မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မောပန်းသူကို ငါခွန်အားပေးမယ်”

“မောပန်းသူကို ငါခွန်အားပေးမယ်”

၂၀၁၈ နှစ်ချုပ်ကျမ်းချက်– ‘ယေဟောဝါကို မျှော်လင့်တဲ့သူတွေက ခွန်အား ပြန်ပြည့်လာလိမ့်မယ်။’—ဟေရှာ. ၄၀:၃၁

သီချင်း– ၃၊ ၄၇

၁။ ဘယ်ဖိအားတွေနဲ့ ရင်ဆိုင်နေကြသလဲ။ ဒါပေမဲ့ မိမိကျေးကျွန်တွေကို ယေဟောဝါ ကျေနပ်နှစ်သက်တယ်လို့ ပြောဖို့ ဘာအကြောင်းရင်းရှိသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

 ဒီလောကစနစ်မှာ အသက်ရှင်နေရလို့ ဒုက္ခနဲ့ မလွတ်ကင်းကြဘူး။ ညီအစ်ကို/မများစွာဟာ အသည်းအသန် ဖျားနာကြတယ်။ တချို့ကျတော့ ကိုယ်တိုင်အသက်ကြီးနေပေမဲ့ သက်ကြီးရွယ်အို ဆွေမျိုးတွေကို စောင့်ရှောက်နေကြရတယ်။ တချို့ကျတော့ ဇိမ်ခံပစ္စည်းတွေအတွက် မဟုတ်ဘဲ မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေကြတယ်။ တချို့တွေမှာတော့ တစ်ချိန်တည်းမှာပဲ ပြဿနာမျိုးစုံ ရင်ဆိုင်နေကြရတယ်။ ဒီအတွက် အချိန်၊ စိတ်ခွန်အား၊ ငွေကြေးများစွာ စိုက်ထုတ်ရတယ်။ ဒါပေမဲ့ ဘုရားသခင့် ကတိတော်တွေကို အကြွင်းမဲ့ ယုံကြည်ကြတယ်။ ပိုကောင်းတဲ့ အနာဂတ်ရရှိမယ်ဆိုတာ မယိမ်းမယိုင် ယုံကြည်ကြတယ်။ ယေဟောဝါ ဘယ်လောက် ကျေနပ်နှစ်သက်လိုက်လေမလဲ။

၂။ ဟေရှာယ ၄၀:၂၉ မှာ ဘယ်လို အားပေးထားသလဲ။ ဒါပေမဲ့ ဘယ်အမှားကြီး လုပ်မိနိုင်သလဲ။

ဒါပေမဲ့ ဖိစီးမှုတွေဟာ ခံနိုင်တာထက် ကျော်လွန်နေပြီလို့ ခံစားရသလား။ သင်တစ်ယောက်တည်း အဲဒီလို ခံစားရတာ မဟုတ်ပါဘူး။ ရှေးခေတ်က သစ္စာရှိကျေးကျွန်တွေလည်း ဆက်မခံရပ်နိုင်တော့ဘူးလို့ ခံစားခဲ့ကြကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဘု. ၁၉:၄။ ယောဘ ၇:၇) ဒါပေမဲ့ လက်လျှော့လိုက်မယ့်အစား ခွန်အားရဖို့ ယေဟောဝါကို ယုံကြည်ကြတယ်။ ယေဟောဝါက ‘မောပန်းသူကို ခွန်အားပေး’ လို့ သူတို့ စိတ်မပျက်ခဲ့ကြဘူး။ (ဟေရှာ. ၄၀:၂၉) ဒီနေ့ ဘဝဖိစီးမှုတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းက ခဏလောက် ယေဟောဝါရဲ့ အမှု မဆောင်ဘဲနေခြင်းလို့ ဘုရားလူမျိုးတချို့ ယူဆကြတာ ဝမ်းနည်းစရာပါပဲ။ အဲဒါက ခရစ်ယာန်လုပ်ငန်းဆောင်တာတွေဟာ ကောင်းချီးမဟုတ်ဘဲ ဝန်ထုပ်ဆိုတဲ့သဘော သက်ရောက်တယ်။ ဒါကြောင့် ကျမ်းစာ မဖတ်တော့ဘူး။ အသင်းတော် အစည်းအဝေးတွေ မတက်တော့ဘူး။ အမှုဆောင်လုပ်ငန်းမှာ မပါဝင်တော့ဘူး။ အဲဒီလိုပဲ စာတန် ဖြစ်စေချင်တယ်။

၃။ (က) ကျွန်တော်တို့ကို အားနည်းစေဖို့ဆိုတဲ့ စာတန့်ရည်ရွယ်ချက်ကို ဘယ်လို ပျက်ပြားစေနိုင်မလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ခရစ်ယာန်လုပ်ငန်းဆောင်တာတွေမှာ အပြည့်အဝ ပါဝင်တာက ခွန်အားရှိစေမှန်း စာတန် ကောင်းကောင်း သိထားတယ်။ ကျွန်တော်တို့ ခွန်အားရှိမှာကို စာတန် မလိုလားဘူး။ စိတ်ပန်းလူပန်းဖြစ်နေတယ်လို့ ခံစားရချိန်မှာ ယေဟောဝါနဲ့ အဆက်မဖြတ်လိုက်ပါနဲ့။ ခါတိုင်းထက် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ။ “ဘုရားသခင်က ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်။” (၁ ပေ. ၅:၁၀။ ယာ. ၄:၈) ဘုရားအမှုဆောင်ရာမှာ အရှိန်လျော့သွားစေနိုင်တဲ့ အခြေအနေနှစ်ခုနဲ့ ဖြေရှင်းဖို့ ကျမ်းစာအခြေခံမူတွေက ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသုံးသပ်ကြပါမယ်။ ဒါပေမဲ့ ဟေရှာယ ၄၀:၂၆-၃၁ မှာတွေ့ရတဲ့အတိုင်း ယေဟောဝါရဲ့ ခွန်အားပေးနိုင်စွမ်းကို အရင် အာရုံစိုက်ကြစို့။

ယေဟောဝါကို မျှော်လင့်သူတွေ ခွန်အားပြန်ပြည့်မယ်

၄။ ဟေရှာယ ၄၀:၂၆ ကနေ ဘာသင်ယူနိုင်သလဲ။

ဟေရှာယ ၄၀:၂၆ ကို ဖတ်ပါ။ စကြဝဠာမှာရှိတဲ့ ကြယ်အားလုံးကို ဘယ်သူမှ မရေတွက်နိုင်ဘူး။ နဂါးငွေ့တန်း ဂလက်ဆီတစ်ခုတည်းမှာပဲ ကြယ်ဘီလီယံ ၄၀၀ ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ယူဆကြတယ်။ ဒါပေမဲ့ ကြယ်တစ်လုံးစီကို ယေဟောဝါ နာမည်ပေးထားတယ်။ သင်ခန်းစာက ဘာလဲ။ သက်မဲ့ဖန်ဆင်းရာတွေကိုတောင် ယေဟောဝါ စိတ်ဝင်စားတယ်ဆိုရင် တာဝန်ရှိလို့ မဟုတ်ဘဲ ဘုရားကို ချစ်လို့ အမှုဆောင်နေကြတဲ့ သင်တို့နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (ဆာ. ၁၉:၁၊ ၃၊ ၁၄) မေတ္တာရှင်ဖခင်က သင့်အကြောင်း အသေးစိတ် သိတယ်။ “ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်။” (မ. ၁၀:၃၀) “အပြစ်ပြောစရာမရှိသူတွေ ဘာတွေ ကြုံတွေ့နေရမှန်း ယေဟောဝါ သိတယ်” လို့ ဆာလံဆရာ စိတ်ချစေတယ်။ (ဆာ. ၃၇:၁၈) သင်ရင်ဆိုင်နေရတဲ့ စမ်းသပ်မှုတွေကို ဘုရားသခင် သိတယ်။ စမ်းသပ်မှုတစ်မျိုးစီကို ခံရပ်နိုင်ဖို့လည်း ခွန်အားပေးနိုင်ပါတယ်။

၅။ ကျွန်တော်တို့ကို ယေဟောဝါ ခွန်အားပေးနိုင်မှန်း ဘယ်လို သိနိုင်သလဲ။

ဟေရှာယ ၄၀:၂၈ ကိုဖတ်ပါ။ ယေဟောဝါဟာ ကြီးမားလှတဲ့စွမ်းအင်ရဲ့ ပင်ရင်း ဖြစ်တယ်။ ဥပမာ၊ နေတစ်ခုတည်းမှာပဲရှိတဲ့ စွမ်းအင်ကို သုံးသပ်ကြည့်ပါ။ သိပ္ပံစာရေးဆရာ ဒေးဗစ် ဘိုဒါနစ် ဒီလိုရေးတယ်– “တစ်စက္ကန့်မှာ နေပေါက်ကွဲအားဟာ [သန်းထောင်နဲ့ချီတဲ့အဏုမြူ] ဗုံးရဲ့ ပေါက်ကွဲအားနဲ့ ညီမျှတယ်။” “တစ်စက္ကန့်အတွင်း ထုတ်လွှတ်တဲ့ နေစွမ်းအင်ဟာ လူသားတွေအတွက် နှစ်ပေါင်း ၂၀၀,၀၀၀ လုံလောက်တယ်” လို့ သုတေသီ နောက်တစ်ယောက်က တွက်ချက်ထားတယ်။ နေကို “လောင်စာ” ဖြည့်ပေးတဲ့အရှင်က ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းဖို့ ခွန်အားပေးနိုင်တယ် မဟုတ်လား။

၆။ ယေရှုရဲ့ ထမ်းပိုးဟာ ဘယ်လိုနည်းနဲ့ ထမ်းရလွယ်သလဲ။ ဒီအချက်က ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။

ဟေရှာယ ၄၀:၂၉ ကိုဖတ်ပါ။ ယေဟောဝါအတွက် အမှုဆောင်တာက ပျော်ရွှင်မှု များစွာ ခံစားရစေပါတယ်။ တပည့်တွေကို ယေရှု ဒီလိုပြောခဲ့တယ်– “ကျွန်တော့်ထမ်းပိုးကို ထမ်း” ပါ။ “ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။ ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။” (မ. ၁၁:၂၈-၃၀) အဲဒီစကား တကယ်မှန်ပါတယ်။ တစ်ခါတလေ အသင်းတော်အစည်းအဝေး တက်ဖို့၊ အမှုဆောင်မှာ ပါဝင်ဖို့ အိမ်ကနေ ထွက်လာတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ အပြန်မှာ ဘယ်လို ခံစားရသလဲ။ လန်းဆန်းသွားတယ်။ ဘဝအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ပိုအသင့်ဖြစ်နေတယ်။ ယေရှုရဲ့ ထမ်းပိုးဟာ တကယ် ထမ်းလွယ်ပါတယ်။

၇။ မဿဲ ၁၁:၂၈-၃၀ မှန်ကန်ကြောင်း ဥပမာတစ်ခု ပြောပြပါ။

ကေလာဆိုတဲ့ ညီအစ်မဟာ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ စိတ်ကျဝေဒနာ၊ ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာတွေ ခံစားနေရတယ်။ ဒါကြောင့် တစ်ခါတလေ အသင်းတော် အစည်းအဝေးတွေ တက်ဖို့ ခက်တယ်။ ဒါပေမဲ့ လူထုအစည်းအဝေးတစ်ခု ကြိုးစားတက်ပြီးတဲ့နောက် ဒီလိုပြောတယ်– “ဟောပြောချက်က စိတ်ဓာတ်ကျမှုအကြောင်းပေါ့။ အကြောင်းအရာကို ထောက်ထားစာနာမှုရှိရှိ ဟောပြောလို့ မျက်ရည်ကျခဲ့တယ်။ အစည်းအဝေးတွေမှာ ရှိနေဖို့ လိုတယ်ဆိုတဲ့ သတိပေးချက်ပါပဲ။” အစည်းအဝေး တက်ဖို့ ကြိုးစားအားထုတ်ခဲ့လို့ ကေလာ တကယ်ပျော်ရွှင်ခဲ့ရတယ်။

၈၊ ၉။ “ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေ” တယ်လို့ ရေးတဲ့အခါ ပေါလု ဘာကို ဆိုလိုသလဲ။

ဟေရှာယ ၄၀:၃၀ ကိုဖတ်ပါ။ ဘယ်လောက်ပဲ အရည်အချင်း ရှိနေပါစေ ကိုယ့်အစွမ်းခွန်အားနဲ့ မတတ်နိုင်တာတွေ ရှိတယ်။ ဒါကို ကျွန်တော်တို့အားလုံး သိထားရမယ်။ တမန်တော်ပေါလုဟာ လူတော်တစ်ယောက် ဖြစ်ပေမဲ့ ကန့်သတ်ချက်တွေ ရှိနေလို့ လုပ်ချင်တာအားလုံး မလုပ်နိုင်ခဲ့ဘူး။ သူ့စိုးရိမ်ပူပန်မှုအကြောင်း ဘုရားသခင်ဆီ ပြောပြတော့ “မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှား” တယ်လို့ ဘုရား ပြန်ပြောတယ်။ ဒီအချက်ကို ပေါလု နားလည်ခဲ့လို့ “ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အားပြည့်နေ” တယ်လို့ နိဂုံးချုပ်ခဲ့တယ်။ (၂ ကော. ၁၂:၇-၁၀) ဘာကို ဆိုလိုသလဲ။

ဘုရားသခင့် အကူအညီ မပါရင် အများကြီး မလုပ်နိုင်ကြောင်း ပေါလု သဘောပေါက်ခဲ့တယ်။ ပေါလု လိုနေတဲ့အစွမ်းခွန်အားကို ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ဖြည့်ပေးနိုင်ခဲ့တယ်။ ဒီ့အပြင် ပေါလုရဲ့ အစွမ်းခွန်အားနဲ့ မပြီးမြောက်နိုင်တဲ့တာဝန်တွေကို ပြီးမြောက်အောင် ဘုရားသခင့် စွမ်းအားတော်က ကူညီပေးတယ်။ ကျွန်တော်တို့လည်း အလားတူပါပဲ။ ယေဟောဝါဆီက ခွန်အားရမယ်ဆိုရင် တကယ်အားရှိကြပါလိမ့်မယ်။

၁၀။ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဒါဝိဒ်ကို ယေဟောဝါ ဘယ်လို ကူညီခဲ့သလဲ။

၁၀ ဆာလံဆရာဒါဝိဒ်လည်း ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော် တန်ခိုးကို မကြာခဏ တွေ့ကြုံခံစားခဲ့ရတယ်။ “ကိုယ်တော့် အကူအညီကြောင့် ဓားပြအုပ်စုကို ဖြိုခွင်းနိုင်ပြီ။ ဘုရားသခင်ပေးတဲ့ ခွန်အားကြောင့် မြို့ရိုးကို တက်နိုင်ပြီ” လို့ သီဆိုခဲ့တယ်။ (ဆာ. ၁၈:၂၉) မြို့ရိုးနဲ့တူတဲ့ ပြဿနာတချို့ကို ကိုယ့်အစွမ်းခွန်အားနဲ့ မကျော်တက်နိုင်ဘူး။ ယေဟောဝါ ထောက်ပင့်ပေးဖို့ လိုတယ်။

၁၁။ ပြဿနာတွေကို ဖြေရှင်းရာမှာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ကဏ္ဍကို ဖော်ပြပါ။

၁၁ ဟေရှာယ ၄၀:၃၁ ကိုဖတ်ပါ။ လင်းယုန်ဟာ ကိုယ့်အစွမ်းအစနဲ့ လေပေါ်မှာ ပျံဝဲနေနိုင်တာ မဟုတ်ဘူး။ လေနွေးစီးကြောင်းက ပင့်တင်ပေးတယ်။ စွမ်းအင် ချွေတာဖို့ ကူညီပေးတယ်။ ဒါကြောင့် ခက်ခဲတဲ့အလုပ်တာဝန် ရတဲ့အခါ လင်းယုန်ကို သတိရပါ။ “ကူညီသူဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်” နဲ့ “ပင့်တင်” ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ယော. ၁၄:၂၆) ဝမ်းသာစရာကတော့ တစ်နေ့ကို ၂၄ နာရီ လိုအပ်ချိန်တိုင်း ဆက်သွယ်နိုင်တယ်။ အသင်းတော်မှာ တစ်ယောက်ယောက်နဲ့ သဘောထားကွဲလွဲတဲ့အခါ ဘုရားအကူအညီ လိုအပ်တယ်လို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ ဘာကြောင့် အဲဒီလို သဘာထားကွဲလွဲရတာလဲ။

၁၂၊ ၁၃။ (က) ခရစ်ယာန်တွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဘာကြောင့် ပေါ်လာနိုင်သလဲ။ (ခ) ယောသပ်မှတ်တမ်းက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။

၁၂ ကျွန်တော်တို့အားလုံး မစုံလင်ကြလို့ စိတ်ဝမ်းကွဲပြားနိုင်တယ်။ ယုံကြည်သူချင်းတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆိုကြောင့် စိတ်ဆိုးမိနိုင်သလို ကိုယ့်ကြောင့်လည်း တခြားသူတွေ စိတ်ဆိုးနိုင်တယ်။ ဒါဟာ စမ်းသပ်မှုကြီး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆက်ကပ်အပ်နှံထားတဲ့ ညီအစ်ကို/မတွေနဲ့ စည်းစည်းလုံးလုံး လုပ်ဆောင်ဖို့ သင်ယူခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ သမာဓိကို သက်သေထူခွင့် ယေဟောဝါ ပေးထားတယ်။ မစုံလင်တဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ချစ်သလို ကျွန်တော်တို့လည်း ချစ်ရမယ်။

ယောသပ်ကို ယေဟောဝါ မစွန့်ခဲ့၊ သင့်ကိုလည်း စွန့်မှာမဟုတ် (အပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃ ယေဟောဝါက မိမိကျေးကျွန်တွေ စမ်းသပ်မခံရဖို့ မကာကွယ်ပေးမှန်း ယောသပ်မှတ်တမ်းကနေ သိနိုင်တယ်။ လူငယ်ယောသပ်ဟာ မနာလိုဖြစ်နေတဲ့ ဖတူမိကွဲ ညီအစ်ကိုတွေရဲ့ ရောင်းစားခြင်း ခံရပြီး အီဂျစ်ပြည် ရောက်သွားတယ်။ (က. ၃၇:၂၈) အဖြစ်အပျက်ကို ယေဟောဝါ မြင်တယ်။ ဖြောင့်မတ်တဲ့မိတ်ဆွေ ယောသပ် အဲဒီလို ဆက်ဆံခံရလို့ ယေဟောဝါ ဝမ်းနည်းမှာ သေချာတယ်။ ဒါပေမဲ့ ကြားမဝင်ခဲ့ဘူး။ နောက်ပိုင်း ပေါတိဖာရဲ့ မယားကို မတရားပြုကျင့်ဖို့ ကြံစည်တယ်လို့ စွပ်စွဲခံရပြီး ထောင်ချခံရချိန်မှာလည်း ကြားမဝင်ခဲ့ဘူး။ ယောသပ်ကို ဘုရားသခင် စွန့်လိုက်ပြီလား။ မစွန့်ပါဘူး။ “[ယောသပ်] လုပ်သမျှကို ယေဟောဝါ အောင်မြင်ခွင့် ပေး” ခဲ့တယ်။—က. ၃၉:၂၁-၂၃

၁၄။ အမျက် ‘မထွက်ခြင်း’ ကြောင့် ဘုရားရေးရာပိုင်း၊ ကာယပိုင်းမှာ ဘယ်လိုအကျိုးတွေ ရရှိနိုင်သလဲ။

၁၄ နောက်ထပ်ဥပမာတစ်ခု ရှိသေးတယ်။ ဒါဝိဒ်လို ဆိုးဆိုးရွားရွား ဆက်ဆံခံရသူ ရှားပါတယ်။ ဒါပေမဲ့ ဘုရားရဲ့ မိတ်ဆွေ ဒါဝိဒ်ဟာ နာကြည်းစိတ်ကြောင့် ဘုရားနဲ့ ဝေးကွာမသွားခဲ့ဘူး။ “အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။ စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့” လို့ ရေးခဲ့တယ်။ (ဆာ. ၃၇:၈) အမျက် “မထွက်” ဖို့ အဓိကအကြောင်းရင်းကတော့ “ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေး” တဲ့ ယေဟောဝါကို တုပဖို့ပဲ။ (ဆာ. ၁၀၃:၁၀) အမျက် ‘မထွက်ခြင်း’ က ကောင်းကျိုးတွေလည်း ခံစားရစေတယ်။ အမျက်ဒေါသက သွေးတိုးဝေဒနာ၊ အသက်ရှူလမ်းကြောင်းပြဿနာတွေ ဖြစ်စေနိုင်တယ်။ အသည်း၊ ပန်ကရိယ၊ အစာခြေစနစ်ကို ထိခိုက်နိုင်တယ်။ ဒေါသထွက်လာတဲ့အခါ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ဘူး။ တစ်ခါတလေ ဒေါသထွက်ပြီးရင် အကြာကြီး စိတ်ဓာတ်ကျတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ “တည်ငြိမ်တဲ့စိတ်ဟာ ကိုယ်ခန္ဓာကို ကျန်းမာစေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာ. ၁၄:၃၀) ဒါဆိုရင် စိတ်ထိခိုက်စရာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ ညီအစ်ကိုနဲ့ ဘယ်လို ပြန်သင့်မြတ်နိုင်မလဲ။ ကျမ်းစာပါ ပညာရှိအကြံဉာဏ်ကို လိုက်နာခြင်းအားဖြင့် အောင်မြင်နိုင်ပါတယ်။

ညီအစ်ကိုတွေကြောင့် စိတ်ပျက်ရတဲ့အခါ

၁၅၊ ၁၆။ ကိုယ့်ကို စိတ်ဆိုးအောင်လုပ်တဲ့သူဆီ ဘယ်လို ချဉ်းကပ်သင့်သလဲ။

၁၅ ဧဖက် ၄:၂၆ ကိုဖတ်ပါ။ လောကရဲ့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှု ခံရလို့ ကျွန်တော်တို့ မအံ့ဩကြဘူး။ ဒါပေမဲ့ ယုံကြည်သူချင်းတစ်ယောက်၊ မိသားစုဝင်တစ်ယောက် ကျွန်တော်တို့ကို ထိခိုက်အောင် ပြောဆိုပြုမူတဲ့အခါ စိတ်ပျက်သွားနိုင်တယ်။ အဖြစ်အပျက်ကို လွယ်လွယ်နဲ့ မမေ့နိုင်ဘူး ဆိုပါစို့။ နှစ်နဲ့ချီ နာကြည်းနေမလား။ ကျမ်းစာပါ ပညာရှိအကြံဉာဏ်ကို လိုက်လျှောက်ပြီး ချက်ချင်း ဖြေရှင်းကြမလား။ အခြေအနေကို မဖြေရှင်းဘဲထားလေ ညီအစ်ကိုနဲ့ သင့်မြတ်ဖို့ ပိုခက်လေပဲ။

၁၆ ညီအစ်ကိုတစ်ယောက်ကြောင့် စိတ်ဆိုးပြီး မမေ့နိုင်ဘူး ဆိုပါစို့။ သင့်မြတ်ဖို့ ဘာတွေ လုပ်နိုင်သလဲ။ ပထမ၊ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ညီအစ်ကိုနဲ့ တည်ဆောက်မှုဖြစ်စေမယ့်စကား ပြောနိုင်ဖို့ အကူအညီ တောင်းပါ။ ညီအစ်ကိုလည်း ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ကြောင်း သတိရပါ။ (ဆာ. ၂၅:၁၄) သူ့ကို ဘုရားသခင် ချစ်တယ်။ ယေဟောဝါက မိတ်ဆွေတွေကို ကြင်ကြင်နာနာ ဆက်ဆံတယ်။ ကျွန်တော်တို့လည်း အဲဒီလို ဆက်ဆံဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ပညာ. ၁၅:၂၃။ မ. ၇:၁၂။ ကော. ၄:၆) ဒုတိယ၊ ဘာပြောမလဲဆိုတာကို သေသေချာချာ စဉ်းစားထားပါ။ ညီအစ်ကိုက သင့်ကို တမင်ထိခိုက်အောင် လုပ်တယ်လို့ မယူဆပါနဲ့။ အထင်လွဲတာ ဖြစ်နိုင်တယ်။ ပြဿနာဖြစ်ရတာ ကိုယ့်ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို ဝန်ခံပါ။ ဒီလိုစပြောနိုင်တယ်– “ကျွန်တော် အကဲဆတ်လွန်းတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ မနေ့က ခင်ဗျား ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် . . . ခံစားရတယ်။” ဆွေးနွေးမှုဟာ ထင်ထားသလို ဖြစ်မလာရင် သင့်မြတ်ဖို့ ဆက်ကြိုးစားပါ။ အဲဒီအချိန်အတောအတွင်း ညီအစ်ကိုအတွက် ဆုတောင်းပေးပါ။ သူ့ကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ညီအစ်ကိုရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ဘာရလဒ်ပဲ ထွက်လာပါစေ ဘုရားသခင့် မိတ်ဆွေ၊ ကိုယ့်ညီအစ်ကိုကို ပြန်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတာကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။

အတိတ်ကြောင့် စိတ်ဆင်းရဲနေတဲ့အခါ

၁၇။ အပြစ်ကျူးလွန်တဲ့အခါ ခွင့်လွှတ်ခံရဖို့ ယေဟောဝါ ဘယ်နည်းနဲ့ ကူညီပေးနိုင်သလဲ။ အဲဒီအကူအညီကို ဘာကြောင့် လက်ခံသင့်သလဲ။

၁၇ ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့လို့ ယေဟောဝါရဲ့အမှု မဆောင်ထိုက်ဘူးလို့ တချို့ ခံစားကြတယ်။ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကြောင့် မပျော်မရွှင်နဲ့ ခွန်အားဆုတ်ယုတ်နိုင်တယ်။ အပြစ်ကြောင့် စိတ်ဆင်းရဲနေတဲ့ ဘုရင်ဒါဝိဒ်က “အပြစ်ကို ဝန်မခံဘဲ နှုတ်ပိတ်နေတဲ့အခါ တစ်နေ့လုံး ညည်းတွားနေရတဲ့အတွက် အရိုးတွေ ဆွေးမြည့်ကုန်တယ်။ နေ့ရောညပါ လက်တော်နဲ့ ပိနေလို့ ကျွန်တော့်မှာ လေးလိုက်တာ” လို့ရေးခဲ့တယ်။ ဝမ်းသာစရာကတော့ ယေဟောဝါ လုပ်စေချင်တဲ့အတိုင်း ဒါဝိဒ် လုပ်ခဲ့တယ်။ “နောက်ဆုံးတော့ အပြစ်ကို ဝန်ချ တောင်းပန်ရပါတယ်၊” “အမှားတွေ၊ အပြစ်တွေကို ကိုယ်တော် ခွင့်လွှတ်ပေးတယ်” လို့ ရေးခဲ့တယ်။ (ဆာ. ၃၂:၃-၅) သင် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကူညီပေးချင်တယ်။ ဒါပေမဲ့ အသင်းတော်ကတစ်ဆင့် ပြင်ဆင်ပေးတဲ့ အကူအညီကိုတော့ လက်ခံရမယ်။ (ပညာ. ၂၄:၁၆။ ယာ. ၅:၁၃-၁၅) သင့်ထာဝရအနာဂတ် အရေးဖြစ်လို့ မနှောင့်နှေးပါနဲ့။ ဒါပေမဲ့ အပြစ်ခွင့်လွှတ်ခံရတာ အတော်ကြာပြီးတာတောင် အတိတ်က အပြစ်ကြောင့် စိတ်ဆင်းရဲနေတုန်းပဲဆိုရင်ကော။

၁၈။ မထိုက်တန်ဘူးလို့ ခံစားနေရတဲ့သူတွေကို ပေါလုရဲ့ ပုံသက်သေက ဘယ်လို ကူညီပေးနိုင်သလဲ။

၁၈ အတိတ်က လုပ်ရပ်မှားတွေကြောင့် တမန်တော်ပေါလုလည်း စိတ်ဆင်းရဲတဲ့အချိန်တွေ ရှိခဲ့တယ်။ “ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံးသူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး” လို့ အသိအမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ “ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီတာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ” လို့ ဆက်ပြောခဲ့တယ်။ (၁ ကော. ၁၅:၉၊ ၁၀) မှားခဲ့ပေမဲ့ ပေါလုကို ယေဟောဝါ လက်ခံခဲ့တယ်။ အဲဒါကို ဘုရားက သိစေချင်တယ်။ အတိတ်က အမှားအတွက် တကယ်နောင်တရပြီး လိုအပ်သလို ဝန်ခံပြီးပြီဆိုရင် ယေဟောဝါ ကရုဏာပြမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒါကြောင့် ယေဟောဝါစကားကို ယုံကြည်ပါ။ ခွင့်လွှတ်တာကို လက်ခံပါ။—ဟေရှာ. ၅၅:၆၊ ၇

၁၉။ ၂၀၁၈ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်က ဘာလဲ။ ဘာကြောင့် သင့်တော်သလဲ။

၁၉ ဒီစနစ် ကုန်ဆုံးခါနီးလာတာနဲ့အမျှ ဘဝဖိစီးမှုတွေ တိုးများလာနိုင်တယ်။ ဒါပေမဲ့ ‘မောပန်းသူကို ခွန်အား’ ပေးတဲ့အရှင်၊ ‘အားအင်မရှိသူကို အားပြည့်စေ’ တဲ့အရှင်က သင် ဆက်အမှုဆောင်နိုင်အောင် ဘာမဆို ကူညီပေးနိုင်ကြောင်း စိတ်ချပါ။ (ဟေရှာ. ၄၀:၂၉။ ဆာ. ၅၅:၂၂။ ၆၈:၁၉) ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတော်ခန်းမမှာ အစည်းအဝေး တက်တိုင်း ဒီအရေးကြီးတဲ့အမှန်တရားကို သတိရနေကြပါလိမ့်မယ်။ နှစ်ချုပ်ကျမ်းချက်က ‘ယေဟောဝါကို မျှော်လင့်တဲ့သူတွေက ခွန်အား ပြန်ပြည့်လာလိမ့်မယ်’ ဖြစ်ပါတယ်။—ဟေရှာ. ၄၀:၃၁