လေ့လာရန် ဆောင်းပါး ၁၃
ယေဟောဝါ သင့်ကို ကာကွယ်ပေးပုံ
‘သခင်က သစ္စာရှိတယ်။ ခင်ဗျားတို့ကို ခိုင်ခံ့မြဲမြံစေပြီး ဆိုးညစ်သူရဲ့ ရန်ကနေ ကာကွယ်ပေးလိမ့်မယ်။’—၂ သက်. ၃:၃။
သီချင်း ၁၂၄ သစ္စာမြဲပါ
အကြိုသုံးသပ်ချက် a
၁။ တပည့်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ယေဟောဝါဆီ ယေရှု ဘာကြောင့် ဆုတောင်းပေးခဲ့သလဲ။
မြေကြီးအသက်တာ နောက်ဆုံးညမှာ ယေရှုဟာ တပည့်တွေ ရင်ဆိုင်ရမယ့် စမ်းသပ်မှုတွေအကြောင်း စဉ်းစားနေတယ်။ တပည့်တွေကို သိပ်ချစ်တဲ့အတွက် “ဆိုးညစ်သူရဲ့ ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးဖို့” ဖခင်ဆီ ဆုတောင်းပေးခဲ့တယ်။ (ယော. ၁၇:၁၄၊ ၁၅) မိမိ ကောင်းကင် ပြန်တက်သွားပြီးနောက် နောက်လိုက်တွေကို စာတန် မာရ်နတ် ဆက်တိုက်ခိုက်နေမယ်ဆိုတာ ယေရှု သိတယ်။
၂။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၂ သားတော်ကို သိပ်ချစ်လို့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။ ဒါကြောင့် စိတ်တော်နဲ့ တွေ့ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ယေဟောဝါ ချစ်မယ်။ အကူအညီနဲ့ ကာကွယ်မှု ရဖို့ ဆုတောင်းတဲ့အခါ နားထောင်ပေးမယ်။ ယေဟောဝါဟာ ဂရုစိုက်တတ်တဲ့ ဖခင် ဖြစ်လို့ သားသမီးတွေကို မေတ္တာပါပါ ဆက်ဂရုစိုက် စောင့်ရှောက်ပေးပါလိမ့်မယ်။ ဒါဟာ နာမတော်နဲ့ ပတ်သက်နေလို့ပဲ။
၃။ ဒီနေ့ ယေဟောဝါရဲ့ ကာကွယ်ပေးမှုကို ကျွန်တော်တို့ ဘာကြောင့် လိုအပ်သလဲ။
၃ ယေဟောဝါရဲ့ ကာကွယ်ပေးမှုကို အရင်ကထက် ပိုလိုအပ်နေတယ်။ စာတန်ဟာ ကောင်းကင်ကနေ ပစ်ချခံလိုက်ရလို့ “ဒေါသတကြီး” ဖြစ်နေတယ်။ (ဗျာ. ၁၂:၁၂) ကျွန်တော်တို့ကို နှိပ်စက်ညှဉ်းပန်းတာဟာ “ဘုရားအတွက် အမှုဆောင်နေတာလို့” လူတွေ ထင်အောင် စာတန် လုပ်တယ်။ (ယော. ၁၆:၂) ဘုရားကို မယုံကြည်တဲ့ တခြားသူတွေကျတော့ သူတို့နဲ့ မတူလို့ ကျွန်တော်တို့ကို နှိပ်စက်ညှဉ်းပန်းကြတယ်။ ဘယ်လို အကြောင်းရင်းကြောင့်ပဲ နှိပ်စက်ခံရပါစေ ကျွန်တော်တို့ မကြောက်ဘူး။ “သခင်ကတော့ သစ္စာရှိတယ်။ ခင်ဗျားတို့ကို ခိုင်ခံ့မြဲမြံစေပြီး ဆိုးညစ်သူရဲ့ ရန်ကနေ ကာကွယ်ပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ပြောထားလို့ပဲ။ (၂ သက်. ၃:၃) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကာကွယ်ပေးသလဲ။ နည်းနှစ်နည်းကို ဆွေးနွေးကြစို့။
ချပ်ဝတ်တန်ဆာ ယေဟောဝါ ပြင်ဆင်ပေး
၄။ ဧဖက် ၆:၁၃-၁၇ အရ ကျွန်တော်တို့ကို ကာကွယ်ဖို့ ယေဟောဝါ ဘာပေးထားသလဲ။
၄ စာတန်ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့ ချပ်ဝတ်တန်ဆာ ယေဟောဝါ ပေးထားတယ်။ (ဧဖက် ၆:၁၃-၁၇ ကိုဖတ်ပါ။) ဘုရားပေး ချပ်ဝတ်တန်ဆာဟာ ခိုင်ခံ့ပြီး သိပ်အသုံးဝင်တယ်။ ဒါပေမဲ့ ချပ်ဝတ်တန်ဆာရဲ့ အပိုင်းတိုင်းကို ဝတ်ဆင်ထားမှ၊ သုံးနေမှ ကာကွယ်မှု ရမယ်။ ချပ်ဝတ်တန်ဆာ အပိုင်းတစ်ခုစီက ဘာကို ဆိုလိုကြောင်း ဆွေးနွေးကြစို့။
၅။ အမှန်တရားခါးပန်းဆိုတာ ဘာလဲ။ ဘာကြောင့် စည်းထားရမလဲ။
၅ အမှန်တရားခါးပန်း ဆိုတာ ဘုရားသခင့် တရားစကားတော် ကျမ်းစာမှာ ပါတဲ့ အမှန်တရားကို ဆိုလိုတယ်။ အမှန်တရားခါးပန်းကို ဘာကြောင့် စည်းထားရမလဲ။ စာတန်ဟာ “မုသားရဲ့ အဖ” ဖြစ်လို့ပဲ။ (ယော. ၈:၄၄) စာတန် မုသား ပြောလာတာ နှစ်ထောင်နဲ့ချီ ရှိနေပြီ။ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို” လည်း လှည့်စားနေတယ်။ (ဗျာ. ၁၂:၉) ဒါပေမဲ့ ကျွန်တော်တို့ လှည့်စားမခံရအောင် ကျမ်းစာအမှန်တရားက ကာကွယ်ပေးတယ်။ အမှန်တရားခါးပန်းကို ဘယ်လို စည်းထားမလဲ။ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရား သင်ယူခြင်း၊ “စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ” ဝတ်ပြုကိုးကွယ်ခြင်း၊ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူခြင်းအားဖြင့်ပါပဲ။—ယော. ၄:၂၄။ ဧ. ၄:၂၅။ ဟီ. ၁၃:၁၈။
၆။ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာဆိုတာ ဘာလဲ။ ဘာကြောင့် ဝတ်ဆင်ထားရမလဲ။
၆ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ ဆိုတာ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ဆိုလိုတယ်။ ရင်အုပ်တန်ဆာ ဘာကြောင့် ဝတ်ဆင်ထားရမလဲ။ စစ်သားတစ်ယောက်ရဲ့ နှလုံးကို ရင်အုပ်တန်ဆာက ကာကွယ်ပေးသလို ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာက လောကရဲ့ ယိုယွင်းနေတဲ့ ဩဇာတွေကနေ ကျွန်တော်တို့ရဲ့ ပုံဆောင်နှလုံးကို ကာကွယ်ပေးတယ်။ (ပညာ. ၄:၂၃) မိမိကို စိတ်နှလုံးအပြည့်နဲ့ ချစ်ပြီး ကိုးကွယ်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ (မ. ၂၂:၃၆၊ ၃၇) ဒါပေမဲ့ စာတန်ကတော့ လောက ကမ်းလှမ်းတဲ့အရာတွေ၊ ယေဟောဝါ ရွံမုန်းတဲ့အရာတွေကို ကျွန်တော်တို့ ချစ်လာအောင် သွေးဆောင်ခြင်းအားဖြင့် စိတ်နှစ်ခွ ဖြစ်အောင် လုပ်တယ်။ (ယာ. ၄:၄။ ၁ ယော. ၂:၁၅၊ ၁၆) ဒီနည်းနဲ့ မရရင် အကြမ်းနည်း သုံးပြီး ယေဟောဝါရဲ့ စံနှုန်းတွေ ချိုးဖောက်အောင် လုပ်တယ်။
၇။ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဘယ်လိုနည်းနဲ့ ဝတ်ဆင်ထားရမလဲ။
၇ အမှား၊ အမှန်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကို လက်ခံခြင်း၊ အဲဒီစံနှုန်းတွေအတိုင်း နေထိုင်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ကျွန်တော်တို့ ဝတ်ဆင်ကြတယ်။ (ဆာ. ၉၇:၁၀) ယေဟောဝါရဲ့ စံနှုန်းတွေဟာ တင်းကျပ်လွန်းတယ်လို့ တချို့ ထင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာမူတွေအတိုင်း ဆက်မနေထိုင်ဘူးဆိုရင် စစ်မြေပြင် ရောက်မှ လေးတယ်ဆိုပြီး ရင်အုပ်တန်ဆာ ချွတ်ပစ်တဲ့ စစ်သားနဲ့ တူသွားလိမ့်မယ်။ ဒါ သိပ်မိုက်မဲရာ ကျတယ်။ ယေဟောဝါကို ချစ်တဲ့သူတွေအတွက်တော့ ပညတ်ချက်တွေဟာ “လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ” မဟုတ်ဘူး။ အသက်ကယ်ပေးတဲ့အရာ ဖြစ်တယ်။—၁ ယော. ၅:၃။
၈။ သတင်းကောင်း ဟောဖို့ အသင့်ရှိနေခြင်းဆိုတဲ့ ဖိနပ်ကို စီးထားတယ်ဆိုတာ ဘာလဲ။
၈ ငြိမ်သက်ခြင်း သတင်းကောင်း ဟောဖို့ အသင့်ရှိနေခြင်းဆိုတဲ့ ဖိနပ်ကို စီးထားပါလို့လည်း ပေါလု တိုက်တွန်းတယ်။ ဆိုလိုတာက နိုင်ငံတော် သတင်းကောင်း ဟောဖို့ အမြဲ အသင့်ရှိနေရမယ်။ တခြားသူတွေကို ကျမ်းစာ သတင်းတရား ပြောပြတဲ့အခါ ကိုယ်တိုင်ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာတယ်။ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ သတင်းကောင်း ဟောပြောဖို့ အခွင့်အရေးတိုင်းကို အသုံးပြုနေတာ တွေ့ရလို့ သိပ်အားရှိစရာ ကောင်းတယ်။ အလုပ်မှာ၊ ကျောင်းမှာ၊ စီးပွားရေး ရပ်ကွက်မှာ၊ တစ်အိမ်တက်ဆင်းမှာ၊ ဈေးဝယ်သွားတဲ့အခါ၊ မယုံကြည်သူ ဆွေမျိုးတွေဆီ လည်ပတ်တဲ့အခါ၊ အသိမိတ်ဆွေတွေနဲ့ စကားစမြည် ပြောတဲ့အခါ၊ အိမ်ထဲက အိမ်ပြင် မထွက်နိုင်တဲ့အခါတွေမှာတောင် ဟောပြောကြတယ်။ ကြောက်စိတ်ဝင်ပြီး မဟောတော့ဘူးဆိုရင် စစ်မြေပြင်မှာ ဖိနပ်ချွတ်လိုက်တဲ့ စစ်သားနဲ့ တူသွားမယ်။ ခြေထောက် အလွယ်တကူ ဒဏ်ရာ ရမယ်။ အလွယ်တကူ တိုက်ခိုက်ခံရမယ်။ တပ်မှူးရဲ့ အမိန့်ကို လိုက်နာဖို့လည်း ခက်သွားမယ်။
၉။ ယုံကြည်ခြင်း ဒိုင်းလွှားကြီးကို ဘာကြောင့် ကိုင်ဆောင်ထားရမလဲ။
၉ ယုံကြည်ခြင်း ဒိုင်းလွှားကြီး ဆိုတာ ယေဟောဝါအပေါ် ယုံကြည်ခြင်းကို ဆိုလိုတယ်။ ကတိအားလုံးကို ဘုရား ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒီယုံကြည်ခြင်းက “ဆိုးညစ်သူ ပစ်ခတ်တဲ့ မီးမြားတွေကို ငြိမ်းသတ်နိုင်” ဖို့ ကူညီပေးတယ်။ ယုံကြည်ခြင်း ဒိုင်းလွှားကြီးကို ဘာကြောင့် ကိုင်ဆောင်ထားရမလဲ။ အယူဖောက်ပြန်သူတွေရဲ့ သွန်သင်ချက်တွေကြောင့် ယိမ်းယိုင်မသွားဖို့၊ ကိုယ့်ယုံကြည်ချက်ကို လူတွေ ဝေဖန်ရှုတ်ချတဲ့အခါ စိတ်ဓာတ်ကျမသွားဖို့ ယုံကြည်ခြင်းက ကာကွယ်ပေးလို့ပဲ။ ယုံကြည်ခြင်း မရှိရင် ယေဟောဝါရဲ့ စံနှုန်းတွေကို ချိုးဖောက်ဖို့ သွေးဆောင်ခံရတဲ့အခါ ခုခံနိုင်စွမ်း မရှိဘဲ ဖြစ်သွားမယ်။ အလုပ်မှာ၊ ကျောင်းမှာ ယုံကြည်ခြင်းအတွက် ကျွန်တော်တို့ ခုခံပြောဆိုလိုက်တိုင်း ဒိုင်းလွှားကို ကိုင်ဆောင်ထားရာ ရောက်တယ်။ (၁ ပေ. ၃:၁၅) ဘုရားရေးရာ လုပ်ဆောင်မှုတွေကို ထိခိုက်စေမယ့် ဝင်ငွေကောင်းတဲ့ အလုပ်ကို ငြင်းပယ်လိုက်တိုင်း ဒိုင်းလွှားကို ကိုင်ဆောင်နေတာပဲ။ (ဟီ. ၁၃:၅၊ ၆) ဆန့်ကျင်မှုတွေကြား ယေဟောဝါ အတွက် အမှုဆောင်တာဟာလည်း ဒိုင်းလွှားကို ကိုင်ဆောင်နေတာ ဖြစ်တယ်။—၁ သက်. ၂:၂။
၁၀။ ကယ်တင်ခြင်း သံခမောက်ဆိုတာ ဘာလဲ။ ဘာကြောင့် ဆောင်းထားရမလဲ။
၁၀ ကယ်တင်ခြင်း သံခမောက် ဆိုတာ ဘုရားပေး မျှော်လင့်ချက်ကို ဆိုလိုတယ်။ အလိုတော် ဆောင်သူ အားလုံးကို ဘုရား ဆုချမယ်၊ ကျွန်တော်တို့ သေဆုံးသွားရင်တောင် ထမြောက်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်ပဲ။ (၁ သက်. ၅:၈။ ၁ တိ. ၄:၁၀။ တိ. ၁:၁၊ ၂) သံခမောက်က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို ကယ်တင်ခြင်း မျှော်လင့်ချက်က ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကာကွယ်ပေးတယ်။ ဘုရားပေး ကတိတွေကို အာရုံစိုက်နေဖို့၊ အခက်အခဲတွေကြောင့် ထူပူမသွားဖို့ ကူညီပေးတယ်။ သံခမောက်ကို ဘယ်လို ဆောင်းထားမလဲ။ ကိုယ့်စဉ်းစားတွေးခေါ်ပုံကို ဘုရားရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ ကိုက်ညီစေခြင်းအားဖြင့်ပါပဲ။ ဥပမာ၊ မတည်မြဲတဲ့ စည်းစိမ်ကို မဟုတ်ဘဲ ဘုရားကို ကျွန်တော်တို့ မျှော်လင့်အားကိုးကြတယ်။—ဆာ. ၂၆:၂။ ၁၀၄:၃၄။ ၁ တိ. ၆:၁၇။
၁၁။ စွမ်းအားတော် ဓားဆိုတာ ဘာလဲ။ ဘာကြောင့် ကိုင်စွဲထားရမလဲ။
၁၁ စွမ်းအားတော် ဓား ဆိုတာ ဘုရားသခင့် တရားစကား ကျမ်းစာကို ဆိုလိုတယ်။ အဲဒီဓားက အလိမ်အညာ အမျိုးမျိုးကို ဖော်ထုတ်နိုင်စွမ်း၊ မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ အန္တရာယ်ရှိတဲ့ အကျင့်အကြံတွေရဲ့ ကျွန်ဘဝကနေ လူတွေကို လွတ်မြောက်စေနိုင်စွမ်း ရှိတယ်။ (၂ ကော. ၁၀:၄၊ ၅။ ၂ တိ. ၃:၁၆၊ ၁၇။ ဟီ. ၄:၁၂) ကိုယ်ပိုင်လေ့လာမှု၊ ဘုရားအဖွဲ့အစည်းရဲ့ လေ့ကျင့်ပေးမှုကြောင့် ဓားကို ကျွန်တော်တို့ ပိုင်ပိုင်နိုင်နိုင် သုံးတတ်လာကြတယ်။ (၂ တိ. ၂:၁၅) ချပ်ဝတ်တန်ဆာအပြင် အစွမ်းထက် အကာအကွယ် နောက်တစ်ခု ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ အဲဒါ ဘာလဲ။
တစ်ယောက်တည်း တိုက်ခိုက်ရမှာ မဟုတ်
၁၂။ ကျွန်တော်တို့ နောက်ထပ် ဘယ်အကူအညီ လိုအပ်သလဲ။ ဘာကြောင့်လဲ။
၁၂ အတွေ့အကြုံရှိတဲ့ စစ်သားဟာ တစ်ယောက်တည်း အားနဲ့ စစ်တပ်ကြီးကို အောင်မြင်စွာ မတိုက်ခိုက်နိုင်မှန်း၊ တခြားရဲဘော်ရဲဘက်တွေရဲ့ အကူအညီ လိုအပ်မှန်း သိတယ်။ ဒီလိုပဲ၊ စာတန်နဲ့ စာတန့် နောက်လိုက်တွေကို ကျွန်တော်တို့ တစ်ယောက်တည်း အားနဲ့ အောင်မြင်စွာ မခုခံနိုင်ဘူး။ ညီအစ်ကို/မတွေရဲ့ ထောက်မမှု လိုအပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ကူညီပေးမယ့် ကမ္ဘာချီ “ညီအစ်ကို အသင်းအပင်း” ကို ယေဟောဝါ ပြင်ဆင်ပေးထားတယ်။—၁ ပေ. ၂:၁၇။
၁၃။ ဟီဘရူး ၁၀:၂၄၊ ၂၅ အရ အစည်းအဝေး တက်ရောက်ခြင်းကနေ ဘာအကျိုးကျေးဇူးတွေ ရသလဲ။
၁၃ ထောက်မမှု ရနိုင်တဲ့ နည်းတစ်နည်းကတော့ အစည်းအဝေး တက်ရောက်ခြင်းပါပဲ။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) ကျွန်တော်တို့အားလုံး စိတ်ဓာတ်ကျတတ်တယ်။ အဲဒီအချိန်တွေမှာ အစည်းအဝေးတွေက အားတက်လာစေတယ်။ ညီအစ်ကို/မတွေရဲ့ မှတ်ချက်တွေကြောင့် အားရှိလာတယ်။ ကျမ်းစာအခြေပြု ဟောပြောချက်တွေ၊ သရုပ်ပြတွေက ယေဟောဝါကို ဆက်ဝတ်ပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေတယ်။ အစည်းအဝေး မတိုင်ခင်နဲ့ ပြီးနောက် ညီအစ်ကို/မတွေနဲ့ စကားပြောတဲ့အခါ အားပေးမှု ရတယ်။ (၁ သက်. ၅:၁၄) ဒါ့အပြင် အစည်းအဝေးမှာ တခြားသူတွေကို ကူညီဖို့ အခွင့်အရေး ရလို့ ကျွန်တော်တို့ ပျော်ရွှင်တယ်။ (တ. ၂၀:၃၅။ ရော. ၁:၁၁၊ ၁၂) အစည်းအဝေးတွေက တခြားနည်းတွေနဲ့လည်း အကူအညီ ဖြစ်စေတယ်။ ဥပမာ၊ သွန်သင်ခြင်း ကိရိယာတွေကို ထိထိရောက်ရောက် သုံးတတ်လာအောင် ကူညီပေးတဲ့အတွက် ထိရောက်တဲ့ ဟောပြောသွန်သင်သူတွေ ဖြစ်လာတယ်။ ဒါကြောင့် အသင်းတော် အစည်းအဝေးတွေအတွက် ကောင်းကောင်း ပြင်ဆင်ပါ။ အစည်းအဝေးမှာ အာရုံစိုက် နားထောင်ပါ။ အစည်းအဝေးပြီးနောက် လက်တွေ့ကျင့်ပါ။ ဒါဆိုရင် “ခရစ်တော်ယေရှုရဲ့ စစ်သားကောင်း” ဖြစ်လာပါလိမ့်မယ်။—၂ တိ. ၂:၃။
၁၄။ တခြား ဘယ်အကူအညီတွေ ရနိုင်သေးသလဲ။
၁၄ တန်ခိုးကြီး ကောင်းကင်တမန် များစွာရဲ့ ထောက်မမှုကိုလည်း ကျွန်တော်တို့ ရထားတယ်။ ကောင်းကင်တမန် တစ်ပါးတည်းရဲ့ လုပ်ဆောင်နိုင်စွမ်းကိုပဲ စဉ်းစားကြည့်ပါ။ (ဟေရှာ. ၃၇:၃၆) ကောင်းကင်တမန် တစ်တပ်လုံးဆိုရင် ဘယ်လောက်တောင် အင်အားရှိလိုက်မလဲ။ ယေဟောဝါရဲ့ တန်ခိုးကြီး ကောင်းကင်တမန်တပ်ကို ဘယ်လူသား၊ ဘယ်နတ်ဆိုးမှ မယှဉ်နိုင်ဘူး။ ယေဟောဝါသာ အတူရှိနေရင် ရန်သူအင်အား ဘယ်လောက် များပါစေ ကျွန်တော်တို့ အမြဲ ခွန်အားပိုရှိနေပါလိမ့်မယ်။ (သူကြီး. ၆:၁၆) ဒါကြောင့် အလုပ်ဖော်၊ အတန်းဖော်၊ မယုံကြည်သူ ဆွေမျိုးတွေရဲ့ အပြော၊ လုပ်ရပ်ကြောင့် စိတ်ဓာတ်ကျတဲ့အခါ အဲဒီအချက်တွေကို သတိရပါ။ သင် တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ဘူး။ သင်ဟာ ယေဟောဝါရဲ့ ညွှန်ကြားမှုအောက်မှာ ရှိနေတယ်။
ကျွန်တော်တို့ကို ယေဟောဝါ ဆက်ကာကွယ်ပေးမယ်
၁၅။ ဟေရှာယ ၅၄:၁၅၊ ၁၇ အရ ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်သွားအောင် လုပ်လို့ မရတဲ့ အကြောင်းရင်းက ဘာလဲ။
၁၅ ကျွန်တော်တို့ကို စာတန့် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ လောက မုန်းရတဲ့ အကြောင်းရင်းတွေ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးမှာ ကြားနေတယ်။ လက်နက် မကိုင်ဘူး။ ဘုရားနာမည်ကို ကြေညာတယ်။ ဘုရားနိုင်ငံတော်ကသာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ကြောင်း ဟောပြောတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာတယ်။ လောကအုပ်စိုးရှင်ဟာ မုသားပြောသူ၊ လူ့အသတ် သတ်တဲ့သူ ဖြစ်ကြောင်း ဖော်ထုတ်တယ်။ (ယော. ၈:၄၄) မကြာခင် စာတန့်လောက ဖျက်ဆီးခံရမယ့်အကြောင်း ကြေညာတယ်။ စာတန်နဲ့ နောက်လိုက်တွေကြောင့် ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားမှာ မဟုတ်ဘူး။ အဲဒီအစား နည်းလမ်းမှန်သမျှ သုံးပြီး ယေဟောဝါကို ကျွန်တော်တို့ ဆက်ချီးမွမ်းနေကြတယ်။ စာတန် တန်ခိုးရှိပေမဲ့ ကမ္ဘာတစ်ဝန်းက လူတွေဆီ နိုင်ငံတော်သတင်း မရောက်အောင် မတားဆီးနိုင်ဘူး။ ဒါတွေအားလုံးဟာ ယေဟောဝါရဲ့ ကာကွယ်ပေးမှုကြောင့်ပါပဲ။—ဟေရှာယ ၅၄:၁၅၊ ၁၇ ကိုဖတ်ပါ။
၁၆။ ကြီးစွာသောဒုက္ခအတွင်း မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ကယ်တင်မလဲ။
၁၆ ရှေ့မှာ ဘာတွေ ကြုံရမလဲ။ ကြီးစွာသောဒုက္ခအတွင်း အံ့ဖွယ်နည်းနှစ်နည်းနဲ့ ကျွန်တော်တို့ကို ယေဟောဝါ ကယ်တင်မယ်။ ပထမ၊ မှားယွင်းတဲ့ ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ကို ဖျက်ဆီးဖို့ မြေကြီးဘုရင်တွေရဲ့ စိတ်ထဲ ယေဟောဝါ အကြံ ထည့်ပေးချိန်မှာ သစ္စာရှိ ကျေးကျွန်တွေကိုတော့ ကယ်တင်မှာ ဖြစ်တယ်။ (ဗျာ. ၁၇:၁၆-၁၈။ ၁၈:၂၊ ၄) ဒုတိယ၊ အာမဂေဒုန်မှာ စာတန့်လောကရဲ့ ကျန်အပိုင်းကို ဖျက်ဆီးချိန်မှာ မိမိလူမျိုးကို ယေဟောဝါ ကယ်တင်မယ်။—ဗျာ. ၇:၉၊ ၁၀။ ၁၆:၁၄၊ ၁၆။
၁၇။ ယေဟောဝါနဲ့ ရင်းနှီးနေမယ်ဆိုရင် ဘာအကျိုးရမလဲ။
၁၇ ယေဟောဝါနဲ့ ရင်းနှီးနေမယ်ဆိုရင် ကျွန်တော်တို့ကို ထာဝစဉ် ထိခိုက်အောင် စာတန် မလုပ်နိုင်ဘူး။ တကယ်တမ်း အပြီးအပိုင် ချေမှုန်းခံရမှာ စာတန်ပဲ။ (ရော. ၁၆:၂၀) ဒါကြောင့် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ပါ။ အသုံးပြုနေပါ။ တစ်ယောက်တည်း အားနဲ့ မတိုက်ခိုက်ပါနဲ့။ ညီအစ်ကို/မတွေကို ထောက်မပါ။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။ ဒါဆိုရင် သင့်ကို မေတ္တာရှင် ကောင်းကင်ဖခင် ခိုင်ခံ့မြဲမြံစေပြီး ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေရှာ. ၄၁:၁၀။
သီချင်း ၁၄၉ အောင်ပွဲခံ သီချင်း
a ကျွန်တော်တို့ကို ယေဟောဝါ ခိုင်ခံ့မြဲမြံစေမယ်၊ ကာကွယ်ပေးမယ်လို့ ကျမ်းစာမှာ ကတိပေးတယ်။ ကျွန်တော်တို့ ဘာကြောင့် ကာကွယ်ခံရဖို့ လိုသလဲ။ ယေဟောဝါ ဘယ်လို ကာကွယ်ပေးသလဲ။ ယေဟောဝါရဲ့ အကူအညီ ရဖို့ ဘာလုပ်ရမလဲ။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။