မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၅

‘ကလေးငယ်နဲ့ တူတဲ့ လူတွေကို’ တိုက်မိမလဲပါစေနဲ့

‘ကလေးငယ်နဲ့ တူတဲ့ လူတွေကို’ တိုက်မိမလဲပါစေနဲ့

“ကလေးငယ်နဲ့ တူတဲ့ ဟောဒီလူတွေကို မထီလေးစား မလုပ်မိစေနဲ့။”—မ. ၁၈:၁၀

သီချင်း ၁၁၃ တို့ပိုင်ဆိုင်တဲ့ ငြိမ်သက်ခြင်း

အကြိုသုံးသပ်ချက် a

၁။ ကျွန်တော်တို့ တစ်ဦးချင်းစီကို ယေဟောဝါ စိတ်ဝင်စားတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

 ကျွန်တော်တို့ တစ်ဦးချင်းစီကို ယေဟောဝါ ဆွဲဆောင်ထားတယ်။ (ယော. ၆:၄၄) ဒါက ဘာကို ဆိုလိုသလဲ။ ကမ္ဘာပေါ်က သန်းထောင်ချီ ရှိတဲ့ လူတွေကို စစ်ဆေးရင်း မိမိကို စိတ်နှလုံး အကြွင်းမဲ့ ချစ်လာနိုင်မယ့် သင့်ကို သတိထားမိတယ်၊ တန်ဖိုးထားတယ်ဆိုတဲ့ သဘောပဲ။ (၁ ရာ. ၂၈:၉) သင့်ကို ယေဟောဝါ သိတယ်၊ နားလည်တယ်၊ ချစ်တယ်။ တကယ့်ကို အားရှိစရာပါပဲ။

၂။ သိုးတစ်ကောင်ချင်းစီကို ယေဟောဝါ စိတ်ဝင်စားကြောင်း ယေရှု ဘယ်လို ဥပမာပေးသလဲ။

ယေဟောဝါက သင့်ကို ဂရုစိုက်သလို ညီအစ်ကို/မ အားလုံးကိုလည်း ဂရုစိုက်တယ်။ အဲဒီအချက်ကို နားလည်အောင် ယေရှုက ယေဟောဝါကို သိုးထိန်းနဲ့ နှိုင်းယှဉ်ခဲ့တယ်။ သိုးအကောင် ၁၀၀ မှာ တစ်ကောင် လမ်းလွဲသွားရင် သိုးထိန်း ဘာလုပ်မလဲ။ “၉၉ ကောင်ကို တောင်ပေါ်မှာ ထားခဲ့ပြီး လမ်းလွဲသွားတဲ့ သိုးတစ်ကောင်ကို သူ ထွက်ရှာမယ်။” သိုးကို ပြန်တွေ့တဲ့အခါ လမ်းလွဲသွားလို့ ကြိမ်းမောင်းမယ့်အစား သိပ်ပျော်မယ်။ သိုးတိုင်း ယေဟောဝါအတွက် အရေးပါတယ်။ “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့ တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး” လို့ ယေရှု ပြောတယ်။—မ. ၁၈:၁၂-၁၄

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ညီအစ်ကို/မတွေကို စိတ်ဓာတ်ကျအောင် လုပ်တဲ့သူ ကျွန်တော်တို့ ဘယ်တော့မှ မဖြစ်ချင်ဘူး။ တခြားသူတွေကို တိုက်မိလဲစေတာမျိုး မဖြစ်အောင် ဘယ်လို ရှောင်မလဲ။ ကျွန်တော်တို့ကို တစ်ယောက်ယောက် စိတ်ထိခိုက်အောင် လုပ်ရင်ကော။ အဲဒီအကြောင်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဦးဆုံး၊ မဿဲ အခန်းကြီး ၁၈ မှာပါတဲ့ ‘ကလေးငယ်နဲ့ တူတဲ့ လူတွေ’ အကြောင်း လေ့လာကြည့်ရအောင်။

‘ကလေးငယ်နဲ့တူတဲ့ လူတွေ’ ဆိုတာ ဘယ်သူတွေလဲ

၄။ ‘ကလေးငယ်နဲ့တူတဲ့ လူတွေ’ ဆိုတာ ဘယ်သူတွေလဲ။

‘ကလေးငယ်နဲ့တူတဲ့ လူတွေ’ ဆိုတာ ယေရှုရဲ့ တပည့်အားလုံးကို ဆိုလိုတယ်။ ဘယ်အသက်အရွယ်ပဲ ရှိနေပါစေ သူတို့အားလုံးဟာ ယေရှု သွန်သင်ပေးတာကို “ကလေးငယ်တွေလို” ခံယူချင်ကြတယ်။ (မ. ၁၈:၃) နောက်ခံ၊ ယဉ်ကျေးမှု၊ ရှုမြင်ပုံ၊ စရိုက်တွေ မတူကြပေမဲ့ ယေရှုကို ယုံကြည်ကြတယ်။ ယေရှုလည်း သူတို့ကို သိပ်ချစ်တယ်။—မ. ၁၈:၆။ ယော. ၁:၁၂

၅။ ကျေးကျွန် တစ်ယောက်ယောက်ကို တိုက်မိလဲအောင်၊ ထိခိုက်အောင် လုပ်တဲ့သူကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

‘ကလေးငယ်နဲ့တူတဲ့ လူတွေ’ အားလုံး ယေဟောဝါအတွက် တန်ဖိုးရှိတယ်။ ယေဟောဝါရဲ့ ခံစားချက်ကို နားလည်ဖို့ ကလေးတွေအပေါ် ထားတဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်ကို စဉ်းစားကြည့်ပါ။ ကလေးတွေဟာ ကျွန်တော်တို့အတွက် တန်ဖိုးရှိတယ်။ လူကြီးတွေလို ခွန်အား၊ အတွေ့အကြုံ၊ စဉ်းစားနိုင်စွမ်း မရှိတဲ့အတွက် သူတို့ကို ကာကွယ်ပေးချင်တယ်။ သူတို့ကို မထိခိုက်စေချင်ဘူး။ တစ်ယောက်ယောက် ထိခိုက်အောင် လုပ်ရင် ကျွန်တော်တို့ စိတ်ဆိုးတယ်။ အဲဒီလိုပဲ ယေဟောဝါလည်း ကျွန်တော်တို့ကို ကာကွယ်ပေးချင်တယ်။ မိမိကျေးကျွန် တစ်ယောက်ယောက်ကို တိုက်မိလဲအောင်၊ ထိခိုက်အောင် လုပ်တဲ့သူကို ယေဟောဝါ စိတ်ဆိုးတယ်။—ဟေရှာ. ၆၃:၉။ မာ. ၉:၄၂

၆။ ၁ ကောရိန္သု ၁:၂၆-၂၉ အရ ယေရှုရဲ့ တပည့်တွေကို လောကက ဘယ်လို ရှုမြင်သလဲ။

တခြားဘယ်နည်းနဲ့ ယေရှုရဲ့ တပည့်တွေဟာ “ကလေးငယ်နဲ့” တူသလဲ။ လောကက ချမ်းသာသူ၊ နာမည်ကြီးသူ၊ ဩဇာအာဏာ ရှိသူတွေကို အထင်ကြီးတယ်။ ယေရှုရဲ့ တပည့်တွေကတော့ အရေးမပါတဲ့၊ မထင်ပေါ်တဲ့ “ကလေးငယ်” လို ဖြစ်နေပုံရတယ်။ (၁ ကောရိန္သု ၁:၂၆-၂၉ ကိုဖတ်ပါ။) ဒါပေမဲ့ ယေဟောဝါကတော့ အဲဒီလို မမြင်ဘူး။

၇။ ညီအစ်ကို/မတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ကျွန်တော်တို့ကို ဘယ်လို သဘောထား ရှိစေချင်သလဲ။

နှစ်ပေါင်းများစွာ အမှုဆောင်လာသူဖြစ်စေ၊ လူသစ်ဖြစ်စေ ကျေးကျွန်အားလုံးကို ယေဟောဝါ ချစ်တယ်။ ညီအစ်ကို/မအားလုံး ယေဟောဝါအတွက် အရေးပါသလို ကျွန်တော်တို့အတွက်လည်း အရေးပါသင့်တယ်။ ညီအစ်ကို/မတချို့ကိုပဲ မဟုတ်ဘဲ “ညီအစ်ကို အသင်းအပင်း တစ်ရပ်လုံးကို ချစ်” သင့်တယ်။ (၁ ပေ. ၂:၁၇) သူတို့ကို အတတ်နိုင်ဆုံး ဂရုစိုက်ကာကွယ်ပေးသင့်တယ်။ ကိုယ့်ကြောင့် တစ်ယောက်ယောက် စိတ်ထိခိုက်သွားတယ်ဆိုရင် ‘ဒီလောက်လေးတော့ ခွင့်လွှတ်သင့်ပါတယ်၊ အဖြစ်မသည်းသင့်ဘူး’ လို့ တွေးပြီး ဂရုမစိုက်တာမျိုး မလုပ်သင့်ဘူး။ တချို့က ကိုယ့်နောက်ခံကြောင့် သိမ်ငယ်စိတ် ဝင်ပြီး စိတ်ထိခိုက်လွယ်တာ ဖြစ်နိုင်တယ်။ တချို့ကလည်း အမှန်တရားထဲမှာ လူသစ် ဖြစ်လို့ တခြားသူတွေရဲ့ အမှားကို ခွင့်လွှတ်ဖို့ သင်ယူနေရတုန်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ပြန်သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ ကိုယ်ဟာ တခြားသူတွေကြောင့် မကြာခဏ စိတ်ဆိုးတတ်သူ ဖြစ်တယ်ဆိုရင် ဒါဟာ မကောင်းတဲ့ စရိုက် ဖြစ်မှန်း အသိအမှတ်ပြုပြီး ပြုပြင်ဖို့ ကြိုးစားသင့်တယ်။ ကိုယ်တိုင် စိတ်ငြိမ်သက်အောင်၊ တခြားသူတွေနဲ့လည်း ဆက်ဆံရေး ကောင်းအောင် အဲဒီလို လုပ်သင့်တယ်။

တခြားသူတွေ ကိုယ့်ထက် သာတယ်လို့ သဘောထားပါ

၈။ ယေရှုခေတ်က လူတွေရဲ့ ဘယ်သဘောထားက တပည့်တွေကို ဩဇာလွှမ်းမိုးခဲ့သလဲ။

“ကောင်းကင်နိုင်ငံမှာ ဘယ်သူ အကြီးမြတ်ဆုံး ဖြစ်မလဲ” ဆိုပြီး တပည့်တွေ မေးလို့ “ကလေးငယ်” အကြောင်း ယေရှု ပြောတာ ဖြစ်တယ်။ (မ. ၁၈:၁) ယေရှုခေတ်က ဂျူးများစွာဟာ ရာထူးအဆင့်အတန်းတွေကို သိပ်အလေးထားကြတယ်။ “လူများစွာရဲ့ ဘဝမှာ ရိုသေလေးစားခံရဖို့၊ နာမည်ကျော်ကြားဖို့က အရေးကြီးဆုံးပဲ” လို့ ပညာရှင်တစ်ယောက် ပြောတယ်။

၉။ ယေရှုရဲ့ တပည့်တွေ ဘာလုပ်ရမလဲ။

ဂျူးများစွာမှာ ရှိနေတဲ့ အပြိုင်အဆိုင် စိတ်ဓာတ်ကို တပည့်တွေ စိတ်ထဲကနေ အမြစ်ပါမကျန် ထုတ်ပစ်ရမယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် “ခင်ဗျားတို့ထဲမှာ အကြီးမြတ်ဆုံးဟာ အငယ်ဆုံးလို ဖြစ်ရမယ်။ ဦးဆောင်နေသူကလည်း အလုပ်အကျွေးပြုသူလို ဖြစ်ရမယ်” လို့ ပြောတယ်။ (လု. ၂၂:၂၆) ‘သူတစ်ပါးက ကိုယ့်ထက် သာတယ်’ လို့ ကျွန်တော်တို့ သဘောထားမှ “အငယ်ဆုံး” သူလို ဖြစ်နိုင်မယ်။ (ဖိ. ၂:၃) အဲဒီလို သဘောထား မွေးမြူနိုင်လေ တခြားသူတွေကို တိုက်မိလဲအောင် လုပ်မိစရာ အကြောင်း နည်းလေ ဖြစ်လိမ့်မယ်။

၁၀။ ပေါလုရဲ့ ဘယ်ဆုံးမစကားကို နှလုံးသွင်းသင့်သလဲ။

၁၀ ညီအစ်ကို/မ အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျွန်တော်တို့ထက် သာတယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်မယ်ဆိုရင် ကိုယ့်ထက် သာတယ်ဆိုတာ မြင်တတ်လာမယ်။ “သူတစ်ပါးထက် သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ယူဆတာလဲ။ ခင်ဗျားတို့ ရထားသမျှဟာ ဘုရားသခင်ဆီကပဲ။ ဘုရားသခင်ဆီက ရထားတာဆိုရင် မရထားသလိုမျိုး ဘာလို့ ဝါကြွားနေတာလဲ” ဆိုတဲ့ ပေါလုရဲ့ ဆုံးမစကားကို ကျွန်တော်တို့ နှလုံးသွင်းသင့်တယ်။ (၁ ကော. ၄:၇) အာရုံစိုက်ခံချင်တဲ့ သဘောထား၊ တခြားသူထက် သာတယ်ဆိုတဲ့ သဘောထားတွေကို ရှောင်သင့်တယ်။ အဟောအပြော ကောင်းတဲ့ ညီအစ်ကိုတွေ၊ ထိထိရောက်ရောက် ကျမ်းစာသင်ပေးနိုင်တဲ့ ညီအစ်မတွေဟာ ကိုယ့်လုပ်နိုင်စွမ်းအတွက် ယေဟောဝါကိုပဲ အမြဲ ဂုဏ်တင်ချီးမွမ်းသင့်တယ်။

“ကြည်ကြည်ဖြူဖြူ” ခွင့်လွှတ်ပါ

၁၁။ ဘုရင်ကြီးနဲ့ အမှုထမ်း ပုံဥပမာကတစ်ဆင့် ယေရှု ဘာသင်ပေးသလဲ။

၁၁ တခြားသူတွေကို တိုက်မိလဲအောင် မလုပ်ဖို့ နောက်လိုက်တွေကို သတိပေးပြီးနောက် ဘုရင်ကြီးနဲ့ အမှုထမ်းအကြောင်း ပုံဥပမာတစ်ခု ယေရှု ပြောတယ်။ ဘုရင်ကြီးက အမှုထမ်းရဲ့ အကြွေးအားလုံးကို လျှော်ပစ်လိုက်တယ်။ နောက်ပိုင်း၊ အဲဒီအမှုထမ်းက အချင်းချင်းရဲ့ အကြွေး နည်းနည်းလေးကိုတော့ မရမက ပြန်တောင်းတယ်။ ဘုရင်ကြီး သိသွားတော့ မသနားတတ်တဲ့ အမှုထမ်းကို ထောင်ချလိုက်တယ်။ သင်ခန်းစာက ဘာလဲ။ “ခင်ဗျားတို့က ကိုယ့်ညီအစ်ကိုကို ကြည်ကြည်ဖြူဖြူ ခွင့်မလွှတ်ဘူးဆိုရင် ကောင်းကင်အဖကလည်း ခင်ဗျားတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး” လို့ ယေရှု ပြောတယ်။—မ. ၁၈:၂၁-၃၅

၁၂။ ကျွန်တော်တို့ ခွင့်မလွှတ်ဘူးဆိုရင် တခြားသူတွေကို ဘယ်လို ထိခိုက်နိုင်သလဲ။

၁၂ အမှုထမ်းရဲ့ လုပ်ရပ်က ကိုယ်တိုင်သာမက တခြားသူတွေကိုပါ ထိခိုက်စေတယ်။ ပထမ၊ အမှုထမ်း အချင်းချင်းကို မသနားဘဲ ‘အကြွေး မဆပ်မချင်း ထောင်ချလိုက်တယ်။’ ဒုတိယ၊ သူ့လုပ်ရပ်က တခြားသူတွေကိုလည်း ထိခိုက်စေတယ်။ “တခြားအမှုထမ်းတွေ မြင်တဲ့အခါ စိတ်မကောင်း ဖြစ်” ကြတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကလည်း တခြားသူတွေကို ထိခိုက်စေနိုင်တယ်။ ကျွန်တော်တို့ကို စိတ်ထိခိုက်အောင် လုပ်သူ တစ်ယောက်ယောက်ကို ခွင့်မလွှတ်ဘူးဆိုရင် ဘာဖြစ်မလဲ။ ပထမ၊ ကိုယ် ခွင့်မလွှတ်၊ ဂရုမစိုက်၊ မေတ္တာ မပြတာက သူ့ကို နာကျင်စေတယ်။ ဒုတိယ၊ သူနဲ့ အဆင်မပြေတာကို အသင်းတော်က တခြားသူတွေ သတိထားမိတဲ့အခါ သူတို့လည်း အနေရခက်နိုင်တယ်။

စိတ်နာကြည်းနေမလား၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်မလား (စာပိုဒ် ၁၃-၁၄ ကိုကြည့်ပါ) b

၁၃။ ရှေ့ဆောင် ညီအစ်မတစ်ယောက်ရဲ့ အတွေ့အကြုံကနေ ဘာသိရသလဲ။

၁၃ ညီအစ်ကို/မတွေကို ခွင့်လွှတ်တဲ့အခါ ကိုယ်တိုင်ရော တခြားသူတွေပါ အကျိုးရတယ်။ ခရစ်စတယ်လို့ ခေါ်တဲ့ ရှေ့ဆောင် ညီအစ်မအကြောင်း စဉ်းစားကြည့်ပါ။ အသင်းတော်ထဲက ညီအစ်မ တစ်ယောက်ကြောင့် စိတ်ထိခိုက်မိတယ်။ “သူ့ရဲ့ မကြင်နာတဲ့ စကားတွေက တစ်ခါတလေ ဓားနဲ့ ထိုးသလိုပဲ။ အမှုဆောင်မှာ ကားတစ်စီးတည်းတောင် အတူ မစီးချင်ဘူး။ စိတ်ထက်သန်မှုနဲ့ ပျော်ရွှင်မှု တဖြည်းဖြည်း ပျောက်ဆုံးလာတယ်” လို့ ခရစ်စတယ် ပြောတယ်။ ကိုယ့်ဘက်က အကြောင်း ရှိလို့ စိတ်ဆိုးတာပဲလို့ ခရစ်စတယ် ယူဆတယ်။ ဒါပေမဲ့ စိတ်နာကြည်းတာ၊ ကိုယ့်ခံစားချက်ကိုပဲ ဦးစားပေးတာမျိုး မလုပ်ဘူး။ ၁၉၉၉၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်သင့်စိတ်နှလုံးထဲမှ ခွင့်လွှတ်လော့” ဆောင်းပါးမှာ ပါတဲ့ ကျမ်းစာအကြံဉာဏ်ကို နှိမ့်ချစွာ လိုက်နာပြီး ညီအစ်မကို ခွင့်လွှတ်လိုက်တယ်။ “ကျွန်မတို့အားလုံး စရိုက်သစ်ကို ဝတ်ဆင်ဖို့ ကြိုးစားနေကြောင်း၊ ကျွန်မတို့ကို ယေဟောဝါ နေ့တိုင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်နေကြောင်း သိလာတယ်။ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရတယ်။ ပြန်ပြီး ပျော်ရွှင်လာတယ်” လို့ ခရစ်စတယ် ပြောတယ်။

၁၄။ မဿဲ ၁၈:၂၁၊ ၂၂ အရ တမန်တော် ပေတရုမှာ ဘယ်အခက်အခဲ ရှိခဲ့နိုင်သလဲ။ ယေရှုရဲ့ အဖြေကနေ ဘာသိရသလဲ။

၁၄ ခွင့်လွှတ်ရမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ လုပ်သင့်လုပ်ထိုက်ရာပဲ ဆိုတာလည်း သိတယ်။ ဒါပေမဲ့ တကယ် ခွင့်လွှတ်ဖို့ကျတော့ ခက်နေနိုင်တယ်။ တမန်တော် ပေတရုလည်း အဲဒီလို ခက်တဲ့အချိန်တွေ ရှိခဲ့နိုင်တယ်။ (မဿဲ ၁၈:၂၁၊ ၂၂ ကိုဖတ်ပါ။) ကျွန်တော်တို့ကို ဘာက ကူညီပေးနိုင်သလဲ။ ပထမ၊ ကိုယ့်ကို ယေဟောဝါ ဘယ်လောက် ခွင့်လွှတ်ကြောင်း စဉ်းစားပါ။ (မ. ၁၈:၃၂၊ ၃၃) ကျွန်တော်တို့ ခွင့်လွှတ်မှု မရထိုက်ပေမဲ့ ဘုရား ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်။ (ဆာ. ၁၀၃:၈-၁၀) တစ်ချိန်တည်းမှာ ကျွန်တော်တို့လည်း “အချင်းချင်း ချစ်ဖို့ တာဝန် ရှိတယ်။” ဒါကြောင့် ခွင့်လွှတ်ဖို့ဆိုတာ ရွေးချယ်လို့ ရတဲ့အရာ မဟုတ်ဘူး။ လုပ်ကို လုပ်ရမယ့် တာဝန် ဖြစ်တယ်။ (၁ ယော. ၄:၁၁) ဒုတိယ၊ ခွင့်လွှတ်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ စဉ်းစားပါ။ ကိုယ့်ကို ပြစ်မှားသူကို ကူညီပေးရာ ရောက်မယ်။ အသင်းတော် စည်းလုံးမယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ထိန်းသိမ်းနိုင်မယ်။ ခေါင်းပေါ်က ဝန်ထုပ်ကြီး ကျသွားသလို ခံစားရမယ်။ (၂ ကော. ၂:၇။ ကော. ၃:၁၄) နောက်ဆုံး၊ ခွင့်လွှတ်ဖို့ တောင်းဆိုထားတဲ့ အရှင်ဆီ ဆုတောင်းပါ။ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေး ပျက်အောင် လုပ်ဖို့ စာတန်ကို အခွင့်မပေးပါနဲ့။ (ဧ. ၄:၂၆၊ ၂၇) စာတန့်ထောင်ချောက်ထဲ မကျဖို့ဆိုရင် ယေဟောဝါရဲ့ အကူအညီ လိုအပ်တယ်။

တိုက်မိမလဲပါနဲ့

၁၅။ ကောလောသဲ ၃:၁၃ အရ ညီအစ်ကို/မ တစ်ယောက်ယောက်ရဲ့ လုပ်ရပ်ကြောင့် စိတ်ထိခိုက်နေရင် ဘာလုပ်သင့်သလဲ။

၁၅ ယုံကြည်သူချင်း တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် စိတ်ထိခိုက်နေရင် ဘာလုပ်သင့်သလဲ။ ပြန်သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်တဲ့သူကို ကောင်းချီးပေးဖို့၊ သူ့ရဲ့ အရည်အသွေးကောင်းတွေ မြင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ အဲဒီအရည်အသွေးကောင်းတွေ ရှိလို့ သူ့ကို ယေဟောဝါ ချစ်တာ။ (လု. ၆:၂၈) သူ့လုပ်ရပ်ကို မမေ့နိုင်ဘူးဆိုရင် သူနဲ့ စကားသွားပြောပြီး ဖြေရှင်းဖို့ ကြိုးစားပါ။ ကိုယ့်ကို ထိခိုက်အောင် တမင် ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူးလို့ အမြဲ စဉ်းစားပါ။ (မ. ၅:၂၃၊ ၂၄။ ၁ ကော. ၁၃:၇) သူ့ဘက်က စေတနာနဲ့ ပြောမိ၊ လုပ်မိတာဆိုတဲ့ စိတ်မျိုး ထားပါ။ ဒါပေမဲ့ ပြန်သင့်မြတ်ဖို့ သူ ဆန္ဒ မရှိဘူး ဆိုရင်ကော။ “ဆက်ပြီး သည်းခံ” ပါ။ လက်မလျှော့ပါနဲ့။ (ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။) အရေးကြီးဆုံးကတော့ စိတ်နာကြည်း မနေပါနဲ့။ စိတ်နာကြည်းနေရင် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်နိုင်တယ်။ ဘယ်အရာကြောင့်မှ တိုက်မိမလဲပါစေနဲ့။ ဒီနည်းအားဖြင့် တခြားအရာတွေထက် ယေဟောဝါကို ပိုချစ်ကြောင်း သက်သေပြရာ ရောက်ပါလိမ့်မယ်။—ဆာ. ၁၁၉:၁၆၅

၁၆။ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ ဘာတာဝန် ရှိသလဲ။

၁၆ “သိုးထိန်းတစ်ယောက်တည်း” ရဲ့ လက်အောက်မှာ “သိုးတစ်အုပ်တည်း” အဖြစ် ယေဟောဝါကို စည်းလုံးစွာ အမှုဆောင်ရတဲ့ အခွင့်ထူးကို ကျွန်တော်တို့ တန်ဖိုးထားတယ်။ (ယော. ၁၀:၁၆) “စည်းလုံးမှုကနေ အကျိုးရရှိနေတဲ့အတွက် အဲဒါကို ထိန်းသိမ်းထားဖို့ တာဝန် ရှိတယ်” လို့ ယေဟောဝါရဲ့ အလိုတော် ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်၊ စာမျက်နှာ ၁၆၅ မှာ ဆိုတယ်။ ဒါကြောင့် “ညီအစ်ကို ညီအစ်မတွေကို . . . ယေဟောဝါ မြင်သလို မြင်တတ်ဖို့ လေ့ကျင့်” ရမယ်။ ကျွန်တော်တို့အားလုံးဟာ ယေဟောဝါအတွက် တန်ဖိုးရှိတယ်။ ညီအစ်ကို/မတွေကို သင် အဲဒီလိုပဲ သဘောထားသလား။ သူတို့ကို ဂရုစိုက်၊ ကူညီဖို့ သင် လုပ်ဆောင်သမျှကို ယေဟောဝါ သိပြီး တန်ဖိုးထားတယ်။—မ. ၁၀:၄၂

၁၇။ သင် ဘာလုပ်ဖို့ ဆုံးဖြတ်ထားသလဲ။

၁၇ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ချစ်တယ်။ ဒါကြောင့် “ညီအစ်ကိုအတွက် တိုက်မိလဲစရာ မဖြစ်စေဖို့၊ အတားအဆီး မဖြစ်စေဖို့ ဆုံးဖြတ်ထားပါ။” (ရော. ၁၄:၁၃) ညီအစ်ကို/မတွေကို ကိုယ့်ထက် သာတယ်လို့ ယူမှတ်ပါ။ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ။ တခြားသူတွေကြောင့် တိုက်မိမလဲပါစေနဲ့။ အဲဒီအစား ‘ငြိမ်သက်ခြင်း ရှိစေတဲ့အရာ၊ အားပေးမှု ဖြစ်စေတဲ့အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြပါစို့။’—ရော. ၁၄:၁၉

သီချင်း ၁၃၀ ခွင့်လွှတ်တတ်ကြပါ

a ကျွန်တော်တို့ မစုံလင်တဲ့အတွက် ညီအစ်ကို/မတွေကို စိတ်ထိခိုက်အောင် ပြောမိ၊ လုပ်မိနိုင်တယ်။ အဲဒီအခါ ဘယ်လို လုပ်သလဲ။ ပြန်အဆင်ပြေအောင် ကြိုးစားသလား။ ချက်ချင်း တောင်းပန်သလား။ ဒါမှမဟုတ် သူတို့ စိတ်ဆိုးတာ သူတို့ကိစ္စပဲ၊ ကိုယ်နဲ့ မဆိုင်ဘူးလို့ တွေးသလား။ ကိုယ်က တခြားသူရဲ့ အပြော၊ လုပ်ရပ်ကြောင့် အလွယ်တကူ စိတ်ဆိုးတတ်သူ ဖြစ်နေရင်ကော။ အဲဒီလို စိတ်ဆိုးတာ ကိုယ့်ရဲ့ ပင်ကိုစရိုက်ပဲလို့ ဆင်ခြေပေးသလား။ ဒါမှမဟုတ် ပြောင်းလဲဖို့ လိုတဲ့ အားနည်းချက် ဖြစ်တယ်လို့ သတ်မှတ်သလား။

b ပုံအညွှန်း– ညီအစ်မတစ်ယောက်က နောက်တစ်ယောက်ကို စိတ်ဆိုးနေ။ ပြဿနာကို နှစ်ဦးချင်း ဖြေရှင်းပြီးနောက် ခွင့်လွှတ်ပြီး အမှုဆောင်မှာ ပျော်ရွှင်စွာ အတူပါဝင်နေ။