မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ရန်သူကို သိပါ

သင့်ရန်သူကို သိပါ

“စာတန်ရဲ့ အကြံအစည်တွေကို ကျွန်တော်တို့ မသိတာမှ မဟုတ်တာ။” —၂ ကော. ၂:၁၁

သီချင်း– ၁၅၀၊ ၃၂

၁။ ဧဒင်မှာ ကျွန်တော်တို့ရဲ့ ရန်သူအကြောင်း ယေဟောဝါ ဘာပြောသလဲ။

 မြွေ စကားမပြောနိုင်မှန်း အာဒံ သိတယ်။ မြွေကတစ်ဆင့် ဧဝကို စကားပြောသူဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်မှန်း အာဒံ ရိပ်မိမှာပဲ။ (က. ၃:၁-၆) အဲဒီဝိညာဉ်ပုဂ္ဂိုလ်ကို အာဒံနဲ့ ဧဝ လုံးဝ မသိဘူး။ ဒါတောင် မေတ္တာရှင် ကောင်းကင်ဖခင်ကို ကျောခိုင်းပြီး ဘုရားကို ဆန့်ကျင်ရာမှာ သူစိမ်းနဲ့ ပူးပေါင်းဖို့ အာဒံ တမင်ရွေးချယ်ခဲ့တယ်။ (၁ တိ. ၂:၁၄) အာဒံနဲ့ ဧဝကို လမ်းလွဲစေတဲ့ အဲဒီဆိုးညစ်တဲ့ ရန်သူအကြောင်း ယေဟောဝါ ချက်ချင်း ဖော်ထုတ်ပြီး နောက်ဆုံး ဖျက်ဆီးပစ်မယ်လို့ ကတိပေးခဲ့တယ်။ အဲဒီနာမ်ဝိညာဉ်ပုဂ္ဂိုလ်မှာ ဘုရားသခင်ကို ချစ်တဲ့သူတွေကို ဆန့်ကျင်နိုင်တဲ့တန်ခိုး အချိန်အတိုင်းအတာတစ်ခုအထိ ရှိမယ်လို့လည်း သတိပေးခဲ့တယ်။—က. ၃:၁၅

၂၊ ၃။ မေရှိယ မရောက်ခင် စာတန်အကြောင်း ဘာကြောင့် အနည်းအကျဉ်းပဲ ပြောထားသလဲ။

မိမိကို ဆန့်ကျင်တဲ့ ကောင်းကင်တမန်ရဲ့ နာမည်ကို ယေဟောဝါ လုံးဝ မဖော်ထုတ်ခဲ့ဘူး။ a ဧဒင်ပုန်ကန်မှုပြီးနောက် နှစ်ပေါင်း ၂,၅၀၀ ကြာမှ အဲဒီရန်သူအကြောင်း ဖော်ပြတယ်။ (ယောဘ ၁:၆) ဟီဘရူးကျမ်းစောင်ထဲက ၁ ရာဇဝင်ချုပ်၊ ယောဘ၊ ဇာခရိ ကျမ်းသုံးစောင်မှာပဲ “ခုခံသူ” လို့ အဓိပ္ပာယ်ရှိတဲ့ စာတန်အကြောင်း ပါတယ်။ မေရှိယ မတိုင်ခင်မှာ ဒီရန်သူအကြောင်း ဘာကြောင့် အနည်းအကျဉ်းပဲ ဖော်ပြထားတာလဲ။

ယေဟောဝါက ဟီဘရူးကျမ်းစောင်ထဲမှာ စာတန်နဲ့ စာတန့်လုပ်ဆောင်မှုတွေအကြောင်း အများကြီး မဖော်ပြဘူး။ ဟီဘရူးကျမ်းစောင်တွေကို ရေးသားစေတဲ့ အဓိကရည်ရွယ်ချက်က မေရှိယ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြဖို့၊ ဘုရားလူမျိုးကို မေရှိယဆီ လမ်းပြပေးဖို့ ဖြစ်တယ်။ (လု. ၂၄:၄၄။ ဂလ. ၃:၂၄) အဲဒီရည်ရွယ်ချက် ပြည့်စုံပြီး မေရှိယ ရောက်လာတဲ့အခါ စာတန်နဲ့ အပေါင်းပါ ကောင်းကင်တမန်တွေအကြောင်း ဖော်ပြဖို့ မေရှိယနဲ့ တပည့်တွေကို ယေဟောဝါ အသုံးပြုခဲ့တယ်။ b ဒါဟာ သင့်လျော်ပါတယ်။ စာတန်နဲ့ နောက်လိုက်တွေကို ဖျက်ဆီးဖို့ ယေရှုနဲ့ ဘိသိက်ခံတွေကို ယေဟောဝါ အသုံးပြုမှာ ဖြစ်လို့ပဲ။—ရော. ၁၆:၂၀။ ဗျာ. ၁၇:၁၄။ ၂၀:၁၀

၄။ မာရ်နတ်ကို ဘာကြောင့် အလွန်အမင်း ကြောက်စရာ မလိုသလဲ။

တမန်တော် ပေတရုက စာတန်မာရ်နတ်ကို “ဟိန်းဟောက်နေတဲ့ ခြင်္သေ့” အဖြစ် ဖော်ပြထားပြီး ယောဟန်က “မြွေ၊” “နဂါးကြီး” လို့ ခေါ်ထားတယ်။ (၁ ပေ. ၅:၈။ ဗျာ. ၁၂:၉) ဒါပေမဲ့ မာရ်နတ်ကို အလွန်အမင်း ကြောက်စရာ မလိုပါဘူး။ သူ့တန်ခိုးဟာ အကန့်အသတ်ရှိတယ်။ (ယာကုပ် ၄:၇ ကိုဖတ်ပါ။) ယေဟောဝါ၊ ယေရှုနဲ့ သစ္စာရှိ ကောင်းကင်တမန်တွေ ကျွန်တော်တို့ကို ကူညီပေးနေတယ်။ သူတို့ရဲ့ အကူအညီနဲ့ ရန်သူကို ခုခံတွန်းလှန်နိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးမေးခွန်း သုံးခုရဲ့ အဖြေကို သိဖို့လိုတယ်– စာတန်က ဘယ်အတိုင်းအတာထိ ဩဇာလွှမ်းမိုးသလဲ။ လူတစ်ဦးစီကို ဘယ်လို ဩဇာလွှမ်းမိုးသလဲ။ သူ့တန်ခိုး ဘယ်လောက် အကန့်အသတ်ရှိသလဲ။ အဲဒီမေးခွန်းတွေကို သုံးသပ်ရင်း သင်ခန်းစာတွေကိုလည်း ဆွေးနွေးကြပါမယ်။

စာတန့် ဩဇာလွှမ်းမိုးမှု အတိုင်းအတာ

၅၊ ၆။ လူသားတွေ အလိုအပ်ဆုံး အပြောင်းအလဲတွေကို လူ့အစိုးရတွေ ဘာကြောင့် မလုပ်ပေးနိုင်ကြသလဲ။

ကောင်းကင်တမန် အတော်များများလည်း စာတန်ဘက် ပါသွားကြတယ်။ ရေလွှမ်းမိုးဘေး မတိုင်ခင် လူ့သမီးတွေနဲ့ အကျင့်ပျက်ဖို့ တချို့ကို စာတန်ဆွဲဆောင်နိုင်ခဲ့တယ်။ နဂါးက ကောင်းကင်ကြယ် သုံးပုံတစ်ပုံကို မိမိနဲ့အတူ ဆွဲချသွားတယ်လို့ ကျမ်းစာမှာ အဲဒီအကြောင်း ပုံဆောင်ဖော်ပြထားတယ်။ (က. ၆:၁-၄။ ယု. ၆။ ဗျာ. ၁၂:၃၊ ၄) အဲဒီကောင်းကင်တမန်တွေ ဘုရားသခင့်မိသားစုကို စွန့်ခွာခြင်းအားဖြင့် စာတန့်ထိန်းချုပ်မှုအောက် ရောက်သွားကြတယ်။ သူတို့က ပရမ်းပတာအုပ်စုတော့ မဟုတ်ဘူး။ စာတန်ဟာ ဘုရားသခင့်နိုင်ငံတော်ကို အတုခိုးပြီး ကိုယ့်ကိုယ်ကိုယ် ဘုရင်မြှောက်ထားတယ်။ မျက်မြင်မရ နယ်ပယ်မှာ နတ်ဆိုးတွေကို အစိုးရတွေအဖြစ် ဖွဲ့စည်းပြီး အခွင့်အာဏာ ပေးထားတယ်။ လောက အုပ်စိုးရှင်တွေအဖြစ် ခန့်ထားတယ်။—ဧ. ၆:၁၂

စာတန်က မိမိရဲ့ နာမ်ဝိညာဉ် အဖွဲ့အစည်းအားဖြင့် လူ့အစိုးရအားလုံးကို ထိန်းချုပ်ထားတယ်။ ယေရှုကို “ကမ္ဘာ့တိုင်းနိုင်ငံတွေ” ပြပြီး “ဒီတိုင်းနိုင်ငံတွေကို အုပ်စိုးပိုင်ခွင့်ရော ဘုန်းစည်းစိမ်အားလုံးကိုပါ မင်းကို ငါပေးမယ်။ ဒါတွေကို ငါပိုင်တဲ့အတွက် ပေးချင်တဲ့သူကို ပေးလို့ရတယ်” လို့ ပြောတာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ (လု. ၄:၅၊ ၆) စာတန့် ဩဇာလွှမ်းမိုးမှု ရှိနေပေမဲ့ အစိုးရများစွာဟာ ပြည်သူ့အကျိုး အတော်အတန် သယ်ပိုးကြတယ်။ စိတ်ရင်းမှန်သူတွေလည်း ရှိကြတယ်။ ဒါပေမဲ့ ဘယ်လူ့အုပ်စိုးရှင်မှ လူသားတွေ အလိုအပ်ဆုံး အပြောင်းအလဲတွေကို လုပ်ပေးနိုင်စွမ်း မရှိဘူး။—ဆာ. ၁၄၆:၃၊ ၄။ ဗျာ. ၁၂:၁၂

၇။ အစိုးရတွေကိုသာမက မှားယွင်းတဲ့ဘာသာရေးနဲ့ စီးပွားရေးစနစ်ကို စာတန် ဘယ်လို အသုံးပြုနေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

စာတန်နဲ့ နတ်ဆိုးတွေဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို” လှည့်စားဖို့ အစိုးရတွေကိုသာမက မှားယွင်းတဲ့ ဘာသာရေးနဲ့ စီးပွားရေးစနစ်ကိုလည်း အသုံးပြုနေတယ်။ (ဗျာ. ၁၂:၉) မှားယွင်းတဲ့ ဘာသာရေးကိုသုံးပြီး ယေဟောဝါအကြောင်း စာတန် လိမ်ညာပြောတယ်။ ဘုရားရဲ့နာမည်ကို လူတွေ မေ့သွားအောင်လည်း လုပ်နေတယ်။ (ယေ. ၂၃:၂၆၊ ၂၇) ရလဒ်အနေနဲ့ စိတ်ရိုးဖြောင့်သူတွေဟာ ဘုရားသခင်ကို ကိုးကွယ်နေတယ်လို့ ထင်ပေမဲ့ နတ်ဆိုးတွေကို ကိုးကွယ်နေကြတယ်။ (၁ ကော. ၁၀:၂၀။ ၂ ကော. ၁၁:၁၃-၁၅) စီးပွားရေးစနစ်အားဖြင့်လည်း အလိမ်အညာတွေကို စာတန် ဖြန့်နေတယ်။ ဥပမာ၊ ငွေရှိမှ၊ ပစ္စည်းဥစ္စာ များများရှိမှ ပျော်ရွှင်မယ်လို့ ဒီစနစ်က သင်ပေးနေတယ်။ (ပညာ. ၁၈:၁၁) အဲဒီအလိမ်အညာကို ယုံတဲ့သူတွေဟာ ဘုရားသခင်အစား “စည်းစိမ်” ကို ကိုးကွယ်နေကြတယ်။ (မ. ၆:၂၄) ပစ္စည်းဥစ္စာ စွဲလမ်းတဲ့စိတ်က ဘုရားကို ချစ်တဲ့စိတ် တဖြည်းဖြည်း ပျောက်သွားစေနိုင်တယ်။—မ. ၁၃:၂၂။ ၁ ယော. ၂:၁၅၊ ၁၆

၈၊ ၉။ (က) အာဒံ၊ ဧဝ၊ ပုန်ကန်တဲ့ ကောင်းကင်တမန်တွေဆီကနေ ဘယ်သင်ခန်းစာ နှစ်ခု သင်ယူနိုင်သလဲ။ (ခ) စာတန့် ဩဇာလွှမ်းမိုးမှု အတိုင်းအတာကို သိထားခြင်းကနေ ဘာအကျိုးရသလဲ။

အာဒံ၊ ဧဝ၊ ပုန်ကန်တဲ့ ကောင်းကင်တမန်တွေရဲ့ ပုံနမူနာက အရေးကြီးသင်ခန်းစာ နှစ်ခု သင်ပေးတယ်။ ပထမ၊ ရွေးချယ်စရာ နှစ်ဘက်ရှိတယ်။ ယေဟောဝါဘက်နဲ့ စာတန့်ဘက်။ တစ်ဘက်ကို ရွေးချယ်ရမယ်။ (မ. ၇:၁၃) ဒုတိယ၊ စာတန်နဲ့ ပူးပေါင်းသူတွေရမယ့် အကျိုးကျေးဇူးက အကန့်အသတ် ရှိတယ်။ အာဒံနဲ့ ဧဝတို့ဟာ အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့် ရခဲ့ကြတယ်။ နတ်ဆိုးတွေက လူ့အစိုးရတွေကို အတိုင်းအတာတစ်ခုအထိ ဩဇာလွှမ်းမိုးခွင့် ရထားကြတယ်။ (က. ၃:၂၂) ဒါပေမဲ့ စာတန့်ဘက် ရပ်တည်ရင် ဆိုးကျိုးတွေပဲ အမြဲရမယ်။ စစ်မှန်တဲ့ကောင်းကျိုး မရှိဘူး။—ယောဘ ၂၁:၇-၁၇။ ဂလ. ၆:၇၊ ၈

စာတန့်ဩဇာလွှမ်းမိုးမှု အတိုင်းအတာကို သိထားခြင်းကနေ ဘာအကျိုးရသလဲ။ လောကအာဏာပိုင်တွေအပေါ် အမြင်မှန်ရှိစေတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ လှုံ့ဆော်ပေးတယ်။ အစိုးရအာဏာပိုင်တွေကို လေးစားဖို့ ယေဟောဝါ လိုလားမှန်း ကျွန်တော်တို့ သိကြတယ်။ (၁ ပေ. ၂:၁၇) ဘုရားစံနှုန်းတွေနဲ့ မဆန့်ကျင်သရွေ့ အစိုးရဥပဒေတွေကို နာခံဖို့လည်း ဘုရားမျှော်လင့်တယ်။ (ရော. ၁၃:၁-၄) ဒါပေမဲ့ ဘယ်ပါတီ၊ ဘယ်လူ့ခေါင်းဆောင်ကိုမှ မထောက်ခံဘဲ နိုင်ငံရေးမှာ ကြားနေရမယ်။ (ယော. ၁၇:၁၅၊ ၁၆။ ၁၈:၃၆) ယေဟောဝါရဲ့ နာမည်နဲ့ ဂုဏ်သတင်း ထိခိုက်အောင် စာတန်လုပ်ဆောင်နေတဲ့အတွက် ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း တခြားသူတွေကို သင်ပေးဖို့ ကျွန်တော်တို့ ပိုလှုံ့ဆော်ခံရတယ်။ ဘုရားသခင့်နာမည်ကို ဂုဏ်ယူဝင့်ကြွားစွာ ခံယူ၊ အသုံးပြုကြတယ်။ ဘုရားကိုချစ်တာက ငွေ၊ ပစ္စည်းဥစ္စာတွေကို တက်မက်စွဲလမ်းတာထက် ပိုအကျိုးရှိမှန်း သိထားကြတယ်။—ဟေရှာ. ၄၃:၁၀။ ၁ တိ. ၆:၆-၁၀

လူတစ်ဦးစီကို စာတန် ဘယ်လို ဩဇာလွှမ်းမိုးသလဲ

၁၀-၁၂။ (က) ကောင်းကင်တမန်တွေကို သွေးဆောင်ဖို့ ဘယ်ငါးစာကို စာတန် သုံးခဲ့တာ ဖြစ်နိုင်သလဲ။ (ခ) သစ္စာမဲ့တဲ့ ကောင်းကင်တမန်တွေဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၀ လူတစ်ဦးစီကို ဩဇာလွှမ်းမိုးဖို့ ထိရောက်တဲ့ နည်းလမ်းတွေကို စာတန် အသုံးပြုနေတယ်။ ဥပမာ၊ သူ့အလိုအတိုင်း လိုက်လုပ်ဖို့ ငါးစာနဲ့ မျှားတယ်။ အကြမ်းနည်း သုံးပြီးတော့လည်း လက်အောက်ခံစေတယ်။

၁၁ ကောင်းကင်တမန်များစွာကို မိမိဘက်ပါအောင် ဘယ်လို ထိထိရောက်ရောက် မျှားခဲ့သလဲ။ မမျှားခင် သူတို့အကြောင်း တော်တော် အချိန်ယူလေ့လာခဲ့မှာပဲ။ ကောင်းကင်တမန်တချို့ ငါးစာကို ဟပ်လိုက်တယ်။ ဆိုလိုတာက လူ့မိန်းမတွေနဲ့ အကျင့်ပျက်ခဲ့ကြတယ်။ ဒီလိုနဲ့ လူတွေကို အနိုင်ကျင့်တဲ့ လူထွားကြီးတွေ မွေးဖွားလာတယ်။ (က. ၆:၁-၄) ကောင်းကင်တမန်တွေကို သွေးဆောင်ဖို့ လိင်အကျင့်ပျက်ခြင်းကို စာတန် သုံးခဲ့သလို လူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အခွင့်အာဏာပေးမယ်ဆိုတဲ့ ကတိကိုလည်း သုံးခဲ့တယ်။ စာတန့် ရည်ရွယ်ချက်က “မိန်းမရဲ့မျိုးနွယ်” မပေါ်လာအောင် တားဆီးဖို့ပဲ။ (က. ၃:၁၅) ဒါပေမဲ့ ရေလွှမ်းမိုးဘေးအားဖြင့် အဲဒီအကြံအစည်အားလုံးကို ယေဟောဝါ ဖျက်ဆီးခဲ့တယ်။

စာတန်က ကျွန်တော်တို့ကို အကျင့်ပျက်ခြင်း၊ မာနစိတ်၊ မှော်အတတ်တွေနဲ့ ထောင်ဖမ်း (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)

၁၂ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ အကျင့်ပျက်မှု ထောင်ချောက်နဲ့ အတ္တစိတ်အန္တရာယ်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ စာတန့်ဘက်ပါသွားတဲ့ ကောင်းကင်တမန်တွေဟာ ဘုရားသခင်ရှေ့မှာ နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့ကြတယ်။ အဲဒီလို ဝန်းကျင်ကောင်းမှာတောင် ကောင်းကင်တမန်များစွာဟာ မကောင်းတဲ့ ဆန္ဒတွေ အမြစ်တွယ်၊ ကြီးထွားခွင့် ပြုခဲ့ကြတယ်။ ကျွန်တော်တို့လည်း ဘုရားသခင့် အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာ အပိုင်းမှာ အမှုဆောင်နေတာ ဆယ်စုနှစ်များစွာ ရှိပြီ ဖြစ်နိုင်တယ်။ အဲဒီလို သန့်ရှင်းတဲ့ဝန်းကျင်မှာတောင် မသန့်ရှင်းတဲ့ ဆန္ဒတွေ အမြစ်တွယ်လာနိုင်တယ်။ (၁ ကော. ၁၀:၁၂) စိတ်နှလုံးကို အမြဲဆန်းစစ်ဖို့၊ အကျင့်ပျက်အတွေးအခေါ်တွေကို ငြင်းပယ်ဖို့၊ မာနစိတ်ကို ချိုးနှိမ်ဖို့ သိပ်အရေးကြီးတယ်။—ဂလ. ၅:၂၆။ ကောလောသဲ ၃:၅ ကိုဖတ်ပါ။

၁၃။ စာတန် အသုံးပြုတဲ့ နောက်ငါးစာက ဘာလဲ။ ဘယ်လို ရှောင်နိုင်သလဲ။

၁၃ စာတန်သုံးနေတဲ့ နောက်ငါးစာတစ်ခုကတော့ မှော်အတတ်ကို စူးစမ်းချင်စိတ် ဖြစ်တယ်။ မှားယွင်းတဲ့ ဘာသာရေးနဲ့ ဖျော်ဖြေရေးလုပ်ငန်းအားဖြင့် နတ်ဆိုးတွေကို စိတ်ဝင်စားလာအောင် စာတန် သွေးဆောင်နေတယ်။ ရုပ်ရှင်၊ ဂိမ်း၊ တခြားမီဒီယာတွေက နတ်ဆိုးပညာကို စိတ်လှုပ်ရှားစရာအဖြစ် ရှုမြင်စေကြတယ်။ အဲဒီထောင်ချောက်ထဲ မရောက်အောင် ဘယ်လို ရှောင်နိုင်သလဲ။ လက်ခံနိုင်စရာ၊ လက်မခံနိုင်စရာ ဖျော်ဖြေရေး စာရင်းတစ်ခု ပေးဖို့ ဘုရားသခင့် အဖွဲ့အစည်းဆီကနေ မမျှော်လင့်သင့်ဘူး။ ကျွန်တော်တို့ယောက်တိုင်းက ဘုရားစံနှုန်းတွေနဲ့အညီ သိစိတ်ကို လေ့ကျင့်ပေးဖို့ လိုအပ်တယ်။ (ဟီ. ၅:၁၄) ဘုရားသခင်ကို “ဟန်ဆောင်မှု ကင်း” တဲ့ မေတ္တာနဲ့ ချစ်မယ်ဆိုရင် ပညာရှိရှိ ရွေးချယ်ပါလိမ့်မယ်။ (ရော. ၁၂:၉) ‘ငါရွေးချယ်တဲ့ ဖျော်ဖြေမှုက အရေခြုံဟန်ဆောင်သူ ဖြစ်စေသလား။ ငါရွေးချယ်တဲ့ ဖျော်ဖြေမှုကို ကျမ်းစာသင်သား၊ ပြန်လည်ပတ်မှုတွေ မြင်ရင် သွန်သင်တဲ့အတိုင်း ကျင့်နေတယ်လို့ ထင်ကြမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အပြောနဲ့ အလုပ် ညီခြင်းအားဖြင့် စာတန့် ထောင်ချောက်ကို ရှောင်ဖို့ ပိုလွယ်ကူစေတယ်။—၁ ယော. ၃:၁၈

စာတန်က အစိုးရတားမြစ်ပိတ်ပင်မှု၊ ကျောင်းနေဖက်တွေရဲ့ ဖိအား၊ မိသားစု ဆန့်ကျင်မှု စတဲ့အကြမ်းနည်းသုံးဖို့ ကြိုးစား (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ အကြမ်းနည်းကို စာတန် ဘယ်လို သုံးသလဲ။ ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်သလဲ။

၁၄ စာတန်က ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကို ချိုးဖောက်ဖို့ အကြမ်းနည်းကိုလည်း သုံးတယ်။ ဥပမာ၊ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ဖို့ အစိုးရတွေကို ကြိုးကိုင်နိုင်တယ်။ ကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေအတိုင်း နေထိုင်တာကို လှောင်ပြောင်ဖို့ အလုပ်ဖော်တွေ၊ ကျောင်းနေဖက်တွေကို သွေးထိုးပေးနိုင်တယ်။ (၁ ပေ. ၄:၄) စိတ်ရင်းကောင်းတဲ့ မိသားစုဝင်တွေကို သုံးပြီး အစည်းအဝေး မတက်တော့အောင် တားဆီးနိုင်တယ်။ (မ. ၁၀:၃၆) ဒါတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်သလဲ။ ပထမ၊ စာတန် အဲဒီလို တိုက်ခိုက်လာနိုင်မှန်း မျှော်လင့်ထားရမယ်။ (ဗျာ. ၂:၁၀။ ၁၂:၁၇) ဒုတိယ၊ အဲဒီလိုတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က အရေးကိစ္စကို သတိရနေရမယ်။ အဆင်ပြေမှ ယေဟောဝါကို ကျွန်တော်တို့ ဝတ်ပြုမယ်၊ ဖိအားပေးခံရတဲ့အခါ ဘုရားကို ကျောခိုင်းသွားလိမ့်မယ်လို့ စာတန် စွပ်စွဲထားတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄၊ ၅) နောက်ဆုံး၊ ရင်ဆိုင်နိုင်တဲ့ ခွန်အားပေးဖို့ ယေဟောဝါကို အားကိုးရမယ်။ ကျွန်တော်တို့ကို ဘုရားသခင် ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ကြောင်း သတိရပါ။—ဟီ. ၁၃:၅

စာတန့်တန်ခိုး ဘယ်လောက် အကန့်အသတ်ရှိသလဲ

၁၅။ စာတန်က ကျွန်တော်တို့ကို အလိုမတူဘဲ အတင်းဖိအားပေးလို့ ရနိုင်သလား။ ရှင်းပြပါ။

၁၅ စာတန်ဟာ လူတွေကို အလိုမတူဘဲ အတင်းဖိအားပေးလို့ မရဘူး။ (ယာ. ၁:၁၄) လူများစွာက မသိလို့ စာတန့်အကြိုက် လိုက်လုပ်နေကြတာ။ အမှန်တရား သိလာပြီးနောက်မှာတော့ ဘယ်သူ့ကို ကိုးကွယ်မလဲဆိုတာ ရွေးချယ်ကြတယ်။ (တ. ၃:၁၇။ ၁၇:၃၀) ဘုရားအလိုတော် ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ သမာဓိကို စာတန် ဘယ်လိုမှ မချိုးဖျက်နိုင်ဘူး။—ယောဘ ၂:၃။ ၂၇:၅

၁၆၊ ၁၇။ (က) စာတန်နဲ့ နတ်ဆိုးတွေမှာ တခြား ဘယ်ကန့်သတ်ချက်တွေ ရှိသလဲ။ (ခ) ယေဟောဝါဆီ အသံထွက် ဆုတောင်းဖို့ ဘာကြောင့် မကြောက်သင့်သလဲ။

၁၆ စာတန်နဲ့ နတ်ဆိုးတွေမှာ တခြားကန့်သတ်ချက်တွေ ရှိသေးတယ်။ ဥပမာ၊ လူတွေရဲ့ စိတ်နှလုံးကို သူတို့ သိနိုင်တယ်လို့ ကျမ်းစာမှာ လုံးဝ မဖော်ပြထားဘူး။ ယေဟောဝါနဲ့ ယေရှုပဲ သိနိုင်တယ်။ (၁ ရှ. ၁၆:၇။ မာ. ၂:၈) ဒါဆို စကားပြောတာ၊ အသံထွက် ဆုတောင်းတာကို မာရ်နတ်နဲ့ နတ်ဆိုးတွေ ကြားပြီး နှောင့်ယှက်မှာ စိုးရိမ်ဖို့ လိုသလား။ မလိုပါဘူး။ ဘာကြောင့်လဲ။ မာရ်နတ် တွေ့မှာစိုးပြီး ယေဟောဝါရဲ့ လုပ်ငန်းမှာ မပါဝင်ဘဲ မနေကြသလို မာရ်နတ် ကြားမှာစိုးပြီး အသံထွက် ဆုမတောင်းတာမျိုး မဖြစ်သင့်ဘူး။ အသံထွက် ဆုတောင်းခဲ့တဲ့ ဘုရားသခင့် ကျေးကျွန်တွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ မာရ်နတ်ကြားမှာကို ကြောက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်း မရှိဘူး။ (၁ ဘု. ၈:၂၂၊ ၂၃။ ယော. ၁၁:၄၁၊ ၄၂။ တ. ၄:၂၃၊ ၂၄) ဘုရားအလိုတော်နဲ့အညီ အတတ်နိုင်ဆုံး ပြုမူပြောဆိုမယ်ဆိုရင် ကျွန်တော်တို့ကို နတ်ဆိုးတွေ ထာဝစဉ် ဒုက္ခပေးဖို့ ယေဟောဝါ ခွင့်ပြုမှာမဟုတ်ကြောင်း စိတ်ချနိုင်ပါတယ်။ဆာလံ ၃၄:၇ ကိုဖတ်ပါ။

၁၇ ကျွန်တော်တို့ရဲ့ ရန်သူကို သိဖို့ လိုပေမဲ့ ကြောက်ဖို့တော့ မလိုဘူး။ မစုံလင်တဲ့ လူသားတွေတောင် စာတန်ကို ယေဟောဝါရဲ့ အကူအညီနဲ့ အောင်နိုင်ပါတယ်။ (၁ ယော. ၂:၁၄) သူ့ကို ခုခံတွန်းလှန်ရင် ကျွန်တော်တို့ဆီကနေ ထွက်ပြေးသွားပါလိမ့်မယ်။ (ယာ. ၄:၇။ ၁ ပေ. ၅:၉) လူငယ်တွေဟာ စာတန်ရဲ့ အထူးပစ်မှတ် ဖြစ်ပုံရတယ်။ သူတို့ ဘယ်လို ခုခံတွန်းလှန်နိုင်မလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

a ကောင်းကင်တမန်တချို့မှာ ကိုယ်ပိုင်နာမည် ရှိကြောင်း ကျမ်းစာ ဖော်ပြတယ်။ (သူကြီး. ၁၃:၁၈။ ဒံ. ၈:၁၆။ လု. ၁:၁၉။ ဗျာ. ၁၂:၇) ကြယ်တစ်လုံးစီကို ယေဟောဝါ နာမည်ပေးထားတယ်။ (ဆာ. ၁၄၇:၄) ဒါကြောင့် စာတန်ဖြစ်သွားတဲ့ ကောင်းကင်တမန် အပါအဝင် ကောင်းကင်တမန်အားလုံးမှာ ကိုယ်ပိုင်နာမည်တွေ ရှိမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

b ဟီဘရူးကျမ်းစောင်တွေမှာ စာတန်ဆိုတဲ့ နာမည်ကို ၁၈ ကြိမ်ပဲ ဖော်ပြထားပြီး ခရစ်ယာန် ဂရိကျမ်းစောင်တွေမှာ အကြိမ် ၃၀ ကျော် ဖော်ပြထားတယ်။