‘သင့်ရဲ့ အစီအစဉ်အားလုံးကို အောင်မြင်ခွင့်ပေးပါစေ’
“ယေဟောဝါဆီမှာ ပျော်ရွှင်ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။”—ဆာ. ၃၇:၄။
၁။ အနာဂတ်နဲ့ပတ်သက်ပြီး လူငယ်တစ်ယောက် ဘာဆုံးဖြတ်ရမလဲ။ ဘာကြောင့် အစိုးရိမ်မလွန်ဖို့ လိုသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
ခရီးတစ်ခု မစခင် ခရီးစဉ်အတွက် ကြိုတင်စီစဉ်ရတယ်ဆိုတဲ့ အချက်ကို လူငယ်တွေ သဘောတူမှာပါ။ ဘဝဟာ ခရီးတစ်ခုနဲ့ တူတယ်။ ဘယ်ကို သွားမယ်ဆိုတာ စီစဉ်ရမယ့်အချိန်က ငယ်ရွယ်ချိန်ပါပဲ။ အစီအစဉ်တွေ ဆွဲရတာ မလွယ်ဘူး။ ဟေသာဆိုတဲ့ မိန်းကလေးက “ထိတ်လန့်စရာပဲ။ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရမယ်” လို့ပြောတယ်။ ဒါပေမဲ့ သတ္တိရှိပါ။ ယေဟောဝါက “မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်” လို့ပြောတယ်။—ဟေရှာ. ၄၁:၁၀။
၂။ ပျော်ရွှင်တဲ့ အနာဂတ်အတွက် ယေဟောဝါ စီစဉ်စေချင်မှန်း ဘယ်လို သိရသလဲ။
၂ အနာဂတ်အတွက် ပညာရှိရှိ စီစဉ်ပါလို့ ယေဟောဝါ တိုက်တွန်းတယ်။ (ဒေ. ၁၂:၁။ မ. ၆:၂၀) သင့်ကို ပျော်ရွှင်စေချင်တယ်။ ဖန်ဆင်းရာတွေမှာ တွေ့ရတဲ့ ကြည်နူးစရာ မြင်ကွင်း၊ အသံ၊ အရသာတွေက ပျော်ရွှင်စေချင်မှန်း ပြောပြနေတယ်။ ကျွန်တော်တို့ကို ဂရုစိုက်ပုံ၊ အကောင်းဆုံးဘဝ ရရှိအောင် သင်ပေးနေပုံကိုလည်း သုံးသပ်ကြည့်ပါ။ ဘုရားရဲ့ အကြံပြုချက် ငြင်းပယ်တဲ့သူတွေကို ယေဟောဝါ ဒီလိုပြောတယ်– “ငါမကြိုက်တာတွေကို [မင်းတို့] ရွေးချယ်တယ်။ . . . ငါ့ကျွန်တွေ ဝမ်းမြောက်ရလိမ့်မယ်။ မင်းတို့ကတော့ အရှက်ကွဲမယ်။ ငါ့ကျွန်တွေဟာ စိတ်ကြည်နူးနေတဲ့အတွက် ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။” (ဟေရှာ. ၆၅:၁၂-၁၄) ကျွန်တော်တို့ ဘဝမှာ မှန်မှန်ကန်ကန် ရွေးချယ်တဲ့အခါ ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။—ပညာ. ၂၇:၁၁။
ပျော်ရွှင်စေမယ့် အစီအစဉ်များ
၃။ သင့်ကို ယေဟောဝါ ဘာလုပ်စေချင်သလဲ။
၃ သင့်ကို ယေဟောဝါ ဘာတွေ စီစဉ်ထားစေချင်သလဲ။ ဘုရားကို သိကျွမ်းခြင်း၊ သစ္စာရှိရှိ အမှုဆောင်ခြင်းတို့ကနေ ပျော်ရွှင်မှု ရှာတွေ့ဖို့ လူတွေကို ဘုရား ဖန်ဆင်းထားတယ်။ (ဆာ. ၁၂၈:၁။ မ. ၅:၃) ဒါက စားသောက်၊ သားပေါက်နေရုံနဲ့ ကျေနပ်နေတဲ့ တိရစ္ဆာန်တွေနဲ့ ထူးခြားကွဲပြားစေတဲ့ အချက်ပါပဲ။ တိရစ္ဆာန်တွေကို ကျေနပ်စေတဲ့အရာတွေသာမက တခြားအစီအစဉ်တွေ ဆွဲခြင်းအားဖြင့် သင့်ကို ဘုရား ပျော်ရွှင်စေချင်တယ်။ ဖန်ဆင်းရှင်ဟာ လူသားတွေကို “မိမိပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းတဲ့ “မေတ္တာ . . . ရှင် ဘုရားသခင်၊” “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်တယ်။ (၂ ကော. ၁၃:၁၁။ ၁ တိ. ၁:၁၁။ က. ၁:၂၇) မေတ္တာရှင် ဘုရားသခင်ကို တုပရင် ပျော်ရွှင်ပါလိမ့်မယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတဲ့ ကျမ်းစကား မှန်ကန်မှုကို ခံစားဖူးပါသလား။ (တ. ၂၀:၃၅) ဒါက လူ့ဘဝရဲ့ အခြေခံ အမှန်တရားပဲ။ ဒါကြောင့် တခြားသူတွေနဲ့ ဘုရားကို ချစ်ကြောင်း ဖော်ပြတဲ့ အစီအစဉ်တွေ ဆွဲဖို့ ယေဟောဝါ အလိုရှိတယ်။—မဿဲ ၂၂:၃၆-၃၉ ကိုဖတ်ပါ။
၄၊ ၅။ ဘာက ယေရှုကို ပျော်ရွှင်စေသလဲ။
၄ လူငယ်တွေအတွက် ယေရှု အကောင်းဆုံးစံနမူနာ ချမှတ်ခဲ့တယ်။ ကလေးဘဝတုန်းက ပျော်ပျော်ပါးပါး ဆော့ကစားခဲ့မှာ သေချာတယ်။ “ရယ်ရတဲ့အချိန် ရှိတယ်။ . . . ကခုန်တဲ့အချိန် ရှိတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေ. ၃:၄) ကျမ်းစာ လေ့လာခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင်လည်း လုပ်ဆောင်ခဲ့မှာပဲ။ ယေရှု အသက် ၁၂ နှစ်အရွယ်မှာ ဗိမာန်တော် ဆရာတွေက “သူအဖြေပေးပုံ၊ ဉာဏ်ထက်မြက်ပုံကို တအံ့တဩ ဖြစ်” ခဲ့ကြတယ်။—လု. ၂:၄၂၊ ၄၆၊ ၄၇။
၅ ယေရှု အရွယ်ရောက်တော့လည်း ပျော်ရွှင်တယ်။ ဘာက သူ့ကို ပျော်ရွှင်စေသလဲ။ တခြားအရာတွေထက် “နွမ်းပါးသူတွေကို သတင်းကောင်း ကြေညာဖို့၊ . . . မျက်မမြင်တွေကို ပြန်မြင်တော့မယ့်အကြောင်း . . . ကြေညာဖို့” ဘုရားသခင် ပိုအလိုရှိမှန်း သိထားတယ်။ (လု. ၄:၁၈) ဘုရားသခင် တောင်းဆိုတဲ့အတိုင်း လုပ်ဆောင်ခြင်းက ယေရှုကို ပျော်ရွှင်စေတယ်။ ဆာလံ ၄၀:၈ မှာ “အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ” ဆိုပြီး သူ့ခံစားချက်ကို ဖော်ပြခဲ့တယ်။ ကောင်းကင်ဘုံစံ ဖခင်အကြောင်း လူတွေကို သင်ပေးရတာ နှစ်သက်တယ်။ (လုကာ ၁၀:၂၁ ကိုဖတ်ပါ။) တစ်ခါက အမျိုးသမီးတစ်ယောက်ကို စစ်မှန်တဲ့ ဝတ်ပြုရေးအကြောင်း သင်ပေးပြီးနောက် တပည့်တွေကို ဒီလိုပြောခဲ့တယ်– “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ။” (ယော. ၄:၃၁-၃၄) ဘုရားသခင်နဲ့ တခြားသူတွေကို ချစ်ကြောင်း ဖော်ပြခြင်းက ယေရှုကို ပျော်ရွှင်စေခဲ့တယ်။ အဲဒါက သင့်ကိုလည်း ပျော်ရွှင်စေနိုင်တယ်။
၆။ အတွေ့အကြုံများတဲ့ ခရစ်ယာန်တွေနဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း ဘာကြောင့် ဆွေးနွေးသင့်သလဲ။
၆ လူငယ်ဘဝမှာ ရှေ့ဆောင်လုပ်ခြင်းက ပျော်ရွှင်စေကြောင်း ခရစ်ယာန်များစွာ တွေ့ကြုံခံစားကြတယ်။ သူတို့ထဲက တချို့နဲ့ သင့်အစီအစဉ်တွေအကြောင်း ဆွေးနွေးကြည့်ပါ။ “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။ အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။” (ပညာ. ၁၅:၂၂) အချိန်ပြည့်လုပ်ငန်းက သင့်ဘဝတစ်လျှောက်လုံးကို အကျိုးပြုမယ့် ပညာရေးဖြစ်ကြောင်း အဲဒီရင့်ကျက်သူတွေ ပြောပြကြပါလိမ့်မယ်။ ယေရှုဟာ ကောင်းကင်မှာ ဖခင်ရဲ့ သွန်သင်မှု ခံယူပြီးနောက် မြေကြီးအမှုဆောင်လုပ်ငန်းကနေ ဆက်သင်ယူခဲ့တယ်။ ဥပမာအနေနဲ့ လူတွေရဲ့ နှလုံးသားထဲ သတင်းကောင်း ရောက်ရှိစေခြင်း၊ စမ်းသပ်မှုအောက်မှာ သမာဓိ စောင့်သိနေခြင်းက ပျော်ရွှင်စေကြောင်း သင်ယူခဲ့တယ်။ (ဟေရှာယ ၅၀:၄ ကိုဖတ်ပါ။ ဟီ. ၅:၈။ ၁၂:၂) ပျော်ရွှင်ကျေနပ်စေတဲ့ အချိန်ပြည့်လုပ်ငန်း ကဏ္ဍတချို့ကို ဆွေးနွေးသုံးသပ်ကြည့်ကြစို့။
တပည့်ဖြစ်စေသူများ အောင်မြင်ရတဲ့အကြောင်းရင်း
၇။ လူငယ်များစွာ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဘာကြောင့် ပျော်ရွှင်ကြသလဲ။
၇ “လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြ” လို့ ယေရှု ပြောတယ်။ (မ. ၂၈:၁၉၊ ၂၀) တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုရင် ဘုရားကို ဂုဏ်တင်တဲ့ ကျေနပ်မှုအပေးဆုံး အလုပ်ကို ရွေးချယ်မှာ ဖြစ်တယ်။ ဘယ်အလုပ်မဆို ကျွမ်းကျင်ဖို့ အချိန်လိုတယ်။ ဆယ်ကျော်သက်အရွယ်မှာ ရှေ့ဆောင် စလုပ်ခဲ့တဲ့ ညီအစ်ကို တီမိုသီ ဒီလိုပြောတယ်– “ယေဟောဝါကို ချစ်ကြောင်း ဖော်ပြနိုင်လို့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းကို ကျွန်တော် ကြိုက်တယ်။ အစပိုင်းမှာတော့ ကျမ်းစာသင်အံမှု တစ်ခုမှ မရှိဘူး။ နောက်ပိုင်း တခြားဒေသတစ်ခုကို ပြောင်းရွှေ့သွားတဲ့အခါမှာတော့ တစ်လတည်းမှာပဲ ကျမ်းစာသင်အံမှု အတော်များများ စနိုင်ခဲ့တယ်။ သင်သားတစ်ယောက်ဆိုရင် နိုင်ငံတော်ခန်းမကို လာနေပြီ။ တစ်ကိုယ်ရေ ညီအစ်ကိုများအတွက် နှစ်လကြာ ကျမ်းစာသင်တန်း * တက်ပြီးတဲ့နောက် နေရာသစ်မှာ တာဝန်ကျပြီး ကျမ်းစာသင်အံမှုလေးခု စနိုင်ခဲ့တယ်။ သန့်ရှင်းသော စွမ်းအားတော်က သူတို့ကို ပြောင်းလဲပေးနေတာ မြင်တွေ့ရလို့ လူတွေကို သင်ပေးရတာ ကျွန်တော် သဘောကျနှစ်သက်တယ်။”—၁ သက်. ၂:၁၉။
၈။ ခရစ်ယာန်တချို့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပိုအပြည့်အဝ ပါဝင်ဖို့ ဘာလုပ်ကြသလဲ။
၈ ခရစ်ယာန် လူငယ်တချို့ကတော့ ဘာသာခြားစကား သင်ယူကြတယ်။ မြောက်အမေရိက,က ဂျေကပ် ဒီလိုရေးတယ်– “ကျွန်တော်အသက် ၇ နှစ်တုန်းက အတန်းဖော်အများစုက ဗီယက်နမ်တွေ။ သူတို့ကို ယေဟောဝါအကြောင်း ပြောပြချင်လို့ ဗီယက်နမ်စကား သင်ယူဖို့ စီစဉ်တယ်။ အင်္ဂလိပ်နဲ့ ဗီယက်နမ် ကင်းမျှော်စင်ကို ယှဉ်ကြည့်ပြီး အများဆုံး သင်ယူခဲ့ရတယ်။ အနီးနားမှာရှိတဲ့ ဗီယက်နမ်စကားပြော အသင်းတော်မှာ မိတ်ဆွေတွေ ဖွဲ့တယ်။ အသက် ၁၈ နှစ်မှာ ရှေ့ဆောင် စလုပ်တယ်။ နောက်တော့ တစ်ကိုယ်ရေ ညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း တက်တယ်။ အဲဒါက အကြီးအကဲဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိတဲ့ ဗီယက်နမ်စကားပြောအုပ်စုမှာ ရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ အထောက်အကူ ပြုခဲ့တယ်။ ဗီယက်နမ်လူများစွာက ကျွန်တော် သူတို့စကား သင်ယူတာကို အံ့ဩကြတယ်။ ကျွန်တော့်ကို ဖိတ်ခေါ်ကြတယ်။ သူတို့နဲ့ ကျမ်းစာလေ့လာနိုင်တယ်။ တချို့ဆိုရင် နှစ်ခြင်းခံတဲ့အထိ တိုးတက်လာကြတယ်။—တမန်တော် ၂:၇၊ ၈ နဲ့နှိုင်းယှဉ်ပါ။
၉။ တပည့်ဖြစ်စေခြင်းလုပ်ငန်းက ကောင်းမွန်တဲ့ ပညာရေး ဘယ်လို ဖြစ်သလဲ။
၉ တပည့်ဖြစ်စေခြင်းလုပ်ငန်းဆိုတာ အလုပ်နဲ့ပတ်သက်တဲ့ အလေ့အထကောင်း၊ ပြောဆိုဆက်သွယ်မှုပညာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု၊ လိမ္မာပါးနပ်မှု ရရှိစေတဲ့ ပညာရေးပါပဲ။ (ပညာ. ၂၁:၅။ ၂ တိ. ၂:၂၄၊ အောက်ခြေမှတ်ချက်) ဒါပေမဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းက ယုံကြည်ချက်ရဲ့ အခြေခံ သမ္မာကျမ်းစာနဲ့ ပိုအကျွမ်းဝင်စေလို့ အထူးသဖြင့် ပျော်စရာကောင်းတယ်။ ယေဟောဝါနဲ့ ရင်းနှီးစွာ လုပ်ဆောင်နိုင်ပုံကိုလည်း သိရှိလာတယ်။—၁ ကော. ၃:၉။
၁၀။ ခက်ခဲတဲ့ရပ်ကွက်မှာတောင် တပည့်စေခြင်းလုပ်ငန်းမှာ ဘယ်လို ပျော်ရွှင်နိုင်သလဲ။
၁၀ သင့်ရပ်ကွက်မှာ သတင်းကောင်း လက်ခံတုံ့ပြန်သူ နည်းနည်းပဲ ရှိရင်တောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်နိုင်ပါတယ်။ ဒီလုပ်ငန်းက အဖွဲ့လိုက် လုပ်ရတဲ့အလုပ်မျိုးပါ။ အသင်းတော်တစ်ခုလုံးက စိတ်ရင်းမှန်တဲ့သူတွေကို ရှာတယ်။ ညီအစ်ကို/မတစ်ယောက်ယောက် ရှာတွေ့ထားတဲ့ သူတစ်ယောက်ပဲ တပည့်ဖြစ်လာရင်တောင် ရှာဖွေမှုမှာ ပါဝင်တဲ့ အသင်းသားအားလုံး ပျော်ရွှင်ကြတယ်။ ဥပမာ၊ တုံ့ပြန်မှုမရှိတဲ့ ရပ်ကွက်မှာ ကိုးနှစ်ကြာ ရှေ့ဆောင်လုပ်ခဲ့တဲ့ ဘရင်ဒန်အကြောင်း သုံးသပ်ကြည့်ပါ။ “သတင်းကောင်း ဟောပြောခြင်းက ယေဟောဝါ ခိုင်းတဲ့အလုပ်ဖြစ်လို့ ကျွန်တော် ကြိုက်တယ်။ အထက်တန်းကျောင်း ပြီးတာနဲ့ ကျွန်တော် ရှေ့ဆောင် စလုပ်တယ်။ အသင်းတော်မှာရှိတဲ့ လူငယ်ညီအစ်ကိုတွေကို အားပေးရတာ၊ သူတို့တိုးတက်လာတာကို တွေ့ရတာ ကျွန်တော် ပျော်တယ်။ တစ်ကိုယ်ရေ ညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း တက်ပြီးနောက် ရှေ့ဆောင်တာဝန်သစ် ရခဲ့တယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာသူ တစ်ယောက်မှ ရှာမတွေ့တာ မှန်ပါတယ်။ ဒါပေမဲ့ တခြားသူတွေ ရှာတွေ့တယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်ဖို့ စီစဉ်ခဲ့လို့ ပျော်ပါတယ်။”—ဒေ. ၁၁:၆။
သင့်အစီအစဉ်တွေရဲ့ လားရာ
၁၁။ မြင့်မြတ်တဲ့လုပ်ငန်းရဲ့ ဘယ်ကဏ္ဍမှာ လူငယ်များစွာ ပါဝင်နေကြသလဲ။
၁၁ ယေဟောဝါကို အမှုဆောင်ဖို့ အခွင့်အရေးများစွာ ရှိပါ
တယ်။ ဥပမာ၊ လူငယ်များစွာဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ စေတနာ့ဝန်ထမ်း လုပ်ကြတယ်။ နိုင်ငံတော်ခန်းမသစ်တွေ ရာနဲ့ချီ လိုအပ်နေတယ်။ ခန်းမဆောက်လုပ်ရေးက ဘုရားကို ဂုဏ်တင်တဲ့၊ သင့်ကို ပျော်ရွှင်စေတဲ့ မြင့်မြတ်တဲ့လုပ်ငန်းပါ။ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းရတာကလည်း ပျော်ရွှင်စရာပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းကနေလည်း ပညာရတယ်။ ဘေးကင်းရေးတွေ သိလာတယ်။ ဝီရိယရှိတဲ့လုပ်သား ဖြစ်လာတယ်။ ကြီးကြပ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်လာစေတယ်။၁၂။ ရှေ့ဆောင်လုပ်ငန်းက ဘယ်လိုနည်းနဲ့ တခြားအခွင့်အရေးတွေ ရရှိစေသလဲ။
၁၂ ညီအစ်ကို ကေဗင် ဒီလိုပြောတယ်– “ကျွန်တော် ငယ်ငယ်လေးကတည်းက ယေဟောဝါကို အချိန်ပြည့် အမှုဆောင်ချင်ခဲ့တယ်။ အသက် ၁၉ နှစ်မှာ ရှေ့ဆောင် စလုပ်တယ်။ ညီအစ်ကိုတစ်ယောက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အချိန်ပိုင်းအလုပ် လုပ်တယ်။ ခေါင်မိုး၊ ပြတင်းပေါက်၊ တံခါးတွေ တပ်ဆင်တတ်လာတယ်။ နောက်ပိုင်း ဟာရီကိန်းဘေး ကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတော်ခန်းမတွေ၊ ညီအစ်ကိုတွေရဲ့ အိမ်တွေ ဆောက်လုပ်ရာမှာ နှစ်နှစ် အလုပ်လုပ်ခဲ့တယ်။ တောင်အာဖရိက ဆောက်လုပ်ရေးမှာ လူလိုမှန်း သိလို့ လျှောက်လွှာတင်လိုက်တာ ဖိတ်ခေါ်ခံရတယ်။ ဒီအာဖရိကမှာ အပတ်အနည်းငယ်ကြာတိုင်း ခန်းမဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းရတယ်။ ဆောက်လုပ်ရေးအုပ်စုက မိသားစုလိုပဲ။ အတူ နေတယ်။ အတူ ကျမ်းစာလေ့လာတယ်။ အတူ အလုပ်လုပ်တယ်။ အပတ်တိုင်း ဒေသခံညီအစ်ကိုတွေနဲ့အတူ ဟောပြောကြတယ်။ ငယ်ငယ်တုန်းက ဆွဲခဲ့တဲ့ အစီအစဉ်တွေက ကြိုတင်မသိမြင်ခဲ့တဲ့ နည်းများစွာနဲ့ ပျော်ရွှင်စေတယ်။”
၁၃။ ဗေသလလုပ်ငန်းက လူငယ်တွေကို ဘယ်လို ပျော်ရွှင်စေသလဲ။
၁၃ ယေဟောဝါကို အချိန်ပြည့်အမှုဆောင်ဖို့ အစီအစဉ်ဆွဲခဲ့သူတချို့ အခု ဗေသလမှာ အမှုဆောင်နေကြပြီ။ ဗေသလမှာ လုပ်ဆောင်သမျှဟာ ယေဟောဝါအတွက်မို့ ဗေသလလုပ်ငန်းက ပျော်ရွှင်ကျေနပ်မှုပေးတဲ့ ဘဝလမ်းစဉ်ပါပဲ။ ဗေသလမိသားစုက ကျမ်းစာစာပေတွေ ထုတ်ဝေဖို့ ကူညီပေးတယ်။
ဗေသလအိမ်သား ဒတ်စတင် ဒီလိုပြောတယ်– “အသက်ကိုးနှစ်မှာ အချိန်ပြည့်အမှုဆောင်ဖို့ ပန်းတိုင်ထားခဲ့တယ်။ အထက်တန်းကျောင်း ပြီးတာနဲ့ ရှေ့ဆောင် စလုပ်တယ်။ တစ်နှစ်ခွဲအကြာမှာ ဗေသလကို ဖိတ်ခေါ်ခံရတယ်။ ပုံနှိပ်စက်မှာ လုပ်တတ်လာတယ်။ နောက်တော့ ကွန်ပျူတာ ပရိုပရမ် ရေးဆွဲတတ်လာတယ်။ ကမ္ဘာချီ တပည့်ဖြစ်စေခြင်းလုပ်ငန်း တိုးတက်မှုကို ဗေသလမှာ အရင်ဆုံး ကြားရတတ်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ လုပ်သမျှဟာ လူတွေကို ယေဟောဝါနဲ့ ရင်းနှီးအောင် ကူညီပေးတာဖြစ်လို့ ပျော်စရာကောင်းတယ်။”အနာဂတ်အတွက် ဘာတွေ စီစဉ်ထားမလဲ
၁၄။ အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ဘယ်လို စီစဉ်နိုင်သလဲ။
၁၄ အချိန်ပြည့် ခရစ်ယာန် အမှုဆောင်တစ်ယောက်ဖြစ်ဖို့ ဘယ်လို စီစဉ်နိုင်သလဲ။ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ရာမှာ အောင်မြင်ဖို့ တခြားအရာအားလုံးထက် ခရစ်ယာန် အရည်အသွေးတွေက ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် ကျမ်းစာကို လုံ့လစိုက်ထုတ် လေ့လာပါ။ ဆိုလိုရင်းကို နက်နက်နဲနဲ တွေးတောဆင်ခြင်ပါ။ အသင်းတော် အစည်းအဝေးတွေမှာ ယုံကြည်ခြင်း ဖော်ပြဖို့ နည်းလမ်းတွေ ရှာပါ။ ကျောင်းတက်နေတုန်း သတင်းကောင်း ဟောပြောသူမှာ ရှိထားရမယ့် အတွေ့အကြုံ၊ ကျွမ်းကျင်မှုကို သင်ယူဆည်းပူးပါ။ လူတွေရဲ့ သဘောထားကို လိမ္မာပါးနပ်စွာ မေးခြင်း၊ သူတို့ရဲ့အဖြေကို နားထောင်ပေးခြင်းအားဖြင့် လူတွေအပေါ် စိတ်ဝင်စားတတ်အောင် သင်ယူပါ။ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးစတဲ့ အသင်းတော်တာဝန်တွေမှာ ပါဝင်ပါ။ နှိမ့်ချတဲ့၊ တလိုတလားစိတ်ရှိတဲ့သူတွေကို ယေဟောဝါ အသုံးပြုချင်တယ်။ (ဆာလံ ၁၁၀:၃ ကိုဖတ်ပါ။ တ. ၆:၁-၃) “ညီအစ်ကိုတွေရှေ့မှာ နာမည်ကောင်း ရထားသူ” တိမောသေကို သာသနာပြုလုပ်ငန်းအတွက် ပေါလု ဖိတ်ခေါ်ခဲ့တယ်။—တ. ၁၆:၁-၅။
၁၅။ အလုပ်ရဖို့ ဘယ်လို ပြင်ဆင်နိုင်သလဲ။
၁၅ အချိန်ပြည့် အမှုဆောင်တွေ အလုပ်ရှိဖို့ လိုတယ်။ (တ. ၁၈:၂၊ ၃) ကာလတိုသင်တန်းတစ်ခု တက်မယ်ဆိုရင် ကိုယ့်ဒေသမှာ အချိန်ပိုင်းအလုပ်တစ်ခု ရနိုင်ပါတယ်။ အစီအစဉ်ရှိတယ်ဆိုရင် တိုက်နယ်ကြီးကြပ်မှူး၊ ကိုယ့်တိုက်နယ်ထဲက ရှေ့ဆောင်တွေနဲ့ တိုင်ပင်ကြည့်ပါ။ ရှေ့ဆောင်တွေအတွက် ဘာအလုပ်က လက်တွေ့ကျသလဲဆိုတာ မေးမြန်းကြည့်ပါ။ ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း “လုပ်ဆောင်လေသမျှ ယေဟောဝါဆီ ပုံအပ်ထားပါ။ ဒါဆိုရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။”—ပညာ. ၁၆:၃။ ၂၀:၁၈။
၁၆။ ငယ်ရွယ်ချိန်မှာ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ခြင်းက အနာဂတ်မှာ တခြားဘာတာဝန်တွေအတွက် ပြင်ဆင်ပေးသလဲ။
၁၆ သင့်ရဲ့ ပျော်ရွှင်တဲ့ အနာဂတ် “အမြဲရှင်သန်နေ” ဖို့ ယေဟောဝါ အလိုရှိကြောင်း ယုံကြည်စိတ်ချနိုင်ပါတယ်။ (၁ တိမောသေ ၆:၁၈၊ ၁၉ ကိုဖတ်ပါ။) အချိန်ပြည့်အမှုဆောင်လုပ်ငန်းက သင့်ကို တခြားအချိန်ပြည့်အမှုဆောင်တွေနဲ့ ထိတွေ့ခွင့် ရစေပြီး ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက် ဖြစ်စေတယ်။ ငယ်ရွယ်ချိန်မှာ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ရင် အိမ်ထောင်ရေးမှာ အောင်မြင်ဖို့ အကူအညီ ဖြစ်စေမှန်း လူများစွာ သိရှိခဲ့ကြပြီ။ အိမ်ထောင်မပြုခင် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်သူတွေဟာ အိမ်ထောင်ပြုပြီးနောက်မှာလည်း ဆက်ပြီး အချိန်ပြည့် အမှုဆောင်နိုင်လေ့ရှိတယ်။—ရော. ၁၆:၃၊ ၄။
၁၇၊ ၁၈။ အစီအစဉ်ဆွဲခြင်းမှာ စိတ်နှလုံး ဘယ်လို ပါဝင်ပတ်သက်သလဲ။
၁၇ အစီအစဉ်ဆွဲခြင်းမှာ စိတ်နှလုံး ပါဝင်ပတ်သက်တယ်။ ‘သင့်ရဲ့ လိုအင်ဆန္ဒတွေကို [ဘုရားသခင်] ဖြည့်ဆည်းပေးပါစေ။ အစီအစဉ်အားလုံးကို အောင်မြင်ခွင့်ပေးပါစေ’ လို့ ဆာလံ ၂၀:၄ မှာ ပြောထားတယ်။ ဒါကြောင့် ဘဝမှာ ဘာလုပ်ချင်သလဲဆိုတာ စဉ်းစားပါ။ ကျွန်တော်တို့အချိန်မှာ ယေဟောဝါ ဘာလုပ်နေတယ်၊ အမှုဆောင်လုပ်ငန်းမှာ ဘယ်လို ပါဝင်နိုင်တယ်ဆိုတာ သုံးသပ်ပါ။ အဲဒီနောက် ဘုရားနှစ်သက်တာကို လုပ်ဖို့ စီစဉ်ပါ။
၁၈ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ခြင်းက ဘုရားကို ဂုဏ်တင်တဲ့ ဘဝလမ်းစဉ်ဖြစ်လို့ ပျော်ရွှင်ကျေနပ်မှု တကယ် ခံစားရစေပါတယ်။ “ယေဟောဝါဆီမှာ ပျော်ရွှင်ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။”—ဆာ. ၃၇:၄။
^ စာပိုဒ်၊ 7 သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းနဲ့ အစားထိုး။