လေ့လာရန် ဆောင်းပါး ၂
“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”
“ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။”—ရော. ၁၂:၂။
သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ
အကြိုသုံးသပ်ချက် a
၁-၂။ နှစ်ခြင်းခံပြီးနောက် ဘာဆက်လုပ်နေရမလဲ။ ရှင်းပြပါ။
အိမ်ကို ဘယ်လောက် တစ်ခါ သန့်ရှင်းရေး လုပ်သလဲ။ စပြောင်းမလာခင် သေသေချာချာ သန့်ရှင်းရေး လုပ်မှာပဲ။ ဒါပေမဲ့ နောက်ပိုင်း ပစ်ထားလိုက်ရင် ဘာဖြစ်မလဲ။ ဖုန်တွေ၊ အမှိုက်တွေ ပြန်စုလာမယ်။ ဒါကြောင့် ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုအပ်တယ်။
၂ အတွေးအခေါ်၊ စရိုက်နဲ့ပတ်သက်လာရင်လည်း အဲဒီလိုပဲ။ နှစ်ခြင်း မခံခင်တုန်းက “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်” အောင် ဘဝကို လိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ (၂ ကော. ၇:၁) ဒါပေမဲ့ “အသစ်ဖြစ်အောင် အမြဲ ပြုပြင်နေရမယ်” ဆိုတဲ့ တမန်တော် ပေါလုရဲ့ အကြံဉာဏ်ကို ဆက်လိုက်နာနေဖို့ လိုတယ်။ (ဧ. ၄:၂၃) အမြဲ ကြိုးစားနေဖို့ ဘာကြောင့် လိုသလဲ။ ဒီလောကရဲ့ ဖုန်တွေ၊ အမှိုက်တွေ ကျွန်တော်တို့ဆီမှာ ချက်ချင်း ပြန်စုလာနိုင်လို့ပဲ။ အဲဒီလို မဖြစ်အောင်၊ ယေဟောဝါရှေ့မှာ သန့်ရှင်းနေအောင် အတွေးအခေါ်၊ စရိုက်၊ ဆန္ဒတွေကို ပုံမှန် ဆန်းစစ်နေရမယ်။
“စိတ်သဘောကို ပြုပြင်ပြောင်းလဲ” နေပါ
၃။ “စိတ်သဘောကို ပြုပြင်ပြောင်းလဲ” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (ရောမ ၁၂:၂)
၃ “စိတ်သဘောကို ပြုပြင်ပြောင်းလဲ” နေဖို့ ဘာလုပ်ရမလဲ။ (ရောမ ၁၂:၂ ကို ဖတ်ပါ။) ကောင်းတာလေးတွေ နည်းနည်းပါးပါး ဗန်းပြလုပ်ရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ရဲ့ အတွင်းလူကို သေသေချာချာ ဆန်းစစ်ရမယ်။ ယေဟောဝါရဲ့ စံနှုန်းနဲ့ အနီးစပ်ဆုံး ဖြစ်အောင် လိုအပ်သလို ပြုပြင်ပြောင်းလဲရမယ်။ တစ်ကြိမ်တစ်ခါတည်း မဟုတ်ဘဲ အမြဲ အဲဒီလို လုပ်နေဖို့ လိုတယ်။
၄။ ကိုယ့်အတွေးအခေါ်ကို ဒီလောကစနစ် ပုံမသွင်းရအောင် ဘယ်လို ရှောင်နိုင်သလဲ။
၄ ကျွန်တော်တို့ စုံလင်လာတဲ့အခါ လုပ်သမျှ ယေဟောဝါရှေ့မှာ အမြဲ နှစ်သက်စရာ ဖြစ်နေမယ်။ ဒီအတောအတွင်းမှာတော့ အဲဒီလို ဖြစ်ဖို့ မပြတ် ကြိုးစားနေရမယ်။ ဘုရားအလိုတော်ကို ကောင်းကောင်း သိဖို့ဆိုရင် စိတ်သဘောကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ရောမ ၁၂:၂ မှာ ပေါလု ပြောတာ သတိပြုပါ။ ကိုယ့်ရဲ့ ပန်းတိုင်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဒီလောက ပုံသွင်းမှု မဟုတ်ဘဲ ဘုရားအတွေးအခေါ် ရဲ့ လွှမ်းမိုးမှု ဘယ်လောက် ခံနေသလဲဆိုတာ သိဖို့ အရင် ဆန်းစစ်ရမယ်။
၅။ ယေဟောဝါရဲ့ နေ့ နီးတာနဲ့ပတ်သက်တဲ့ ကိုယ့်အတွေးအခေါ်ကို ဘယ်လို ဆန်းစစ်နိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၅ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ “ယေဟောဝါရဲ့နေ့ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်း” နေဖို့ ကျွန်တော်တို့ကို ယေဟောဝါ အားပေးတယ်။ (၂ ပေ. ၃:၁၂) ကိုယ့်ကိုယ်ကိုယ် ဒီလို မေးကြည့်ပါ– ‘ဒီလောကစနစ်ရဲ့ အဆုံး သိပ်နီးနေပြီဆိုတာ နားလည်ကြောင်း ငါ့ရဲ့ ဘဝပုံစံက ဖော်ပြနေသလား။ ယေဟောဝါအတွက် အမှုဆောင်ခြင်းဟာ ငါ့ဘဝမှာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတာ ပညာရေး၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ငါ့ဆုံးဖြတ်ချက်တွေက ဖော်ပြနေသလား။ ငါနဲ့ ငါ့မိသားစုအတွက် ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယုံကြည်သလား၊ ဒါမှမဟုတ် ပစ္စည်းဥစ္စာအတွက် အမြဲ စိုးရိမ်ပူပန်နေသလား။’ ဘုရားအလိုတော်နဲ့အညီ အသက်ရှင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာကို ဘုရား မြင်တဲ့အခါ ဘယ်လောက် ကျေနပ်နှစ်သက်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။—မ. ၆:၂၅-၂၇၊ ၃၃။ ဖိ. ၄:၁၂၊ ၁၃။
၆။ ဘာဆက်လုပ်နေဖို့ လိုသလဲ။
၆ ကိုယ့်အတွေးအခေါ်ကို ပုံမှန် ဆန်းစစ်ပြီးနောက် လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲ ဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲ စစ်ဆေးပါ” လို့ ကောရိန္သု မြို့က ခရစ်ယာန်တွေကို ပေါလု ပြောတယ်။ (၂ ကော. ၁၃:၅) “ယုံကြည်ခြင်း ခိုင်မြဲ” နေခြင်းမှာ အစည်းအဝေးတွေ တက်တာ၊ အမှုဆောင်မှာ မကြာမကြာ ပါဝင်တာလောက်ပဲ မဟုတ်ဘူး၊ ကိုယ့်အတွေးအခေါ်၊ ဆန္ဒ၊ စိတ်ရင်းတွေလည်း ပါဝင်တယ်။ ဒါကြောင့် ကျမ်းစာ ဖတ်ရှုခြင်း၊ ဘုရားစဉ်းစားသလို စဉ်းစားခြင်း၊ ဘုရားအလိုတော်နဲ့အညီ ဖြစ်အောင် လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် စိတ်သဘောကို ပြုပြင်ပြောင်းလဲနေဖို့ လိုတယ်။—၁ ကော. ၂:၁၄-၁၆။
‘စရိုက်သစ်ကို ဝတ်ဆင်’ ပါ
၇။ ဧဖက် ၄:၃၁၊ ၃၂ အရ ဘာလုပ်ဖို့လည်း လိုသလဲ။ အဲဒီလို လုပ်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၇ ဧဖက် ၄:၃၁၊ ၃၂ ကို ဖတ်ပါ။ စိတ်သဘောကို ပြုပြင်ပြောင်းလဲတဲ့အပြင် ‘စရိုက်သစ်ကို ဝတ်ဆင်’ ဖို့လည်း လိုတယ်။ (ဧ. ၄:၂၄) လုပ်ရပ် ပါဝင်ပတ်သက်လာပြီ။ နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း စတဲ့ စရိုက်ဆိုးတွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားရမယ်။ အဲဒီလို လုပ်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။ တချို့ စရိုက်ဆိုးတွေ အမြစ်စွဲနေနိုင်လို့ပါ။ ဥပမာ၊ “ဒေါသကြီးသူ၊” “ဒေါသထွက်လွယ်သူ” တချို့အကြောင်း ကျမ်းစာ ပြောတယ်။ (ပညာ. ၂၉:၂၂) အဲဒီလို လူတွေဟာ နှစ်ခြင်းခံပြီးနောက်မှာတောင် ဒေါသ ဆက်ထိန်းနေဖို့ လိုနိုင်တယ်။ တွေ့ကြုံမှုတစ်ခု သုံးသပ်ကြည့်ပါ။
၈-၉။ စရိုက်ဟောင်းကို ချွတ်ပယ်ဖို့ ဆက်ကြိုးစားနေရမယ်ဆိုတာ စတီဗင်ရဲ့ အဖြစ်က ဘယ်လို ဖော်ပြသလဲ။
၈ ညီအစ်ကို စတီဗင်ဟာ ဒေါသ ထိန်းချုပ်ဖို့ ခက်နေတယ်။ “နှစ်ခြင်းခံပြီးနောက်မှာတောင် ဒေါသ ထိန်းဖို့ ကြိုးစားနေရတုန်းပဲ။ ဥပမာ၊ တစ်ခါက အမှုဆောင်သွားရင်း သူခိုးတစ်ယောက် ကျွန်တော့်ကားထဲက ရေဒီယို ခိုးသွားတယ်။ ကျွန်တော် အနောက်ကနေ ပြေးလိုက်တယ်။ မိခါနီးမှာ သူခိုးက ရေဒီယိုကို ပစ်ချပြီး ပြေးသွားတယ်။ ရေဒီယို ဘယ်လို ပြန်ရခဲ့တယ်ဆိုတာ အုပ်စုမှာ ပြောပြတော့ အကြီးအကဲတစ်ယောက်က ‘အဲဒီသူခိုးကိုသာ မိသွားရင် ဘာလုပ်မလဲ’ လို့ မေးတယ်။ အဲဒီမေးခွန်းက ကျွန်တော့်ကို စဉ်းစားသွားစေတယ်။ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်” လို့ ပြောတယ်။ b
၉ စတီဗင်ရဲ့ အဖြစ်က ဖော်ပြတဲ့အတိုင်း စရိုက်ဆိုးတစ်ခုကို ကိုယ်ကောင်းကောင်း ထိန်းချုပ်နိုင်ပြီလို့ ထင်ထားရင်တောင် ရုတ်တရက် ပြန်ပေါ်လာနိုင်တယ်။ သင် အဲဒီလို ဖြစ်နေရင် စိတ်ဓာတ်မကျပါနဲ့။ အရှုံးသမားလို့ မယူဆလိုက်ပါနဲ့။ “မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာလုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်” လို့ တမန်တော် ပေါလုတောင် ဝန်ခံတယ်။ (ရော. ၇:၂၁-၂၃) ကိုယ့်အိမ်မှာ စုပုံလာတဲ့ ဖုန်တွေ၊ အမှိုက်တွေလို ပြန်ပြန်ပေါ်လာတဲ့ စရိုက်ဆိုးတွေကို မစုံလင်တဲ့ ခရစ်ယာန်အားလုံး တိုက်ထုတ်နေကြရတယ်။ ဆက်သန့်ရှင်းနေဖို့ အမြဲ ကြိုးစားနေရမယ်။ ဘယ်လိုနည်းနဲ့လဲ။
၁၀။ စရိုက်ဆိုးတွေကို ဘယ်လို တိုက်လှန်နိုင်သလဲ။ (၁ ယောဟန် ၅:၁၄၊ ၁၅)
၁၀ ကိုယ်တိုက်လှန်နေရတဲ့ စရိုက်ဆိုးအကြောင်း ယေဟောဝါဆီ ဆုတောင်းပြောပြပါ။ ဘုရား နားထောင်၊ ကူညီပေးမယ်ဆိုတာ စိတ်ချပါ။ (၁ ယောဟန် ၅:၁၄၊ ၁၅ ကို ဖတ်ပါ။) စရိုက်ဆိုး ပျောက်သွားအောင် အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ကူညီပေးမှာ မဟုတ်ပေမဲ့ အဲဒီအတိုင်း လိုက်မလုပ်မိအောင် ခွန်အားပေးနိုင်တယ်။ (၁ ပေ. ၅:၁၀) တစ်ချိန်တည်းမှာ စရိုက်ဆိုး ပြန်ပေါ်လာစေမယ့်အရာတွေ မလုပ်ခြင်းအားဖြင့် ဆုတောင်းချက်နဲ့အညီ နေထိုင်ဖို့တော့ လိုတယ်။ ဥပမာ၊ ကိုယ်တိုက်ထုတ်နေတဲ့ စရိုက်ဆိုးကို အားပေးအားမြှောက် လုပ်ထားတဲ့ ရုပ်ရှင်၊ တီဗီ အစီအစဉ်၊ စာအုပ်တွေကို သတိထားဖို့ လိုတယ်။ မသင့်တော်တဲ့ ဆန္ဒတွေအကြောင်း တနုံ့နုံ့ စဉ်းစားမနေပါနဲ့။—ဖိ. ၄:၈။ ကော. ၃:၂။
၁၁။ စရိုက်သစ် ဝတ်ဆင်ဖို့ ဘယ်အဆင့်တွေ လုပ်နိုင်သလဲ။
၁၁ စရိုက်ဟောင်း ချွတ်ပယ်ရုံနဲ့ မလုံလောက်ဘူး။ စရိုက်သစ် ဝတ်ဆင်ဖို့ အရေးကြီးတယ်။ ဘယ်လို ဝတ်ဆင်နိုင်သလဲ။ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သိလာတဲ့အခါ တုပဖို့ ပန်းတိုင်ထားပါ။ (ဧ. ၅:၁၊ ၂) ဥပမာ၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုအကြောင်း အလေးပေး ဖော်ပြတဲ့ ကျမ်းမှတ်တမ်းတစ်ခု ဖတ်ရတဲ့အခါ ‘တခြားသူတွေကို ငါခွင့်လွှတ်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဆင်းရဲချို့တဲ့သူတွေအပေါ် ယေဟောဝါ ထောက်ထားစာနာကြောင်း ဖတ်ရတဲ့အခါ ‘ဆင်းရဲချို့တဲ့တဲ့ ညီအစ်ကို/မတွေကို ငါ သနားစာနာသလား။ အဲဒါကို လုပ်ရပ်နဲ့ ပြနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ စရိုက်သစ် ဝတ်ဆင်ခြင်းအားဖြင့် စိတ်သဘောကို ပြုပြင်ပြောင်းလဲနေပါ။ အဲဒီအတောအတွင်း ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပါ။
၁၂။ ကျမ်းစာမှာ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိကြောင်း စတီဗင်ရဲ့ အဖြစ်က ဘယ်လို ဖော်ပြသလဲ။
၁၂ အစောပိုင်းမှာ ဖော်ပြတဲ့ စတီဗင်ဟာ တဖြည်းဖြည်း စရိုက်သစ် ဝတ်ဆင်နိုင်ခဲ့တယ်။ “နှစ်ခြင်းခံချိန်ကစပြီး ဒေါသ ပေါက်ကွဲစရာ အခြေအနေ အတော်များများ ကြုံခဲ့ရတယ်။ ဒေါသဆွတဲ့သူတွေဆီကနေ ရှောင်ထွက်သွားဖို့၊ အခြေအနေကို တခြားနည်းတွေနဲ့ ထိန်းဖို့ ကျွန်တော် သင်ယူခဲ့တယ်။ ကျွန်တော့်တိုးတက်မှုကို ဇနီး အပါအဝင် အတော်များများက ချီးမွမ်းကြတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩယူရတဲ့အထိပဲ။ ဒီလို စရိုက်ပြောင်းလဲလာတာဟာ ကိုယ့်ကြိုးစားမှုကြောင့်တော့ မဟုတ်ပါဘူး။ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းကြောင့်ဆိုတာ ကျွန်တော် ယုံတယ်” လို့ စတီဗင် ပြောတယ်။
မသင့်တော်တဲ့ ဆန္ဒတွေကို ဆက်တိုက်လှန်ပါ
၁၃။ ကောင်းတဲ့ ဆန္ဒတွေ မွေးမြူနိုင်အောင် ဘာက ကူညီပေးမလဲ။ (ဂလာတိ ၅:၁၆)
၁၃ ဂလာတိ ၅:၁၆ ကို ဖတ်ပါ။ မှန်တာလုပ်ဖို့ ဆက်တိုက်လှန်နေရမယ်။ ယေဟောဝါ သန့်ရှင်းသော စွမ်းအားတော် ရက်ရက်ရောရော သွန်းလောင်းပြီး ကူညီပေးမယ်။ ကျမ်းစာ လေ့လာတာက စွမ်းအားတော် လမ်းညွှန်မှု ခံယူနေတာပဲ။ အစည်းအဝေးတွေ တက်တဲ့အခါ စွမ်းအားတော် ရတယ်။ အဲဒီအစည်းအဝေးတွေမှာ ညီအစ်ကို/မတွေနဲ့ အချိန်ပေး ပေါင်းသင်းတဲ့အခါ သူတို့လည်း ကိုယ့်လိုပဲ မှန်တာ လုပ်ဖို့ ကြိုးစားတိုက်လှန်နေကြောင်း သိလာလို့ အားရှိရတယ်။ (ဟီ. ၁၀:၂၄၊ ၂၅။ ၁၃:၇) အားနည်းချက်တချို့ကို တိုက်လှန်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းအသနားခံတဲ့အခါ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ခွန်အားပေးမယ်။ အဲဒီလုပ်ဆောင်မှုတွေက မကောင်းတဲ့ ဆန္ဒတွေ ပျောက်သွားအောင် မလုပ်ပေးနိုင်ပေမဲ့ အဲဒီအတိုင်း လိုက်မလုပ်မိအောင် ကူညီပေးပါလိမ့်မယ်။ ဂလာတိ ၅:၁၆ မှာ ပြောသလို စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း လျှောက်လှမ်းသူတွေဟာ “အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။”
၁၄။ ကောင်းတဲ့ ဆန္ဒကို ဆက်မွေးမြူဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၄ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေ ရှိလာရုံနဲ့ မပြီးဘူး။ အဲဒီအကျင့်တွေကို ဆက်ထိန်းထားဖို့၊ ကောင်းတဲ့ ဆန္ဒကို ဆက်မွေးမြူနေဖို့ လိုတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ရဲ့ ရန်သူတစ်ပါး ဘယ်တော့မှ မအိပ်လို့ပဲ။ အဲဒီရန်သူကတော့ မကောင်းတာ လုပ်မိစေမယ့် သွေးဆောင်မှုပါ။ နှစ်ခြင်းခံပြီးနောက်မှာတောင် လောင်းကစား၊ အရက်၊ ညစ်ညမ်းရုပ်ပုံ စတဲ့ ကိုယ်ရှောင်သင့်တာ တချို့ကို ကြိုက်နေဆဲပဲဆိုတာ သတိထားမိနိုင်တယ်။ (ဧ. ၅:၃၊ ၄) လူငယ်ညီအစ်ကိုတစ်ယောက် ဒီလိုဝန်ခံတယ်– “ကျွန်တော့်အတွက် အခက်ဆုံးကတော့ လိင်တူ ကြိုက်တဲ့ စိတ်ပဲ။ ဒီစိတ်တွေ တဖြည်းဖြည်း ပျောက်သွားမှာပါလို့ ထင်ထားတာ။ ဒါပေမဲ့ အခုထိ တိုက်လှန်နေရတုန်းပဲ။” မသင့်တော်တဲ့ ဆန္ဒတစ်ခု အထူး ပြင်းထန်လာတဲ့အခါ ဘာလုပ်နိုင်သလဲ။
၁၅။ မကောင်းတဲ့ ဆန္ဒတွေဟာ “လူတွေ ကြုံရတတ်တဲ့” အရာ ဖြစ်ကြောင်း သိရတာ ဘာကြောင့် အားရှိစရာ ကောင်းသလဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၁၅ သိပ်ပြင်းထန်လာတဲ့ မကောင်းတဲ့ ဆန္ဒကို ကြိုးစား ထိန်းချုပ်နေရရင် ကိုယ်တစ်ယောက်တည်း မဟုတ်ကြောင်း သတိရပါ။ “လူတွေ ကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ ခံရတာ” လို့ ကျမ်းစာ ပြောတယ်။ (၁ ကော. ၁၀:၁၃) ကောရိန္သုမြို့က အမျိုးသား/သမီးတွေဆီ အဲဒီစာကို ရေးထားတာ။ သူတို့ထဲက တချို့ဟာ အရင်က အိမ်ထောင်ရေးဖောက်ပြန်သူ၊ လိင်တူဆက်ဆံသူ၊ သောက်ကြူးသူတွေ ဖြစ်ခဲ့ကြတယ်။ (၁ ကော. ၆:၉-၁၁) သူတို့ နှစ်ခြင်းခံပြီးနောက် မကောင်းတဲ့ဆန္ဒတွေ လုံးဝ ပေါ်မလာတော့ဘူးလို့ သင် ထင်သလား။ အဲဒီလို မဖြစ်နိုင်ဘူး။ ဘိသိက်ခံ ခရစ်ယာန်တွေ ဆိုပေမဲ့ မစုံလင်သူတွေ ဖြစ်နေဆဲပဲ။ မကောင်းတဲ့ ဆန္ဒတွေကို မကြာမကြာ တိုက်လှန်ခဲ့ကြရမှာ သေချာတယ်။ ဒါ အားရှိစရာပဲ။ ဘာကြောင့်လဲ။ ကိုယ်တိုက်လှန်နေရတာ ဘယ်လို မကောင်းတဲ့ ဆန္ဒပဲဖြစ်ဖြစ် အဲဒါကို တခြားတစ်ယောက် အောင်မြင်စွာ တိုက်လှန်နိုင်ခဲ့လို့ပါပဲ။ ဒါကြောင့် “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရမှန်း သိထားပြီး ခိုင်မာတဲ့ ယုံကြည်ခြင်း” ဆက်ရှိနိုင်ပါတယ်။—၁ ပေ. ၅:၉။
၁၆။ ဘယ်လို တွေးတာကို ရှောင်ရမလဲ။ ဘာကြောင့်လဲ။
၁၆ ကိုယ်ကြုံနေရတဲ့ အခက်အခဲကို တခြား ဘယ်သူမှ နားမလည်နိုင်ပါဘူးလို့ မထင်ပါနဲ့။ အဲဒီလို ထင်နေမယ်ဆိုရင် ကိုယ့်အခြေအနေ အဖတ်ဆယ်လို့ မရတော့ဘူး၊ မသင့်တော်တဲ့ ဆန္ဒတွေကို တွန်းလှန်ဖို့ ခွန်အား မရှိတော့ဘူးလို့ ယူဆမိနိုင်တယ်။ ကျမ်းစာမှာတော့ “ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်” လို့ ပြောတယ်။ (၁ ကော. ၁၀:၁၃) ဒါကြောင့် မသင့်တော်တဲ့ ဆန္ဒ သိပ်ပြင်းထန်လာရင်တောင် ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ပါတယ်။ အဲဒီဆန္ဒအတိုင်း လိုက်မလုပ်ဖို့ ယေဟောဝါရဲ့ အကူအညီနဲ့ တွန်းလှန်နိုင်ပါတယ်။
၁၇။ မသင့်တော်တဲ့ ဆန္ဒတွေ ပေါ်မလာအောင် မထိန်းချုပ်နိုင်ပေမဲ့ ဘာကိုတော့ ထိန်းချုပ်နိုင်သလဲ။
၁၇ ဒီအချက်ကို အမြဲ သတိရပါ– မစုံလင်တဲ့ လူသားတစ်ယောက်အနေနဲ့ မသင့်တော်တဲ့ ဆန္ဒတွေ ပေါ်မလာအောင် မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီဆန္ဒတွေ ပေါ်လာတဲ့အခါ ပေါတိဖာရဲ့ မိန်းမဆီကနေ ချက်ချင်း ထွက်ပြေးခဲ့တဲ့ ယောသပ်လို ပြတ်ပြတ်သားသား ငြင်းပယ်နိုင်တယ်။ (က. ၃၉:၁၂) မသင့်တော်တဲ့ ဆန္ဒတွေအတိုင်း လိုက်မလုပ်ပါနဲ့။
မပြတ် ကြိုးစားအားထုတ်နေပါ
၁၈-၁၉။ စိတ်သဘောကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။
၁၈ စိတ်သဘောကို ပြုပြင်ပြောင်းလဲခြင်းဆိုတာ ကိုယ့်အတွေးအခေါ်၊ လုပ်ရပ်တွေကို ယေဟောဝါရဲ့ အလိုတော်နဲ့အညီ ဖြစ်အောင် အမြဲ ကြိုးစားနေခြင်းကို ဆိုလိုတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပုံမှန် ဆန်းစစ်ပါ– ‘အသက်ရှင်နေတဲ့ အချိန်ကာလရဲ့ အရေးကြီးမှုကို သဘောပေါက်တယ်ဆိုတာ ငါ့အပြုအမူတွေက ဖော်ပြနေသလား။ စရိုက်သစ် ဝတ်ဆင်ရာမှာ တိုးတက်နေသလား။ မကောင်းတဲ့ ဆန္ဒတွေအတိုင်း မလုပ်မိအောင် တွန်းလှန်ဖို့ ငါ့အသက်တာကို ယေဟောဝါ စွမ်းအားတော်ရဲ့ လမ်းညွှန်မှု ခံယူနေသလား။’
၁၉ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တဲ့အခါ ပြည့်ဝစုံလင်ဖို့ မမျှော်လင့်ပါနဲ့။ တိုးတက်ရမယ့် အပိုင်းကို ရှာပါ။ တိုးတက်စရာ တွေ့တဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ အဲဒီအစား “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီ ဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” ဆိုတဲ့ ဖိလိပ္ပိ ၃:၁၆ ပါ အကြံဉာဏ်ကို လိုက်နာပါ။ စိတ်သဘောကို ပြုပြင်ပြောင်းလဲနေဖို့ သင့်ကြိုးစားအားထုတ်မှုတွေကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။
သီချင်း ၃၆ နှလုံးကို စောင့်ကြပ်စို့
a ဒီလောကစနစ်ရဲ့ ပုံသွင်းမှု မခံဖို့ ယုံကြည်သူချင်းတွေကို တမန်တော် ပေါလု အားပေးတယ်။ ဒီနေ့ခေတ်အတွက် အကြံဉာဏ်ကောင်းပါပဲ။ တစ်နည်းနည်းနဲ့ လောက ပုံသွင်းမှု မခံဖို့ ဂရုစိုက်ရမယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ကိုယ့်အတွေးအခေါ် ဘုရားအလိုတော်နဲ့ မညီဘူးဆိုတာ သိလာရင် သိသိချင်း ပြုပြင်ပြောင်းလဲရမယ်။ ဘယ်လို ပြောင်းလဲနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
b ၂၀၁၅၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “ကမ်းကုန်အောင် ဆိုးမိုက်ခဲ့” ဆောင်းပါးကို ကြည့်ပါ။
c ပုံအညွှန်း– အဆင့်မြင့်ပညာ ဆက်သင်မလား၊ အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ပါဝင်မလားဆိုတာ လူငယ်ညီအစ်ကိုတစ်ယောက် စဉ်းစားနေ။