သင် ဘယ်ကို မျှော်ကြည့်နေသလဲ
“ကောင်းကင်မှာ နန်းထိုင်တဲ့ ကိုယ်တော့်ကို ကျွန်တော် မျှော်ကြည့်နေပါတယ်။”—ဆာ. ၁၂၃:၁။
၁၊ ၂။ ယေဟောဝါကို မျှော်ကြည့်ခြင်းမှာ ဘာပါဝင်သလဲ။
“အလွန်ခက်ခဲကျပ်တည်း” တဲ့အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ကမ္ဘာပေါ် စစ်မှန်တဲ့ငြိမ်သက်မှု မရသေးသရွေ့ ဘဝဟာ ပိုခက်ခဲလာပါလိမ့်မယ်။ (၂ တိ. ၃:၁) ဒါကြောင့် ‘အကူအညီနဲ့ လမ်းညွှန်မှု ရဖို့ ဘယ်ကို မျှော်ကြည့်နေသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ “ယေဟောဝါဆီ” လို့ ဖြေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
၂ ယေဟောဝါဆီ မျှော်ကြည့်ခြင်းမှာ ဘာပါဝင်သလဲ။ ဘဝအခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ယေဟောဝါကိုပဲ မျှော်ကြည့်နေကြောင်း ဘယ်လို သေချာစေနိုင်မလဲ။ အကူအညီ လိုအပ်ချိန်မှာ ယေဟောဝါကို မျှော်ကြည့်ဖို့ လိုကြောင်း ဆာလံဆရာ အသိအမှတ်ပြုခဲ့တယ်။ (ဆာလံ ၁၂၃:၁-၄ ကိုဖတ်ပါ။) ယေဟောဝါဆီ မျှော်ကြည့်တာကို ကျွန်တစ်ယောက် သခင်ကို မျှော်ကြည့်တာနဲ့ နှိုင်းယှဉ်ထားတယ်။ ဆာလံဆရာ ဘာကို ဆိုလိုနေတာလဲ။ ကျွန်ဟာ အစားအစာနဲ့ အကာအကွယ်ရဖို့လောက်သာ မဟုတ်ဘဲ သခင့်ဆန္ဒကို နားလည်ပြီး ဖြည့်ဆည်းပေးနိုင်ဖို့ သခင်ကို မျှော်ကြည့်ရမယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အလိုတော်ကို သိပြီး လိုက်လျှောက်နိုင်ဖို့ ကျမ်းစာ နေ့တိုင်းဖတ်ရမယ်။ ဒါမှသာ အကူအညီ လိုအပ်ချိန်မှာ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။—ဧ. ၅:၁၇။
၃။ ဘာက ယေဟောဝါဆီကနေ အာရုံလွဲသွားစေနိုင်သလဲ။
၃ ယေဟောဝါကို အမြဲမျှော်ကြည့်ဖို့ အရေးကြီးကြောင်း သိပေမဲ့ တစ်ခါတလေ အာရုံလွဲသွားနိုင်တယ်။ ယေရှုရဲ့ မိတ်ဆွေ မာသလည်း “ဧည့်ဝတ်ပြုဖို့အတွက် ဗျာများ” ပြီး အာရုံလွဲခဲ့တယ်။ (လု. ၁၀:၄၀-၄၂) ယေရှုတစ်ယောက်လုံး ရှိနေတာတောင် အဲဒီလို ဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့လည်း ဖြစ်နိုင်တာ မဆန်းပါဘူး။ ဘာက ယေဟောဝါဆီကနေ အာရုံလွဲသွားစေနိုင်သလဲ။ တခြားသူတွေရဲ့ လုပ်ရပ်က ဘယ်လို အာရုံလွဲသွားစေနိုင်ကြောင်း၊ ယေဟောဝါကို ဘယ်လို ဆက်အာရုံစိုက်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
အခွင့်ထူး ဆုံးရှုံးသွားတဲ့ သစ္စာရှိသူ
၄။ ကတိထားရာပြည်ထဲ ဝင်ခွင့် မောရှေ ဆုံးရှုံးခဲ့တာကို ကျွန်တော်တို့ ဘာကြောင့် အံ့ဩမိနိုင်သလဲ။
၄ မောရှေဟာ လမ်းညွှန်မှုရဖို့ ယေဟောဝါကို မျှော်ကြည့်တယ်။ “မမြင်ရတဲ့အရှင်ကို မြင်နေရသလိုပဲ သူ တည်မြဲတည်ကြည်ခဲ့တယ်။” (ဟီဘရူး ၁၁:၂၄-၂၇ ကိုဖတ်ပါ။) “ယေဟောဝါ တရင်းတနှီး သိကျွမ်းခဲ့တဲ့ မောရှေလို ပရောဖက်မျိုး အစ္စရေးပြည်မှာ နောင်ဘယ်တော့မှ မပေါ်တော့ဘူး” လို့ ကျမ်းစာမှာ ပြောတယ်။ (တရား. ၃၄:၁၀) ယေဟောဝါနဲ့ ဒီလောက်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာတောင် မောရှေဟာ ကတိထားရာပြည်ထဲ ဝင်ခွင့် ဆုံးရှုံးခဲ့တယ်။ (တော. ၂၀:၁၂) ဘာကြောင့်လဲ။
၅-၇။ အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာပြီး မကြာခင်မှာ ဘာပြဿနာ ပေါ်လာသလဲ။ မောရှေ ဘယ်လို ကိုင်တွယ်ခဲ့သလဲ။
၅ အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာပြီး နှစ်လ မပြည့်ခင်၊ ဆိုင်းနိုင်းတောင်ကို မရောက်ခင် ပြဿနာကြီးတစ်ခု ပေါ်လာတယ်။ ရေမရှိလို့ လူတွေ မောရှေကို အပြစ်တင်လာကြတယ်။ အခြေအနေပိုဆိုးလာတော့ “ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်ကို ကျောက်ခဲနဲ့ ပေါက်တော့မှာပဲ” လို့ ယေဟောဝါကို မောရှေပြောတယ်။ (ထွ. ၁၇:၄) ဒါနဲ့ ယေဟောဝါက ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ပေးတယ်။ ဟောရပ်အရပ်က ကျောက်ဆောင်ကို တောင်ဝှေးနဲ့ ရိုက်ရင် ရေတွေ ပန်းထွက်လာမယ်တဲ့။ “မောရှေလည်း မှာထားတဲ့အတိုင်း အစ္စရေးအကြီးအကဲတွေရှေ့မှာ လုပ်တယ်။” အစ္စရေးတွေ ရေရသွားလို့ ပြဿနာ ပြေလည်သွားတယ်။—ထွ. ၁၇:၅၊ ၆။
၆ “အစ္စရေးတွေ မောရှေကို ရန်ရှာတဲ့အတွက်၊ ‘ငါတို့နဲ့အတူ ယေဟောဝါရှိသလား မရှိဘူးလား’ ဆိုပြီး ယေဟောဝါကို အကဲစမ်းတဲ့အတွက် အဲဒီအရပ်ကို မာဆာနဲ့ မေရိဘ လို့နာမည်ပေးတယ်” ဆိုပြီး ကျမ်းစာပြောတယ်။ (ထွ. ၁၇:၇) “အကဲစမ်းခြင်း၊” “ရန်ရှာခြင်း” လို့ အဓိပ္ပာယ်ရတဲ့ အဲဒီနာမည်တွေပေးတာ သင့်တော်ပါတယ်။
၇ မေရိဘအရပ်မှာ ဖြစ်ခဲ့တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ မောရှေကို ပုန်ကန်တာ မဟုတ်ဘဲ မိမိရဲ့ ဘုရားအဖြစ်ကို စိန်ခေါ်နေတာလို့ သဘောထားတယ်။ (ဆာလံ ၉၅:၈၊ ၉ ကိုဖတ်ပါ။) အစ္စရေးတွေ သိပ်မှားတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့ မောရှေဟာ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ရှာပြီး ဂရုတစိုက် လိုက်လျှောက်ခဲ့တယ်။
၈။ နှစ်ပေါင်း ၄၀ တောကန္တာရ ခရီးဆုံးခါနီးမှာ ဘာပြဿနာ ပေါ်လာသလဲ။
၈ နှစ်ပေါင်း ၄၀ လောက် ကြာပြီးနောက် တောကန္တာရ ခရီးဆုံးခါနီးမှာ အလားတူပြဿနာ ပေါ်လာပြန်တယ်။ မေရိဘလို့ အမည်တွင်လာမယ့်နေရာနား ရောက်လာကြတယ်။ ဒါဟာ ကတိထားရာပြည် နယ်စပ်နား၊ ကာဒေရှအရပ်မှာရှိတဲ့ နောက်မေရိဘ ဖြစ်တယ်။ a ဒီမှာလည်း ရေမရှိလို့ အစ္စရေးတွေ ညည်းညူကြပြန်တယ်။ (တော. ၂၀:၁-၅) ဒီတစ်ခါမှာတော့ မောရှေ ကြီးလေးတဲ့အမှား လုပ်မိတယ်။
၉။ မောရှေ ဘယ်ညွှန်ကြားချက် ရခဲ့သလဲ။ ဘာလုပ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၉ ဒီပုန်ကန်မှုကို မောရှေ ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ ဒီတစ်ကြိမ်မှာလည်း ယေဟောဝါရဲ့ လမ်းညွှန်မှုကို ရှာတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယေဟောဝါက ကျောက်ဆောင်ကို ရိုက်ဖို့ မပြောဘူး။ တောင်ဝှေးကို ကိုင်၊ ကျောက်ဆောင်ရှေ့မှာ လူတွေကို စုပြီး ကျောက်ဆောင်ကို အမိန့်ပေးဖို့ပဲ ပြောတယ်။ (တော. ၂၀:၆-၈) ဒါပေမဲ့ မောရှေက ကျောက်ဆောင်ကို အမိန့်မပေးဘဲ “ဟေ့ သူပုန်တွေ၊ နားထောင်ကြစမ်း။ မင်းတို့က ဒီကျောက်ဆောင်ထဲကနေ ရေထွက်အောင် ငါတို့ကို လုပ်ခိုင်းနေတာ မဟုတ်လား” လို့ ဒေါသတကြီးပြောပြီး ကျောက်ဆောင်ကို တစ်ချက်မက နှစ်ချက် ရိုက်လိုက်တယ်။—တော. ၂၀:၁၀၊ ၁၁။
၁၀။ မောရှေရဲ့ လုပ်ရပ်ကို ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။
၁၀ မောရှေကို ယေဟောဝါ သိပ်အမျက်ထွက်တယ်။ (တရား. ၁:၃၇။ ၃:၂၆) ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုကတော့ ညွှန်ကြားချက် အသစ်တွေကို မောရှေ မလိုက်လို့ ဖြစ်နိုင်တယ်။
၁၁။ ကျောက်ဆောင်ကို မောရှေ ရိုက်တာက ယေဟောဝါရဲ့ အံ့ဖွယ်အမှု မဟုတ်ဘူးလို့ ဘာကြောင့် ထင်သွားစေနိုင်သလဲ။
၁၁ ဖြစ်နိုင်ချေ နောက်တစ်ခုရှိတယ်။ ပထမမေရိဘအရပ်က ကျောက်သားဟာ မာကျောတဲ့ နှမ်းဖတ်ကျောက်သားဖြစ်တယ်။ ဘယ်လောက်ပြင်းပြင်း ရိုက်ပါစေ ရေထွက်လာဖို့ အကြောင်းမရှိဘူး။ ဒါပေမဲ့ ဒုတိယ မေရိဘအရပ်ကတော့ ပျော့ပျောင်းတဲ့ ထုံးကျောက်သားဖြစ်တယ်။ ထုံးကျောက်ရဲ့ သဘာဝအရ မြေအောက်မှာ ရေကြော ရှိနိုင်တယ်။ မောရှေက ကျောက်ဆောင်ကို အမိန်ပေးမယ့်အစား နှစ်ချက်ရိုက်လိုက်တဲ့အခါ ယေဟောဝါကြောင့် မဟုတ်ဘဲ သဘာဝအရ ရေထွက်လာတာလို့ အစ္စရေးတွေ ထင်သွားနိုင်တယ်။ b
မောရှေ ပုန်ကန်ခဲ့ပုံ
၁၂။ မောရှေနဲ့ အာရုန်ကို ယေဟောဝါ အမျက်ထွက်ရတဲ့ နောက်အကြောင်းရင်းက ဘာလဲ။
၁၂ မောရှေနဲ့ အာရုန်ကို ယေဟောဝါ အမျက်ထွက်တဲ့ နောက်အကြောင်းရင်းတစ်ခု ရှိသေးတယ်– “မင်းတို့က ဒီကျောက်ဆောင်ထဲကနေ ရေထွက်အောင် ငါတို့ကို လုပ်ခိုင်းနေတာ မဟုတ်လား” လို့ လူတွေကို မောရှေ ပြောခဲ့တာ သတိပြုပါ။ “ငါတို့” ဆိုတဲ့ စကားက သူနဲ့ အာရုန်ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီစကားတွေက အံ့ဖွယ်အမှု လုပ်ပေးတဲ့ ယေဟောဝါကို တော်တော်မလေးစားရာ ရောက်တယ်။ “သူတို့က မေရိဘ စမ်းရေနားမှာ ဘုရားကို စိတ်ဆိုးအောင် လုပ်ကြပြန်တယ်။ သူတို့ကြောင့် မောရှေ ထိခိုက်နစ်နာခဲ့ရတယ်။ သူတို့ ဒေါသထွက်အောင်လုပ်တော့ မောရှေလည်း မဆင်မခြင် ပြောမိတယ်” ဆိုတဲ့ ဆာလံ ၁၀၆:၃၂၊ ၃၃ က အဲဒီအချက်ကို ထောက်ခံတယ်။ c (တော. ၂၇:၁၄) မောရှေဟာ ယေဟောဝါကို ဂုဏ်တင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ‘မင်းတို့နှစ်ယောက်စလုံး ငါ့အမိန့်ကို လွန်ဆန်ခဲ့တယ်’ လို့ မောရှေနဲ့ အာရုန်ကို ယေဟောဝါပြောတယ်။ (တော. ၂၀:၂၄) တကယ့်ကြီးလေးတဲ့အပြစ်ပါပဲ။
၁၃။ မောရှေကို ယေဟောဝါစီရင်တာ တရားမျှတတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၁၃ မောရှေနဲ့ အာရုန်ဟာ ယေဟောဝါရဲ့ လူမျိုးကို ဦးဆောင်နေတဲ့အတွက် ပိုပြီးတာဝန်ရှိတယ်။ (လု. ၁၂:၄၈) အရင်တုန်းကလည်း ယေဟောဝါဟာ ပုန်ကန်မှုကြောင့် အစ္စရေးမျိုးဆက်တစ်ခုလုံးကို ကတိထားရာပြည်ထဲ ဝင်ခွင့် မပေးခဲ့ဘူး။ (တော. ၁၄:၂၆-၃၀၊ ၃၄) အခုလည်း မောရှေရဲ့ ပုန်ကန်မှုအတွက် ထပ်တူစီရင်တာ တရားမျှတပါတယ်။ တခြားပုန်ကန်သူတွေလိုပဲ မောရှေလည်း ကတိထားရာပြည်ထဲ ဝင်ခွင့် ဆုံးရှုံးခဲ့တယ်။
ပြဿနာ အရင်းခံ
၁၄၊ ၁၅။ ယေဟောဝါကို မောရှေ ဘာကြောင့် ပုန်ကန်မိသွားတာလဲ။
၁၄ မောရှေ ဘာကြောင့် ပုန်ကန်မိသွားတာလဲ။ ဆာလံ ၁၀၆:၃၂၊ ၃၃ မှာ “သူတို့က မေရိဘ စမ်းရေနားမှာ ဘုရားကို စိတ်ဆိုးအောင် လုပ်ကြပြန်တယ်။ သူတို့ကြောင့် မောရှေ ထိခိုက်နစ်နာခဲ့ရတယ်။ သူတို့ ဒေါသထွက်အောင်လုပ်တော့ မောရှေလည်း မဆင်မခြင် ပြောမိတယ်” လို့ ဆိုတယ်။ အစ္စရေးတွေက ယေဟောဝါကို စိတ်ဆိုးအောင်လုပ်ပေမဲ့ တကယ်ဒေါသထွက်တာက မောရှေ ဖြစ်သွားတယ်။ ဒေါသကြောင့် ချုပ်တည်းမှု မရှိဘဲ မဆင်မခြင် ပြောမိတယ်။
၁၅ မောရှေဟာ တခြားသူတွေရဲ့ လုပ်ရပ်ကြောင့် ယေဟောဝါကို ဆက်မမျှော်ကိုးဘဲ အာရုံလွဲသွားခဲ့တယ်။ ပထမအကြိမ်တုန်းကတော့ မောရှေ မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့တယ်။ (ထွ. ၇:၆) ဒါပေမဲ့ ပုန်ကန်တဲ့ အစ္စရေးတွေနဲ့ ဆယ်စုနှစ်ချီ ဆက်ဆံခဲ့ရတော့ စိတ်ပန်းလူပန်း ဖြစ်ပြီး ယေဟောဝါကို ဂုဏ်တင်ဖို့ထက် ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်လိုက်တာ ဖြစ်နိုင်တယ်။
၁၆။ မောရှေရဲ့ လုပ်ရပ်အကြောင်း ဘာကြောင့် စဉ်းစားသင့်သလဲ။
၁၆ မောရှေလို သစ္စာရှိတဲ့ ပရောဖက်တောင် အာရုံလွဲပြီး အပြစ်လုပ်မိတယ်ဆိုရင် ကျွန်တော်တို့လည်း အဲဒီလို ဖြစ်သွားနိုင်တယ်။ မောရှေလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါ ကတိပေးထားတဲ့ ကမ္ဘာသစ်ထဲဝင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်။ (၂ ပေ. ၃:၁၃) ဒီအခွင့်ထူးကို ဘယ်သူမှ လက်မလွှတ်ချင်ကြဘူး။ ဒါကြောင့် ယေဟောဝါကို ဆက်မျှော်ကိုးပြီး အလိုတော်ဆောင်ဖို့ အမြဲ ကြိုးစားနေရမယ်။ (၁ ယော. ၂:၁၇) မောရှေရဲ့ အမှားကနေ ဘာတွေ သင်ယူနိုင်သလဲ။
တခြားသူတွေရဲ့လုပ်ရပ်ကြောင့် အာရုံမလွဲပါစေနဲ့
၁၇။ စိတ်ပျက်တဲ့အခါ အရှုံးမပေးဖို့ ဘာက ကူညီပေးမလဲ။
၁၇ စိတ်ပျက်တဲ့အခါ အရှုံးမပေးပါနဲ့။ ပြဿနာတစ်ခုတည်းကို ထပ်ခါထပ်ခါ ကြုံနေရတယ်ဆိုရင်တောင် “မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။ လက်မလျှော့ဘူးဆိုရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ရိတ်သိမ်းရလိမ့်မယ်။” (ဂလ. ၆:၉။ ၂ သက်. ၃:၁၃) စိတ်ပျက်စရာ အခြေအနေတွေ၊ စရိုက်မတူတဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ဒေါသ ထိန်းပြီး နှုတ်ကို ချုပ်တည်းသလား။ (ပညာ. ၁၀:၁၉။ ၁၇:၂၇။ မ. ၅:၂၂) တခြားသူတွေ ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့အခါ ယေဟောဝါရဲ့ ‘အမျက်တော်ကို အခွင့်ပေး’ လိုက်ပါ။ (ရောမ ၁၂:၁၇-၂၁ ကိုဖတ်ပါ။) အမျက်တော်ကို အခွင့်ပေးခြင်း၊ သင့်တော်တဲ့အချိန်မှာ ဘုရား အရေးယူ လုပ်ဆောင်တာကို စိတ်ရှည်စွာ စောင့်ဆိုင်းခြင်းက ဘုရားကို ရိုသေလေးစားကြောင်း ပြရာရောက်တယ်။ မစောင့်ဆိုင်းဘဲ တစ်နည်းနည်းနဲ့ လက်စားချေလိုက်မယ်ဆိုရင်တော့ ယေဟောဝါကို မလေးစားရာ ရောက်ပါလိမ့်မယ်။
၁၈။ လမ်းညွှန်ချက်တွေ လိုက်လျှောက်ရာမှာ ဘာကို သတိရသင့်သလဲ။
၁၈ နောက်ဆုံးလမ်းညွှန်ချက်တွေကို ဂရုတစိုက် လိုက်လျှောက်ပါ။ ယေဟောဝါပေးတဲ့ နောက်ဆုံး လမ်းညွှန်ချက်တွေကို သစ္စာရှိရှိ လိုက်လျှောက်နေသလား။ ဒါဆိုရင် အရင်က လုပ်ခဲ့တဲ့နည်းတွေကိုပဲ အမြဲအားကိုးနေမှာ မဟုတ်ဘူး။ အဲဒီအစား အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါပေးတဲ့ လမ်းညွှန်ချက်အသစ်တွေကို ချက်ချင်း လိုက်လျှောက်ပါလိမ့်မယ်။ (ဟီ. ၁၃:၁၇) တစ်ချိန်တည်းမှာ “ကျမ်းစာမှာ ရေးထားတာထက် မလွန်” ဖို့ သတိပြုပါလိမ့်မယ်။ (၁ ကော. ၄:၆) ဒီနည်းအားဖြင့် ယေဟောဝါကို ဆက်မျှော်ကိုးနိုင်ပါတယ်။
၁၉။ တခြားသူတွေရဲ့ အမှားကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး မပျက်စီးအောင် ဘယ်လိုရှောင်နိုင်မလဲ။
၁၉ တခြားသူတွေရဲ့ အမှားကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး မပျက်စီးပါစေနဲ့။ ယေဟောဝါကို ဆက်မျှော်ကိုးမယ်ဆိုရင် တခြားသူတွေရဲ့ လုပ်ရပ်ကြောင့် ဒေါသထွက်မှာ၊ ဘုရားနဲ့ ဆက်ဆံရေး ပျက်စီးသွားမှာ မဟုတ်ဘူး။ အထူးသဖြင့် ဘုရားအဖွဲ့အစည်းမှာ မောရှေလို တာဝန်ကြီးတွေ ရထားမယ်ဆိုရင် ပိုဂရုစိုက်သင့်တယ်။ “ကယ်တင်ခြင်းရဖို့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့ ဆက်ကြိုးစားနေ” ရမှာဖြစ်ပေမဲ့ ယေဟောဝါဟာ ယောက်တိုင်းကို တင်းကျပ်တဲ့ တရားသေစည်းမျဉ်းနဲ့ တရားမစီရင်ဘူးဆိုတာကို သတိရသင့်တယ်။ (ဖိ. ၂:၁၂) တာဝန်များများရလေ စာရင်းရှင်းဖို့ ပိုတာဝန်ရှိလေပဲ။ (လု. ၁၂:၄၈) ယေဟောဝါကို တကယ်ချစ်မယ်ဆိုရင် ဘာကမှ တိုက်မိလဲစေမှာမဟုတ်ဘူး၊ ဘုရားရဲ့မေတ္တာ မခံစားရအောင် တားဆီးနိုင်မှာ မဟုတ်ဘူး။—ဆာ. ၁၁၉:၁၆၅။ ရော. ၈:၃၇-၃၉။
၂၀။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။
၂၀ ခက်ခဲတဲ့အချိန်မှာ အသက်ရှင်နေရတဲ့အတွက် “ကောင်းကင်မှာ နန်းထိုင်တဲ့” ဘုရားကို ဆက်မျှော်ကြည့်နေကြပါစို့။ ဒါမှ ဘုရားရဲ့ အလိုတော်ကို သိနိုင်မယ်။ တခြားသူတွေရဲ့ လုပ်ရပ်ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး အထိခိုက်မခံပါနဲ့။ မောရှေရဲ့ ဖြစ်ရပ်က သင်ခန်းစာပါပဲ။ ကိုယ့်ဝန်းကျင်မှာ ရှိသူတွေရဲ့ မစုံလင်မှုတွေကို လွန်လွန်ကဲကဲ မတုံ့ပြန်ဘဲ “မျက်နှာသာမရမချင်း ယေဟောဝါဘုရားကို မျှော်ကြည့်နေ” ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဆာ. ၁၂၃:၁၊ ၂။
a ဒုတိယမေရိဘဟာ ကာဒေရှအရပ်မှာ တည်ရှိတယ်။ မာဆာလို့လည်းခေါ်တဲ့ ရေဖိဒိမ်အရပ်က မေရိဘနဲ့ မတူဘူး။ ဒါပေမဲ့ နှစ်နေရာစလုံးမှာ ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် မေရိဘလို့ အမည်တွင်ခဲ့တယ်။—ကမ္ဘာသစ် ဘာသာပြန်ကျမ်း နောက်ဆက်တွဲ ခ၃ မြေပုံကို ကြည့်ပါ။
b “ဂျူးအဆိုတစ်ခုအရ ‘ဒီကျောက်ထဲမှာ ရေရှိတယ်ဆိုတာ မောရှေ သိနေတယ်။ အံ့ဖွယ်နည်းနဲ့သာ တကယ် တန်ခိုးရထားရင် တခြားကျောက်ကနေ ရေထွက်အောင် လုပ်ပေးပါစေ’ လို့ ပုန်ကန်သူတွေ ပြောခဲ့ကြတယ်” ဆိုပြီး ပါမောက္ခ ဂျွန် အေ ဘက် ပြောတယ်။ ဒါကတော့ အဆိုတစ်ခုပါပဲ။
c ၁၉၈၇၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။