မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃

ယေရှု မျက်ရည်ကျတာကနေ ဘာတွေ သင်ယူနိုင်သလဲ

ယေရှု မျက်ရည်ကျတာကနေ ဘာတွေ သင်ယူနိုင်သလဲ

‘ယေရှု မျက်ရည်ကျတယ်။’—ယော. ၁၁:၃၅

သီချင်း ၁၇ “ငါဆန္ဒရှိ”

အကြိုသုံးသပ်ချက် a

၁-၃။ ယေဟောဝါရဲ့ ကျေးကျွန်တွေ ဘာကြောင့် မျက်ရည်ကျရသလဲ။

 သင် နောက်ဆုံး ငိုခဲ့တာ ဘယ်တုန်းကလဲ။ ကျွန်တော်တို့ မကြာမကြာ ငိုကြရတယ်။ ပျော်လို့ ငိုကြသလို အများအားဖြင့်တော့ အလွန် ဝမ်းနည်းလို့ ငိုကြတာ။ ဥပမာ၊ ချစ်ရသူ သေဆုံးလို့ ငိုရတာ ဖြစ်နိုင်တယ်။ အမေရိကန်က ညီအစ်မ လော်ရီလီ ဒီလိုပြောတယ်– “သေဆုံးသွားတဲ့ သမီးလေးအတွက် ဝမ်းနည်းလွန်းလို့ ဘယ်လိုမှ ဖြေမဆည်နိုင်အောင် ဖြစ်ရတဲ့ အချိန်တွေ ရှိတယ်။ မခံမရပ်နိုင်လောက်အောင်ပါပဲ။” b

တခြားအကြောင်းတွေကြောင့်လည်း ကျွန်တော်တို့ မျက်ရည်ကျကြတယ်။ ဂျပန်နိုင်ငံက ရှေ့ဆောင် ညီအစ်မ ဟီရိုမီက “အမှုဆောင်မှာ အငြင်းခံရလွန်းလို့ မကြာမကြာ စိတ်ဓာတ်ကျတယ်။ အမှန်တရား ရှာနေသူ တစ်ယောက်ယောက်ကို ရှာတွေ့နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ တစ်ခါတလေ ငိုရင်း ဆုတောင်းတယ်” လို့ ပြောတယ်။

တစ်ခါတလေ သင်လည်း အဲဒီလို ခံစားရသလား။ ကျွန်တော်တို့ အများစု ခံစားရတယ်။ (၁ ပေ. ၅:၉) “ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြု” ချင်ပေမဲ့ ဝမ်းနည်းကြေကွဲမှု၊ စိတ်ဓာတ်ကျမှု၊ သစ္စာသမာဓိကို စမ်းသပ်တဲ့ ခက်ခဲမှုကြောင့် မျက်ရည်နဲ့ ဝတ်ပြုနေရတာ ဖြစ်နိုင်တယ်။ (ဆာ. ၆:၆။ ၁၀၀:၂) အဲဒီလို ခံစားနေရရင် ဘာလုပ်နိုင်သလဲ။

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ယေရှုရဲ့ ပုံသက်သေကနေ သင်ယူနိုင်ပါတယ်။ ယေရှု “မျက်ရည်ကျ” တဲ့အထိ စိတ်မကောင်းဖြစ်တဲ့ အချိန်တွေ ရှိတယ်။ (ယော. ၁၁:၃၅။ လု. ၁၉:၄၁။ ၂၂:၄၄။ ဟီ. ၅:၇) အဲဒီဖြစ်ရပ်တွေ၊ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို သုံးသပ်ကြည့်ကြစို့။ မျက်ရည်ကျစေတဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ လက်တွေ့ကျနည်းတွေကိုလည်း သုံးသပ်ကြပါမယ်။

မိတ်ဆွေတွေအတွက် မျက်ရည်ကျ

ဝမ်းနည်းနေသူတွေကို ယေရှုလိုပဲ ထောက်မပါ (စာပိုဒ် ၅-၉ ကို ကြည့်ပါ) d

၅။ ယောဟန် ၁၁:၃၂-၃၆ မှာ ပါတဲ့ မှတ်တမ်းကနေ ယေရှုအကြောင်း ဘာသိရသလဲ။

အေဒီ ၃၂၊ ဆောင်းတွင်းမှာ ယေရှုရဲ့ မိတ်ဆွေ လာဇရု နေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်။ (ယော. ၁၁:၃၊ ၁၄) လာဇရုမှာ မာရိနဲ့ မာသဆိုတဲ့ အစ်မနှစ်ယောက် ရှိတယ်။ အဲဒီမိသားစုကို ယေရှု သိပ်ချစ်တယ်။ ချစ်ရတဲ့ မောင်လေး သေဆုံးသွားလို့ အစ်မတွေ တော်တော် ဝမ်းနည်းနေကြတယ်။ လာဇရု သေဆုံးပြီးနောက် မာရိနဲ့ မာသ နေတဲ့ ဗေသနိရွာကို ယေရှု သွားတယ်။ ယေရှု လာနေတာကို ကြားတဲ့အခါ မာသ ပြေးကြိုတယ်။ “သခင်၊ သခင်သာ ဒီမှာ ရှိခဲ့ရင် ကျွန်မရဲ့ မောင် သေမှာ မဟုတ်ဘူး” လို့ ပြောချိန်မှာ ဘယ်လောက် ဝမ်းနည်းနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (ယော. ၁၁:၂၁) မာရိနဲ့ တခြားသူတွေ ငိုနေတာကို တွေ့တဲ့အခါ ယေရှုလည်း ‘မျက်ရည်ကျတယ်။’ယောဟန် ၁၁:၃၂-၃၆ ကို ဖတ်ပါ။

၆။ ယေရှု ဘာကြောင့် ငိုတာလဲ။

ယေရှု ဘာကြောင့် ငိုတာလဲ။ “မိတ်ဆွေ လာဇရု သေဆုံးပြီး အစ်မတွေ ဝမ်းနည်းကြေကွဲနေတာကြောင့် ယေရှု ‘ဝမ်းနည်းပြီး မျက်ရည်ကျတယ်’” လို့ ထိုးထွင်းအမြင် စာအုပ်မှာ ဖြေတယ်။ c ဖျားနာနေတုန်း မိတ်ဆွေ လာဇရု ဘယ်လောက် ဝေဒနာ ခံစားရမယ်၊ သေရတော့မယ်ဆိုတဲ့ အသိနဲ့ ဘယ်လို ခံစားခဲ့ရမယ်ဆိုတာ ယေရှု တွေးမိပုံပဲ။ မောင်လေး သေဆုံးလို့ မာရိနဲ့ မာသ ဝမ်းနည်းနေတာ မြင်ရလို့လည်း ယေရှု မျက်ရည်ကျတာ ဖြစ်တယ်။ မိတ်ဆွေ၊ မိသားစုဝင်တွေ သေဆုံးသွားရင် သင်လည်း အလားတူ ခံစားရမှာ သေချာတယ်။ ဒီဖြစ်ရပ်ကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ သုံးခုကို သုံးသပ်ကြည့်ပါ။

၇။ မိတ်ဆွေတွေအတွက် ယေရှု မျက်ရည်ကျတာကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

သင့်ခံစားချက်ကို ယေဟောဝါ နားလည်တယ်။ ယေရှုဟာ ဖခင်နဲ့ “တထေရာတည်း တူတဲ့သူ” ဖြစ်တယ်။ (ဟီ. ၁:၃) ယေရှု ငိုတာဟာ ဖခင်ရဲ့ ခံစားချက်ကို ထင်ဟပ်လိုက်တာပဲ။ (ယော. ၁၄:၉) ချစ်ရသူတစ်ယောက် သေဆုံးသွားတယ်ဆိုရင် သင့်ဝမ်းနည်းကြေကွဲမှုကို ယေဟောဝါ သိရုံသာမက ထပ်တူ ဝမ်းနည်းတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ကြေကွဲနေတဲ့ စိတ်နှလုံးကို ဘုရား ကုသပေးချင်တယ်။—ဆာ. ၃၄:၁၈။ ၁၄၇:၃

၈။ ချစ်ရသူတွေကို ယေရှု ထမြောက်ပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

သင် ချစ်ရသူတွေကို ယေရှု ထမြောက်ပေးချင်တယ်။ ယေရှု မငိုခင်လေးမှာ မာသကို “ခင်ဗျားရဲ့ မောင် အသက်ပြန်ရှင်လာမယ်” လို့ ပြောတယ်။ ယေရှုကို မာသ ယုံတယ်။ (ယော. ၁၁:၂၃-၂၇) ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန် ဖြစ်လို့ ဟိုးအရင်က ပရောဖက် ဧလိယနဲ့ ဧလိရှဲ ထမြောက်ပေးတဲ့ မှတ်တမ်းတွေကို မာသ သိထားမှာ သေချာတယ်။ (၁ ဘု. ၁၇:၁၇-၂၄။ ၂ ဘု. ၄:၃၂-၃၇) ယေရှု ထမြောက်ပေးခဲ့တာတွေကိုလည်း ကြားမှာပဲ။ (လု. ၇:၁၁-၁၅။ ၈:၄၁၊ ၄၂၊ ၄၉-၅၆) သင်လည်း သေဆုံးသွားတဲ့ ချစ်ရသူတွေနဲ့ ပြန်ဆုံရမယ်ဆိုတာ စိတ်ချနိုင်တယ်။ သေဆုံးသွားသူတွေကို ယေရှု ပြန်ထမြောက်ပေးချင်စိတ် ပြင်းပြနေတယ်ဆိုတာ သူ့ရဲ့ မျက်ရည်တွေက သက်သေပါပဲ။

၉။ ဝမ်းနည်းကြေကွဲနေသူတွေကို ယေရှုလို ဘယ်လို ကူညီပေးနိုင်သလဲ။ ဥပမာ ပေးပါ။

ဝမ်းနည်းကြေကွဲနေသူတွေကို သင် ကူညီပေးနိုင်တယ်။ ယေရှုဟာ မာသ၊ မာရိနဲ့အတူ ငိုကြွေးရုံသာမက သူတို့ ပြောတာ နားထောင်ပေးပြီး နှစ်သိမ့်မှု ဖြစ်စေတဲ့ စကား ပြောတယ်။ ကျွန်တော်တို့လည်း အလားတူ လုပ်ဆောင်နိုင်တယ်။ ဩစတြေးလျမှာ နေတဲ့ အကြီးအကဲ ညီအစ်ကို ဒန် ဒီလိုပြောတယ်– “ဇနီး သေဆုံးသွားလို့ အကူအညီ လိုနေတာ။ ဇနီးမောင်နှံ အတော်များများက ကျွန်တော် ပြောတာကို နားထောင်ပေးဖို့ အမြဲ အသင့်ရှိနေကြတယ်။ ကျွန်တော် ဝမ်းနည်းတာ၊ မျက်ရည်ကျတာတွေကို ကသိကအောက် မဖြစ်ကြဘူး။ ကားဆေးတာ၊ ဈေးဝယ်တာ၊ ချက်ပြုတ်တာ စတာတွေ မလုပ်နိုင်တဲ့ အခါမျိုးတွေမှာ သူတို့ လာလုပ်ပေးကြတယ်။ ဒီနည်းတွေနဲ့ လက်တွေ့ကျကျ ကူညီပေးကြတယ်။ ကျွန်တော်နဲ့အတူ မကြာခဏ ဆုတောင်းပေးတယ်။ ‘ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့’ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေပါပဲ။”—ပညာ. ၁၇:၁၇

တခြားသူတွေအတွက် ယေရှု မျက်ရည်ကျ

၁၀။ လုကာ ၁၉:၃၆-၄၀ မှာ ဘယ်ဖြစ်ရပ်အကြောင်း ပြောထားသလဲ။

၁၀ အေဒီ ၃၃၊ နိသန်လ ၉ ရက်မှာ ဂျေရုဆလင်မြို့ကို ယေရှု ရောက်လာတယ်။ မြို့ထဲ ဝင်ခါနီးမှာ လူအုပ် စုရုံးလာပြီး ယေရှုကို ဘုရင်အဖြစ် ကြိုဆိုဖို့ လမ်းပေါ် ဝတ်ရုံတွေ ဖြန့်ခင်းကြတယ်။ တကယ့်ကို ပျော်ရွှင်စရာ အချိန်ပါပဲ။ (လုကာ ၁၉:၃၆-၄၀ ကို ဖတ်ပါ။) ဒါကြောင့် ဆက်ဖြစ်လာတဲ့အရာကို တပည့်တွေ မျှော်လင့်ထားမှာ မဟုတ်ဘူး။ “ဂျေရုဆလင်မြို့ ရောက်ခါနီးမှာ ယေရှုက မြို့ကို ကြည့်ပြီး ငိုတယ်။” ဂျေရုဆလင်မြို့သားတွေ ကြုံရတော့မယ့် ဘေးဆိုးတွေအကြောင်း ယေရှု မျက်ရည်ကျရင်း ကြိုပြောတယ်။—လု. ၁၉:၄၁-၄၄

၁၁။ ဂျေရုဆလင်မြို့သားတွေအတွက် ယေရှု ဘာကြောင့် ငိုကြွေးသလဲ။

၁၁ လူတွေ မိမိကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေမဲ့ အများစုက နိုင်ငံတော်သတင်းကို ငြင်းပယ်မယ်ဆိုတာ ယေရှု သိလို့ နာကျင်ခံစားရတယ်။ အဲဒီလို ငြင်းပယ်တဲ့ ရလဒ်အနေနဲ့ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရပြီး အသက်ရှင်ကျန်ရစ်တဲ့ ဂျူးတွေလည်း သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရမယ်။ (လု. ၂၁:၂၀-၂၄) ယေရှု မျှော်လင့်ထားတဲ့အတိုင်း ဂျူးအများစု ယေရှုကို ငြင်းပယ်ကြတယ်။ သင် နေထိုင်တဲ့ ဒေသမှာကော သတင်းတရားကို လူတွေ ဘယ်လို တုံ့ပြန်နေကြသလဲ။ လက်ခံသူ နည်းနည်းပဲ ရှိတယ်ဆိုရင် ယေရှု ကျတဲ့ မျက်ရည်ကနေ ဘာသင်ယူနိုင်သလဲ။ နောက်ထပ် သင်ခန်းစာ သုံးခုကို လေ့လာကြည့်ပါ။

၁၂။ လူတွေအတွက် ယေရှု ကျတဲ့ မျက်ရည်ကနေ ယေဟောဝါအကြောင်း ဘာသိနိုင်သလဲ။

၁၂ လူတွေကို ယေဟောဝါ ဂရုစိုက်တယ်။ လူတွေကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်ကြောင်း ယေရှုရဲ့ မျက်ရည်က သတိရစေတယ်။ ‘ဘုရားသခင်က ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ လူအားလုံးကို နောင်တရစေချင်တယ်။’ (၂ ပေ. ၃:၉) ဒီနေ့လည်း သတင်းကောင်း သိလာအောင် လူတွေကို ကျွန်တော်တို့ ကိုယ်ကျိုးစွန့် ကူညီပေးခြင်းအားဖြင့် ချစ်ကြောင်း ပြနိုင်တယ်။—မ. ၂၂:၃၉

ယေရှုလိုပဲ သင့်ရဲ့ ဟောပြောခြင်းဇယားကို ပြုပြင်ပြောင်းလဲပါ (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ) e

၁၃-၁၄။ လူတွေကို ယေရှု ထောက်ထားစာနာမှု ဘယ်လို ပြသလဲ။ အဲဒီအရည်အသွေးကို ဘယ်လို မွေးမြူနိုင်သလဲ။

၁၃ အမှုဆောင်လုပ်ငန်းမှာ ယေရှု ကြိုးစားလုပ်ဆောင်တယ်။ အခွင့်အရေး မှန်သမျှ သုံးပြီး လူတွေကို သွန်သင်ပေးခြင်းအားဖြင့် ယေရှု မေတ္တာ ပြတယ်။ (လု. ၁၉:၄၇၊ ၄၈) ဘာက လှုံ့ဆော်ပေးသလဲ။ လူတွေကို သနားလို့ပဲ။ ယေရှုရဲ့ စကားကို နားထောင်ချင်သူတွေ များလွန်းလို့ ယေရှုနဲ့ တပည့်တွေ “အစာစားချိန်တောင် မရှိ” တဲ့အထိ ဖြစ်တဲ့အချိန်တွေ ရှိတယ်။ (မာ. ၃:၂၀) နားထောင်သူတွေအတွက် ပိုအဆင်ပြေဖို့ဆိုရင် ညဘက်မှာတောင် ယေရှု လိုလိုလားလား အချိန်ပေးတယ်။ (ယော. ၃:၁၊ ၂) အများစုက ယေရှုစကားကို အစပိုင်းမှာ နားထောင်ပေမဲ့ တပည့် ဖြစ်မလာကြဘူး။ သူတို့အားလုံး ယေရှု ပြောတာကိုတော့ ကောင်းကောင်း ကြားခဲ့ကြတယ်။ ဒီနေ့လည်း သတင်းကောင်း ကြားဖို့ လူတိုင်းကို ကျွန်တော်တို့ အခွင့်အရေး ပေးကြတယ်။ (တ. ၁၀:၄၂) အဲဒီလို ဖြစ်နိုင်ဖို့ ဟောပြောနည်း ပြောင်းဖို့ လိုတဲ့အခါတွေ ရှိနိုင်တယ်။

၁၄ လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ လိုလိုလားလား ရှိပါ။ အမှုဆောင်လုပ်ငန်းမှာ အချိန် မပြောင်းဘူးဆိုရင် သတင်းကောင်း လက်ခံမယ့်သူတွေကို မတွေ့နိုင်ဘဲ ဖြစ်သွားမယ်။ ရှေ့ဆောင် ညီအစ်မ မာတီးဒါ ဒီလိုပြောတယ်– “ကျွန်မတို့ ဇနီးမောင်နှံ လူတွေကို တွေ့ဖို့ အချိန်ပြောင်းပြီး သွားကြည့်တယ်။ မနက်စောစောပိုင်းတွေဆိုရင် စီးပွားရေး ရပ်ကွက်မှာ သက်သေခံတယ်။ နေ့လယ်ပိုင်းတွေဆိုရင် လမ်းပေါ် လူအသွားအလာ များလို့ အများရှေ့ သက်သေခံတယ်။ ညနေပိုင်းတွေဆိုရင် လူတွေကို အိမ်မှာ ပိုတွေ့ရတယ်။” ကိုယ်အဆင်ပြေမယ့်အချိန်မှာပဲ ဟောမယ့်အစား လူတွေကို ပိုတွေ့နိုင်မယ့်အချိန်မှာ ဟောဖို့ ကိုယ့်ဇယားကို ပြုပြင်ပြောင်းလဲချင်စိတ် ရှိရမယ်။ ဒါဆိုရင် ယေဟောဝါ ကျေနပ်နှစ်သက်မှာ သေချာတယ်။

ဖခင်ရဲ့ နာမည်အတွက် ယေရှု မျက်ရည်ကျ

စိတ်ပျက်အားငယ်တဲ့အခါ ယေရှုလိုပဲ အသနားခံဆုတောင်းပါ (စာပိုဒ် ၁၅-၁၇ ကို ကြည့်ပါ) f

၁၅။ လုကာ ၂၂:၃၉-၄၄ အရ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးညမှာ ဘာဖြစ်သလဲ။

၁၅ အေဒီ ၃၃၊ နိသန်လ ၁၄ ရက် ညမှာ ဂေသရှေမန် ဥယျာဉ်ကို ယေရှု သွားတယ်။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ (လုကာ ၂၂:၃၉-၄၄ ကို ဖတ်ပါ။) အဲဒီအချိန်မှာပဲ “မျက်ရည်ကျပြီး အသနားခံ ဆုတောင်းခဲ့” တာ ဖြစ်တယ်။ (ဟီ. ၅:၇) မသေဆုံးခင် နောက်ဆုံးညမှာ ယေရှု ဘာအတွက် ဆုတောင်းသလဲ။ ယေဟောဝါအပေါ် သစ္စာစောင့်သိနိုင်ဖို့၊ အလိုတော် ထမ်းဆောင်နိုင်ဖို့ ခွန်အားပေးပါဆိုပြီး ဆုတောင်းတယ်။ သားတော်ရဲ့ ပြင်းပြတဲ့ ဆုတောင်းချက်ကို ယေဟောဝါ ကြားပြီး အားပေးဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပေးတယ်။

၁၆။ ဂေသရှေမန် ဥယျာဉ်မှာ ဆုတောင်းရင်း ယေရှု ဘာကြောင့် စိတ်သောကရောက်နေသလဲ။

၁၆ ဘုရားကို စော်ကားပြောဆိုသူအဖြစ် ယူဆခံရမှာကို စိတ်သောကရောက်ပြီး ဂေသရှေမန် ဥယျာဉ်မှာ ယေရှု ဆုတောင်းရင်း ငိုကြွေးတယ်။ ဖခင်နာမည် သံသယ ကင်းရှင်းစေရမယ်ဆိုတဲ့ တာဝန်ကြီး ရထားတာကိုလည်း သိတယ်။ ယေဟောဝါအပေါ် သစ္စာစောင့်သိမှု စမ်းသပ်ခံရတဲ့ အခြေအနေမျိုး ရင်ဆိုင်ရတဲ့အခါ ယေရှု ကျတဲ့ မျက်ရည်ကနေ ဘာသင်ယူနိုင်သလဲ။ နောက်ထပ် သင်ခန်းစာ သုံးခုကို ဆွေးနွေးကြည့်ကြစို့။

၁၇။ ယေရှုရဲ့ ပြင်းပြင်းပြပြ ဆုတောင်းချက်ကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

၁၇ သင့်အသနားခံ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်ပေးတယ်။ ယေရှုရဲ့ ပြင်းပြင်းပြပြ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်ပေးတယ်။ ဘာကြောင့်လဲ။ ယေရှုအတွက် အရေးကြီးဆုံးက ဖခင်အပေါ် သစ္စာစောင့်သိဖို့၊ ဖခင်နာမည် သံသယ ကင်းရှင်းဖို့ ဖြစ်လို့ပဲ။ ကျွန်တော်တို့အတွက်လည်း အဲဒါ အရေးကြီးဆုံး ဖြစ်မယ်ဆိုရင် အကူအညီ ရဖို့ ဆုတောင်းတဲ့အခါ ယေဟောဝါ ဖြေပေးပါလိမ့်မယ်။—ဆာ. ၁၄၅:၁၈၊ ၁၉

၁၈။ ယေရှုဟာ စာနာနားလည်တတ်တဲ့ မိတ်ဆွေနဲ့ ဘယ်လို တူသလဲ။

၁၈ သင့်ခံစားချက်ကို ယေရှု နားလည်တယ်။ စိတ်ပျက်အားငယ်ချိန်မှာ ကိုယ့်လို အခက်အခဲ ရင်ဆိုင်ဖူးတဲ့ မိတ်ဆွေဆီက အားပေးနှစ်သိမ့်မှု ရတဲ့အခါ စိတ်သက်သာရာ ရကြတယ်။ ယေရှုဟာ အဲဒီလို မိတ်ဆွေမျိုး ဖြစ်တယ်။ အားနည်းတဲ့၊ အကူအညီ လိုနေတဲ့ ခံစားချက်ကို ယေရှု သိတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ကောင်းကောင်း သိတယ်။ ဒါကြောင့် “အကူအညီ လိုအပ်ချိန်” အတိအကျမှာ ကူညီထောက်မပေးပါလိမ့်မယ်။ (ဟီ. ၄:၁၅၊ ၁၆) ဂေသရှေမန် ဥယျာဉ်မှာ ကောင်းကင်တမန်ရဲ့ အကူအညီကို ယေရှု လက်ခံခဲ့သလို ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အကူအညီကို လက်ခံဖို့ လိုလိုလားလား ရှိသင့်တယ်။ အဲဒီအကူအညီတွေက စာအုပ်စာပေ၊ ဗီဒီယို၊ ဟောပြောချက်၊ အကြီးအကဲ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေရဲ့ လည်ပတ်အားပေးမှု စတဲ့ ပုံစံအမျိုးမျိုးနဲ့ လာနိုင်တယ်။

၁၉။ ဘုရားအပေါ် သစ္စာစောင့်သိမှု စမ်းသပ်ခံနေရတယ်ဆိုရင် ဘယ်လို ခွန်အားရနိုင်မလဲ။ ဥပမာ ပေးပါ။

၁၉ သင့်ကို ယေဟောဝါ “ငြိမ်သက်ခြင်း” ပေးမယ်။ ဘယ်နည်းနဲ့လဲ။ ကျွန်တော်တို့ ဆုတောင်းတဲ့အခါ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ရမယ်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါ ပေးတဲ့ ငြိမ်သက်ခြင်းက စိတ်နှလုံးနဲ့ အတွေးအခေါ်ကို တည်ငြိမ်စေတယ်။ ညီအစ်မ လုဇ်အကြောင်း စဉ်းစားကြည့်ပါ။ “အထီးကျန်စိတ်ကို တိုက်လှန်နေရတယ်။ အဲဒီလို ခံစားချက်ကြောင့် တစ်ခါတလေ ကျွန်မကို ယေဟောဝါ မချစ်ဘူးလို့ ထင်မိတယ်။ အဲဒီအခါမျိုးမှာ ယေဟောဝါကို ချက်ချင်း ပြောပြတယ်။ ဆုတောင်းတာက ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးတယ်” လို့ ပြောတယ်။ ဒီညီအစ်မရဲ့ အဖြစ်က ဖော်ပြတဲ့အတိုင်း ဆုတောင်းခြင်းအားဖြင့် စိတ်ငြိမ်သက်မှု ရနိုင်တယ်။

၂၀။ ယေရှု ကျခဲ့တဲ့ မျက်ရည်တွေကနေ ဘာသင်ခန်းစာတွေ ရသလဲ။

၂၀ ယေရှု ကျခဲ့တဲ့ မျက်ရည်တွေကနေ သင်ယူရတဲ့ လက်တွေ့ကျ သင်ခန်းစာတွေပါပဲ။ ဝမ်းနည်းနေတဲ့ မိတ်ဆွေတွေကို ထောက်မဖို့၊ ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါ ယေဟောဝါနဲ့ ယေရှု ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနေဖို့ ကျွန်တော်တို့ သတိပေးခံကြရတယ်။ ယေဟောဝါဘုရားနဲ့ ယေရှုရဲ့ ထောက်ထားစာနာမှုက ဟောပြောသွန်သင်ရာမှာ ထောက်ထားစာနာမှု ရှိဖို့ လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ယေဟောဝါနဲ့ သားတော် နားလည်ပေးကြောင်း၊ အားနည်းချက်တွေကို စာနာပေးကြောင်း၊ ခံရပ်နိုင်အောင် ကူညီပေးချင်ကြောင်း သိရလို့ နှစ်သိမ့်မှု ရကြတယ်။ “မျက်ရည်ရှိသမျှကို” ယေဟောဝါ “သုတ်ပေး” မယ့်နေ့ ရောက်တဲ့အထိ သိလာတာတွေကို ဆက်ကျင့်သုံးကြပါစို့။—ဗျာ. ၂၁:၄

သီချင်း ၁၂၀ ခရစ်တော်ရဲ့ နူးညံ့မှုကို တုပကြ

a မျက်ရည်ကျတဲ့အထိ စိတ်မကောင်းဖြစ်တဲ့ အချိန်တွေ ယေရှု ကြုံဖူးတယ်။ အဲဒီလို အချိန်အခါ သုံးခုအကြောင်း၊ ယေရှု မျက်ရည်ကျတာကနေ ဘာသင်ခန်းစာတွေ သင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

b အမည်လွှဲများ။

d ပုံအညွှန်း– မာရိနဲ့ မာသကို ယေရှု နှစ်သိမ့်ပေးနေ။ ချစ်ရသူ သေဆုံးသွားလို့ ဝမ်းနည်းနေသူတွေကို ကျွန်တော်တို့လည်း နှစ်သိမ့်ပေးနိုင်။

e ပုံအညွှန်း– နိကောဒင်ကို ယေရှု ညဘက်မှာ လိုလိုလားလား သွန်သင်ပေးနေ။ ကျွန်တော်တို့လည်း လူတွေ အဆင်ပြေမယ့်အချိန်မှာ ကျမ်းစာသင်ပေးသင့်။

f ပုံအညွှန်း– ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိနိုင်အောင် ခွန်အားပေးဖို့ ယေရှု ဆုတောင်း။ စမ်းသပ်ခံရချိန်မှာ ကျွန်တော်တို့လည်း အဲဒီလို ဆုတောင်းရမယ်။