ လူတွေဟာ လောကရဲ့ အကျင့်ပျက် စံနှုန်းတွေနောက် ပါမသွားကြ (အပိုဒ် ၅ ကိုကြည့်ပါ) c

၅။ ၁၉၆၀ ပြည့်လွန်နှစ်တွေကစပြီး အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လောကရဲ့အမြင် ဘယ်လို ပြောင်းလဲလာသလဲ။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ လက်မထပ်ဘဲ အတူနေခြင်း၊ လိင်တူဆက်ဆံခြင်း၊ ကွာရှင်းခြင်းတွေ ခေတ်စားလာတယ်။ ဖျော်ဖြေမှုတွေမှာ လိင်အကြောင်း ပေါ်ပေါ်ထင်ထင် တင်ဆက်လာကြတယ်။ ရလဒ်အဖြစ် အကျင့်စာရိတ္တ ယိုယွင်းခြင်းရဲ့ ဆိုးကျိုးကို ခံစားကြရတယ်။ မိသားစုပြိုကွဲတာ၊ ကြင်ဖော်မဲ့မိဘအဖြစ် ကျန်ခဲ့တာ၊ စိတ်ဒဏ်ရာရတာ၊ ညစ်ညမ်းရုပ်ပုံ စွဲတာ စတာတွေဟာ “လိင်အကျင့် ယိုယွင်းခြင်းရဲ့ ဆိုးကျိုးတွေပါပဲ” လို့ စာရေးဆရာတစ်ယောက် ပြောတယ်။ အေအိုင်ဒီအက်စ်လိုမျိုး လိင်ဆိုင်ရာ ကူးစက်ရောဂါတွေ ပျံ့နှံ့လာခြင်းဟာ လောကဉာဏ်ပညာရဲ့ မိုက်မဲမှု သာဓကတစ်ခုပါပဲ။—၂ ပေ. ၂:၁၉

၆။ လိင်နဲ့ပတ်သက်တဲ့ လောကရဲ့ ရှုမြင်ပုံက ဘယ်လိုနည်းနဲ့ စာတန့်အကြိုက် ဖြစ်သလဲ။

လိင်နဲ့ပတ်သက်တဲ့ လောကရဲ့ ရှုမြင်ပုံဟာ စာတန့်အကြိုက်ပါပဲ။ ဘုရားပေး လက်ဆောင်ဖြစ်တဲ့ လိင်ကို လူတွေ အလွဲသုံးစားလုပ်ပြီး အိမ်ထောင်မင်္ဂလာကို မလေးမစား လုပ်တဲ့အခါ စာတန် ပျော်တယ်။ (ဧ. ၂:၂) လိင်အကျင့်ပျက်သူတွေဟာ ယေဟောဝါပေးထားတဲ့ မျိုးပွားနိုင်စွမ်း ဆုကျေးဇူးကို တန်ဖိုးမထားကြောင်း ဖော်ပြရာရောက်တယ်။ ထာဝရအသက်ရှင်ခွင့်လည်း ဆုံးရှုံးသွားနိုင်တယ်။—၁ ကော. ၆:၉၊ ၁၀

လိင်အကျင့်ယိုယွင်းခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်

၇-၈။ လိင်နဲ့ပတ်သက်တဲ့ ကျမ်းစာရဲ့ ရှုမြင်ပုံက လောကရဲ့ရှုမြင်ပုံထက် ဘာကြောင့် သာလွန်သလဲ။

လောကဉာဏ်ပညာအတိုင်း လိုက်တဲ့သူတွေက ကျမ်းစာရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေ လက်တွေ့မကျဘူးလို့ လှောင်ပြောင်ကြတယ်။ ‘ဘုရားက လိင်ဆန္ဒတော့ ထည့်ပေးပြီး ဘာကြောင့် တားမြစ်ချုပ်ချယ်နေတာလဲ’ လို့ ပြောကြမယ်။ အဲဒါက ‘ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်တယ်’ ဆိုတဲ့ အတွေးအခေါ်အမှားကို အခြေခံတယ်။ ကျမ်းစာမှာတော့ အဲဒီလို မပြောထားဘူး။ မသင့်လျော်တဲ့ ဆန္ဒတွေကို ထိန်းချုပ်နိုင်စွမ်း ပေးထားခြင်းအားဖြင့် လူတွေကို ယေဟောဝါ ဂုဏ်တင်တယ်လို့ သွန်သင်တယ်။ (ကော. ၃:၅) အဲဒီအပြင် သင့်လျော်တဲ့ လိင်ဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်ထောင်မင်္ဂလာ ဆုကျေးဇူးကိုလည်း ယေဟောဝါ ပေးထားတယ်။ (၁ ကော. ၇:၈၊ ၉) အိမ်ထောင်အတွင်းမှာ လင်ယောက်ျားနဲ့ ဇနီးဟာ လိင်အကျင့်ပျက်ခြင်းရဲ့ နောင်တတွေ၊ စိုးရိမ်စရာတွေ မရှိဘဲ လိင်ဆန္ဒကို ဖြည့်ဆည်းနိုင်တယ်။

လောကဉာဏ်ပညာနဲ့ မတူဘဲ ကျမ်းစာဟာ လိင်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့အမြင် ရှိဖို့ ကူညီပေးတယ်။ လိင်ကိစ္စဟာ ပျော်ရွှင်ကြည်နူးစေတယ်လို့ ပြောတယ်။ (ပညာ. ၅:၁၈၊ ၁၉) ဒါပေမဲ့ “ခင်ဗျားတို့အားလုံး သန့်ရှင်းသူတွေ၊ ဂုဏ်အသရေရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ သိရမယ်။ လောဘကြီးတာမျိုး၊ ဘုရားသခင်ကို မသိတဲ့ လူမျိုးခြားတွေလို ရမ္မက်ဆန္ဒကို မချုပ်တည်းတာမျိုး မဖြစ်ရဘူး” လို့ သတိပေးထားတယ်။—၁ သက်. ၄:၄၊ ၅

၉။ (က) ၂၀ ရာစုအစောပိုင်းမှာ ယေဟောဝါရဲ့လူမျိုးဟာ ကျမ်းစာရဲ့ သာလွန်တဲ့ ဉာဏ်ပညာအတိုင်း လိုက်ဖို့ ဘယ်လို အားပေးခံခဲ့ရသလဲ။ (ခ) ၁ ယောဟန် ၂:၁၅၊ ၁၆ မှာ ဘယ်ပညာရှိ အကြံဉာဏ် ပါသလဲ။ (ဂ) ရောမ ၁:၂၄-၂၇ မှာပါတဲ့ ဘယ်အကျင့်ယိုယွင်းမှုတွေကို တွန်းလှန်ရမလဲ။

နှစ်ဆယ်ရာစုအစောပိုင်းမှာ ယေဟောဝါရဲ့လူမျိုးဟာ “ကိုယ်ကျင့်တရား မရှိ” သူတွေရဲ့ လှည့်စားမှုနောက် ပါမသွားခဲ့ကြဘူး။ (ဧ. ၄:၁၉) ယေဟောဝါရဲ့ စံနှုန်းအတိုင်း လိုက်ခဲ့ကြတယ်။ ၁၉၂၆၊ မေလ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ “အထူးသဖြင့် ဆန့်ကျင်ဘက်လိင်နဲ့ပတ်သက်လာရင် ကိုယ့်အတွေးနဲ့ လုပ်ရပ်တွေဟာ သန့်ရှင်းစင်ကြယ်နေသင့်တယ်” လို့ ဖော်ပြထားတယ်။ လောကမှာ ဘာတွေပဲ ဖြစ်နေပါစေ ယေဟောဝါရဲ့ လူမျိုးကတော့ ကျမ်းစာရဲ့ သာလွန်တဲ့ ဉာဏ်ပညာအတိုင်း လိုက်ကြတယ်။ (၁ ယောဟန် ၂:၁၅၊ ၁၆ ကိုဖတ်ပါ။) ကျမ်းစာ ရထားလို့ အလွန် ကျေးဇူးတင်စရာပါပဲ။ အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး လောကဉာဏ်ပညာရဲ့ လှည့်စားမှုနောက် ပါမသွားဖို့ ယေဟောဝါ ပြင်ဆင်ပေးတဲ့ အချိန်တန်အစာအတွက်လည်း ကျေးဇူးတင်စရာပါပဲ။ bရောမ ၁:၂၄-၂၇ ကိုဖတ်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနဲ့ပတ်သက်တဲ့ ရှုမြင်ပုံ ပြောင်းလာ

၁၀-၁၁။ နောက်ဆုံးကာလမှာ ဘာတွေ ဖြစ်လာမယ်လို့ ကျမ်းစာ သတိပေးထားသလဲ။

၁၀ နောက်ဆုံးကာလမှာ လူတွေဟာ “ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ” တွေ ဖြစ်လာမယ်လို့ ကျမ်းစာ သတိပေးတယ်။ (၂ တိ. ၃:၁၊ ၂) လောကက တစ်ကိုယ်ကောင်းစိတ်ကို အားပေးအားမြှောက်လုပ်တယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ “ဘဝအောင်မြင်နည်း စာအုပ်တွေ အများကြီး ထုတ်ဝေခဲ့တယ်” လို့ စာအုပ်တစ်အုပ်မှာ ပြောတယ်။ စာအုပ်တချို့က “ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံပြီး ဂုဏ်ယူလိုက်ပါလို့ စာဖတ်သူတွေကို အားပေးတယ်။” “သင်ဟာ အလှဆုံး၊ အတော်ဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ “ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာအဖြစ် ယူမှတ်ပြီး ကိုယ့်သိစိတ်အတိုင်း ဆုံးဖြတ် လုပ်ကိုင်ဖို့၊ စိတ်စေညွှန်ရာအတိုင်း လိုက်လုပ်ဖို့” အားပေးတယ်။

၁၁ အဲဒီလို အတွေးအခေါ်မျိုးကို သင် ကြားဖူးသလား။ အဲဒီလို လုပ်ဖို့ ဧဝကို စာတန် အားပေးခဲ့တယ်။ “အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်” လို့ ပြောတယ်။ (က. ၃:၅) ဒီနေ့လည်း လူများစွာက ကိုယ့်ရှုမြင်ချက်ကသာ အကောင်းဆုံးဖြစ်ပြီး အမှားအမှန်ကို ဘုရားကတောင် လာပြောစရာ မလိုဘူးလို့ ထင်မှတ်ကြတယ်။ အထူးသဖြင့် အိမ်ထောင်နဲ့ပတ်သက်တဲ့ ရှုမြင်ပုံမှာ ဒီသဘောထားတွေ ပေါ်လွင်နေတယ်။

ခရစ်ယာန်တစ်ယောက်ဟာ တခြားသူတွေ၊ အထူးသဖြင့် အိမ်ထောင်ဖက်ရဲ့ လိုအပ်ရာကို ဦးစားပေး (အပိုဒ် ၁၂ ကိုကြည့်ပါ) d

၁၂။ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘယ်ရှုမြင်ပုံကို လောကက အားပေးသလဲ။

၁၂ လင်နဲ့ မယားဟာ အချင်းချင်းကို ဂုဏ်တင်ပြီး အိမ်ထောင်ကတိသစ္စာကို စောင့်ထိန်းဖို့ ကျမ်းစာ အားပေးထားတယ်။ “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” ဆိုပြီး အိမ်ထောင်ကတိသစ္စာကို အလေးအနက်ထားဖို့ တိုက်တွန်းတယ်။ (က. ၂:၂၄) လောကရဲ့ ဉာဏ်ပညာကို လိုက်သူတွေကတော့ အိမ်ထောင်မှာ ကိုယ့်ဆန္ဒကိုပဲ ရှေ့တန်းတင်ကြတယ်။ “မင်္ဂလာပွဲတချို့မှာ ကတိသစ္စာဆိုတဲ့အခါ ‘အသက်ရှင်နေသရွေ့ ပေါင်းသင်းပါ့မယ်’ လို့ ပြောမယ့်အစား ‘ချစ်နေသရွေ့ ပေါင်းသင်းပါ့မယ်’ လို့ ပြောလာကြတယ်” ဆိုပြီး ကွာရှင်းခြင်းအကြောင်း စာအုပ်တစ်အုပ်မှာ ပြောတယ်။ အဲဒီသဘောထားကြောင့် အိမ်ထောင်ပြိုကွဲမှုတွေ များလာပြီး အကြီးအကျယ် စိတ်ဒဏ်ရာ ရလာကြတယ်။ အိမ်ထောင်ကို မလေးစားတဲ့ လောကရဲ့ ရှုမြင်ပုံဟာ တကယ်မိုက်မဲကြောင်း ထင်ရှားတယ်။

၁၃။ မာနကြီးသူတွေကို ယေဟောဝါ ရွံရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

၁၃ “စိတ်ကြီးဝင်နေသူကို ယေဟောဝါ ရွံရှာတယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၁၆:၅) မာနကြီးသူတွေကို ယေဟောဝါ ဘာကြောင့် ရွံတာလဲ။ အကြောင်းရင်းတစ်ခုကတော့ မာနကြီးသူတွေဟာ စာတန်လိုပဲ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့စိတ် ရှိကြလို့ပဲ။ စာတန်ဟာ အရာခပ်သိမ်း ဖန်ဆင်းရာမှာ ယေဟောဝါ သုံးခဲ့တဲ့ ယေရှုတောင် မိမိကို ဦးချဝတ်ပြုသင့်တယ်လို့ ထင်ခဲ့တယ်။ (မ. ၄:၈၊ ၉။ ကော. ၁:၁၅၊ ၁၆) အဲဒီလို ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အလေးထားသူတွေဟာ လောကရဲ့ ဉာဏ်ပညာ မိုက်မဲကြောင်း ထင်ရှားစေတယ်။

ကိုယ့်ကိုယ်ကိုယ် အလေးထားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်

၁၄။ ရောမ ၁၂:၃ က ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်တတ်ဖို့ ဘယ်လို ကူညီပေးသလဲ။

၁၄ ကျမ်းစာက ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ဖို့ ကူညီပေးတယ်။ အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကိုယ် ချစ်တာ သင့်လျော်ကြောင်း အသိအမှတ်ပြုတယ်။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ ယေရှုရဲ့ စကားက ကိုယ့်ကိုယ်ကိုယ် အတိုင်းအတာတစ်ခုအထိ ဂရုစိုက်သင့်ကြောင်း ဖော်ပြတယ်။ (မ. ၁၉:၁၉) ဒါပေမဲ့ တခြားသူတွေထက် ပိုအရေးပါတယ်လို့ မထင်ဖို့ ကျမ်းစာ သွန်သင်တယ်။ “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှမလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ” လို့ ပြောထားတယ်။—ဖိ. ၂:၃။ ရောမ ၁၂:၃ ကိုဖတ်ပါ။

၁၅။ ကိုယ့်ကိုယ်ကိုယ် အလေးထားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအကြံဉာဏ်ဟာ လက်တွေ့ကျတယ်လို့ ဘာကြောင့် ထင်သလဲ။

၁၅ ဒီနေ့ခေတ်မှာ ပညာတတ်လို့ ယူဆသူများစွာဟာ ကိုယ့်ကိုယ်ကိုယ် အလေးထားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအကြံဉာဏ်ကို ကဲ့ရဲ့ကြတယ်။ တခြားသူကို ကိုယ့်ထက် သာတယ်လို့ ယူဆရင် သိမ်ငယ်စိတ် ဝင်လာမယ်၊ အမြတ်ထုတ် ခံရမယ်လို့ ပြောကြတယ်။ စာတန့်လောက အားပေးအားမြှောက်လုပ်တဲ့ ‘ငါသာ ပဓာန’ သဘောထားကြောင့် ဘာရလဒ်တွေ ရလာသလဲ။ သင် ဘာတွေ သတိထားမိသလဲ။ အတ္တကြီးသူတွေ ပျော်ကြသလား။ သူတို့ရဲ့ မိသားစု ပျော်ကြသလား။ သူတို့မှာ မိတ်ဆွေစစ်တွေ ရှိသလား။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြသလား။ လောကဉာဏ်ပညာအတိုင်း လိုက်တာနဲ့ ကျမ်းစာဉာဏ်ပညာအတိုင်း လိုက်တာ ဘယ်ဟာက ကောင်းကျိုးရစေသလဲ။

၁၆-၁၇။ ဘာအတွက် ကျေးဇူးတင်သင့်သလဲ။ ဘာကြောင့်လဲ။

၁၆ ပညာရှိတယ်လို့ လောကက ရှုမြင်သူတွေရဲ့ အကြံဉာဏ်ကို လိုက်နာတာဟာ လမ်းပျောက်နေသူ အချင်းချင်း လမ်းမေးတာနဲ့ တူတယ်။ ယေရှုက မိမိခေတ်မှာရှိတဲ့ “ပညာတတ်တွေ” နဲ့ပတ်သက်ပြီး “သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲကျသွားမယ်” လို့ပြောတယ်။ (မ. ၁၅:၁၄) မှန်ပါတယ်။ လောကရဲ့ ဉာဏ်ပညာဟာ ဘုရားရှေ့မှာ မိုက်မဲတယ်။

ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်ခဲ့ချိန်က ပျော်စရာ အမှတ်တရပုံတွေကို ပြန်ကြည့်နေ (အပိုဒ် ၁၇ ကိုကြည့်ပါ) e

၁၇ ကျမ်းစာရဲ့ ပညာရှိ အကြံဉာဏ်ဟာ “လူတွေကို သွန်သင်တဲ့အခါ၊ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ၊ ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။” (၂ တိ. ၃:၁၆) လောကဉာဏ်ပညာအတိုင်း မလိုက်အောင် ကျွန်တော်တို့ကို အဖွဲ့အစည်းကတစ်ဆင့် ကာကွယ်ပေးနေတဲ့အတွက် ယေဟောဝါကို အလွန် ကျေးဇူးတင်စရာပါပဲ။ (ဧ. ၄:၁၄) ဘုရား ပြင်ဆင်ပေးတဲ့ အချိန်တန်အစာက ကျမ်းစာစံနှုန်းတွေအတိုင်း လိုက်နာအောင် ကူညီပေးတယ်။ ကျမ်းစာဉာဏ်ပညာအတိုင်း လိုက်ဖို့ လမ်းညွှန်ခံရတာ အခွင့်ထူးပါပဲ။

သီချင်း ၅၄ ‘ဒီလမ်းပါပဲ’

a ယေဟောဝါသာ အကောင်းဆုံး လမ်းညွှန်ပေးနိုင်ကြောင်း ယုံကြည်စိတ်ချဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။ လောကဉာဏ်ပညာရဲ့ ဆိုးကျိုးတွေအပြင် ကျမ်းစာဉာဏ်ပညာ လိုက်နာခြင်းရဲ့ ကောင်းကျိုးတွေကိုလည်း ဖော်ပြပါမယ်။

c ပုံအညွှန်း– ခေတ်တစ်လျှောက် သက်သေခံ မောင်နှံ တစ်စုံရဲ့ ဘဝပုံရိပ်တချို့။ ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း ဟောပြောခြင်းလုပ်ငန်းမှာ သူတို့ ပါဝင်နေ။

d ပုံအညွှန်း– ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ နေမကောင်းဖြစ်နေတဲ့ ဇနီးကို လင်ယောက်ျား ပြုစုနေတုန်း သမီးဖြစ်သူ ကြည့်နေ။

e ပုံအညွှန်း– အခု အဲဒီမောင်နှံဟာ ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်ခဲ့ချိန်က ပျော်စရာ အမှတ်တရပုံတွေကို ပြန်ကြည့်နေ။ သူတို့နဲ့အတူ သမီးရဲ့ မိသားစု ပျော်ရွှင်နေ။