လေ့လာရန် ဆောင်းပါး ၃၅
သစ္စာရှိ အသက်ကြီးသူတွေကို တန်ဖိုးထားပါ
“ဖြောင့်မတ်တဲ့ လမ်းစဉ်မှာ ရှိနေမယ်ဆိုရင် ဖြူတဲ့ ဆံပင်ဟာ အလှသရဖူပဲ။”—ပညာ. ၁၆:၃၁။
သီချင်း ၁၃၈ ဖြူသော ဆံပင်ရဲ့ တင့်တယ်မှု
အကြိုသုံးသပ်ချက် *
၁-၂။ (က) ပညာအလိမ္မာ ၁၆:၃၁ အရ သစ္စာရှိ အသက်ကြီးသူတွေကို ဘယ်လို ရှုမြင်သင့်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
အမေရိကန်နိုင်ငံ၊ အာကင်ဆောပြည်နယ် ပန်းခြံတစ်ခုရဲ့ လမ်းပေါ်မှာ စိန်တုံးတွေ တွေ့နိုင်တယ်။ ဒါပေမဲ့ မသွေးရသေးတဲ့ အရိုင်းတုံးတွေ ဖြစ်လို့ လူတွေက စိန်တုံးမှန်းတောင် မသိလိုက်ဘဲ ဖြတ်ကျော်သွားကြတယ်။
၂ သစ္စာရှိ အသက်ကြီးသူတွေလည်း အဲဒီစိန်တုံးတွေလို အဖိုးတန် ရတနာတွေပဲ။ ကျမ်းစာမှာ အသက်ကြီးသူတွေရဲ့ ဆံပင်ဖြူကို သရဖူနဲ့ ခိုင်းနှိုင်းထားတယ်။ (ပညာအလိမ္မာ ၁၆:၃၁ ကို ဖတ်ပါ။ ၂၀:၂၉) ဒါပေမဲ့ ဒီရတနာတွေကို သတိမထားမိတာမျိုး အလွယ်တကူ ဖြစ်သွားနိုင်တယ်။ အသက်ကြီးသူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ လူငယ်တွေဟာ ရွှေငွေရတနာထက် ပိုတန်ဖိုးရှိတာကို ရပါလိမ့်မယ်။ ဒီဆောင်းပါးမှာ မေးခွန်း သုံးခု ဆွေးနွေးကြမယ်– သစ္စာရှိ အသက်ကြီးသူတွေကို အဖိုးတန် ရတနာအဖြစ် ယေဟောဝါ ဘာကြောင့် ရှုမြင်သလဲ။ သူတို့ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ဘာကြောင့် အရေးပါသလဲ။ သူတို့ရဲ့ ပုံသက်သေကနေ အကျိုး အပြည့်အဝ ရဖို့ ဘာလုပ်နိုင်သလဲ။
သစ္စာရှိ အသက်ကြီးသူတွေကို အဖိုးတန် ရတနာအဖြစ် ယေဟောဝါ ဘာကြောင့် ရှုမြင်
၃။ ဆာလံ ၉၂:၁၂-၁၅ အရ သစ္စာရှိ အသက်ကြီးသူတွေကို ယေဟောဝါ ဘာကြောင့် တန်ဖိုးထားသလဲ။
၃ သစ္စာရှိ အသက်ကြီးသူတွေဟာ ယေဟောဝါဘုရားအတွက် တန်ဖိုးရှိတယ်။ စိတ်နှလုံးကို ကြည့်တဲ့ ယေဟောဝါက သူတို့ရဲ့ အရည်အသွေးကောင်းတွေကို မြင်ပြီး တန်ဖိုးထားတယ်။ သစ္စာရှိရှိ အမှုဆောင်ခဲ့တဲ့ နှစ်တွေအတွင်း ရခဲ့တဲ့ အသိပညာတွေကို လူငယ်တွေဆီ လက်ဆင့်ကမ်းပေးတာ မြင်တဲ့အခါ ဘုရား သိပ်ဝမ်းသာတယ်။ ယောဘ ၁၂:၁၂။ ပညာ. ၁:၁-၄) သူတို့ရဲ့ ခံနိုင်ရည်ကိုလည်း တန်ဖိုးထားတယ်။ (မာလ. ၃:၁၆) ဘဝမှာ ပြဿနာတွေ ရင်ဆိုင်ရပေမဲ့ ယုံကြည်ခြင်း မယိမ်းယိုင်ကြဘူး။ အမှန်တရား စသိချိန်ကထက် အနာဂတ် မျှော်လင့်ချက် ပိုခိုင်မာလာတယ်။ “ဇရာအိုအရွယ်မှာတောင်” နာမတော်ကို ဆက်ကြေညာနေလို့ သူတို့ကို ယေဟောဝါ ချစ်တယ်။—ဆာလံ ၉၂:၁၂-၁၅ ကို ဖတ်ပါ။
(၄။ သက်ကြီး ညီအစ်ကို/မတွေကို ဘာက အားပေးမှု ဖြစ်စေသင့်သလဲ။
၄ သင် အရင်က လုပ်ခဲ့တာတွေကို ယေဟောဝါ သတိရတယ်ဆိုတာ စိတ်ချပါ။ (ဟီ. ၆:၁၀) သင်ဟာ ဟောပြောခြင်းလုပ်ငန်းကို ဇွဲရှိရှိ ထောက်မခဲ့တယ်။ အခက်အခဲတွေ၊ နာကျင်ကြေကွဲစရာတွေကို ခံရပ်ခဲ့တယ်။ ဖြောင့်မတ်တဲ့ ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်တယ်။ တာဝန်ကြီးတွေ ထမ်းဆောင်ခဲ့တယ်။ တခြားသူတွေကို လေ့ကျင့်ပေးခဲ့တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အတတ်နိုင်ဆုံး အမီလိုက်တယ်။ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို အားပေးထောက်မတယ်။ အဲဒီလို သစ္စာရှိမှုအတွက် ယေဟောဝါ သိပ်ချစ်မြတ်နိုးတယ်။ “သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး” လို့ ကတိပေးထားတယ်။ (ဆာ. ၃၇:၂၈) “မင်းတို့ ဆံပင်ဖြူလာချိန်အထိ ငါကျောပိုးထားဦးမှာပါ” လို့ အာမခံထားတယ်။ (ဟေရှာ. ၄၆:၄) ဒါကြောင့် အသက်ကြီးလာလို့ ဘုရားအဖွဲ့အစည်းမှာ အရေးမပါတော့ဘူးဆိုပြီး မယူဆလိုက်ပါနဲ့။ သင် သိပ်ကို အရေးပါနေဆဲပါ။
ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ အသက်ကြီးသူတွေ အရေးပါ
၅။ ဘယ်အချက်ကို အသက်ကြီးသူတွေ မှတ်ထားသင့်သလဲ။
၅ အသက်ကြီးသူတွေဟာ ဘုရားအဖွဲ့အစည်းမှာ နည်းများစွာနဲ့ အသုံးဝင်နေဆဲပဲ။ အရင်ကလောက် အားအင် မရှိတော့တာ ဖြစ်နိုင်ပေမဲ့ နှစ်တွေတစ်လျှောက် ရထားတဲ့ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ သူတို့ကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါ ဆက်သုံးနိုင်တယ်။ ရှေးခေတ်နဲ့ ဒီနေ့ခေတ် ပုံနမူနာတချို့ကို ဆွေးနွေးကြည့်ကြစို့။
၆-၇။ သစ္စာစောင့်သိမှုကြောင့် ကောင်းချီး ရခဲ့တဲ့ ကျမ်းစာပါ အသက်ကြီးသူတချို့အကြောင်း ပြောပြပါ။
၆ အသက်ကြီးချိန်မှာ တက်ကြွထက်သန်စွာ အမှုဆောင်ခဲ့တဲ့ သစ္စာရှိသူတွေအကြောင်း ကျမ်းစာမှာ တွေ့နိုင်တယ်။ ဥပမာ၊ မောရှေဟာ အသက် ၈၀ လောက်မှာ ယေဟောဝါရဲ့ ပရောဖက်နဲ့ အစ္စရေးလူမျိုးရဲ့ ခေါင်းဆောင်အဖြစ် စအမှုဆောင်တယ်။ ဒံယေလ အသက် ၉၀ ကျော်အထိ ပရောဖက်
အဖြစ် ယေဟောဝါ ဆက်သုံးနေတုန်းပဲ။ တမန်တော် ယောဟန်လည်း အသက် ၉၀ ကျော်မှာ ဗျာဒိတ်ကျမ်း ရေးဖို့ စွမ်းအားတော် လမ်းညွှန်မှု ရခဲ့ပုံပဲ။၇ တခြား သစ္စာရှိသူများစွာကတော့ ထင်ပေါ်သူတွေ မဟုတ်ကြဘူး။ ဒါကြောင့် သူတို့ကို အလွယ်တကူ သတိမထားမိဘဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ သတိပြုမိပြီး ဆုချခဲ့တယ်။ ဥပမာ၊ “ဖြောင့်မတ်သူ၊ ဘုရားတရားကြည်ညိုသူ” ရှိမောင်အကြောင်း ကျမ်းစာမှာ နည်းနည်းပဲ ပါတယ်။ ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာ ယေဟောဝါ သိတယ်။ ကလေးငယ် ယေရှုကို မြင်တွေ့ခွင့်၊ ကလေးနဲ့ မိခင်အကြောင်း ပရောဖက်ပြုခွင့် ပေးခဲ့တယ်။ (လု. ၂:၂၂၊ ၂၅-၃၅) မုဆိုးမ ဖြစ်တဲ့ ပရောဖက်မ အန္နအကြောင်းလည်း စဉ်းစားကြည့်ပါ။ အသက် ၈၄ နှစ် ရှိပြီ ဖြစ်ပေမဲ့ “ဗိမာန်တော်ကို အမြဲ လာ” တဲ့အတွက် ဆုချခံရတယ်။ ကလေးငယ် ယေရှုကို မြင်တွေ့ခွင့် ရခဲ့တယ်။ ယေဟောဝါအတွက် ရှိမောင်နဲ့ အန္န တကယ် တန်ဖိုးရှိတယ်။—လု. ၂:၃၆-၃၈။
၈-၉။ မုဆိုးမတွေဟာ ဘုရားအဖွဲ့အစည်းကို ဘယ်လို ဆက်ထောက်မနေကြသလဲ။
၈ ဒီနေ့ခေတ်မှာလည်း သစ္စာရှိ အသက်ကြီးသူများစွာဟာ လူငယ်တွေအတွက် ပုံသက်သေကောင်း ပြနေတယ်။ ညီအစ်မ လိုအစ် ဒီဒါအကြောင်း စဉ်းစားကြည့်ပါ။ ကနေဒါမှာ အထူးရှေ့ဆောင်အဖြစ် စအမှုဆောင်တုန်းက အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ ပြီးနောက် ခင်ပွန်း ဂျွန်နဲ့အတူ နယ်လှည့်လုပ်ငန်းမှာ နှစ်အတော်များများ ပါဝင်တယ်။ နောက်ပိုင်း၊ ကနေဒါ ဗေသလမှာ နှစ် ၂၀ ကျော် အမှုဆောင်တယ်။ အသက် ၅၈ နှစ် ရောက်တော့ ဂျွန်နဲ့အတူ ယူကရိန်းမှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ ဘာဆက်လုပ်ကြမလဲ။ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ အသက်ကြီးလွန်းပြီလို့ တွေးသလား။ မတွေးပါဘူး။ တာဝန်ကို လက်ခံလိုက်ကြတယ်။ ယူကရိန်း ဌာနခွဲ ကော်မတီဝင်အဖြစ် ဂျွန် ခန့်အပ်ခံရတယ်။ ခုနစ်နှစ်အကြာမှာ ဂျွန် ဆုံးသွားတယ်။ လိုအစ်ကတော့ အဲဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်တယ်။ အခု အသက် ၈၁ နှစ် ရှိနေပြီ။ ယူကရိန်း ဗေသလမှာ ဆက်အမှုဆောင်နေတယ်။ အဲဒီက ညီအစ်ကို/မအားလုံး သူ့ကို ချစ်ကြတယ်။
၉ ညီအစ်မ လိုအစ်လိုပဲ မုဆိုးမတွေဟာ ခင်ပွန်း ရှိတုန်းကလောက် ဂရုစိုက် ခံရချင်မှ ခံရမယ်။ ဒါပေမဲ့ တန်ဖိုးတော့ မကျသွားပါဘူး။ ခင်ပွန်းကို နှစ်ပေါင်းများစွာ ထောက်မခဲ့ပြီး သစ္စာရှိရှိ ဆက်အမှုဆောင်နေတဲ့ ညီအစ်မတွေကို ယေဟောဝါ သိပ်တန်ဖိုးထားပါတယ်။ (၁ တိ. ၅:၃) လူငယ်တွေအတွက်လည်း တကယ့် အားပေးမှုပါပဲ။
၁၀။ ညီအစ်ကို တိုနီ ဘယ်ပုံသက်သေကောင်း ပြခဲ့သလဲ။
၁၀ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမှာ နေတဲ့၊ အိမ်ပြင် မထွက်နိုင်တဲ့ သစ္စာရှိ အသက်ကြီးသူများစွာလည်း တန်ဖိုးရှိပါတယ်။ ဥပမာ၊ ညီအစ်ကို တိုနီဟာ အဲဒီလို ဂေဟာတစ်ခုမှာ နေတယ်။ ၁၉၄၂၊ ဩဂုတ်လ၊ အသက် ၂၀ အရွယ်၊ အမေရိကန်နိုင်ငံ၊ ပင်စီဗေးနီးယားပြည်နယ်မှာ နှစ်ခြင်းခံတယ်။ မကြာခင်မှာပဲ ကြားနေမှု အရေးကိစ္စ ကြုံရပြီး ထောင် နှစ်နှစ်ခွဲ ကျတယ်။ ဇနီး ဟေးဒါနဲ့
အတူ သားသမီး နှစ်ယောက်ကို အမှန်တရားထဲမှာ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ နှစ်တွေတစ်လျှောက် အသင်းတော် သုံးခုမှာ ဦးစီးကြီးကြပ်မှူး (အခုအခေါ် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး) နဲ့ တိုက်နယ်စည်းဝေးပွဲ ကြီးကြပ်မှူးအဖြစ် အမှုဆောင်တယ်။ ပြည်နယ် အကျဉ်းထောင်မှာ အစည်းအဝေးတွေ၊ ကျမ်းစာသင်အံမှုတွေ လုပ်ပေးတယ်။ အခု အသက် ၉၈ နှစ် ရှိပြီ ဖြစ်ပေမဲ့ နားနားနေနေ နေဖို့ မစဉ်းစားဘူး။ ယေဟောဝါအတွက် အတတ်နိုင်ဆုံး ဆက်အမှုဆောင်နေတယ်။ ဒေသခံ အသင်းတော်နဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်နေတယ်။၁၁။ အသက်ကြီးသူတွေကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၁ အသက်ကြီးသူတွေကို ဘယ်လို ဂုဏ်တင်နိုင်သလဲ။ အကြီးအကဲတွေဟာ အသင်းတော် လုပ်ဆောင်မှုတွေမှာ သူတို့ကို အတတ်နိုင်ဆုံး ထည့်သွင်းသင့်တယ်။ သူတို့ဆီ သွားလည်ခြင်း၊ ဗီဒီယိုနဲ့ ချိတ်ဆက်ပြီး စကားပြောဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် စိတ်ဝင်စားမှု ပြနိုင်တယ်။ အသင်းတော်နဲ့ ဝေးတဲ့ နေရာမှာ နေထိုင်သူတွေကို အထူး စိတ်ဝင်စားမှု ပြသင့်တယ်။ သတိမထားဘူးဆိုရင် သူတို့ကို လျစ်လျူရှုမိနိုင်တယ်။ တချို့က ကိုယ့်အကြောင်း ပြောဖို့ အားနာတာမျိုး၊ မသင့်တော်ဘူးလို့ ယူဆတာမျိုး ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့အကြောင်း မေးတာ၊ ပျော်စရာကောင်းတဲ့ တွေ့ကြုံမှုတွေအကြောင်း နားထောင်ပေးတာကနေ ကျွန်တော်တို့ အကျိုးများစွာ ရပါလိမ့်မယ်။
၁၂။ အသင်းတော်မှာ ဘယ်လို ညီအစ်ကို/မတွေကို ရှာတွေ့နိုင်သလဲ။
၁၂ အသင်းတော်မှာ ပုံသက်သေကောင်းတဲ့ သစ္စာရှိ အသက်ကြီးသူ များစွာ ရှိတယ်။ အမေရိကန်၊ နယူးဂျာစီ အသင်းတော်မှာ ညီအစ်မ ဟဲရီအတ် နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့တယ်။ နောက်ပိုင်း သမီးနဲ့အတူ နေဖို့ ပြောင်းရွှေ့သွားတယ်။ အသင်းတော်သစ်က ညီအစ်ကို/မတွေဟာ ဟဲရီအတ်နဲ့ ရင်းနှီးဖို့ အချိန်ယူ ကြိုးစားခဲ့လို့ သိပ်အဖိုးတန်သူ ဖြစ်မှန်း သိခဲ့ကြတယ်။ အမှန်တရား စရတဲ့ ၁၉၂၅ လောက်က အမှုဆောင်လုပ်ငန်း အတွေ့အကြုံတွေအကြောင်း ဟဲရီအတ် ပြောပြပြီး အားပေးတယ်။ အဲဒီတုန်းက အမှုဆောင်ထွက်ရင်း အဖမ်းခံရနိုင်လို့ သွားပွတ်တံ အမြဲ ဆောင်သွားရတယ်။ ၁၉၃၃ တုန်းက ထောင် နှစ်ခါ ကျဖူးတယ်။ နှစ်ကြိမ်စလုံး ထောင်မှာ တစ်ပတ် နေခဲ့ရတယ်။ သက်သေခံ မဟုတ်တဲ့ ခင်ပွန်းက ဟဲရီအတ် ထောင်ကျချိန်တွေမှာ သားသမီးငယ် သုံးယောက်ကို ဂရုစိုက်ပေးတယ်။ ဟဲရီအတ်လို သစ္စာရှိ အသက်ကြီးသူတွေဟာ တကယ် အဖိုးထိုက်ပါတယ်။
၁၃။ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ အသက်ကြီးသူတွေနဲ့ပတ်သက်ပြီး ဘာသိရသလဲ။
၁၃ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ သက်ကြီး ညီအစ်ကို/မတွေဟာ အရေးပါတဲ့ နေရာ ရထားကြတယ်။ မိမိတို့ကိုယ်တိုင်နဲ့ အဖွဲ့အစည်းကို ယေဟောဝါ နည်းလမ်းများစွာနဲ့ ဘယ်လို ကောင်းချီးပေးကြောင်း မြင်တွေ့ခဲ့သူတွေ၊ ကိုယ့်အမှားတွေကနေ သင်ခန်းစာ ယူခဲ့သူတွေ ဖြစ်တယ်။ သူတို့ကို “ဉာဏ်ပညာ စမ်းရေတွင်း” အဖြစ် ရှုမြင်ပါ။ သူတို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူပါ။ (ပညာ. ၁၈:၄) အချိန်ယူပြီး သူတို့နဲ့ သိကျွမ်းအောင် လုပ်ရင် ယုံကြည်ခြင်း ခိုင်မာလာမယ်။ များစွာ သင်ယူသိရှိလာမယ်။
အသက်ကြီးသူတွေရဲ့ ပုံသက်သေကနေ အကျိုး အပြည့်အဝ ရယူပါ
၁၄။ တရားဟောရာ ၃၂:၇ မှာ လူငယ်တွေကို ဘာလုပ်ဖို့ အားပေးထားသလဲ။
၁၄ ကိုယ့်ဘက်က အစပြုပြီး အသက်ကြီးသူတွေနဲ့ စကားပြောပါ။ (တရားဟောရာ ၃၂:၇ ကို ဖတ်ပါ။) အသက်ကြီးသူတွေဟာ မျက်စိမှုန်တာ၊ သွက်သွက်လက်လက် မသွားလာနိုင်တာ၊ စကား ကောင်းကောင်း မပြောနိုင်တော့တာ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ စိတ်ကတော့ နုပျိုနေတုန်းပဲ။ ယေဟောဝါရှေ့ “နာမည်ကောင်း” ရထားကြတယ်။ (ဒေ. ၇:၁) သူတို့ကို ယေဟောဝါ ဘာကြောင့် တန်ဖိုးထားကြောင်း သတိရပါ။ ဆက်ပြီး ဂုဏ်တင်ပါ။ ဧလိရှဲလို ဖြစ်ပါ။ အတူရှိခွင့် ရတဲ့ နောက်ဆုံးနေ့အထိ ဧလိယ အနားမှာ နေမယ်လို့ သူ အတင်း တောင်းဆိုခဲ့တယ်။ “သခင့်ကို ခွဲမသွားနိုင်ပါဘူး” ဆိုပြီး သုံးကြိမ်တောင် ပြောခဲ့တယ်။—၂ ဘု. ၂:၂၊ ၄၊ ၆။
၁၅။ အသက်ကြီးသူတွေကို ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။
၁၅ အသက်ကြီးသူတွေအကြောင်း လေးလေးစားစား မေးခြင်းအားဖြင့် စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားကြောင်း ပြပါ။ (ပညာ. ၁:၅။ ၂၀:၅။ ၁ တိ. ၅:၁၊ ၂) “လူငယ်ဘဝတုန်းက ဒါ အမှန်တရားပဲလို့ ယုံကြည်စိတ်ချသွားတာ ဘာကြောင့်လဲ၊” “ဘယ်လို အတွေ့အကြုံတွေကြောင့် ယေဟောဝါနဲ့ ပိုရင်းနှီးလာသလဲ၊” “ယေဟောဝါရဲ့ အမှုတော်မှာ ဆက်ပျော်နေဖို့ ဘာက ကူညီပေးသလဲ” စတဲ့ မေးခွန်းတွေ မေးနိုင်တယ်။ (၁ တိ. ၆:၆-၈) သူတို့ အတွေ့အကြုံတွေ ပြောပြတဲ့အခါ အသေအချာ နားထောင်ပါ။
၁၆။ လူကြီးနဲ့ လူငယ် စကားပြောတဲ့အခါ နှစ်ဦးနှစ်ဖက် ဘယ်လို အကျိုးရနိုင်သလဲ။
၁၆ လူကြီးနဲ့ လူငယ် စကားပြောတဲ့အခါ နှစ်ဦးနှစ်ဖက် အကျိုးရတယ်။ (ရော. ၁:၁၂) သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ကြောင်း လူငယ်တွေ ပိုယုံကြည်စိတ်ချလာမယ်။ အသက်ကြီးသူတွေလည်း ချစ်မြတ်နိုးခံရတယ်လို့ ခံစားရမယ်။ ယေဟောဝါရဲ့ ကောင်းချီးတွေ ဘယ်လို ရခဲ့တယ်ဆိုတာ ပြောပြရလို့ ပျော်ရွှင်ကြပါလိမ့်မယ်။
၁၇။ သစ္စာရှိ အသက်ကြီးသူတွေ ပိုလှလာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၁၇ အသက်ရလာတာနဲ့အမျှ ရုပ်ပိုင်း အလှအပတွေ ပျောက်သွားပေမဲ့ သစ္စာရှိသူတွေကတော့ ယေဟောဝါအတွက် တစ်နှစ်ပြီး တစ်နှစ် ပိုလှလာတယ်။ (၁ သက်. ၁:၂၊ ၃) ဘာကြောင့်လဲ။ နှစ်တွေတစ်လျှောက် ဘုရားစွမ်းအားတော်ရဲ့ ပုံသွင်းလေ့ကျင့်မှုကို ခံယူခဲ့ကြလို့ပဲ။ အဖိုးတန် သက်ကြီး ညီအစ်ကို/မတွေအကြောင်း ပိုသိအောင် လုပ်မယ်၊ ဂုဏ်တင်မယ်၊ သူတို့ဆီက သင်ယူမယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာအဖြစ် ပိုရှုမြင်နိုင်လာပါလိမ့်မယ်။
၁၈။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၈ အသက်ကြီးသူတွေနဲ့ လူငယ်တွေ အပြန်အလှန် တန်ဖိုးထားမယ်ဆိုရင် အသင်းတော် ခိုင်ခံ့လာမယ်။ အသင်းတော်မှာ ရှိတဲ့ လူငယ်တွေကို တန်ဖိုးထားတယ်ဆိုတာ အသက်ကြီးသူတွေ ဘယ်လို ပြနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
သီချင်း ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့
^ အပိုဒ်၊ 5 သစ္စာရှိ အသက်ကြီးသူတွေဟာ အဖိုးတန် ရတနာတွေပဲ။ ဒီဆောင်းပါးက သူတို့အပေါ် တန်ဖိုးထားလေးမြတ်စိတ် တိုးများလာစေပါလိမ့်မယ်။ သူတို့ရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်ကြောင်း ဆွေးနွေးကြမယ်။ ဘုရားအဖွဲ့အစည်းမှာ အသက်ကြီးသူတွေ အရေးပါတဲ့နေရာ ရထားကြောင်း စိတ်ချစေပါလိမ့်မယ်။